COVID အပြီး
ပြန်လည်ထူထောင်ကြဖို့ ကြိုးစားတဲ့အခါ
Panna Institute ရဲ့ အစီအစဥ်နဲ့
Food Preneur ဆိုတဲ့ခေါင်းစဥ်နဲ့
တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းနဲ့
တော်တော်လေးဆင်တူတဲ့
မြို့ပြလူထုအတွက်
အိမ်ကနေ စားသောက်ကုန်
ထုတ်လုပ်ခြင်းသင်တန်းတွေ
ဆက်သင်ဖြစ်ပြန်တယ်။
Street Food Innovator ခေါင်းစဥ်နဲ့လည်း
တစ်နိုင်တစ်ပိုင်ဆိုင်ဖွင့်ရောင်းတဲ့သူတွေ
ထုတ်ကုန်လေးတွေပါ တွဲထုတ်ဖို့
သင်ကြပြန်တယ်။
Panna Institute နဲ့သင်တန်းတွေက
ရန်ကုန်၊ မန္တလေး၊ မေမြို့၊ တောင်ကြီး
စတဲ့မြို့ကြီးတွေအထိရောက်တယ်။
ဒီသင်တန်းတွေမှာတော့
မီးဖိုမပါဘဲ
ဟော်တယ်ကပံ့ပိုးပေးနိုင်တဲ့
အစားအသောက်၊
အိုးခွက်ပန်းကန်တွေနဲ့
ရသလောက် သင်ရတယ်။
ဒီသင်တန်းတွေမှာ
ပြိုင်ပွဲတွေပါထည့်တော့
သင်တန်းသူ သင်တန်းသားတွေက
အရမ်းတက်ကြွတယ်။
ကိုယ်တိုင်လည်းအရမ်းပျော်တယ်။
Daw Saint Yi Htet
Living life to the fullest
တန်ဖိုးမြှင့်ထုတ်ကုန်
ထုတ်လုပ်နည်းသင်တန်းဆိုတာ
စိတ်ကူးထဲရှိနေပေမယ့်
လက်တွေ့တကယ်သင်ဖြစ်ဖို့တော့
သုံးလေးနှစ်လောက် စောင့်ခဲ့ရတယ်။
ပထမဆုံး အကြိမ်
တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း
သင်ပေးခွင့်ရခဲ့တာက
အကို ခိုင်ဝင်းနဲ့ အမနီလာမြိုင်တို့ရဲ့
Sandi Governance School က
Women Leadership Program.
နယ်စွန်နယ်ဖျားကအရောက်လာကြတဲ့
၂၀ကျော်စ အမျိုးသမီးကလေးတွေ။
ရွာကလာတာ ဆိုင်ကယ်တစ်ဆင့်ကားတစ်ဆင့်နဲ့
လမ်းမှာ ၂ည ၃ည ကြာခဲ့တဲ့သူတွေလည်းပါတယ်။
ကားရပ်လို့ထမင်းစားမယ်လုပ်တော့
ဘာမှာရမှန်းမသိလို့ ဗိုက်ဆာခဲ့ရတဲ့သူလည်းပါတယ်။
သင်တန်းမှာသရက်သီးအကြောင်း Game ကစားပြီး
တကယ်လက်တွေ့လုပ်တော့ ကင်မ်ချီလုပ်ခဲ့တယ်။
သူတို့လည်းပျော်၊ တို့လည်းပျော်။
ဦးသူရကိုလည်း သင်တန်းသူတွေဝိုင်းဝိုင်းလည်ပေါ့။
သူတို့တွေဒီကသင်ယူသွားတာတွေကို
ဒေသပြန်ရောက်ရင် အခြားသူတွေကို ပြန်သင်ပေးကြ၊
တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်ကြဖို့ရည်ရွယ်တယ်။
ဒီ့ထက်ပိုပြီး အဓိပ္ပါယ်ပြည့်ဝတဲ့
သင်တန်းမျိုးရှိဖို့ သိပ်မဖြစ်နိုင်ဘူးနော်။
ယုံချင်မှယုံမယ်။
ဆုံးဖြတ်ချက်တစ်ခုကနေ
သင်တန်းတစ်ခုဖြစ်လာဖို့
သုံးလေးနှစ်ကြာတယ်။
မိုးဖွဲဖွဲရွာတဲ့တစ်နေ့
