31/03/2023
Announcement📌
နောက်ဆုံးနှစ် အပိုင်း (က) ၊ Semester - I သင်တန်းအတွက် စာရင်းပေးသွင်းထားသော ကျောင်းသားများအား သင်တန်းဆိုင်ရာ အချက်အလက်များကို Email ပို့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ စာရင်းပေးသွားထားသော Email များကို စစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ စာရင်းမပေးသွင်းထားရသေးသော ကျောင်းသားများအနေဖြင့် အောက်ပါ link တွင် စာရင်းပေးသွင်းနိုင်ပါသေးသည်။
https://m.facebook.com/story.php?story_fbid=491720746465162&id=100068817230119&mibextid=Nif5oz
28/03/2023
Remember our fallen hero
(၂) နှစ်ပြည့် သတိရတမ်းတ ဝမ်းနည်းကြောင်း သဝဏ်လွှာ
၁။ ကျန်းမာရေး မိသားစု - မန္တလေး (Medical Family Mandalay - MFM) သပိတ်စစ်ကြောင်းများ၏ Defense Team တွင် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့သော ပြင်ဦးလွင်ဆေးရုံမှ ဒေါက်တာ သီဟတင်ထွန်း သည် မန္တလေးမြို့၊ လမ်းမထက်၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ်အကြမ်းဖက် စစ်ကောင်စီ၏ ရက်ရက်စက်စက် ပစ်ခတ်ခံခဲ့ရသည့်အပြင် စစ်သား၊ ရဲသားမျာ၏ လူမြင်ကွင်း၌ပင် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့မှုကြောင့် ကျဆုံးခဲ့သည်မှာ (၂၇.၃.၂၀၂၃) တွင် (၂) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။
၂။ ဝမ်းတွင်းမြို့၊ ရေဆုံးလမ်းထိပ်တွင် ဖက်ဆစ်စစ်တပ်၏ လူမဆန်စွာ ရက်စက်မှုကြောင့် Alumni of University of Medicine, Mandalay, 2005 Batch မှ ဒေါက်တာ ဖြိုးသန့်ဝေ သည် လည်ပင်းကျည်ဆန်ထိမှန် ကျဆုံးခဲ့သည်မှာလည်း (၂၇.၃.၂၀၂၃) တွင် (၂) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။
၃။ မုံရွာမြို့ရတနာပုံရပ်ကွက်တွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာလူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခံနေရသည့် အပြစ်မဲ့ပြည်သူများအား ကယ်ဆယ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော မုံရွာမြို့ ဆေးအကူအဖွဲ့ဝင် သူနာပြုသင်တန်း ဒုတိယနှစ်ကျောင်းသူ မသဉ္ဇာဟိန်း သည် ဦးခေါင်းကို ကျည်ထိမှန် ကျဆုံးခဲ့သည်မှာလည်း (၂၈.၃.၂၀၂၃) တွင် (၂) နှစ်ပြည့်မည် ဖြစ်ပါသည်။
ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးကာ လူ့အသက်များအား ကယ်ဆယ်လျက် ရှိသည့် ဆရာ၊ ဆရာမများသည် စစ်အာဏာရှင်၏ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့်အတွက် ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု-မန္တလေးအနေဖြင့် မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
အဓမ္မကို တော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် ကျန်းမာရေးမိသားစု ဆရာ၊ ဆရာမ (၃) ဦးအား ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု - မန္တလေးက လေးစား ဂုဏ်ပြု ဦးညွတ်လိုက်ပါသည်။
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသော ပြည်သူ့သူရဲကောင်းများနှင့် ဖမ်းဆီးခံထားရသည့် ရဲဘော်ရဲဘက်များအတွက် ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု - မန္တလေးအနေဖြင့် သွေးကြွေးကို ပြန်လည်ရယူသွားမည် ဖြစ်ကြောင်း နှင့် စစ်အာဏာရှင်ကို ဖြုတ်ချပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ထောင်နိုင်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
ဓမ္မအတွက် အသက်ကိုပေးကာ တော်လှန်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသည့်
*** နွေဦးတော်လှန်ရေးရဲဘော်များ မြင့်မြတ်ရာကောင်းကင်ဘုံတွင် အေးချမ်းပါစေသား***
ကျန်းမာရေးမိသားစု - မန္တလေး
Medical Family Mandalay - MFM
28/03/2023
ရဲဘော်ပြည်သူတို့ရေ.....
