22/09/2021
The history of marine science?????
အဏ္ဏဝါသိပ္ပံဘာသာရပ် တစ်နည်းအားဖြင့် ပင်လယ်သမုဒ္ဒရာကြီးအကြောင်း ကိုဘယ်လိုစပြီးလေ့လာခဲ့ကြသလဲဆိုတဲ့ အစကနဦး သမိုင်းကြောင်းကို တင်ပြလိုပါတယ်။
ဟိုးအရင်ကနဦးကတည်းက လူသားတွေဟာ အစာအာဟာရအတွက် ဖြစ်စေ ဝေးလံလှတဲ့ တစ်နေရာနဲ့တစ်နေရာ ကူးပြောင်းသွားလာရန်အတွက်ဖြစ်စေပင်လယ်ပြင်ကို အဓိက မှီခိုခဲ့ကြပါတယ်။
ဒါကြောင့် လူသားတွေဟာ ပင်လယ်ပြင်ကြီးအကြောင်း၊ ပင်လယ်သတ္တဝါတွေရဲ့ အကြောင်းတွေအပြင် ရေကြောင်းခရီးသွားလာခြင်းဆိုင်ရာ အသိပညာဗဟုသုတများစွာကို တဖြည်းဖြည်းနဲ့ကျယ်ကျယ်ပြန့်ပြန့်သိလာခဲ့ပါတယ်။
ပစိဖိတ်ဒေသကျွန်းဆွယ်ပေါ်မှာနေထိုင်ကြတဲ့ ရှေးကျတဲ့ ကျွန်းသားတွေဟာ ပင်လယ်သတ္တဝါတွေရဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဗဟုသုတများစွာရှိခဲ့ကြပါတယ်။
၎င်းတို့ရဲ့ မျိုးဆက်တွေက ယနေ့ထိရှိနေတုန်းပါ။ သူတို့ဟာ ရေစီးကြောင်း၊ ရေလှိုင်း နှင့် လေတိုက်တဲ့ပုံစံများကိို သဲလွန်စ အနေနဲ့ အသုံးချပြီး ပင်လယ်ရေကြောင်းခရီးဝေးတွေသွားလာနိုင်ကြပါတယ်။
ဒါ့အပြင် Phoenician ဆိုတဲ့မျိုးနွယ်စုတွေဟာလည်း 2000 BC လောက်ကတည်းက ပထမဆုံးသော အနောက်တိုင်းရွက်လွှင့်ကူးသန်းသွားလာသူတွေဖြစ်ခဲ့ကြပါတယ်။
သူတို့ဟာ Mediterranean Sea, Red Sea, eastern Atlantic Ocean, Black Sea နှင့် Indian Ocean တွေအထိ ကူးသန်းသွားလာခဲ့ကြပါတယ်။ ပုံ(၁)
330 BC ကာလမှာ ရှေးဟောင်းဂရိလူမျိုးတွေဟာ ပင်လယ်သတ္တဝါတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိနေပါပြီ။
ဂရိအတွေးအခေါ်ပညာရှင် Aristotle ဆိုသူဟာ ပထမဆုံးသော Marine Biologist လို့ သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။
သူဟာ ပင်လယ်သတ္တဝါတွေရဲ့မတူတဲ့ပုံစံအမျိုးအစားများကို ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ငါးတွေရဲ့ ပါးဟက်ဟာ အသက်ရှုတဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းဖြစ်တယ်ဆိုတာ သူ့ရဲ့လေ့လာမှုမှတဆင့် သိရှိစေခဲ့ပါတယ်။
ဒီလိုနဲ့ ခေတ်အဆက်ဆက် ရေကြောင်းခရီးသွားလာခြင်း၊ နယ်မြေသစ်ရှာဖွေခြင်းတွေအပြင် ရေသတ္တဝါတွေအပေါ်စိတ်ဝင်စား လေ့လာစူးစမ်းမှုတွေရှိလာခဲ့ပါတယ်။
လူသိများတဲ့ Charles Darwin ဟာလည်း ၁၈၃၁ ခုနှစ်မှာ ပင်လယ်ထဲရွက်လွှင့်လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ သူ့ရဲ့လေ့လာမှုတွေက အဏ္ဏဝါဗေဒအတွက်အများကြီး အထောက်အပံ့ပြုခဲ့ပါတယ်။
