17/05/2026
မြန်မာ့ကျွန်ပညာရေးစနစ်နဲ့ဉာဏ်ရည် (၄) မျိုး အကြောင်း
လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ
အခြေခံအားဖြင့် ( ၄ ) မျိုးရှိတယ်
1/ Intelligence Quotient (IQ)
2/ Emotional Quotient (EQ)
3/ Social Quotient (SQ)
4/Adversity Quotient (AQ)
ကျွန်မ နားလည်လွယ်သလို လေး ပဲ ရှင်းပြပါ့မယ်
1/Intelligence Quotient (IQ)
မြန်မာနိုင်ငံရဲ့ ကျွန်ပညာရေး စနစ်အရဆိုရင်တော့
ဆရာမတွေ သင်လိုက်တဲ့
ဖတ်စာအုပ်သင်ရိုးထဲကစာတွေကို
၏/သည်မရွေး အကုန်နှုတ်တိုက်ကျက်ပြီး ဖြေနိုင်ရင်
IQ ကောင်းတယ်လို့ ထင်ကြတာပါ
အလွယ်ပြောရရင်
ကလေးတစ်ယောက် စာတော်တာ ကို IQ ကောင်းလို့ လို့ သတ်မှတ်ကြတာ မြန်မာနိုင်ငံ ပဲရှိတယ်
ကျွန်ပညာရေးစနစ်ကလည်း
အလွတ်ကျက်မှတ်နေရတဲ့ စနစ်တစ်ခုဖြစ်လို့ပါပဲ
တကယ်တမ်းတော့
နိုင်ငံတကာက သတ်မှတ်တဲ့ IQ ဆိုတာ
လူတစ်ယောက်ရဲ့ ကြောင်းကျိုးဆက်စပ်တွေးခေါ်နိုင်မှု
Brain Level ကို တိုင်းတာခြင်း ဖြစ်တယ်
သင်္ချာပုစ္ဆာ ဉာဏ်စမ်းတွေကို ခက်ခဲပေမဲ့ ဖြေရှင်းနိုင်ခြင်း
သင်ခဲ့ရတဲ့ သင်ရိုးမှသည်
အပြင်လောကသို့ ဖြန့်ကျက်ချိတ်ဆက်ပြီး
အကျိုးအကြောင်းအဆိုးအကောင်း ဆက်စပ်တွေးခေါ်ပြီး ဝေဖန် ပိုင်းခြား နိုင်စွမ်းရှိခြင်း
အတိတ်ကအဖြစ်အပျက်တွေကို တိတိပပမှတ်မိခြင်း
အတွေ့အကြုံတစ်ကို ရှုထောင့်ပေါင်းစုံ ကနေ
သင်ခန်းစာယူတတ်ခြင်း အဲ့ဒါတွေကို
IQ လို့ သတ်မှတ်တာ ဖြစ်ပါတယ်
2/Emotional Quotient (EQ)
ပတ်ဝန်းကျင်/မိသားစု /မိတ်ဆွေ အပေါင်းအသင်း တို့နဲ့
ဆက်ဆံပြောဆိုမှု Brain Level ကို
တိုင်းတာတာ ဖြစ်ပါတယ်
တစ်ကိုယ်ကောင်းမဆန်ဘဲ သူတစ်ပါးအပေါ်
ကိုယ်ချင်း စာနာတတ်တဲ့စိတ်ထား ရှိခြင်း
အကြောင်းအကျိုးဆက်စပ်တွေးခေါ်နိုင်ပြီး
အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း
တည်ငြိမ် ရင့်ကျက်ခြင်း တို့ကိုကြည့်ပြီး သတ်မှတ်တာပါ
👉🏿အရွယ်ရောက်လာတဲ့ လူတစ်ယောက်အနေနဲ့
လူအများနဲ့ ထိတွေ့ ဆက်ဆံရတဲ့အခါ
အလုပ်မှာဖြစ်စေ/ကျောင်းမှာဖြစ်စေ စသည်ဖြင့်ပေါ့
ကိုယ်ဘယ်လောက်ထိ ပြေပြစ်စွာ ပြောဆိုနိုင်သလဲ ပေါ့
(ကျွန်မတို့ဆရာမတွေကို ပ ( ၈ )လုံး ဆောင်ရမယ်