ဒီကနေ့ မတ်လ (၂၈)ရက်နေ့ဟာဆိုရင် ရဲဘော်ဝေယံမိုး ကျဆုံးခြင်း (၂) နှစ်ပြည့်သည့် နေ့တစ်ရက်ဖြစ်ပါတယ်။ အဖိနှိပ်ခံအပေါင်းတို့ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား၊ပြည်သူ တွေများလှပါတယ်။ ရဲဘော်ဝေယမိုးရဲ့ သွေး၊ချွေးတွေဟာလဲ တောင်ကြီးမြို့ရဲ့ လမ်းမများထက်မှာ မခြောက်သေးသလို ပေးဆပ်နေဆဲ သွေးတွေကလဲ ယနေ့အထိ ရဲရဲနီလျက် ဦးမညွှန့်ပဲတိုက်ပွဲဝင်လျက်ရှိပါတယ်။ ရဲဘော်ဝေယံမိုးဟာ ရဲဘော်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့သလို အချို့သော ရဲဘော်တွေမှာလည်း အသက်တွေ၊သွေးတွေ ပေးဆပ်ပြီး တော်လှန်ပုန်ကန်ခဲ့ (သို့) တော်လှန်ပုန်လျက် နဲ့ တစ်ရက်မှ သွေးမအေးခဲ့ပါဘူး။ လူထုလွတ်မြောက်ရေးတိုက်ပွဲဟာလဲ လမ်းတဝက်မှာရောက်လို့နေသလို ရဲဘော်ဝေယံမိုးဟာ လူထုလွတ်မြောက်ရေးအတွက် တပ်ဦးမှ ဦးဆောင်ရင်း ဂုဏ်ယူပြောင်မြောက်စွာ ကျဆုံးခဲ့တာကို အောက်မေ့သတိရသင့်ပါတယ်။
အဖိနှိပ်ခံပြည်သူတို့ဟာ လူထုလွှတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာ အမြစ်ပြတ်ကျဆုံးရေးကို တညီတညွှတ်တည်းလိုလားတောင်းဆိုကြတယ်။ အချို့သော ရဲဘော်တို့ဟာ အသက်၊သွေး၊ချွေးတွေကို မငဲ့ပဲ ကျရာတာဝန်ကို လမ်းမထက်မှာ အလံကိုင်ရင်း၊ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ရင်း အဖိနှိပ်ခံတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက်တိုက်ပွဲဝင်လျက်ရှိနေကြတယ်။
ယနေ့ ရဲဘော်ဝေယုံမိုး၏ ကျဆုံးခြင်း (၂) ပြည့်ကို အောက်မေ့သတိရလျက် ရဲဘော်တို့ ကျွန်ေတာ်တို့ရဲ့တိုက်ပွဲအရှိန်ကို အဘက်ဘက်ကနေ အရှိန်အဟုန်မြှင့်တင်ပေးရမဲ့အချိန်ကာလဖြစ်နေတာကို သတိချပ်စေလိုပါတယ်။ ကျွန်တော် တို့ရဲ့ ရဲဘော် ပြည်သူအချို့ဟာ ဘဝပေးအခက်အခဲများကြောင့် ရဲဘော်တို့၏ ရှင်သန်ရေးအတွက် ကျောင်းပြန်တတ်ခြင်း၊ ဌာနများသို့ အလုပ်ပြန်ဝင်ခြင်း၊ အခွန်ဆောင်ခြင်းများအား ဖိအားများနှင့် အခြားသောအကြောင်းအရာများကြောင့် စစ်တပ်ယန္တရားအား အလည်အပတ်ပြုနိုင်ရန်အတွက် အထောက်အပံ့ပြုသည်ဆိုသော်ငြားလည်း ရဲဘော်တို့ နိုင်ရာထမ်း၍(ဥပမာအားဖြင့် Click ခြင်း) တိုက်ပွဲဝင်နေကြမည်ဟု ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါအပြင် တနိုင်ငံလုံးမှ အဖိနှိပ်ခံတို့၏ စိတ်ဓာတ်မှာလည်း စစ်အုပ်ချုပ်ရေးမှ အစွမ်းကုန်လွှတ်မြောက်လိုသည့် စိတ်ဓာတ်ကိုထားရင်း အဖိနှိပ်ခံပြည်သူတို့အနေဖြင့် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ဖို့လိုပါတယ်။
