31/01/2025
TIG 32 USA နာရီရှည် အကြို တရားစခန်း
ကျေးဇူးတော်ရှင် အောင်လံဆရာတော်ကြီးရဲ့ နည်းနာနိဿယ နှင့် မဟာနာယက ဆရာတော် အရှင်ဓမ္မပါရဂူ ကြီးမှူးသော တိုက်ခွဲအမှတ် ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာဌာနချုပ် USA ၌ နာရီရှည် အကြို အဓိဌာန် (၉) ရက် တရားအားထုတ်ခဲ့သော အတွေ့အကြုံမှတ်တမ်း
ကျွန်မက ဘုရားနေ့စဉ်ဝတ်ပြုတာရယ် ပဌာန်း ပရိတ်ကြီး ၁၁ သုတ် နေ့စဉ်ရွတ်ဖတ်သရဇယ်တာရယ် ငါးပါးသီလနေ့စဉ်စောင့်ထိန်းတာရယ်ကလွဲရယ် တရားအားထုတ်တဲ့ အတွေ့အကြုံလုံးဝမရှိခဲ့သူပါ။
အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က သူနဲ့တူတူ စကျင့်ရအောင် ပြောရာကနေ မသူသူနဲ့ အဆက်အသွယ်ရပီး Zoom ကနေ အာနာပါနစကျင့်ဖြစ်ခဲ့ပါတယ်။
မသူသူရဲ့ ယောဂီတွေအပေါ် စေတနာထားသင်ပြမှုတွေကြောင့် ဆရာကောင်းတော့တွေ့ပီ ကြိုးစားရမှာက ကိုယ့်တာဝန်ဆိုပီး အချိန်ရရင်ရသလို online မှာ ကျင့်ဖြစ်ခဲ့ပါတယ်။
ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ယောက္ခမအမေ့ရဲ့နောက်ဆုံးအချိန်လေးတွေကြည့်ရင်း မိမိရဲ့သေခါနီးအချိန်အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာသိလာရသလို အမေ့နဲ့ ၅လပဲ ခြားပီး ဘာရောဂါမှမရှိဖူးတဲ့ ၁၃ နှစ်အရွယ် တူလေးက ရုတ်တရက်ဆုံးပါးသွားပြန်တော့ သေချင်းတရားဟာ အချိန်မရွေး လက်တစ်ကမ်းမှာ နီးနီးလေးပါလားဆိုတာ အနီးကပ် သတိပေးလိုက်သလိုပါပဲ။
အလုပ်သစ်မှာ ခွင့်ရက်အားလုံးကို တရားစခန်းဝင်ဖို့ တစ်ခုထဲအတွက်သာ ရည်ရွယ်ပီး စုခဲ့ပါတယ်။ အောင်လံဆရာတော်ဘုရားကြီး၏ ဗုဒ္ဓတရားတော် နှင့်အညီ ဟောကြားထားမှုနှင့် နိဗ္ဗာန်သို့သွားရာ လမ်းပြမြေပုံအတိုင်း ကျင့်ကွက်များဖြင့် အားထုတ်ရသည့် တိုက်ခွဲအမှတ် ၃၂ တရားစခန်းသို့ ကံကောင်းစွာဖြင့် ဝင်ရောက်ခွင့်ရခဲ့ပါတယ်။
(၁) August 16-25, 2024 Potomac Maryland မှာ ကျင်းပခဲ့တဲ့ ယောဂီသစ်စခန်း ၉ ရက်
(၂) August 30-Sep 8, 2024 East Brunswick New Jersy မှာကျင်းပခဲ့တဲ့အချောသပ်စခန်း ၉ ရက်
(၃) January 17-26, 2025 Stockton California မှာ ကျင်းပခဲ့တဲ့ နာရီရှည်အကြိုစခန်း ၉ ရက် တရားကျင့်ကြံအားထုတ်ဖြစ်ခဲ့ပါတယ်။
(၁) ယောဂီသစ်စခန်းနဲ့ အပြီးမှာ သိလိုက်ရတာကတော့ မဟာပလ္လင် ၂ နာရီ နဲ့ ၅နာရီ ထိုင်နေစဉ်အတွင်းမှာ ဓါတ်ကြီး၄ပါး ပြင်းထန်စွာ ဖြစ်ပေါ်နေပေမယ့် မိမိရဲ့စိတ်ဘဝင်မှာတော့ တည်ငြိမ်အေးချမ်းနေတာ တွေ့ရှိခဲ့ရပါတယ်။
(၂) အချောသပ်စခန်းမှာလည်း မဟာပလ္လင် ၅ နာရီ ၂ ကြိမ်ထပ်မံလေ့ကျင့်ပီးစဉ်မှာတော့ ဝေဒနာကြောင့် မဆင်းရဲတော့ပဲ တရားကိုအချိန်ပိုကြာကြာထိုင်လာနိုင်ခဲ့ပါတယ်။ မိမိရဲ့တရားပီတိကိုဆွေမျိုးသူငယ်ချင်းများနဲ့ ဝေမျှချိန်မှာ သူတို့အတော်များများက ဆရာတော်ဘုရားကြီးရဲ့ " ကိုယ်သာနာပီး စိတ်မနာတဲ့" တရားကို စိတ်ဝင်စားလာကြပါတယ်။ အများစုက နာရီဝက် တစ်နာရီထိုင်ရုံနဲ့ဝေဒနာမကျော်နိုင်ပဲ လုံးချာလည်လိုက်ကာ စိတ်ပျက်ပီး တရားကြိုးစားမကျင့်ကြတော့တာ တချို့ဆို ဆက်တောင်မကျင့်ကြတော့တာ ကြားခဲ့ရပါတယ်။ ဝေဒနာကျော်ချင်လျှင် မဟာပလ္လင်က အကောင်းဆုံးကျင့်ကြံအားထုတ်နည်းဆိုတာ လက်တွေ့ခံစားခဲ့ရပါတယ်။
(၃) နာရီရှည်အကြို
နာရီရှည်ဆိုတဲ့အတိုင်း အောက်ပါအချိန်ဇယားအတိုင်း ထိုင်ရပါတယ်။
နာရီ ၃-၅-၄ စုစုပေါင်း ၃ ရက်
နာရီ ၃-၉ စုစုပေါင်း ၃ ရက်
နာရီ ၃-၉-၆ တစ်ရက်
နာရီ ၉ တစ်ရက်
*ကျန်းမာရေးရှုထောင့်*