ပြေပြေပြစ်ပြစ် ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံရမယ် လို့
ညွှန်ကြားပါတယ်
ကျွန်မ ကတော့ နှစ်ပိုင်း ခွဲသုံးပါတယ်
ပြေပြေပြစ်ပြစ် ကို ချက်နဲ့လက်နဲ့ပဲ သုံးပါတယ်
အဲ့အဆင့်မှာ အဆင်မပြေရင်
ဒေါသမပါတဲ့ ခပ်တင်းတင်းခပ်ပြတ်ပြတ် လည်း ပြောသလို
ပျော့ပျော့ပျောင်းပျောင်း လည်း ပြောတတ်ပါတယ်
( ချွဲတာနဲ့ဖားတာတော့ ) လုံးဝ မတတ်သောပါ )
ဒီအပိုဒ်လေးက စကားချပ်ပါ
👉🏿 အလုပ်ခွင်မှာ /အိမ်မှာ/မိသားစုအပေါ်မှာ/
လက်ရှိ ချစ်သူ အပေါ်မှာ/မိတ်ဆွေ အပေါင်းအသင်းပေါ်မှာ
ကိုယ်က ဘယ်လောက် ရိုးသားမှုရှိသလဲ
တာဝန်ယူမှု /တာဝန်ခံမှု ရှိရဲ့လား
လူသားအချင်းချင်း / လူမျိုး/ ဘာသာအဆင့်အတန်းမခွဲဘဲ
တန်းတူ လေးစားတန်ဖိုးထား တတ်ရဲ့လား
ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတတ်ရဲ့လား
ကိုယ်ချင်းစာနာစိတ် ထားပေးတတ်ရဲ့လား
အဲ့ဒါတွေကို EQ လို့ ခေါ်တာပါ ကွယ်
👍ကျွန်မ တို့ နိုင်ငံတွေမှာ
👉🏿လိုအပ်ချက် အများဆုံးကတော့ EQ ပါ👍
ကိုယ့်အကြောင်းထက်ပိုပြီး တော့
သူများရဲ့personal တွေကို စိတ်ဝင်စားကြတယ်
အဆင်မပြေရင် အောက်ဖဲလှန်ချင်ကြတယ်
စောင့်ထိန်းရမဲ့ စည်းတွေကို အလွယ်လေး ချိုးဖောက်တယ်
ကံသုံးပါး ဖြစ်တဲ့ ကိုယ်နှုတ်စိတ်ကို
မထိမ်းနိုင်ကြဘဲ တဒင်္ဂ Emotion တွေ များတာပေါ့
ဒါကတော့ EQ နဲ့ ပတ်သက်ပြီး နားလည်သလိုပြောပြတာပါ
3/Social Quotient (SQ)
SQ ဆိုတာ က တော့ လူမှုဆက်ဆံရေးပေါ့
လူတစ်ယောက်ဟာ လူမှုဆက်ဆံ ရေး ကောင်းရုံနဲ့ မရပါဘူး
ပြီးတော့ အပေါင်းအသင်းများတိုင်းလည်း
လူမှုဆက်ဆံရေး ကောင်းတာ မဟုတ်ပါဘူး
လူမှုဆက်ဆံရေး ဟာ ကျယ်ပြန့်ပါတယ်
စာနာစိတ်တွေ/မျှဝေခြင်းတွေ/ကိုယ့်ကျင့်တရားနဲ့စည်းကမ်း/
ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လောက်ထိ
အကျိုးပြုသလဲကအစ
မိတ်ဆွေ အပေါင်းအသင်း /အိမ်ထောက်ဖက်/ချစ်သူ စသည်တို့ရဲ့ ယုံကြည်ခံရမှု အဆုံး အကုန်လုံးဟာ
လူမှုဆက်ဆံရေး SQ ပါပဲ
ပြဿနာတစ်ခုဖြစ်ရင်တောင်
ကြားဝင်စေ့စပ်ဖြေရှင်း ပေးနိုင်မှုအဆုံး
အကုန်လုံးက လူမှုရေးပါပဲ
အဲ့ဒါ တွေနဲ့ ညီမျှမှာ သာ
မိတ်ဆွေကောင်း ပေါပြီး
ဘာပဲလုပ်လုပ်အဆင်ပြေမှာပါ
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး ရှင့်