အဖိနှပ်ခံအပေါင်းတို့ ရဲဘော်ဝေယမိုးရဲ့သွေးတွေဟာ တောင်ကြီးမြို့ရဲ့ လမ်းမထက်မှာ မခြောက်သေး။ ထောင်တွင်းမှ အဖိနှိပ်ခံရဲဘော်တို့ရဲ့ ရဲရဲတောက် ဟစ်ကြွေးသံဟာ ရှမ်းပြည်တစ်ခုလုံး ဟိန်းလျက်ရှိနေပါတယ်။ အဖိနှိပ်ခံပြည်သူတို့ရဲ့ သွေးကြွေးကိုနောက်မျိုးဆက် မကူးစေရန်အလို့ဌာ ပေးဆပ်သူ ရဲဘော်ဝေယံမိုးအပါဝင် အခြားသော ရဲဘော်တို့၏ သွေးခင်းလမ်းတွင် အလံမလိတ်၊ ရဲရဲတောက်သည့်စိတ်ဓာတ်ဖြင့် လူထုလွှတ်မြောက်ရေးကို အတူတကွရုန်းရင်းတိုက်ပွဲဝင်ကြပါစို့။
ရဲဘော်ဝေယံမိုးစိတ်ဓာတ် စွဲကိုင်လျက်တိုက်ပွဲဝင်ကြ။
လူထုလွှတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြ။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဆီသို့ ချီတတ်ကြ။
14/03/2023
ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာရှိ အပြစ်မဲ့ သံဃာတော်နှင့် ဒေသခံရွာသားများ ရက်စက်စွာ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်
13/03/2023
သင့်ရဲ့ စိတ်ကျန်းမာရေးကို သင်ကိုယ်တိုင် ဂရုစိုက်မိရဲ့လား?
ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေကို အံတုရင်း ရပ်တည်နေထိုင်နေရတာက ထင်သလောက် မလွယ်ကူလှပါဘူး။
လူငယ်များလည်း လူငယ်အလျောက် မိမိအနာဂတ်ကို စိတ်ပူပန်မှုတွေ၊ သက်လတ်ပိုင်းနှင့် လူကြီးများကလည်း စားဝတ်နေရေးအတွက် ဖြေရှင်းနေရတဲ့ ပြဿနာတွေ၊ မည်သူကိုမျှ ပြောပြလို့ မရနိုင်တဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျမှုတွေဟာ အရွယ်မရွေး ဖြစ်ပေါ်တတ်တဲ့ စိတ်ခံစားချက် ပြဿနာတွေ ဖြစ်လာပါတော့တယ်။
တစ်ခါတစ်ရံ ထို Mental Health Problem တွေကို အချိန်အတော်ကြာ လျစ်လျှူရှုထားမိရင် စိတ်ရော ခန္ဓာကိုယ် အတွက်ပါ ထိခိုက်မှုကြီးမားတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်တာနိုင်တာမလို့ လူကြီး/ငယ်မရွေး မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို သီအိုရီအရကော လက်တွေ့မှာပါ နားလည်နေဖို့ အင်မတန် အရေးကြီးပါတယ်။
ဒါ့ကြောင့် ပြည်သူတိုင်း မိမိရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်ပြီး ပိုမိုကောင်းမွန်တဲ့ နေ့ရက်များကို လျှောက်လှမ်းနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် Spring Normal University တို့ ပူးပေါင်းပြီး “A Brighter Tomorrow” ခေါင်းစဥ်ဖြင့် စိတ်ကျန်းမာရေး ပညာပေး အွန်လိုင်း ဟောပြောပွဲ တစ်ခုကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ကျယ်ပြန့်လှတဲ့ စိတ်ကျန်းမာရေး ပညာရပ်အောက်မှာ တစ်ပတ်လျှင် ခေါင်းစဥ်တစ်ခုနှုန်းဖြင့် စုစုပေါင်း ခေါင်းစဥ် (၈) ခုကို ပညာဒါန အနေဖြင့် ဝေမျှသွားမှာ ဖြစ်ပြီး မည်သူမဆို စိတ်ပါဝင်စားသူတိုင်း အသက်အရွယ်မရွေး တက်ရောက်နိုင်ပါတယ်။