Atolls လို့ခေါ်တဲ့သန္တာကျောက်တန်းပုံစံ ဖြစ်ပေါ်လာပုံကို သူရှင်းပြနိုင်ခဲ့ပါတယ်။ ယနေ့ခေတ် Marine biologist တွေဆက်လက်လေ့လာနေကြတဲ့ plankton လို့ခေါ်တဲ့ မျှောလှေးတွေကို Charles Darwin က စတင်စုဆောင်းလေ့လာခဲ့ပါသေးတယ်။ သူရဲ့စိတ်ဝင်စားလေ့လာမှုတွေထဲမှာ barnacles လို့ခေါ်တဲ့ ခရင်းကောင်တွေလည်းပါဝင်ပြီး သူ့ရဲ့ တွေ့ရှိချက် သုံးသပ်ချက်တွေကို ယနေ့ထိကိုးကားနေကြပါသေးတယ်။
ပင်လယ်သမုဒ္ဒရာကြီးအကြောင်းကိုလေ့လာခဲ့တဲ့ သမိုင်းကြောင်းတစ်လျှောက် အရေးပါအရာရောက်ဆုံးသော သိပ္ပံနည်းကျ စနစ်ကျကျလေ့လာမှုတစ်ခုရှိခဲ့တယ်။ Challenger Expedition ပဲဖြစ်ပါတယ်။
သိပ္ပံနည်းကျလေ့လာရန်အတွက် ပစ္စည်းကိရိယာအစုံအလင်၊ ဓာတ်ခွဲခန်းတွေပါ ပါဝင်တဲ့ Challenger သင်္ဘောကြီးဟာ ၁၈၇၂ ခုနှစ် မှ ၁၈၇၆ ခုနှစ် အထိ ၃နှစ်ခွဲကျော်အကြာ ကမ္ဘာသမုဒ္ဒရာအနှံ့ ရွက်လွှင့်လေ့လာခဲ့ပါတယ်။ ပုံ (၂ ၊ ၃)
အဲဒီလေ့လာမှုမှ အမျိုးအစားစုံလင်လှသော ရေသတ္တဝါများကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ထောင်နဲ့ချီသော အမည်မသိသေးတဲ့ မျိုးစိတ်တွေကို စုဆောင်းရယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် Challenger Expedition ဟာ ခေတ်သစ်အဏ္ဏဝါသိပ္ပံလေ့လာမှုအတွက် အခြေတည်ပေးလိုက်တဲ့ သမိုင်းဝင်သော လေ့လာမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
Challenger Expedition အပြီးမှာ marine biologist တွေဟာ ရေသတ္တဝါတွေ ဘယ်လိုအသက်ရှင်စားသောက်နေထိုင်တဲ့ပုံစံတွေ၊ အလေ့အထတွေ ကို Marine Laboratories တွေတည်ဆောက်ပြီး ဆက်လက်လေ့လာမှုတွေထွန်းကားလာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ (၁၉၃၉-၁၉၄၅ ခုနှစ်) ရေငုပ်သင်္ဘောအသုံးပြုမှုအတွက် ထွန်းကားလာတဲ့ Sonar technology ဟာ marine biologist တွေအတွက် ပင်လယ်သမုဒ္ဒရာရဲ့ ရေအောက်ကိုပါလေ့လာနိုင်မယ့်အခွင့်အရေးတစ်ရပ်ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယကမ္ဘာစစ်အပြီးမှာ scuba ရေငုပ်ကိရိယာနည်းပညာအဆင့်မြင့်လာခဲ့ပြီး marine biologist တွေအတွက် ရေအောက်ကမ္ဘာသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ရေသတ္တဝါတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို လေ့လာနိုင်ခဲ့ကြပါတယ်။
ဤကဲ့သို့ အချိန်တွေကြာလာတာနဲ့အမျှ နည်းပညာများတိုးတက်လာခဲ့ပြီး အဏ္ဏဝါသိပ္ပံဘာသာရပ် ဆိုင်ရာလေ့လာမှုတွေ၊ သုတေသနဆောင်ရွက်မှုတွေဟာ တစ်ဖြည်းဖြည်းနဲ့ အဆင့်မြင့်တိုးတက်လာခဲ့တာ ယနေ့တိုင်အထိပါပဲ။
@@@@@@@@@@@@@@@@@@@@@@@@@@
မှတ်ချက်။ ။ အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေမှာလိုအပ်သည့်အကြောင်းအရာများ ဖြည့်စွက်လိုသည့် အချက်အလက်များကို comment box မှာ viewer တွေအချင်းချင်း ဝင်ရောက် ဆွေးနွေးပေးကြဖို့ ရင်းရင်းနှီးနှီး ဖိတ်ခေါ်ပါရစေ။