ကိုယ့်ရဲ့ မိတ်ဆွေ/အပေါင်းအသင်း/သူငယ်ချင်း/
မိသားစု ဆွေမျိုး / အိမ်ထောင်ဖက် ချစ်သူ တွေကြားမှာ.. ဘယ်လောက်ထိ ရင်းနှီး ဆက်သွယ်မှုတွေကို
ကိုယ့်ဘက်က ထိန်းထားနိုင်သလဲ
ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ဟာ
ဘယ်လောက်အတိုင်းအတာအထိ ကျယ်ပြန့်ပါသလဲ
လူမှုဆက်ဆံကောင်းရုံနဲ့ မပြီးသေးဘဲ
အဲ့ဒီလူတွေအပေါ်မှာ
ဘယ်လောက်ထိ ကိုယ်က ဘယ်လို အကျိုးပြုသလဲ
ကိုယ့်ကြောင့်ချည်းပဲ စိတ်ဆင်းရဲပင်ပန်းခဲ့ကြသလား
ကိုယ့်ကြောင့် သူတို့ စိတ်လုံခြုံပျော်ရွှင်ပါရဲ့လား
စသည်ဖြင့် အဲ့လို အချက်အလက်တွေကို SQ နဲ့ တိုင်းတာ သတ်မှတ်တာ ဖြစ်ပါတယ်
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်အလုပ်ကိုယ်လုပ်
ကိုယ်လုပ်မှကိုယ်စားရတာ
နိုင်ငံကို ဘယ်သူအုပ်ချုပ်အုပ်ချုပ်
ရာအိမ်မှူးဘယ်သူလုပ်လုပ် ဆိုတဲ့ သူများရဲ့
SQ Level ဟာ မိုင်းနပ် ဇီးရိုး( - 0 ) ပါ
4/ Adversity Quotient (AQ)
AQ ကို ကျွန်မ သုံးသပ်မိရသလောက် ပြောရရင်
လောကဓံ တရား ၈ ပါးပါပဲ
တစ်ခုတောင်းပန်ချင်ပါတယ်
လောကဓံ လို့ ပြောခြင်းတာ ဗုဒ္ဓဘာသာ တွေ အတွက် ပဲ အဟုတ်ပါဘူး
အခြားသော ဘာသာများအတွက်လည်း
အဆိုးအကောင်း ဒွန်တွဲခြင်းဟာ လူရယ်လိုဖြစ်လာရင်
မလွဲမသွေကြုံကြရမှာပါ
ကျွန်မ က ဗုဒ္ဓဘာသာဖြစ်လို့ တစ်ဖက်သတ်ဆွဲယူ
ပြောပြတယ်လို့ မထင်စေချင်ပါဘူး
ဉာဏ်ရည် ၄ မျိုးထဲမှာ
AQ ဟာ အရေးကြီးဆုံးပါပဲ
လောကကြီးထဲကို တစ်ယောက်တည်း လျှောက်ရမဲ့ အရွယ်မှာ
ကြုံလာရသမျှ ပြဿနာတွေ
ခက်ခဲကြမ်းတမ်းမှုတွေ
အကြီးမားဆုံး ပြောင်းလဲမှုတွေကို
မကြောက်မရွံ့ နောက်မတွန့်ဘဲ
ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်စွမ်းကို တိုင်းတာတဲ့
Brain Level ဟာ AQ ဖြစ်ပါတယ်
လောကဓံ ဆိုတာ
အကောင်း ၄ ပါး
အဆိုး ၄ ပါး ဆိုပြီး ၈ ပါး ရှိတယ်
ကောင်းတဲ့၄ပါးပဲ နှစ်လိုစွာ လက်ခံချင်ပြီးတော့
အဆိုး ၄ ပါး ကို ကျောခိုင်းလို့မရပါဘူး
မဖြစ်မနေ ရင်ဆိုင် ကျော်ဖြတ်ရမှာပါ
မင်္ဂလာကဗျာ (၁၀) မှာ
ဖုဌဿ
ဆင်းရဲချမ်းသာ သဘာဝ
တွေ့ကြုံနေကြ လူတိုင်းပေ
ကောင်းဆိုးနှစ်တန် အစုံတွဲလို့
တစ်လှည့်စီလဲ အမြဲနေ
လောကဓံ ကြုံ မဖြုံတမ်းပေါ့
မတုန်စမ်းနဲ့ စိတ်ခိုင်စေ