ဟောပြောဝေမျှပေးသွားမယ့် အဓိကခေါင်းစဥ်များကတော့-
📍 Week 1: Adjustment and Maladjustment
📍 Week 2: Fostering Resilience in Education in times of Crisis
📍 Week 3: Trauma and the Effects
📍 Week 4: Trauma and violation
📍 Week 5: Stress coping styles of youths
📍 Week 6: Resolving inner conflicts
📍 Week 7: Recognizing and addressing the effects of early adversity on children
📍 Week 8: How to help people handle trauma တို့ပဲ ဖြစ်ပါတယ်။
အထက်ပါ ခေါင်းစဥ် တစ်ခုချင်းစီတိုင်းကို ပညာရပ် ဗဟုသုတအနေဖြင့် မျှဝေပေးရုံသာမက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ ပြောပြသွားမှာဖြစ်လို့ လက်တွေ့ဘဝမှာ အသုံးဝင်စေမှာ အမှန်ပါပဲ။
စိတ်ပါဝင်စား၍ ယခု Webinar Series ကို တက်ရောက်လိုတယ်ဆိုရင်တော့ အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Link- https://ee.humanitarianresponse.info/single/mwxFCWcu?returnUrl=https://t.me/+uAZlovqOndpmMTk1
ခေါင်းစဥ်တစ်ခုချင်းစီနှင့် တက်ရောက်ရမယ့် နေ့ရက်တွေကို အသေးစိတ် ထပ်မံဖော်ပြသွားမှာ ဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးဖို့ တိုက်တွန်းပါရစေ။
သင့်ရဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေထဲမှာ ယခု ဟောပြောပွဲကို တက်ရောက်လိုသူများ ရှိလျှင်လည်း သတင်းကောင်းပါးပြီး ဝေမျှပေးလိုက်ပါဦးနော်။
13/03/2023
ထက်မြတ်အောင် ကျဆုံးတာ ၂နှစ်ပြည့်ပြီ
#ထက်မြတ်အောင်နေ့မမေ့ကြနဲ့
13/03/2023
ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၅)နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ပေးပို့သော သဝဏ်လွှာ
01/02/2023
၉၂ နှစ်ပြည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
__________________________________________
သမိုင်းတလျှောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂသည်် တော်လှန်ရေးအဆက်ဆက်သို့ စီးဝင်သွားမည့် လူမျိုးပေါင်းစုံ ကျောင်းသားခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့သော အဖွဲ့အစည်းကြီး ဖြစ်သည်။ အစဉ်အလာကြီးမားသော တကသသည် ယနေ့ ၂၀၂၃၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ၉၂ နှစ် ပြည့်လေပြီ။