သဲအင်းဂူရဲ့နာရီရှည်တရားကျင့်မှုအပေါ် လူအများစုက *နာရီရှည်ထိုင်တာ ကျန်းမာရေးနဲ့ မသင့်တော်ဘူး၊ သွေးလေလည်ပတ်မှုကိုထိခိုက်နိုင်တယ်၊ ခြေထောက်သွေးခဲနိုင်တယ်(Deep Vein Thrombosis)၊ အဆုတ်သွေးခဲပိတ်နိုင်တယ် (Pulmonary Embolism)* စသဖြင့် ဝေဖန်ပြောဆိုထားကြတာ တွေ့မိပါတယ်။
တကယ်တမ်းကျတော့ အဲ့လိုဝေဖန်ထားကြတာဟာ မမှန်ဘူးဆိုတာ ကိုယ်တိုင်ကျင့်ကြံအားထုတ်ပီး သိလာရပါတယ်။
မိမိကိုယ်ကို ကျန်းမာရေးနဲ့ကိုက်ညီအောင်နေထိုင်စားသောက်မယ် လေ့ကျင့်ခနမးပုံမှန်လုပ်ကြမယ်ဆိုရင် DVT/PE risk ဟာ အလွန်နည်းလွန်းပါတယ်။ နာရီရှည်ထိုင်သူများဟာ ကျန်းမာရေးကောင်းရပါမယ်။
Risk factors တွေကတော့ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ သွေးခဲတတ်တဲ့မျိုးရိုးရှိခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊သွေးခဲစေတတ်တဲ့ဆေးဝါးသောက်သုံးသူများဖြစ်ပါတယ်။
ကျန်းမာရေးရှုထောင့်ကသုံးသပ်ရမယ်ဆိုရင်တော့ နာရီရှည်တရားအားထုတ်တာကြောင့် DVT/PE ရတာမဟုတ်ပဲ DVT/PE ရသူတွေမှာ အထက်ပါ risk ရှိပီးသား ဖြစ်နေတာလို့ မြင်မိပါတယ်။
*တရားအတွေ့အကြုံ*
နာရီရှည်အကြို စခန်း၌ တရားအားထုတ်စဉ်မှာသတိကို အချိန်မလပ်ကပ်ဖို့ အရေးကြီးဆုံးဆိုတာသိလာရသလို နာရီရှည်ထိုင်မှပေါ်လာတတ်တဲ့ နီဝရဏတရားငါးပါးကို ဘယ်လိုပါယ်ရမလည်းဆိုတာကိုလည်း ဉာဏ်နဲ့ပိုင်းခြားသုံးသပ်ဆင်ခြင်
ရှုတတ်လာခဲ့ပါတယ်။ နာရီတိုထိုင်စဉ်မှာ မထင်ရှားခဲ့တဲ့ ပျင်းရိခြင်းအစပြုတဲ့မောဟ၊ စိတ်မရှည်တာကိုအစပြုတဲ့ ဒေါသ၊ တရားအပေါ်မရောင့်ရဲနိုင်မှုကို အခြေခံတဲ့လောဘ အနုစားလေးတွေကို နာရီရှည်မှာ ထင်ရှားပြတ်သားစွာ မြင်တွေ့လာရတဲ့အတွက် နာရီရှည်ထိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ကွင်းကွင်းကွက်ကွက်သဘောပေါက်လာခဲ့ပါတယ်။
ဆရာတော် အရှင်ဓမ္မပါရဂူ၏ ဩဝါဒအတိုင်း နာ
ရီရှည်ထိုင်စဉ်မှာ လေ့ကျင့်လာခဲ့တဲ့ ကိလေသာအနုစားတော်လှန်နည်းလေးတွေကို နေ့စဉ်ကျင်လည်နေရတဲ့ လက်တွေ့ဘဝမှာ အသုံးချလာနိုင်ခဲ့ပါတယ်။ အရင်က စိတ်မြန်လက်မြန်ရှိသူ အတိတ်ကိုလည်း လွယ်လွယ်နဲ့မမေ့သလို အနာဂတ်ကိုလည်း ကြိုတင်တွေးပူနေတတ်သူ ကျွန်မဟာ တရားထိုင်ပီးစဉ်မှာ ကိုယ့်စိတ်ကို မကြာခဏ စစ်ကြည့်တတ်လာပီး ပူပင်မှုဖြစ်စေတဲ့ အကြောင်းတရားစိတ်ကလေးတွေကို ရှုမိလာတဲ့အတွက် အိမ်တွင်းမှာရော လုပ်ငန်းခွင်မှာပါ ပိုမိုအဆင်ပြေ ချောမွေ့လာခဲ့ပါတယ်။
အောင်လံဆရာတော်ဘုရားကြီးရဲ့ကျင့်စဉ်နဲ့ အရှင်ဓမ္မပါရဂူရဲ့ တရားပြကြီးကြပ်သွန်သင်မှုရဲ့ အောက်မှာ ကျွန်မရဲ့ပထမဦးဆုံးဓမ္မခရီးစဉ်ကို စတင်ခဲ့ရတာဟာ အင်မတန်မှ ကံထူးလှပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ နည်းနာနိဿယများကိုသဒ္ဓါ ဝီရိယတင်ပီး အများကြီးဆက်လက်ကြိုးစားရပါဦးမယ်။
နာရီရှည်စခန်းကို နောက်နှစ်မှာ ထိုင်ဖို့ စာရင်းလည်းပေးခဲ့ပါတယ်။
အသိမိတ်ဆွေသူငယ်ချင်းများကိုလည်း တရားမျှဝေရင်း တချို့က Online မှာစကျင့်နေကြပီး တချို့ကလည်း Onsite မှာဝင်ဖို့ စာရင်းပေးထားကြပီဆိုတာ ကြားသိရလို့ တရားပီတိဖြစ်ရပါတယ်။
ဆရာတော် အရှင်ဓမ္မပါရဂူ မိန့်တော်မူတဲ့အတိုင်း USA က ယောဂီများဟာ အလွန်ကံထူးလှပါတယ်။ မိမိဘက်က သဒ္ဓါ ဝီရိယရှိရုံနဲ့တင် စစ်မှန်တဲ့ တရားရဖို့ အပြည့်အဝ ပံ့ပိုးပေးထားကြသူတွေများတဲ့အတွက် အခွင့်အရေးရတုန်းမှာ အချိန်မဆွဲပဲ တရားကျင့်ကြံအားထုတ်ကြဖို့ တိုက်တွန်းပါတယ်။
ယောဂီများအပေါ်စေတနာကြီးမားလှတဲ့၊ တရားဖြုတ်ပီးတိုင်း ယောဂီတစ်ဦးချင်းစီရဲ့ မေးခွန်းများကို စိတ်ရှည်စွာရှင်းပြပေးသော တိုက်ခွဲ ၃၂ မဟာနာယက ဆရာတော်အရှင်ဓမ္မပါရဂူ