သောကကိုထိန်း ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာနေ
အဲ့ဒါမှ ...............။။။
လောကကို အရှုံးပေးချင်ကြတဲ့
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့သူတွေ
မိသားစုကို အရင်းအချာ ကိုယ့်သွေးသားကို မငဲ့ဘဲ
လွယ်လွယ်ပဲ ဒူးထောက်ချလိုက်သူတွေ
ပြဿနာ တွေ/ ဒုက္ခ တွေကို
ရင်မဆိုင်နိုင်ကြတဲ့ သတ္တိနည်းတဲ့ သူတွေဟာ
AQ နိမ့်ခဲ့လို့ ပဲ ဖြစ်ပါတယ်
တစ်ခုခုဆိုရင် ကံ ကိုပဲ ပုံချတတ်သော
ကျွန်မ တို့ လူမျိုးဟာ AQ နိမ့်ခဲ့လို့ပါ
ဒါ့ကြောင့် ငယ်စဉ်တည်းက EQ,SQ မသင်လာခဲ့ရတဲ့
ကလေးဟာ လောကဓံနဲ့ တူတဲ့ AQ အဆင့်ကို
ကောင်းမွန်စွာ မကျော်ဖြတ်နိုင်ပါဘူး
ဗုဒ္ဓဘာသာမှာ ဘုရားဟောတဲ့ တရားထက်
တချို့ ဘုန်းကြီးတွေ ရဲ့ (တချို့နော် )
လက်တည့်စမ်းထည့်ခဲ့တဲ့ ဂျင်းကို
အစဉ်အလာ နဲ့ မိ လာတာဖြစ်လို့
တချို့သော သိမှုတွေဟာ အနည်းငယ်လွဲချော်နေတာ တွေ့ရတယ်
IQ , EQ , SQ, AQ လေးမျိုး ကို
အသေးစိတ် ပြောပြပြီးပြီဆိုတော့ကာ
လက်ရှိဘဝ ကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး
အများထက်နှာတစ်ဖျား သာပြီး
ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ
IQ တစ်ခုတည်း မဟုတ်ဘဲ
EQ နဲ့ SQ Level မြင့်မားသူတွေပဲ ဖြစ်ပါတယ်
IQ တစ်ခုပဲ ရှိပြီး EQ,SQ မရှိတဲ့ သူက
EQ,SQ ပါ ရှိတဲ့သူတွေ လောက် နေရာမရကြဘူး
ကဲ ဥပမာ လေး နဲ့ ပြောရရင်
ငယ်ငယ်က သင်ခဲ့သမျှ အကုန်အလွတ်ကျက်ဖြေ
အတန်းတွေတက် ဘွဲ့ရ IQ တစ်ခုတည်းသမားက
IQ တင်မဟုတ်ဘဲ EQ နဲ့ SQ ပါ မြင့်မားတဲ့
လုပ်ငန်းရှင်တွေဆီမှာ
ဝန်ထမ်းဘဝနဲ့ အလုပ်ပြန်လုပ်နေရသူတွေ အများကြီးပါပဲ
ကျွန်မ တို့ နိုင်ငံရဲ့ ကျွန်ပညာရေး စနစ်ဟာ
IQ ကောင်းဖို့
All D ထွက်ဖို့
ဗဟိုအဆင့် ဝင် ရ ဖို့
အဆင့် ၁ ရဖို့
ဘက်စုံဆု ရဖို့
လူရည်ချွန် ဆုရဖို့
ပထမ ရဖို့ ပဲ
သူတို့ ကျောင်းနာမည်ရဖို့ အတွက် အတ္တနဲ့
IQ မြင့်ပြီး စာတော်တဲ့ ကျောင်းသားတွေချည်း ပဲ
ဖိဖိစီးစီး ဂရုစိုက်တတ်ပြီး
အခြား ကလေးတွေကို ပုံမှန်ပဲ အပေါ်ယံထားတတ်တဲ့
အကျင့်က မြန်မာက အာစရိတချို့ မှာပဲ ရှိတာ
ကလေးတွေကို နုနယ်စဉ်အရွယ်မှာ
EQ,SQ ကို သူတို့ အသက်အရွယ်နဲ့ ညီမျှတဲ့