သမဂ္ဂမတိုင်မီ တက္ကသိုလ်ရပ်ဝန်းအတွင်း ကျောင်းသားများအခြေအနေ
━
၁၉၃၀ ခုနှစ် အရှေ့ပိုင်းကာလများအထိ ကျောင်းသားများမှာ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲများသာ ရှိသော တက္ကသိုလ်ကျောင်းသားဘဝကို ပျော်မွေ့ကြပြီး ဘွဲ့ရရေး၊ အစိုးရဝန်ထမ်းအလုပ်ရရေးကိုသာ အာရုံစိုက်ကြသည်။ ဗုဒ္ဓဘာသာနှင့် ဆက်စပ်သော လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ရန် အဖွဲ့အစည်းများ ဖွဲ့စည်းကြသော်လည်း ရွှေတိဂုံဘုရားသွား တံမြက်စည်းလှည်းခြင်း၊ ဘုရားဝတ်ပြုခြင်းများသာ ပြုလုပ်ကြပြီး ထိုလုပ်ငန်းများထဲတွင်ပင် အားလုံးတက်တက်ကြွကြွ မပါဝင်ကြချေ။ တက္ကသိုလ်အဓိပတိမှာလည်း ကျောင်းသားများအား ပညာသင်၊ ဘွဲ့ရပြီး ဗြိတိသျှ သို့မဟုတ် အိန္ဒိယအစိုးရ ရုံးဌာနများ၊ ဗြိတိသျှအင်ပါယာရဲတပ်ဖွဲ့ စသည်တို့၌ အလုပ်ဝင်လုပ်ရန်ကိုသာ လိုလားခဲ့ကြသည်။ သို့သော် ထိုနေရာများတွင် ဗမာအမျိုးသားများအတွက် လစ်လပ်နေရာအနည်းငယ်သာ ရှိပြိး အချင်းချင်းပြိုင်ဆိုင်ကြရသည်။ ထို့ကြောင့် ကျေးရွာဆရာအဆင့် လုပ်ရန်သာ ရှိကြသည်။
သမဂ္ဂဖွဲ့စည်းရန် ဖြစ်လာပုံ
━
ထိုအချိန်တွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သော ကိုဗစိန်၊ ကိုလေးမောင်၊ ကိုနုတို့မှာ တက္ကသိုလ်အတွင်း နိုင်ငံရေး၊ အမျိုးသားရေးအသိများ နိုးကြားလာစေမည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် စဉ်းစားလုပ်ကိုင်လာကြသည်။ သို့ရာတွင် ၁၉၂၆ မတိုင်မီအထိ ကျောင်းသားသမဂ္ဂအဖွဲ့မရှိသေး။ ၁၉၂၆ တွင် ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင် ဦးညိုမှ တကသဖြစ်မြောက်ရေးအတွက် တစ်သိန်းခုနစ်သောင်း လှူဒါန်းခဲ့ရာ တက္ကသိုလ်အဓိပတိထံမှ ငွေဂုဏ်ဖြင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံလိုက်ရသည်။ အဆောက်အဦအား ၁၉၂၉ မှ ၁၉၃၀ အထိ ဆောက်လုပ်ခဲ့သည်။ နောင်တချိန်တွင် အင်္ဂလိပ်နယ်ချဲ့အား ဆန့်ကျင်တော်လှန်မည့် အချက်အချာနေရာတခု ဖြစ်လာမည်ကို သိခဲ့လျှင် ဆောက်လုပ်ခွင့်ပေးမည် မဟုတ်မှာ သေချာပါသည်။