တိုက်ခွဲ ၃၂ ရဲ့ Essential မသူသူ
Online ရော onsite ပါ ယောဂီများတရားရရေးအတွက် ကိုယ်ရောစိတ်ပါနှစ်ကာ သင်ကြားပေးနေသူ
ဆရာတော်ဘုရားကြီး ပြုစုသော သောတာပတ္တိမဂ် ရှူဖွယ်ကျမ်း ၊ သောဓနာ နှင့် ဝိပဿနာ နှင် ဝိပြဿနာ စာအုပ်များအတွက် အပတ်စဉ် စာဖတ်ဝိုင်းများကို ဦးဆောင်ပေးနေသော Dr.ကျော်ကျော်လွင် နှင့် ဆရာဦးဖိုးလမင်း
တရားရိပ်သာအလှူရှင်/တရားထောက်တဖြစ်လည်း ဆရာဦးဒေးဗစ်
Junior ယောဂီများကို အနီးကပ်စောင့်ရှောက်ပေးကြပါသော Senior တရားထောက်များနှင့် ဝေယျာများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
အားလုံးအပေါ် ကာယကံ ဝစီကံ မနောကံနဲ့ ပြစ်မှားမိခဲ့လျှင်လည်း ဝန်ချတောင်းပန်ပါတယ် 🙏
တိုက်ခွဲ ၃၂ သဲအင်းဂူ onsite တရားစခန်းများကို East Coast မှာဆိုလျှင် Maryland, NYC, New Jersey နှင့် Buffalo, NY နေရာများ၌ (၃) ရက်စခန်း နှင့် (9) ရက်စခန်းများကို နှစ်စဉ် August နှင့် September လများ၌ ကျင်းပပါတယ်။
West Coast မှာတော့ Stockton, California မှာ ဓမ္မရိပ်သာ ရှိပြီး တရားစခန်းပွဲတွေကို လစဉ် ကျင်းပပေးပါတယ်။ ထို့အပြင် LA နဲ့ San Francisco မှာလည်း ရက်တို စခန်းများကို ကျင်းပပေးပါတယ်။
Sacramento CA မှာ တိုက်ခွဲ၃၂ သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ ဌာနချုပ်တည်ရှိပြီး နောင် အခါရိပ်သာစခန်းများကျင်းပနိုင်ဖို့ ဆရာတော်မှ ကြီးကြပ်၍ သီတင်းသုံးနေပါတယ်။
ယောဂီသစ်များကို Online ကနေ အာနာပါန ကျင့်ပေးပါတယ်၊ အနာဂတ်မျိုးဆက်သစ် ကလေးတွေအတွက် အာနာပါန session လည်း Weekend တွေမှာ သင်ကြားပေးပါတယ်၊ ယောဂီသစ် ယောဂီဟောင်းများလည်း ညနေတိုင်း Zoom ကနေ ပုံမှန်ကျင့်ကြံအားထုတ်နိုင်အောင် East Coast နဲ့ West Coast အချိန်ခွဲပြီး ဆရာမ မသူသူမှ စေတနာအပြည့်နဲ့ နေ့မအား ညမနား ကြည့်ရှုစောင့်ကြပ်ပေးပါတယ်။
၂၀၂၅ Onsite ယောဂီတရားစခန်းများစာရင်းနှင့် ဆရာမ မသူသူရဲ့ ဆယ်သွယ်ရန် လိပ်စာကို ပူးတွဲတင်ပြထားပါတယ်ရှင်။
မိဘမောင်နှမ မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်ကျန်းမာစွာနဲ့ စစ်မှန်တဲ့တရားကျင့်ကြံပွါးများနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🙏
13/01/2024
ပရမတ် ရုပ်နာမ်အကြောင်း
ဘယ်နည်းနဲ့ထိုင်ထိုင်၊
ဘယ်မူနဲ့ထိုင်ထိုင်၊
ဘယ်နေရာမှာ ကျင့်ကျင့်၊
လေးပါးသော ဣရိယာပုတ်
ဘယ်ဣရိယာပုတ်နဲ့ပဲ ကျင့်ကျင့်
တဲ့ခန္ဓာကိုယ်ကြီးကအမြဲပါနေမှာ။
အဲ့ဒီအမြဲပါနေတဲ့ခန္ဓာကိုယ်ကြီးက
အမြဲတမ်းလည်း ရက်စက်နေတယ်။
မိမိဝိပဿနာ ရှု့မယ့်စိတ်ကို
ဒုက္ခအမြဲတမ်းပေးနေ
ရက်စက်နေတာကတော့
ဒီရုပ်တရားကြီးပဲ။
အဲ့ဒီ ရုပ်တရားကြီးနဲ့
ပတ်သက်လာတဲ့ ပြဿနာက
မဂ်တား၊ ဖိုလ်တား ဖြစ်တယ်။
ဒါဖြင့် ဘာကတားတာလဲလို့မေးရင်
ရုပ်တရားဖောက်ပြန်မှု့ကို
အကြောင်းခံပြီးတော့
ယှဉ်ဘက်ဖြစ်ပေါ်လာမယ့်
နာမ်တရားတို့အပေါ်မှာ
အမှန်မသိမှု့ အဝိဇ္ဇာရယ်၊
တပ်မက်မှု့ လောဘရယ်၊
ထောင်လွှားမှု့ မာနရယ်၊
ခတ်ထန်မှု့ ဒေါသရယ်၊
ငါတည်းဟူသော ဒိဌိရယ်ဆိုတဲ့
ပုထုဇဉ်တိုရဲ့ နဂိုလ်အုပ်ချုပ်ပြီးသား
အကုသိုလ် တရားတွေက
ပေါ်လာတယ်။
ပေါ်လာတဲ့အခါကြတော့
စိတ်မှာ ဆင်းရဲမှု ဒုက္ခဝေဒနာ၊
ဓာတ်လေးပါးဖောက်ပြန်တဲ့
ဒုက္ခဝေဒနာ၊ ခံစားတဲ့နာမ်ဝေဒနာဟာ
ဒုက္ခရသနဲ့ ခံစားတာကို
အရင်ပေါ်လာတယ်။
ဒုက္ခရသနဲ့ ခံစားတဲ့
ဝေဒနာအကျိုးတရားကို
တဏှာအားဖြင့်၊ မာနအားဖြင့်၊
ဒိဌိအားဖြင့် အကုသိုလ်တရားတွေ
ကပ်ငြိတဲ့အတွက်ကြောင့်
လောင််ကျွမ်းတယ်။
အဲ့ဒီတော့...