ပန်းဆိုးတန်းဆိပ်ကမ်းမှာ
ဒလဖက်ကိုကူးဖို့ သင်္ဘောစောင့်နေရင်း
လှေပေါ်မှာ အမျိုးသမီးတစ်ယောက်
သရက်သီးရောင်းနေတာကိုတွေ့တယ်။
လှေတစ်ခြမ်းက ရင်ကွဲသီးတွေအပြည့်
တစ်ခြမ်းမှာတော့ မချစ်စုတွေအပြည့်။
အကုန်အမှည့်တွေချည့်ပဲ။
မိုးကလည်းရွာနေတယ်။
မကုန်ရင်သူဘာလုပ်မလဲ။
ဒီသရက်သီးတွေ လွှင့်ပစ်မှာလား၊
နှမြောစရာကြီးလို့တွေးမိတဲ့အခိုက်အတန့်
ဒီလိုဒေသထွက်ကုန်တွေကို
တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်အောင်
သင်ပေးရရင်ကောင်းမှာပဲလို့
တွေးမိခဲ့တာ
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပေ့ါ။
ကိုယ်က ပညာသည်ဘဝကလာတာဆိုတော့
တစ်ခါတစ်လေ စိတ်ဝင်စားစရာ
Vacancy Announcement တွေ တွေ့ရင်
အလုပ်လျှောက်ချင်နေတုန်းပဲ။
ဖြစ်နိုင်ရင် Technical အလုပ်တစ်ဝက်
ကိုယ့် ကိုယ်ပိုင်အလုပ်တစ်ဝက်
လုပ်ချင်တာ။
အချိန်ဆိုတာ ပွားယူလို့မရလို့
အင်အား (Energy) ဆိုတာလည်း
အကန့်အသတ်ရှိလို့
အာရုံစိုက်နိုင်စွမ်း (Attention) ကလည်း
ခွချက်လုပ်မရလို့သာ။
လောဘ၊ လောဘ။
16/02/2026
ဒီတစ်ခေါက်
ညောင်ရွှေကိုရောက်သွားတာကတော့
Humanity အပိုင်းအတွက်ဖြစ်တယ်။
Humanity ကို နားလည်မှ
သူတို့လိုအပ်ချက်တွေကို နားလည်မှ
အနာနဲ့ဆေး အပ်စပ်အောင်ပေးလို့ရမယ်လေ။
ကိုယ့် ပင်ကိုယ်စိတ်ကိုကလည်း
Networking Activity တွေ
သိပ်မကြိုက်၊ သိပ်မသွားဖြစ်ပေမယ့်
အခုလို သဘာဝကျကျဖြစ်တည်နေတဲ့
စျေးတွေ၊ မြို့ရွာတွေကိုရောက်ရင်
လူအများနဲ့ နီးစပ်တယ်၊
အလိုလိုရင်းနှီးတယ်။
ညောင်ရွှေစျေးနေ့
စျေးထဲရောက်တော့
ဝယ်ချင်တာတွေ အကုန်လျှောက်ဝယ်
မေးချင်တာတွေ အကုန်လျှောက်မေး
အဲ့လိုလုပ်နေရတာကို ပျော်တယ်။
ဒီ ပို့စ်ကိုကြည့်မိတဲ့သူတွေလည်း ပျော်ရအောင်
စျေးထဲကအပျော်လေးတွေ မျှဝေပေးလိုက်ပါတယ်။
စကားပြောကောင်းခြင်းဟာ
ဘဝအတွက် အရေးပါတဲ့
အရည်အချင်းတစ်ခုဖြစ်တယ်။
မနေ့ကပြောတဲ့
အရပ်ပုတဲ့ဆရာက
စကားပြောလည်းကောင်းတယ်။
သူထူထောင်ထားတဲ့
အဖွဲ့အစည်းကို နာမည်ပေးထားတာ၊
ပွဲမှာဆွေးနွေးကြတာတွေကို
Framework လေးတစ်ခုနဲ့
သုံးသပ်သွားတာ အားလုံး
သူပြောသမျှ မှတ်မိတယ်။
လူတွေအများကြီးပါဝင်တဲ့
ဆွေးနွေးပွဲတွေမှာ
ကိုယ်ပြောတာတွေကို
အခြားလူတွေက
အရေးတယူနားထောင်အောင်
ပြီးတော့ မှတ်မိသွားအောင်