၎င်းအဆောက်အဦ တည်ဆောက်ပြီးနောက် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သမဂ္ဂဖွဲ့စည်းရန် ပြင်ဆင်နေကြသော ကျောင်းသားအချို့မှာ အဆောင်နေကျောင်းသားများနှင့် ကျောင်းဆောင်များတွင်လည်းကောင်း၊ နေ့ကျောင်းသားများနှင့် မြို့ထဲတွင်လည်းကောင်း အစည်းအဝေးကျင်းပကာ အစည်းအဝေးဆုံးဖြတ်ချက်များအရ ကိုကျော်ခင်၊ ကိုဘဂျမ်းကိုတင့်ဆွေတို့သည် တရားသူကြီးဦးဘနှင့် သွားရောက်တွေ့ဆုံကာ သမဂ္ဂဖွဲ့စည်းရန်၊ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေရေးဆွဲမည့် ကော်မတီဖွဲ့ရန် တောင်းဆိုကြသည်။ စက်တင်ဘာလ၊ ၂၀ရက်နေ့တွင် ဗာစီတီနှင့် ယုဒသန်ကောလိပ်ကျောင်းသားအားလုံး စုပေါင်း၍ ကျောင်းသားထုအစည်းအေဝးကြီးကို တက္ကသိုလ်အားကစားရုံတွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး (၁) ကျောင်းသားထုဆန္ဒဖြင့် အမှုဆောင်ကော်မတီ ရွေးကောက်ရန်၊ (၂) ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲရန်၊ (၃) ယာယီအမှုဆောင်ကော်မတီရွေးကောက်ရန်ဟူသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။
နိုဝင်ဘာ ၂၄ရက်နေ့တွင် စည်းမျဉ်းရေးဆွဲပြီးသဖြင့် ကျောင်းသားများအား အစီရင်ခံပြီး မှတ်ချက်နှင့် ဝေဖန်ချက်များတောင်းခံခဲ့သည်။ ၁၉၃၁၊ ဇန်နဝါရိ ၉ရက်နေ့တွင် ကျဉ်းပသော အစည်းအဝေး၌ စည်းမျဥ်းမူကြမ်းအား သဘောတူလိုက်ပြီး ဥက္ကဌကိုကျော်ခင်ဦးဆောင်သော ယာယီအမှုဆောင်(၉)ဦးကို ရွေးကောက်တင်မြှောက်လိုက်သည်။ ဤသို့ဖြင့် ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တရားဝင် ပေါ်ပေါက်လာသည်။
ထိုအမှုဆောင်ကော်မတီသည် သမဂ္ဂအဆောက်အဦနှင့် စပ်လျဉ်းသော ကိစ္စရပ်များအား စီမံခွင့်၊ သမဂ္ဂကိုယ်စားဆောင်ရွက်ခွင့်၊ စည်းမျဥ်းဥပဒေမူချောရေးဆွဲခွင့်၊ တက္ကသိုလ်အာဏာပိုင်များနှင့် စေ့စပ်ဆွေးနွေးခွင့် စသည့် အခွင့်အာဏာများ ရှိလာသည်။ ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ အတည်ပေါ်ပေါက်လာခဲ့သည်။
ပထမဦးဆုံး တကသ ဥက္ကဋ္ဌ
━
ပထမနှစ် ဥပဒေသင်တန်းတွင် တက်ရောက်နေသော ကိုထွန်းစိန်သည် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူ ဖြစ်ပြီး နယ်ချဲ့အလိုတော်ရိများ၊ ဗျူရိုကရက်များအား ဆန့်ကျင်ပြောဆိုရဲပုံ၊ သတ္တိရှိပုံများကို ကျောင်းသားများ အထင်ကြီးလေးစားကြသည်။ ကျောင်းဆောင်များအစည်းအဝေးတစ်ခုတွင် အစည်းအဝေး မပြုလုပ်မီ ဗြိတိသျှဘုရင်အား မေတ္တာပို့သသောသီချင်းကို သီဆိုကြရရာ ကိုထွန်းစိန်က ဤကဲ့သို့သောသီချင်းအား ကျောင်းသားသမဂ္ဂအစည်းအဝေးနှင့် အခြားအခမ်းအနားများတွင် မဆိုရန် အဆိုတင်သွင်းလိုက်ရာ ထိုညအစည်းအဝေးတွင်ပင် ဆုံးဖြတ်ချက်ကျသွားသည်။