ရုပ်ဓာတ်လေးပါး ဖောက်ပြန်မှုရယ်၊
နာမ်ခံစားတဲ့အပေါ်မှာ
တဏှာ၊ မာန၊ ဒိဌိကပ်မှု့ရယ်၊
အဲ့ဒီ အကုသိုလ်တရားတို့သည်
မဂ်တရား၊ ဖိုလ်တရားကို တားမြစ်တဲ့
ပထမနံပါတ်တစ်အချက်။
အဲ့ဒီအချက်ကို မကျော်လွှားပဲနဲ့၊
မပယ်ရှင်းပဲနဲ့ ပရမတ် ရုပ်နာမ်တွေကို
မြင်လို့မရဘူး။
အောင်လံဆရာတော်ဘုရားကြီး
အရှင်စန္ဒိမာကို ဦးတင်ပါ၏
🙏 🙏 🙏 🙏 🙏 🙏 🙏
13/01/2024
ကျေးဇူးရှင်ဆားတောင်ဆရာတော်ကြီး
မိန့်ကြားထားခဲ့သောဩဝါဒ (၂၅)ချက်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
(၁) ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့် ကြုံတုန်း အားထုတ် ကြ။ သာသနာပပြီဆိုရင် ဝိပဿနာနဲ့ တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ ပိုနစ်နာတယ်။
(၂) တရားအားထုတ်ဖို့တော့ မအားဘူး။ မအားဘူးလို့ ပြောကြတယ်။ သေချိန်ကျလာလို့ မသေ ချင်ဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူး လို့ ပြောလို့ရတာ မဟုတ်ဘူး။
(၃) တရား အားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ အားထုတ်ရတယ်။ မသေချာ မရေရာတဲ့ အ လုပ်တွေတောင်မှ ဟုတ်နိုးနိုး၊ တော်နိုးနိုးနဲ့ သက်စွန့်ဆံဖျား လုပ်နေရတာပဲ။ သေချာရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာ ရှိလဲ။ ဆင်းရဲ တစ်ဘဝပေါ့။ တစ်ဘဝတောင်မှ ခဏလေးပါ။
(၄) ထိတိုင်းထိတိုင်း သိနေပါစေ။ ကိလေသာ ကြားမခိုစေနဲ့။
(၅) တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်းလိမ့် မယ် ထင်ပေမယ့် တကယ်စားတော့ မြိန်ချင်မှ မြိန်တာ။ မကောင်းဘူး ထင်လို့လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့ အားမထုတ်ချင်လည်းထုတ်။ထုတ်ချင် လည်း ထုတ်ပေါ့။
(၆) ဝိပဿနာတရား အားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ် လည်း ပြောင်းစရာ မလိုဘူး။ ဂူလည်း အောင်းစရာ မလိုဘူး။ ပုထုဇဉ်စရိုက်မူ ပြောင်းဖို့ လိုတယ်။
(၇) ကိုယ့်ခန္ဓာကိုယ်ရှု သူများအပြစ် သွားရှုမနေနဲ့။ သူများအပြစ် သွားရှုနေ တော့ အမှုပွေတာပေါ့။
(၈) မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရှုမှတ်နိုင်မှ ပတ်၀န်းကျင် ရဲ့လောကဓံတွေကိုလည်း ခံနိုင်ရည် ရှိမယ်။
(၉) တရားအားထုတ်တဲ့အခါ ကိလေသာ ကြားမခိုအောင် နှာသီးဝလေးကို ထိတိုင်း သိနေပါစေ။ ထိတဲ့အပေါ် သတိထား။ သတိထားရင် တရားမြင်မယ်။သတိမထားရင် အမှား၀င်မယ်။
(၁၀) အရိယာ သူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်၊ ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေတာ ပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။
(၁၁) လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။
(၁၂) ပထမတော့ တရားကို လူက ဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။အဲဒီအချိန် လူက တရားနောက်ကို လိုက်ဖို့လိုတယ်။
(၁၃) ခန္ဓာကတော့ သူ့တရားသူ ပြနေတာပဲ။ လောဘ ဒေါသ မောဟ ဖုံးနေ တော့ ဘာမှ မသိလိုက်ရ ဘူး။
(၁၄) အားကိုး မမှားစေနဲ့။ မိမိကိုယ်ကို မိမိ အားကိုးရမယ်။
(၁၅) ဘာမဆို အတွင်းက အေးနေအောင် လုပ်ရတယ်။ အပြင်က ဘယ် လောက်ပူပူ အတွင်းက အေး နေတော့ အေးတာပဲ။ အပြင်က ဘယ်လောက် အေးအေး အတွင်းက ပူတော့ ပူတာပဲ။
(၁၆) တရားနှင့် အိပ်စက်ခြင်း တရားနှင့်နိုးထခြင်း၊ တရားနှင့် မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒ တရားပဲ။
(၁၇) လောကီချမ်းသာက တစ်ဘ၀စာ တစ်နပ်စာ။ လောကုတ္တရာ ချမ်းသာကမှ တစ်သံသရာလုံး အေး တာ။ တစ်ဘ၀ တစ်နပ်စာ မလုပ်နဲ့။ တစ်သံသလုံး ရာစာ လုပ်ကြ။
(၁၈) မကောင်းတာ လုပ်တာသာ ကြောက်ရမှာ။ ကေင်းတာလုပ် တာ ကြောက်စရာမလိုဘူး။ မကောင်း တာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာ လုပ်တာ ဘာမလုပ်ရဲစရာရှိသလဲ ?
(၁၉) မဟုတ်လည်း သည်းခံ၊ ဟုတ်လည်း သည်းခံရမှာပဲ။ ခံရမည့် အတူတူ တော့ အခုကတည်းက ခံလိုက်တော့ သံသရာ ပြတ်တာပေါ့။
(၂၀) လောဘ ဒေါသ မောဟ ကင်းအောင် ပြတ်အောင် လုပ်ကြ။ ဖြစ် အောင်လဲ မလုပ်နဲ့။ ပျက်အောင် လဲ မလုပ်နဲ့။ဖြစ်တာပျက်တာ အမြဲ သိနေ ပါစေ။ ဖြစ်အောင်လုပ်တာ လောဘ။
ပျက်အောင်လုပ်တာ ဒေါသ။ဖြစ်တာ ပျက်တာ မသိတာ မောဟ။
(၂၁) စိတ်ကဖြတ်လို့ ပြတ်တာ မဟုတ်ဘူး။ တရားကဖြတ်မှ ပြတ်တာ။ တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေး တယ်။ ပြတ်ပေးတယ်။ ပါယ်ပေးတယ်။
(၂၂) အမြတ်က မရှုံးစေနဲ့။ အရှုံးကသာ မြတ်ပါစေ။ အကုသိုလ်က ကုသိုလ် ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ် မဖြစ်ပါစေနဲ့။
(၂၃) ပုထုဇဉ်တွေ မကောင်းတာ လုပ်တာများ အဆန်းလုပ်မနေနဲ့။ အခု လည်း မကောင်းတာ လုပ်နေ သလို နောင်လည်း မကောင်းတာ လုပ်နေဦး မှာပဲ။ သူတို့ မကောင်းတာနဲ့ ကိုယ်နဲ့ ဘာဆိုင်သလဲ ?ကိုယ့်တရား ကိုယ်ရှုဖို့ပဲ လိုတယ်။
(၂၄) ဘုရားစကား နားလည်အောင်လုပ်။ ဘုရားစကား နားလည်ရင် လော ကစကားတွေအားလုံး နားလည်တယ်။
(၂၅) နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာလည်း မြားလှပွီ။၀ိဇ်ဇာဉာဏျမပါ ဓမ္မတာတောင်း မို့ အာညောင်းရုံပဲ မောဖတ်တင်မည်။ဒါနပြု ကာ အခါခါတောင်းလည်း ငါကောင်းချင်မှု ခုခံနေသည်။
ငါတစ်လုံး ပါယ်ကာ ကွယ်ကာပေးမှလွန်စွာမနှေး နိဗ္ဗာန်မြင်မည်။
သတ္တဝါခပ်သိမ်းတရားကိန်းအေးငြိမ်းချမ်းသာရှိပါစေ... 🙏🙏🙏🙏🙏
#ဆားတောင်ဆရာတော်ဘုရားကြီး
14/11/2023
#သေပြီးအမျှဝေရင် မရဖို့က- 99%
လောက် သေချာတယ်။
ဒါကြောင့်... အမျှရဘို့ စိတ်မကူးနဲ့။
လူ နတ် ဗြဟ္မာ ငရဲ တိရစ္ဆာန်
အမျှ မရနိင်ဘူး။
ပြိတ္တာထဲမှာတောင် သူတစ်ပါးကုသိုလ်
အဖို့ဘာဂကို မှီခိုတဲ့ ပြိတ္တာမှ ရတယ်။
ပြိတ္တာဘဝမှာတင် အမျှရပြီး
ချမ်းသာတာနဲ့ ပြိတ္တာဘဝ က
ကျွတ်တာ တစ်ခုခု ရနိုင်တယ်။
ဒီဘဝနဲ့ သံသရာကိုအဆုံးမသတ်
နိုင်သေးရင် မိမိမှာ အဆင့်မြင့်တဲ့
ကံတွေကို ထူထောင်ထားဖို့
လိုပါတယ်။
ဒီ ခြေလက်တွေဟာ ...