ပြောနိုင်စွမ်းက
ကိုယ့်အတွက်
အခွင့်အလမ်းတွေကို
ဆောင်ကြဥ်းပေးနိုင်တယ်။
အခွင့်အလမ်းဆိုတာမှာ
စီးပွားရေး
လူမှုရေး
ပူးပေါင်းဆောင်ရွက်နိုင်ရေး
ကိုယ့်ဒေသမှာလိုနေတာတွေကို
ဖြည့်ဆည်းပေးနိုင်ရေး
အကုန်ပါတယ်။
အရပ်ပုတာ
အားသာချက်လို့ပြောရင်
ယုံမလား။
ဒီနှစ်ရက် Nourish Program ရဲ့
ဒေသခံတွေဆီက
သူတို့ရဲ့လိုအပ်ချက်တွေကို
မေးမြန်းဆွေးနွေးတဲ့ပွဲမှာ
ဆရာတစ်ယောက်ကို သတိထားမိတယ်။
မိတ်ဆက်တာကအစ ပညာပါတယ်။
သူ့ကို ချက်ချင်းမှတ်မိအောင်
မိတ်ဆက်သွားတာ။
သူကအရပ်ပုတော့
အရပ်ပုတာလေး နည်းနည်း
သူ့ဇာတိနာမည်လေးနည်းနည်း
လက်ရှိအခြေအနေအကြောင်းနည်းနည်း
ပြောပြသွားတာ ချက်ချင်းမှတ်မိတယ်။
တစ်ခါတစ်လေတွေးမိတယ်။
Body Shaming ဆိုတာတောင်
ကိုယ်လက်ခံမှ သူများက
လုပ်လို့ရတာလို့။
ပုတဲ့သူကလည်း
ပုတာကို ဂုဏ်ဖေါ်ပြီးမိတ်ဆက်သလို
အသားမည်းတဲ့ဆရာတစ်ယောက်ကလည်း
အသားမည်းတဲ့အကြောင်း
ဂုဏ်ဖေါ်ပြီးမိတ်ဆက်သွားသေးတယ်။
ကိုယ့်အရပ်၊
ကိုယ့်အသားအရေ၊
ကိုယ့်ရုပ်ရည်၊
အားလုံးဟာ
ကိုယ်တန်ဖိုးဖြတ်တဲ့အတိုင်း
တန်ဖိုးရှိတယ်။
People Pleasing ဆိုတာ
အပေါ်မှာ သကာလောင်းထားတယ်။
လူတကာစိတ်ကြေနပ်စေချင်တဲ့သူတွေက
သူများကို please လုပ်နေတာ
ကိုယ့်အတွက်လို့ မတွေးမိတတ်ဘူး။
ငါက သဘောကောင်းတယ်။
ငါက တစ်ကိုယ်ကောင်းမဆန်ဘူး။
ငါက သူများကို ဦးစားပေးတယ်။
အဲဒီလိုထင်ကြတယ်။
တစ်ဖက်ကကိုယ့်လိုလူ မဟုတ်နေရင် ...
ငါကတော့ သူ့ကိုညှာလိုက်ရတာ၊
သူကတော့ ငါ့ကိုနည်းနည်းမှမကြည့်ဘူး။
ငါကတော့ သူ့ကိုဦးစားပေးရတာ၊
သူကတော့ မသိတတ်ဘူး လို့ပြောကြပြန်ရော။
ငယ်ငယ်က
အသုပ်ကလေးတစ်ပွဲဝယ်စားတာ
သူငယ်ချင်းကို စားပါဦးလို့လောကွတ်လုပ်မိတယ်။
သူကတကယ်စားသွားတော့
ဘာမှသိပ်မကျန်တော့တဲ့
ပန်းကန်သေးသေးလေးကိုကြည့်ရင်း
ရင်ထဲမှာ ဝမ်းနည်းလိုက်တာ။
အဲဒီ ခံစားချက်ကို အခုထိမှတ်မိတယ်။
စေတနာနဲ့ကျွေးတာဆိုရင်
သူများစားသွားပြီးရင် ဝမ်းမနည်းရဘူးဟုတ်။
စေတနာနဲ့ ပေးတာကျွေးတာလား
people pleasing လုပ်နေတာလား
ခွဲခြားရတာ တော်တော်ခက်မယ်။
ကိုယ့်အတွက်ကိုယ်တော့
ကျွေးပြီးဝမ်းသာသွားရင် စေတနာအစစ်အမှန်
ကျွေးပြီး ဘာမှန်းမသိ ဝမ်းနည်းသလိုလို
တစ်ခါတစ်လေကျ ဘာမှန်းကိုမသိဘူး
အလိုမကျနေသလိုလို ဆိုရင်တော့
people pleasing လုပ်မိတာလို့