ကိုဗစိန်က ကိုထွန်းစိန်အား ဥက္ကဋ္ဌ အဆင့်အတန်းနှင့် သင့်တော်သူအဖြစ် အဆိုတင်သွင်းလိုက်ပြီး အတန်ကြာသော် ဗြိတိသျှအလိုတော်ရိများကလည်း ကိုအိန်အား အဆိုတင်သွင်းလိုက်လေသည်။ ဤသို့ဖြင့် တက္ကသိုလ်သမိုင်းတွင် ပထမဦးဆုံး ကျောင်းသားများမဲဆန္ဒဖြင့် တင်မြှောက်ရမည့် သမဂ္ဂရွေးကောက်ပွဲ ဖြစ်လာသည်။ ထိုအချိန်ထိပင် ကျောင်းသားအများစုမှာ ကျောင်းသားနိုင်ငံရေးတွင် စိတ်မဝင်စားကြသေးပေ။ ထို့ကြောင့် ကိုထွန်းစိန်မှ “ကျောင်းသားအားလုံးပါဝင်ပြီး နယ်ချဲ့လက်အောက်က လွတ်မြောက်ရမယ်လို့ ယုံကြည်ပါတယ်။ စည်းလုံးညီညွတ်ရေး ကြိုးပမ်းဖို့အတွက် သမဂ္ဂထဲ ဝင်ကြပါ။ ကျောင်းသားအားလုံးရဲ့ ရှေ့တန်းကနေ နယ်ချဲ့နဲ့ ဗျူရိုကရက်တွေရဲ့ ဖိနှိပ်မှုကို တိုက်ဖျက်ပါမယ်။” စသဖြင့် ဟောပြောခဲ့သည်။ ကိုထွန်းစိန်သည် စည်းရုံးမဲဆွယ်ရာတွင် အလေးသာသော်လည်း ကိုအိန်ဘက်မှ ကိုထွန်းစိန်၏ အစ္စလာမ်ဘာသာဝင်ဖြစ်မှုကို စွဲသွင်းကာ ဘာသာရေးမှိုင်း ရောနှောမဲဆွယ်လေသည်။ ဤသို့ဖြင့် ရွေးကောက်ပွဲ ကျင်းပရာတွင် နှစ်ယောက်စလုံးမှာ မဲအရေအတွက် တူနေလေသည်။ ထိုသို့ဖြင့် ယာယီဥက္ကဋ္ဌမှ မဲပေးရမည်ဖြစ်ရာ ဗျူရိုကရက်များ၊ အလိုတော်ရိများအား သတ္တိရှိရှိ ဆန့်ကျင်ရဲပြီး နိုင်ငံရေး၊ အမျိုးသားရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် စိတ်အားထက်သန်သည့် ကိုထွန်းစိန်အား အနိုင်မဲပေးလိုက်သဖြင့် ပထမဦးဆုံးသော တကသဥက္ကဋ္ဌဖြစ်လာသည်။ ထို့နောက် အခြားသော အမှုဆောင်များကိုလည်း ရွေးချယ်တင်မြှောက်လိုက်ပြီး တယောက် နှစ်ယောက်မှလွဲ၍ ကျန်သူများမှာ အလိုတော်ရိများ မဟုတ်ကြချေ။ ကိုထွန်းစိန် ဥက္ကဋ္ဌဖြစ်ချိန်မှစပြီး ကျောင်းသားနှင့် နိုင်ငံရေးမှာ ပို၍ပို၍ နီးစပ်လာခဲ့ပေသည်။
တကသပေါ်ပေါက်ပြီး တက္ကသိုလ်ဝန်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ
━
၁၉၃၁ ခုနှစ်တွင် အမျိုးသားအောင်ပွဲနေ့ (၁၀) နှစ်မြောက်အား စတင်ပြုလုပ်ကျင်းပကြပြီး ဆရာများ၊ ကျောင်းသားများ၊ ဝံသာနုများ၊ တို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်များ ပါဝင်ခဲ့သည်။ ထိုအခမ်းအနားမှစ၍ ရှေးဗမာအလံဖြစ််သော ဒေါင်းအလံကို စတင်အသုံးပြုလာကြပြီး သမဂ္ဂအဆောက်အဦနှင့် အခမ်းအနားများတွင် ဗြိတိသျှအလံအစား လွှင့်ထူလာကြသည်။ ထို့နောက် သမဂ္ဂသည် စီးကရက်သပိတ်မှောက်ရေးတွင် တို့ဗမာအစည်းအရုံး၊ ဗမာနိုင်ငံလူငယ်များအစည်းအရုံးနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် သမဂ္ဂမှ ဦးဆောင်ပြီး