ကောင်းမှုကုသိုလ်ကံတွေလုပ်ဖို့၊
ဒီပါးစပ်က ...
ကောင်းမှုကုသိုလ်တွေနဲ့
စပ်တာတွေပြောဖို့။
ဒီစိတ် က..
ကောင်းမှု ကုသိုလ်ကံတွေဖြစ်အောင်
ပြုစုပျိုးထောင်ဖို့ ဒီလိုပဲဖြစ်သင့်တယ်။
ဖြစ်ရမယ်။
ရဟန်းလို့အမည်ခံရင်
ရဟန်းတရားရှိရမယ်။
မရှိရင် ရာဇဂြိုဟ်ပြည်ကောင်းကင်
ထက်က ပြိတ္တာ တွေလို ဖြစ်မယ်။
သူတော်ကောင်းမှန်ရင် မိမိစိတ်ဆင်းရဲမယ့် ၊
သူတစ်ပါး စိတ်ဆင်းရဲမယ့် ၊
မိမိသူတစ်ပါး
စိတ်ဆင်းရဲမယ့် ကိစ္စမျိုး စကားမျိုး
မပြောသင့်ပါဘူး။
မလုပ်သင့်ဘူး။
မတွေးသင့်ဘူး။
ကံတွေဆိုတာ အရိယာမဂ်နဲ့မှ
ပယ်ဖျက်လို့ရတာပါ။
နိဗ္ဗာန်မရမချင်း အထိ
လိုက်အကျိုးပေးကြလိမ့်မယ်။
ဒါကြောင့်...
ကံတွေကို စင်စင်ကြယ်ကြယ်
ထူထောင်ထားဖို့ လိုပါတယ်။
#ဖားအောက်တောရဆရာတော်(ဘဒ္ဒန္တအာစိဏ္ဏ)
#မူရင်းရေးသားသူနှင့်
#ကုသိုလ်ပြုပူဇော်ပါသည်
11/11/2023
သံဝေဂဉာဏ် ဖြစ်စေဖို့ ရည်ရွယ်၍
စာရေးသူ ငယ်စဉ် အဘိဓမ္မာသင်စဉ်ကထဲက အလွန်သံဝေဂ ကြီးစွာရခဲ့တဲ့ အချက်တစ်ခုထဲမှာပါတယ်၊ ယ္ခုပြနှိုင်တာ စကြ်ာဝဠာတစ်ခု တည်နေ ပုံသာဖြစ်ပါတယ်၊ စကြ်ာဝဠာ အနန္တရှိတယ်လို့ မြတ်ဗုဒ္ဓ္ဓ ဟောတယ်၊ လူ့ဘုံလည်းအနန္တရှိသလို သတ္တဝါတွေ အနန္တရှိနေတယ်ဆိုတာ ထင်ရှားစေတယ်၊ အဲဒီသတ္တဝါ အနန္တမှာလည်း မတော်ဘူးတဲ့ ဆွေမျိုးဆိုတာ မရှိသလို၊ တစ်ဦး နဲ့အပြန် အလှန် တွေရှိနေကြမယ်ဆိုတာ မလွဲအောင်ပါဘဲ။ ဒီဘဝ ဒီဆွေမျိုးဟိုဘဝမှာ ဟိုဆွေမျိုးပါ၊ ဒီဘဝ ရန်သူဟာ အရင်ဘဝကအရင်းနီးဆုံး မိတ်ဆွေတွေ ဖြစ်ခဲ့မှာပါ၊ လက်ရှိဘဝပေး အခြေအနေ ကိုကြည့်ပြီး လောဘ-ဒေါသတွေ နောက်လိုက်မိလို့ ဘဝ အဆင့်အတန်းတွေ နိမ့်ကျခဲ့ရတာ များလှပါပြီ၊ ကောင်းတဲ့ ပတ်ဝန်းကျင်-အာရုံ တွေကိုမှီမိရင် ကောင်းတဲ့ကံတွေပြုကောင်းကျိုးတွေရလို့ ဘဝတွေအဆင့်အတန်း မြင့်ကြရတယ်၊ မကောင်းတဲ့ပတ်ဝန်းကျင်-အာရုံ တွေကိုမှီမိရင် မကောင်းတဲ့ကံတွေပြု- ဆိုးကျိုးတွေရလို့ ဘဝတွေ အဆင့် အတန်း နိမ့်ကျခဲ့ ကြရတာ မျာခဲ့လှပါပြီ ဓမ္မမိတ်ဆွေတို့ -
ဗုဒ္ဓ္ဓဘာသာဝင်များအတွက် အခြေခံ ဉာဏ်ဖြစ်တဲ့ ကမ္မသကတာ ဉာဏ် ကို ကောင်းကောင်းဖြစ်စေနှိုင်တဲ့ သရုပ်ပြပုံစံ တစ်ခုပါ၊ ဘယ်သူတစ်ဦးတစ်
ယောက်က ဖန်ဆင်းတာမဟုတ်ဘူး၊ မိမိပြုတဲ့ စေတနာကံအလျှောက် ဘဝအကျိုးပေးတွေဖြစ်ရတယ်ဆိုတာ ထင်ရှားစေလို့ ဒိဋ္ဌိအယူမှားတွေကင်း၍ အယူဝါဒ စင်ကြယ်စေတယ်၊ စတဲ့ စတဲ့ သံဝေဂဉာဏ် ဖြစ်ပေါ်စေနှိုင်လို့ တင်ပြပေးလိုက်ပါတယ်၊ ဓမ္မမိတ်ဆွေ အပေါင်း သူတော်ကောင်းတို့ - - - -
အဘိဓမ္မာ အဋ္ဌကထာ ဋီကာ စာညွှန်းများနဲ့ ရှေးဆရာ့ ဆရာများရဲ့ အယူအဆများကို လိုက်နာ၍ မိမိဉာဏ်ရှိအလောက် ဖေါ်ပြထားခြင်းဖြစ်ပါတယ်၊
အမှားရှိနေပါလျှင် မိမိ၏ အသိဉာဏ် ပညာမပြည့်စုံမှု ကြောင့်သာဖြစ်ပါတယ်၊
ဤ ၃၁-ဘုံ သယုတ်ပြ ပုံနဲ့ ပတ်သက်၍ ပြီးပြည့်စုံပြီလို့ မယူဆ ပါဘူး၊ ဒီထက်မှန်ကန်တဲ့ အယူအဆကို အထောက်အထားနဲ့တကွ ပြနှိုင်မဲ့ ဆရာကို မျှော်လင့်လျှက် ယ္ခု ပုံကိုတင်ပြလိုက်ပါသည်၊ အမှားမြင်က ဂရုဏာထား ဖေါ်ထုတ်ဆုံးမ ပေးတော်မူကြပါရန် မေတ္တာရပ်ခံပါတယ်။