ကိုယ်ချင်းစာစိတ် လူမှုဆက်ဆံရေး ထည့်မပေးလိုက်ဘူး
သင်မပေးလိုက်ဘူး
မြန်မာနိုင်ငံရဲ့ ပညာရေးမှာ Team Work မရှိဘူး
တစ်ယောက်နဲ့တစ်ယောက် sharing မလုပ်ချင်ကြဘူး
ကိုယ်သိတာကိုယ်လက်နဲ့အုပ်ထား မပြနဲ့
ကိုယ့်အမှတ်သူများမပေးနဲ့ ဒါမျိုး
တစ်ဖို့တည်းသိတဲ့ နွားစိတ်တွေ ပဲ သွင်းခဲ့ကြတာ
အပြန်အလှန်ဆွေးနွေး မျှဝေခြင်းကို
ကလေးတွေ သေသေချာချာ မသင်ခဲ့ပါဘူး
လာမငြင်း နဲ့ သင်ရတဲ့ ဆရာ/ဆရာမ တွေတောင်
သင်တန်းမှာ ထွက်ပါဟဲ့ ဆွေးနွေးပါ
အုပ်စုဖွဲ့ပြီး လုပ်ဆောင်ပါလို့ မနည်းပြောနေရတဲ့ အဆင့်ပါ
အောင်မြင်တယ်ထင်လို့လား
ရှေ့မှ မထွက်ရဲတာ
သူများနိုင်ငံက လွန်ခဲ့တဲ့ နှစ်များစွာတည်းက သုံးနေတဲ့
ပညာရေးကို ကိုယ့်နိုင်ငံက ခုမှ စလုံးရေစဖို့ အတွက်
စာသင်ခန်းထဲက ရှေ့နောက် အတန်းလိုက်ခုံကို
အုပ်စုဖွဲ့ ဟန်ပေါက်အောင် မျက်နှာချင်းဆိုင် စီ ရတဲ့
ခုံ စီ တဲ့ အဆင့်ပဲ ရှိပါသေးတယ်
မအောင်မြင်သေးပါဘူး
ဘာလို့လဲ ဆိုတော့ သင်မဲ့ အာစရိတွေကိုယ်တိုင် က
သေချာ မတတ်မြောက်ကြသေးလို့ ပါပဲ
ခေါက်ရိုးကျိုးနေတဲ့ စနစ်တစ်ခုကနေ အားကုန်သုံးပြီး
အနာဂတ်မျိုးဆက်သစ်အတွက် မရုန်းချင်ကြဘူး
အချိန်တန်ရင် လစာရမှာပဲ
ဘယ်ကလေးကဘယ်လိုနေနေ
ကျုရှင်မှာ သင်မဲ့ သင်ခန်းစာလောက်တောင်
စာသင်ကျောင်းက ကလေးတွေကို စိတ်ထဲမရှိကြတဲ့ အာစရိတွေ များနေ လို့ပါလို့ ပြောလိုက်ပါရစေ
(အားလုံးကိုတော့ မဆိုလိုပါ)
စစ်အာဏာရှင် အစိုးရသည်
ငယ်ရွယ်နုနယ်စဉ်တည်းက ရွယ်ချက်ရှိရှိနဲ့
ဘယ်နှစ်နှစ်ကနေ ဘယ်အတိုင်းအတာအထိ
ပုံမှန် ဖျက်ဆီးသွားရင် ဘယ်အရွယ်မှာ ဘယ်ဉာဏ်ရည်မှာဘယ်လောက်ထိ ပျက်စီးပြီ ဆိုတာကို စိတ်ပညာရှင်တွေနဲ့ စနစ်တကျ တိုင်ပင် ရေးဆွဲခဲ့တာ စစ်ကျွန်ပညာရေးပါပဲ
(ဒါမှသာ ဒီတိုင်းပြည်ကို ရေရှည်အုပ်ချုပ်နိုင်မှာဖြစ်ပါတယ်)
စစ်အာဏာရှင် အစိုးရဟာ စစ်တပ်လည်းပိုင်တယ်
လက်နက်လည်းကိုင်တယ် ဒါပေမဲ့
အပ်တိုတစ်ချောင်းမပိုင်တဲ့
ပြည်သူ၅ယောက်လောက် အုပ်စုဖွဲ့မိရင်ကိုပဲ
သူတို့ကို တော်လှန်မှာလို့ တွေးကြောက်နေတာ
လူငယ်တွေကို ပညာမတတ် စာမဖတ်
မတွေးခေါ်တတ်ဖြစ်အောင် မူးယစ်ဆေးနဲ့ပါမကျန်
တစ်ဦးနဲ့တစ်ဦး ဖေးမမှုမရှိ အကုန် လုံး
လူဆိုးလူမိုက်တွေ ဖြစ်အေးရော ဆိုပြီး