ကျောင်းဆောင်များတွင် သဟာယနှင့် စာဖတ်အသင်းများ၊ ဟောပြောပွဲများ ပြုလုပ်ကြပြီး နယ်ချဲ့ဆန့်ကျင်ရေးတရားများဟောခြင်း၊ တို့ဗမာသီချင်းသီဆိုခြင်းတို့ဖြင့် ကျောင်းသားလူထုအကြား အမျိုးသားရေးစိတ်ဓာတ်များ လှုံ့ဆော်လာကြသည်။ ကျောင်းအုပ်ကြီးမှာ ထိုဟောပြောပွဲများအား ပိတ်ပင်တားဆီးပြီး ဆရာများအား အစည်းအဝေးပွဲများ၊ ဟောပြောပွဲများကို မတက်ရောက်ကြရန်နှင့် ပါဝင်ဟောပြောခြင်းမပြုရန် တားမြစ်ခဲ့သည်။ ကိုဘသောင်းမှာမူ ဆက်လက်ပါဝင်နေ၍ ဆရာအဖြစ်မှ ရပ်စဲခံရပြီး ကိုဗစိန်မှာလည်း ယုဒသန်ကောလိပ်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။
ဤသို့ဖြင့် ၁၉၃၁ ခုနှစ်မှ စတင်ပေါ်ပေါက်လာသော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် နယ်ချဲ့အစိုးရ အဆက်ဆက်၊ စစ်အစိုးရ အဆက်ဆက် ဖိနှိပ်မှုမျိုးစုံကို ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်ခဲ့သည်မှာ ၉၂ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။
ကိုးကား
အောင်ထွန်း - မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း
01/02/2023
1.2.2023
ယနေ့ဆိုလျှင် စစ်ခွေးတွေလက်ထဲ တိုင်းပြည်အမှောင်ကျသွားခဲ့တာ ၂ နှစ်ပြည့်ခဲ့ပြီ။
စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့အတူ သန္ဓေတည်ပြီး မိမိတို့ ကျောင်းသားသမဂ္ဂအဖွဲ့ပေါ်ပေါက်လာခဲ့သည်မှာဆိုရင်လည်း ၂ နှစ် ပြည့်သည့်နေ့ဖြစ်သည်။
တော်လှန်ရေးကာလစတင်ချိန်မှ ယနေ့ထိတိုင် မိမိတို့သမဂ္ဂအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှန်သမျှ တစိုက်မတ်မတ်လုပ်ဆောင်နေဆဲဖြစ်သည်။
မိမိတို့သမဂ္ဂအနေဖြင့် တော်လှန်ရေးကာလစသည့်အချိန်မှ ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု CDM မှသည် လက်နက်ကိုင်တော်လှန်ရေးကိုပါ ပါဝင်ကူညီလျက်ရှိသည်။
တော်လှန်ရေးကာလ ၂ နှစ်တာကာလအတွင်း အသက်သွေးချွေးပေးဆပ်လိုက်ရသော သူရဲကောင်းအပေါင်းနှင့်တကွ ယနေ့ထိတိုင် တော်လှန်ရေးတွင် ပါဝင်ကူညီနေသူ ကျောင်းသား၊ ပြည်သူ အားလုံးကို မိမိတို့သမဂ္ဂအနေဖြင့် လေးစားဦးညွတ်ပါသည်။
ဖောက်ပြန်သူများ မည်မျှပင်ပေါ်ထွက်နေစေကာမူ တော်လှန်ရေးကာလအတွင်း ပေးဆပ်ခဲ့ရသော တော်လှန်ရေးရဲဘော်များ၏ အသက်သွေးချွေးတို့ အလကားမဖြစ်စေပဲ တရားမျှတမှု ပြန်လည်ရရှိစေရန် မိမိတို့သမဂ္ဂအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည့်အတိုင် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်သည်။