ဤ ပုံစံကို လွတ်လပ်စွာ ဖြန့်ဝေနှိုင်ပါသည်၊ အနဲဆုံး-(၂ ပေ× ၃ ပေ ) ဆိုက်Colour ကူးနှိုင်မှ စာလုံးတွေသဲသဲကွဲကွဲမြင်ပါသည်၊
နီးစပ်သူများကိုလက်ဆောင်ပေး နေပါပြီ။
K Saranda. (စာရေးသူ)
#မူရင်းရေးသားသူ
#ကုသိုလ်ပြုပူဇော်ပါသည်
09/11/2023
✅ သင့်ကိုယ်သင် ခေါင်း အေးအေးထားပြီး၊
အောက်ပါ မေးခွန်းများကို မေးနေပါ၊
✅ ငါသည် သေဘေးကို မည်ကဲ့သို့ ရင်ဆိုင်မည်လဲ၊
✅ ငါသေသည့်အခါ မည်သူက မျှဝေခံစားမည်လဲ၊
✅ ငါသေသည့်အခါ ငါ့မှာ ဘာအားကိုး ရှိပြီလဲ၊
✅ ငါ၏သေခြင်းသည်ကောင်းသောသေခြင်းဖြစ်ပြီလား၊
✅ ငါသေသည့်အခါ ငါ၏ စိတ်သည် ဖရိုဖရဲ ပျံ့ကျဲမှု ကင်းပြီလား၊
✅ ငါသေသည့်အခါ မကောင်းသောဘဝသို့ ပို့
မည့် မကောင်းသော နိမိတ်များကို ပိတ်ဆို့ နိုင်
ပြီလား၊
✅ ငါသေသည့်အခါ ငါ၏စိတ်သည်ငြိမ်းချမ်း
ရာတွင် တည်နိုင်ပြီလား၊
✅ ငါသေပြီးလျှင် အပါယ်လေးပါးမှလွတ်နိုင်
မည်ဟု အာမခံချက် ရှိပြီလား၊
🙏 အောင်လံဆရာတော် 🙏
05/05/2022
နေ့စဥ်အသုံးချ ဓမ္မစကြာ
▬▬▬▬▬▬▬▬▬
ပထမပိုင်း - အပိုင်း(၂)
★ ဓမ္မစကြာသုတ်ကို စာစကား ပေစကားအရ ပထမဆုံး တရားဦးဓမ္မစကြာလို့ဆိုပေမဲ့၊ ပိဋကတ်သုံးပုံးစလုံးကို မြတ်စွာဘုရားရဲ့ အဲဒီအဖြေကို ကြည့်ပြီးတော့ ပိဋကတ်သုံးပုံစလုံး မြတ်စွာဘုရား ၄၅ဝါပတ်လုံး ဟောတဲ့တရားတွေအားလုံးကို ဓမ္မစကြာလို့ မဆိုနိုင်ဘူးလား။ ဆိုနိုင်တယ်။
★ “ဓမ္မစက္ကံ ပဝတ္တေတုံ” ဒါကိုပဲ မြတ်စွာဘုရားက ၄၅ဝါပတ်လုံး မိန်တဲ့အခါကျတော့ ဘာမိန့်တာတုန်းဆိုတော့ သူဟောတာ နှစ်မျိုးပဲ ဟောပါတယ်တဲ့၊ အကုန်လုံးပြန်ပြီးတော့ အကျဥ်းချုံးရင် နှစ်မျိုးပဲဟောတယ်။ တခုကတော့ ဘာတုန်း ပြဿနာတဲ့၊ နောက်တခုကတော့ ပြဿနာချုပ်ငြိမ်းမှု။ ပြဿနာနဲ့ ပြဿနာချုပ်ငြိမ်းမှု၊ ပြဿနာကို ပါဠိလို “ဒုက္ခ” လို့ခေါ်တယ်၊ ပြဿနာ ပြေလည်တာကိုကျ “နိရောဓ” လို့ခေါ်တယ်။
★ ဒါကြောင့် ပဋ္ဌာန်းပဲလေ့လာလေ့လာ၊ ပဋိစ္စသမုပ္ပါဒ်ပဲ လေ့လာလေ့လာ၊ မင်္ဂလသုတ်၊ မေတ္တသုတ် အဲဒါတွေပဲရွတ်ရွတ် အဲဒါတွေပဲ လေ့လာလေ့လာ မဟာစည်နည်းနဲ့ပဲထိုင်ထိုင်၊ မိုးကုတ်နည်းနဲ့ပဲ၊ ဖားအောင် သဲအင်းဂူ၊ ဆရာကြီးဦးဘခင်၊ ဆရာကြီးဂိုအင်ကာ၊ ကသစ်ဝိုင်၊ မူလမင်းကွန်း၊ သဘာဝရိပ်သာ ဘယ်လိုနည်းတွေနဲ့ပဲထိုင်ထိုင် အဲဒီတရားထိုင်နည်းအားလုံးဟာ ရည်ရွယ်ချက်က နိရောဓဆိုတာ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ဒုက္ခတွေ၊ စိတ်က သူ့ဟာသူ အလိုလို ဒုက္ခဖန်တီးတဲ့အကျင့်တွေ အဲဒါတွေကို ပျောက်သွားအောင် လုပ်တာ။
★ နှစ်ခုပဲ၊ တစ်ခုကတော့ problem, နောက်တစ်ခုက end of the problem, ဒုက္ခက ပြဿနာ၊ နိရောဓက ပြဿနာဖြေရှင်းပြီးတာ၊ problem and end of the problem. ဗုဒ္ဓက ဒါပဲဟောတယ်။ ဒါဖြင့် မြင်ကွင်းကျယ်အနေနဲ့ကြည့်မယ်ဆိုရင် ဓမ္မစကြာသုတ်က ဘာကိုဟောတာတုန်းဆို ဒါပဲဟောတယ်၊ ဒုက္ခနဲ့ နိရောဓ ဒါပဲဟောတယ်။
★ နောင်ဆက်လာမယ့် ၄၅-ဝါပတ်လုံး အဲဒီတရားတော်တွေအားလုံးကိုလည်း ဝိနည်း သုတ္တံ အဘိဓမ္မာ အားလုံး ဒါပဲ နိရောဓ။ အဲဒီ နိရောဓကို ဝိမုတ္တိ liberation နဲ့ To liberate yourself from negative emotions from the vicious cycle of negative emotions.