တက္ကသိုလ်မှာ မကောင်းသောအတတ်အကုန်စေ ဆိုတဲ့
စေတနာ ဆိုးနဲ့ လုပ်နေတာဟာ
သူငယ်တန်းတည်းကစတာပါပဲ
ပါးပါးချင်းစီ မသိမသာ မသိမသာ ရိုက်ထည့်လာခဲ့တာ ပါ
ငယ်ရွယ်နုနယ်စဉ်တည်းက ရွယ်ချက်ရှိရှိနဲ့
ဘယ်နှစ်နှစ်ကနေ ဘယ်အတိုင်းအတာအထိ
ဘယ်လို ဖျက်ဆီးရင် ဘယ်အရွယ်မှာ ဘယ်ဉာဏ်ရည်မှာဘယ်လောက်ထိ ပျက်စီးပြီ ဆိုတာကို စိတ်ပညာရှင်တွေနဲ့ စနစ်တကျ တိုင်ပင် ရေးဆွဲခဲ့တာ စစ်ကျွန်ပညာရေးပဲ
ဒါကြောင့်မို့ နိုင်ငံတကာ သင်ရိုးခြင်း ယှဉ်ကြည့်ပါလား
EQ နဲ့ SQ level ကို
တိုးတက်လာအောင်ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် တွေ ဘယ်လောက်များ ရှိသလဲ
ဆရာ/ဆရာမတွေ အနေနဲ့
ဖတ်စာအုပ်ကိုပဲ မာတိကာကုန်အောင် သင်ရတာ အာစရိမဟုတ်ပါ
IQ တင်မဟုတ်ဘဲ
EQ ဆိုတဲ့ ပင်ကိုယ်စရိုက်ကို သူငယ်တန်းတည်းက
သေချာ လေ့ကျင့် သင်ကြားပေးရမှာပါ
ဒါဟာ ၃၈ ဖြာ မင်္ဂလာတရား ကဗျာတွေနဲ့လည်း
ကိုက်ညီဆက်စပ်ပါတယ်
SQ ဆိုတဲ့ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကနေ
ကိုယ့်ရဲ့ အနီးဝန်းကျင်အထိ အကျိုးသက်ရောက်မှု ရှိအောင်
သင်ကြားပေးရမှာပါ
ဥပမာ ဘေးနားက သူငယ်ချင်း ရဲ့ အခက်အခဲကို
စာနာပေးတတ်တာမျိုး လိုပေါ့
ဒါမှ ကျောင်းကောင်စီနဲ့ အပြန်အလှန် ချိတ်ဆက်မှာ ဖြစ်ပါတယ်
မိမိကိုယ်ကိုယ်ကောင်းအောင်ကြိုးစားမည်
မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်
အဲ့ကမှ တဆင့် ရပ်ရွာ မြို့နယ် တိုင်း နိုင်ငံ အထိ
နှလုံးရည် ပြည့်ဝ တဲ့ ဦးဆောင်သူတွေ ကို မွေးထုတ်ပေးနိုင်မှာ မဟုတ်ပါလား ရှင်
ဒါ့ကြောင့် နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုတာ
အဓိက က ပညာရေးပါ
အက္ခရာက အာစရိယ ဂုဏော တွေပါပဲ
တိုင်းပြည်တည်ဆောက်ရာမှာ ဒီအချက်တွေဟာ
သိပ်ကို အရေးကြီးပါတယ်
စာတော်တဲ့ ကလေးကိုပဲ စာဖိသင်ပြီး
ထွန်းပေါက်အောင် လုပ်ပေးခြင်းက
👉🏿ထန်းပင် လို လူသားတွေကို
မွေးထုတ်ပေးသလိုနဲ့တူနေပါတယ်
သူဟာသူပဲ မြင့်မား ထိုးထွက်နေပြီး
ဘယ်လူသားကိုမှ အရိပ်မပေးဘူး
လောကဓံ မုန်တိုင်းလာတော့
EQ,SQ တွေကောင်းစွာ မသင်ခဲ့ရတဲ့ ကလေးဟာ
AQ အဆင့်ကို သူ အကျင့်မရှိဘူး
အဲ့တော့ လောကဓံ မုန်တိုင်းမှာ သူ ဘုံးဘုံးလဲကျရော
ငယ်စဉ်က ပင်ချင်းလည်း မယှက်ခဲ့