ခွဲခြားထားလိုက်တယ်။
နေကြာစေ့စားရင်
အကြီးဆုံးအစေ့ကိုအရင်ကောက်လား
သေးတာ၊ ပိန်တာလေးတွေကို အရင်ကောက်လား။
ကျမက သေးသေးလေးတွေအရင်ကောက်တယ်၊
ကြီးကြီးရွေးကောက်တဲ့သူနဲ့ အတူတူစားရင်
သေချာတယ်၊ ကိုယ်ကအသေးအပိန်လေးတွေပဲ စားရမှာ။
Please pleasing က
ငယ်ကတည်းကပါလာတာ။
ကိုယ့်အသက်ကိုးနှစ်ကျမှ
ညီမကိုမွေးတာဆိုတော့
အိမ်မှာ လူကြီးတွေနဲ့ပဲနေရတယ်။
ကျောင်းစတက်ကတည်းက
သူများမျက်နှာကြည့်နေရသလိုပဲ၊
သူကငါ့ကိုခေါ်ချင်ပါ့မလား၊
သူခေါ်အောင် ငါဘာလုပ်ရမလဲဆိုတာ
ခေါင်းထဲမှာ အမြဲတမ်းရှိတဲ့အတွေး။
ငယ်ငယ်ကအိမ်မှာစာအုပ်ဆိုင်ဖွင့်ထားတော့
ကျောင်းကသူငယ်ချင်းတွေကို
အိမ်မှာ ကာတွန်းအလကားလိုက်ဖတ်ဖို့ခေါ်တယ်။
လက်ထဲမှာပါတဲ့ မုန့်အကုန်ကျွေးတယ်။
(ကျွေးပြီးရင် ငိုချင်နေရာ )
အဲဒီအကျင့်က ကြီးတဲ့အထိပါလာတယ်။
သူများအကြိုက်ပဲလိုက်ဖို့ကြိုးစားနေလို့
ကိုယ် ဘာလိုချင်လဲဆိုတာတောင် သိပ်မသိဘူး။
အရောင်၊ အစားအသောက်၊ သွားလည်စရာနေရာ
ဘာတစ်ခုမှ ကြိုက်တယ်လည်းမဟုတ်၊
မကြိုက်ဘူးလည်းမဟုတ်။
ဘာဖြစ်ဖြစ်ရတဲ့သူဆိုရင်
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။
ငါဘယ်သူ့ကို please လုပ်ချင်နေတာလဲလို့။
ဘယ်သူ့ကိုမှ please မလုပ်ချင်ဘူး။
တကယ်ကို ဘာမှအစွဲမရှိတာဆိုရင်တော့
အကောင်းဆုံးပေါ့။
“တစ်ခါတည်းမှားတာ လှည်းသားငါးရာနဲ့”
ဒီစကား ကြားဘူးလားတော့မသိဘူး။
ကျမလည်းခဏခဏ မမှားဘူး။
မှားပြီဆိုရင်တော့ အကြီးကြီးပဲ။
ငယ်ငယ်က အင်မတန်ပြာယာခပ်တယ်။
လူတိုင်းကို ပျော်စေချင်သူ (People Pleaser)။
ကူညီချင်လိုက်တာလည်းအရမ်း။
ပထမဆုံးမှတ်မိတာကတော့
အကိုဦးသုခနဲ့ အမဒေါ်မာလာအေးတို့အိမ်မှာ
ဘုရားပင့်တော့ တစ်ရုံးလုံးသွားကြတယ်။
ဘုရားပင့်ရင်ဘာလုပ်ကြတယ်ဆိုတာသာမသိတာ
စိတ်ထဲက တစ်ခုခုတော့လုပ်ပေးချင်နေတာ။
ဘုရားစင်မှာလည်း
ပန်းတွေ၊သစ်သီးတွေနဲ့ ပြည့်လို့။
အဲဒီအချိန်မှာ သစ်သီးတွေထပ်တင်ဖို့လားမသိဘူး
နေရာလေးနည်းနည်းလိုနေတော့
မမီမကမ်းနဲ့ လှမ်းပြီး ဘုရားစင်ပေါ်က
သောက်တော်ရေခွက်ကို နေရာရွှေ့လိုက်တာ
တစ်ခွက်လုံးမှောက်ပါရောလား။
တိတ်တိတ်ဆိတ်ဆိတ်
ဘုရားဝတ်ပြုနေကြတဲ့အချိန်
မင်္ဂလာယူတဲ့အချိန်မှာ
ရုတ်ရုတ်သဲသဲ တွေကိုဖြစ်လို့။
တော်သေးတာပေါ့
အောက်က Extension Cord တွေထဲကို