★ အဲဒီ negative emotions တွေ ဖြစ်ပြီးရင်းဖြစ်၊ ဖြစ်ပြီးရင်းဖြစ် ၂၀၁၇ခုနှစ်တုန်းက ဒီဇင်ဘာ ၃၁ရက်နေ့မှာလေ ၂၀၁၈ ဆိုတဲ့ နှစ်သစ်ကူးကိုမျှော်လင့်ချက်တွေမျိုးစုံ excitement မျိုးစုံတွေနဲ့ကြိုဆိုကြတာလေ အခုကျတော့ ၂၀၁၈ က အတိတ်ဖြစ်သွားပြီ။ နောက်နှစ် ဒီအချိန်ကျရင် ၂၀၁၉ ဖြစ်သွားမယ်၊ အတိတ်ဖြစ်သွားမယ်။
★ အဲဒီနောက်ပိုင်း ၁၂လ ကြာရင် ၂၀၂၀ ရောက်တဲ့အခါကျတော့ ၂၀၁၉ကပဲ အတိတ်ဖြစ်သွားတယ်။ ဒါကြောင့် ဓမ္မစကြာရဲ့အနှစ်သာရဖြစ်တဲ့ ပြဿနာနဲ့ ပြဿနာပြေလည်မှု problem and end of problem ဒီအနှစ်သာရ ၄၅ဝါပတ်လုံး ဒါပဲ the same focus ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိဋကတ်သုံးပုံစလုံးကို ဖီလော်ဆော်ဖီ ရှုထောင့်ကနေပြီးတော့ ကြည့်မယ်ဆိုရင် ဓမ္မစကြာလို့ ခေါ်နိုင်တယ်၊ “ဓမ္မစက္ကံ ပဝတ္တေတုံ”။
★ အဲဒါကိုချဲ့ပြီးတော့ ပြောမယ်ဆိုရင် ဒုက္ခနဲ့ နိရောဓကို ချဲ့တဲ့အခါကျတော့ ဒုက္ခ, problem ဒီပြဿနာဖြစ်ပေါ်လာတာ၊ ဘယ်သူကမှ ဖန်တီးလို့ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ ကောင်းကင်က ဘယ်သူဘယ်ဝါ ဖန်တီးလို့ဖြစ်ပေါ်လာတဲ့ ပြဿနာမဟုတ်ဘူး။
★ ကိုယ့်ရဲ့စိတ်ထဲမှာ ဒုက္ခကို ဖြစ်စေတဲ့အကျင့်တွေရှိတယ်။ ဒီပြဿနာတွေကို ဖြစ်စေတဲ့အကျင့်တွေရှိတယ်။ အဲဒါကို emotional habits, အဲဒီ habits တွေကို သမုဒယလို့ခေါ်တယ်။ အဲဒီတော့ ဒုက္ခကနေပြီးတော့ ဘာထွက်လာတုန်းဆိုတော့ ဒုက္ခကို ကြည့်ရင်းကြည့်ရင်းနဲ့ ဒုက္ခက ဆရာဝန်စကားနဲ့ပြောရင်တော့ symptoms ပဲ၊ မြင်ရတဲ့ ရောဂါလက္ခဏာ။
★ အဲဒီရောဂါလက္ခဏာကို များများ observe လုပ်ရင် ကြည့်ရှုလေ့လာရင် investigate လုပ်ရင် အဲဒီဆရာဝန်ဘာနားလည်တုန်းဆိုတော့ ရောဂါဘာကြောင့်ဖြစ်လာတယ်ဆိုတာ သူနားလည်လာတယ်။ ဒါကြောင့် ဒုက္ခကိုများများကြည့်တဲ့ပုဂ္ဂိုလ် ဒုက္ခရဲ့အကြောင်းရင်းကို သိတယ်။
★ ဒုက္ခနဲ့ ဒုက္ခကနေပြီး ဘာထွက်လာတုန်းဆိုတော့ ဒုက္ခသမုဒယတဲ့။ ဒုက္ခ၊ ပြီးရင် ဒုက္ခသမုဒယ။ ဒီဒုက္ခရယ်၊ ဒုက္ခအကြောင်းရင်းကို မြင်တဲ့အခါမှာ အနာသိတော့ ဆေးရှိတယ်။ ဒါကြောင့် နိရောဓ၊ ဒီပြဿနာတွေ ချုပ်ငြိမ်းနိုင်တယ်ဆိုရင် ဆေးကဖြေရှင်းတဲ့နည်း treatment, solution, how to bring the problem to an end. အဲဒါကိုကျတော့ မဂ္ဂလို့ခေါ်တယ်။
★ အဲဒါ သစ္စာလေးပါးဖြစ်သွားတယ်။ သစ္စာလေးပါးကိုချုံးလိုက်ရင် နှစ်ခုပဲ “ဒုက္ခ” နဲ့ “နိရောဓ” ပဲ၊ အဲဒါကိုပြန်ပြီးတော့ ချဲ့တယ်ဆိုရင် “ဒုက္ခ” ရယ် “သမုဒယ” ရယ် “နိရောဓ” ရယ် “မဂ္ဂ” ရယ်။ နှစ်ခု အကျဥ်း ဆိုလိုက်ပါအုန်း။ နှစ်ခုအကျဥ်းက ဒုက္ခနဲ့နိရောဓ။ အကျယ်ချဲ့တဲ့အခါကျတော့ ဒုက္ခက ဘယ်နှစ်ခုဖြစ်တုန်း။ နှစ်ခုဖြစ်လာတယ်။ ဒုက္ခနဲ့ ဒုက္ခအကြောင်းရင်း၊ ဒုက္ခရဲ့အကြောင်းရင်းက ပါဠိလို ဘယ်လိုခေါ်လဲ။ ဒုက္ခသမုဒယ။ ဒုက္ခရယ် ဒုက္ခသမုဒယရယ်။ ပါဠိစကားလုံးတွေ ယဥ်ပါးသွားအောင်လို့။
★ နိရောဓ ပြဿနာပြေလည်သွားတယ်၊ လုံးဝပြေလည်သွားတယ်၊ နိရောဓဆိုတာက နည်းနည်းပါးပါးပြေလည်တာ မဟုတ်ဘူး၊ အမြစ်ပြတ်သွားတာ။ အဲဒီလိုပြေလည်တယ်ဆိုတော့ ပြေလည်အောင် လုပ်တဲ့နည်းလည်း ရှိတယ်။
★ အပြင်က ကောင်းကင်ပေါ်က ဘယ်သူကမှ လာပြီးတော့ ပြေလည်အောင်လုပ်ပေးတာမဟုတ်ဘူး။ လူသားတွေ ကိုယ့်ဟာကိုယ် ပြေလည်အောင်လုပ်နိုင်တဲ့ စွမ်းအင်ရှိတယ်တဲ့။ လူသားတွေရဲ့ စွမ်းရည်ကို ဗုဒ္ဓမြတ်စွာဘုရားက အပြည့်အဝယုံကြည်တယ်။