နွယ်ချင်းလည်း မခက်ခဲ့တော့
လက်ချင်းချိတ်ပြီး ကြုံလာသမျှ မုန်တိုင်းအန္တရာယ်ကို
မကာကွယ် နိုင်တဲ့ အဖြစ်ကို ဖေါ်ညွှန်းထားတဲ့
ဦးမောင်မောင်သီ ရေးသားထားပြီး
မြန်မာသံ ကဝေ အဆိုတော်ကြီး ဒေါ်မာမာအေး သီဆိုထားတဲ့
👍ပင်ချင်းယှက်၍ နွယ်ချင်းခက်သော် 👍သီချင်းထဲကလို
မဖြစ်ရအောင် သီချင်းကိုသင်ရင်း
စိတ်ကိုပြင်ပေးရမှာဖြစ်တယ်
အလယ်တန်း အထက်တန်း ရောက်လာတဲ့အခါ
ဘာတွေပါ ထပ်သင်ပေးရမလဲ ဆိုတော့
ကျွန်မ ထပ်ဖြည့်ချင်တဲ့ Q ၂ မျိုးကျန်သေးတယ်
ကျွန်မ ရဲ့ သဘော ပြောတာပါ နော်
👉🏿PQ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ကိုပါ
ထပ်ဆင့် ထပ်ပေါင်း ထပ်လောင်း
သင်ကြားပေးရမယ်
ဝတ်တာစားတာကအစ
သူ့နေရာနဲ့သူ သင့်တော်အောင် ဝတ်တတ်ရမယ်
👉🏿CQ ဆိုတဲ့ ယဉ်ကျေးမှု ကာရိုက်တာတွေ ပါ သင်ပေးရမယ်
ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းရမှာဖြစ်သလို
သူများ ယဉ်ကျေးမှု ဘာသာ တရားကိုလည်း
မစော်ကားရဘူး စသည်ဖြင့်
သင့်တော်တဲ့ အရွယ်အလိုက် အတန်း အလိုက်
အကုန် သင်ပေးရမှာ ဖြစ်ပါတယ်
အလယ်တန်း/အထက်တန်း ကလေးများဟာ
အရွယ်ရောက်လာပြီဖြစ်လို့
လိင်ပိုင်းဆိုင်ရာ သိသင့်သိထိုက်သည်များ
မိန်းကလေး တွေရော မိမိကိုယ်မိမိကာကွယ်တတ်ဖို့
ယောက်ျားလေးဆိုရင်လည်း
မိန်းကလေးတွေကို တန်ဖိုးထားဖို့ စသည်ဖြင့်ပေါ့
သင်ပေးရမှာပါ
S*x education ဆိုတာ
လိင်ဆက်ဆံခြင်းကို ခေါ်တာ မဟုတ်ဘူး
ဒါ့ကြောင့်
IQ တင်မဟုတ်ဘဲ အခြား Q များစွာကို ချိတ်ဆက်သင်ရမယ်
🥰စာကိုလည်းသင် စိတ်ကိုလည်းပြင် ပေးရမယ်👍
ပညာပြည့်ဝနှလုံးလှ၍
ကိုယ်ကျိုးမဖက်သော အတ္တကင်းသော
အာစရိများနှင့်ဆုံတွေ့ကြပြီး
ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရတဲ့ ပညာရေးစနစ်တစ်ခု
အမြန်ဆုံး အကောင်အထည် ဖေါ်နိုင်ပါစေ
ဒေါ်မြတ်မြတ်မော်
ပညာရေး CDM
၁၇/၅/၂၀၂၆
စာရှည်တာပဲ မမြင်ပါနဲ့
စာရေးသူ ကျွန်မ ရဲ့ ရင်ထဲလည်း မြင်အောင်ဝင်ကြည့်ပါ 🥰
သေချာလေးဖတ်စေချင်ပါတယ်
(သိပြီးသော ဆရာကြီးများ ကျော်သွားပါ )👍
ပုံကတော့
နီလွန်းလို့ နက်နဲသွားသော
သူငယ်ချင်းက ရိုက်ပေးတာပါ
သင်တန်းကဆရာမကြီးတချို့ကို နာနတ်သီးဝယ်ကျွေးရန် အပြင်ထွက်ရင်းနဲ့ ရိုက်ခဲ့သော အမှတ်တရ@