ရေတွေဝင်ပြီး shork တွေထမဖြစ်တာ။
သိပ်မမှားပါဘူး၊
မှားရင်လည်း သေးသေးလေးတွေမပါဘူး 😎
AI ခေတ်မှာ Consultant လည်းမျက်ခုံးခပ်လှုပ်လှုပ်ပဲ။
အခုနောက်ပိုင်း အလုပ်ကိစ္စလာဆွေးနွေးရင်
AI ကိုမေးကြည့်တော့ ဒီလိုပြောတယ်ဆိုတာက
အားလုံးနီးပါး ပြောလာကြတဲ့စကား။
Consultant က ယေဘူယျဖြေတဲ့ AI တွေမှာ
အပေါ်ယံလေးမေးပြီး ရတဲ့အဖြေနဲ့ အကြံပေးဖို့ကြိုးစားရင်
ငါးပါးမှောက်မှာပဲ။
ChatGPT နဲ့ စတဲ့ ကျမရဲ့ AI ခရီးက
အခုတော့ Gemini နဲ့ Notebook LM လောက်ရောက်လာပြီ။
ဒီတစ်ခေါက် အင်တာနက်ကောင်းတဲ့နေရာရောက်မှ
Claude ကိုစမ်းသုံးကြည့်မယ်။
AI ပေါ်လာပြီးထဲက အထီးကျန်မဆန်တော့တာအမှန်ပဲ။
အလုပ်လုပ်နေရင်းနဲ့ စဥ်းစားရတာ Block ဖြစ်လာရင်
ChatGPT နဲ့ သွား chat လိုက်တယ်။
အများအားဖြင့်တော့ ကိုယ်အသုံးပြုချင်တဲ့
Principle တွေ Framework တွေကို ထည့်ပေး၊
အခြေခံအချက်အလက် (Context) တွေပေးပြီး
နင်သိချင်တာ ငါ့ကိုအရင်မေးလို့ ပြောတယ်။
သူက မေးခွန်းတွေအရင်ပေးတယ်။
သူမေးတာတွေ ဖြေလိုက်ရင်
သူနဲ့အပြန်အလှန်ပြောလို့ ကောင်းသွားတယ်။
ကိုယ်နဲ့အတူ လိုက်စဥ်းစားပေးတဲ့
အဖေါ်တစ်ယောက်ရတာပေါ့။
ChatGPT က စိတ်ချမ်းသာအောင် ဖြေတတ်တယ်။
ဒါ့ကြောင့် Sugar-coated answer တွေမလိုချင်ဘူး။
Brutally Honest အမြင်ကိုလိုချင်တယ် တို့
Thoroughly Cretique လုပ်ပေးပါ တို့ပြောရတယ်။
မဟုတ်ရင် သူမြှောက်တိုင်းမြောက်ပြီး
မိုးပေါ်ကတောင် ပြန်ဆင်းရမယ်မထင်ဘူး။
အလုပ်လုပ်တဲ့ အကြောင်းရင်းတွေထဲမှာ
ဒီတစ်ခုက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။
ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို စမ်းသပ်ဖို့
ကိုယ်ဖန်တီးနိုင်တဲ့ ရလာဒ်ကို မြင်ချင်လို့
အလုပ်လုပ်နေတာ။
နေ့တိုင်းကိုယ့်ကိုကိုယ် စမ်းသပ်တယ်။
ဒီနေ့ အလုပ်လုပ်ရတာ Flow မိလား။
ပြီးမြောက်မှု တကယ်ရှိရဲ့လား။
စိတ်လေတာတွေများနေလား။
အဲဒါတွေကို တရားမှတ်သလို
လိုက်ကြည့်တယ်၊ သုံးသပ်တယ်။
ကိုယ့်ဟာကိုယ် မကြေနပ်တဲ့နေ့တွေရှိတယ်။
ကြေနပ်တဲ့နေ့တွေလည်း ရှိတယ်။
တစ်နေ့တစ်နေ့ အဲဒါတွေနဲ့ပဲ ပျော်နေတာပဲ။
Contact the school
Telephone
Website
Opening Hours
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 17:00 |