★ အဲဒါကြောင့်မို့လို့ ပြဿနာနားလည်အောင်လုပ်တဲ့နေရာမှာလည်းပဲ ဒီစိတ်နဲ့ခန္ဓာကိုယ်နဲ့ mind and body ဒီထဲမှာလိုက်ရှာတာ။ သူချုပ်ငြိမ်းထဲတာလည်း ဒီ mind and body ထဲမှာပဲ လိုက်ရှာတယ်၊ ဒီခန္ဓာကိုယ်နဲ့ ဒီစိတ်နဲ့ အဲဒါကို စာစကားနဲ့ပြောတဲ့အခါကျတော့ ဒီရုပ်နာမ်ထဲမှာလို့ပြောတာ စကားနဲ့ပြောတဲ့အခါကျတော့၊ အင်္ဂလိပ်လိုပြောရင်တော့ in this mind and body ဒါပဲ။
★ အဲဒီတော့ အဲဒီ solutions ကို ပါဠိလို မဂ္ဂလို့ခေါ်တယ်တဲ့။ ဒါကြောင့် နိရောဓ နဲ့ မဂ္ဂ။ လေးခုရှိသွားပြီး ဒါကို သစ္စာလေးပါး၊ နံပါတ်တစ်က “ဒုက္ခ”၊ နံပါတ်နှစ်က “သမုဒယ”၊ နံပါတ်သုံးက “နိရောဓ”၊ နံပါတ်လေးက “မဂ္ဂ”။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၁.၁.၂၀၁၉) ရန်ကုန်မြို့ Gandama Grand Ballroom တွင် ဟောကြားတော် မူခဲ့သော "နေ့စဉ်အသုံးချ ဓမ္မစကြာ * The Wheel of Truth for Daily Life" တရားတော် အပိုင်း(၁) မှ စာစီပူဇော်ပါသည်။
19/04/2022
ဒီမှာကတည်းက ဘုရားနဲ့စလွဲတာပဲ
~~~~~~~~~~~~~~~~~~
ကြောင်းကျိုးဆက်နွယ်မှုကိုပြတဲ့
ပဋ္ဌာန်းကျမ်းတော်ကြီးကို အကြိမ်ကြိမ်ရွတ်ဖတ်ကြတယ်၊ ကောင်းကျိုးတွေရအောင်လို့တဲ့..၊
ဒါပေမယ့် ကောင်းတဲ့အကျိုးတွေရနိုင်ဖို့
ကောင်းတဲ့အကြောင်းတရားတွေဖန်တီးမယ်၊
မကောင်းတဲ့အကျိုးတရားတွေးကင်းအောင်
မကောင်းတဲ့အကြောင်းတရားတွေရှောင်ရှားမယ်ဆိုတဲ့
#အတွေးမျိုး_ခေါင်းထဲရှိမနေကြဘူး၊
ရွတ်ရုံနဲ့ပြီးပြီထင်ကြတယ်။
မဟာသမယသုတ်ဆိုတဲ့
နတ်ချစ်ဂါထာတော်ကြီးကို ရွတ်ကြတယ်၊
နတ်တွေချစ်ပြီး စောင့်ရှောက်အောင်လို့တဲ့၊
ဒါပေမယ့်...နတ်တွေချစ်ဖို့ဆိုရင်
ကိုယ်ကျင့်သီလကောင်းအောင်
#ကြိုးစားဖို့လိုအပ်တယ်ဆိုတဲ့_အတွေးမျိုး
#ခေါင်းထဲရှိမနေကြဘူး၊ရွတ်ရုံနဲ့ပြီးပြီထင်ကြတယ်။
မင်္ဂလသုတ်ကို အားထုတ်ရွတ်ဖတ်ကြတယ်၊
မင်္ဂလာရှိအောင်လို့တဲ့...ဒါပေမယ့်
(၃၈)ဖြာမင်္ဂလာထဲက ပေါင်းသင်းဆက်ဆံရေး
#ဘဝနေထိုင်ရေးစသည့်_ကျင့်ဝတ်တို့ကို_လိုက်နာမှ
#မင်္ဂလာရှိမယ်ဆိုတဲ့အတွေးမျိုး_ခေါင်းထဲရှိမနေကြဘူး၊
ရွတ်ရုံနဲ့ပြီးပြီထင်ကြတယ်။
မေတ္တာသုတ်တွေ နဝင်းကျေအောင်ရွတ်ကြတယ်၊
ဒါပေမယ့်...ဒေါသတွေ အမုန်းတွေနဲ့ မကျေနပ်ချက်
မနာလိုမှုတွေနဲ့ပဲ လည်ပတ်နေတယ်။
#တစ်ယောက်အပေါ်_တစ်ယောက်_မေတ္တာထားရမယ်ဆိုတဲ့အတွေးမျိုး_ခေါင်းထဲရှိမနေကြဘူး၊
ရွတ်ရုံနဲ့ပြီးပြီထင်ကြတယ်။
ဘုရားက အစစအရာရာ
ကိုယ်တိုင်ကြိုးစားအားထုတ်ရအောင်လုပ်ဖို့
“အတ္တာာဟိ အတ္တနော နာထော” လို့ဟောခဲ့တယ်၊
ကိုးကွယ်သူတွေကတော့ #ဘုရားဆီက
#တောင်းဆိုဖို့လောက်သာ_အားသန်လာကြတယ်၊
အဲ့ဒီမှာကတည်းက ဘုရားနဲ့စလွဲတာပဲ။
#ရွတ်နိုင်ဖတ်နိုင်_ပူဇော်နိုင်တာ_အလွန်ကောင်းပါတယ်
ဒါပေမယ့် #ထို့ထက်ပိုကောင်းဖို့ဆိုရင်တော့
#လက်တွေ့_လိုက်နာဖို့လည်း_လိုသေးတယ်။
ကောင်းကျိုးတွေရပါစေလို့ #ဆုတောင်းနေရုံနဲ့မပြီးဘူး။
ကောင်းကျိုးတွေရအောင်
#ကြိုးစားအားထုတ်ဖို့လည်းလိုသေးတယ်။
နတ်မြတ်နတ်ကောင်းတွေစောင့်ရှောက်ဖို့
#ဆုတောင်းနေရုံနဲ့မပြီးဘူး။
ကိုယ်တိုင်ကလည်း
#သူတော်ကောင်းတစ်ယောက်_ဖြစ်နေဖို့လိုအပ်တယ်။
မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ဖို့
#အမြဲဆုတောင်းနေရုံနဲ့မပြီးဘူး။
ကိုယ်တိုင်ကလည်း မင်္ဂလာရှိတဲ့
#အလုပ်တွေလုပ်ဖို့_လိုအပ်သေးတယ်။
#ပူပင်မှုတွေ_ကင်းဝေအောင်_ဆုတောင်းနေရုံနဲ့မရဘူး။
ကိုယ်တိုင်ကလည်း
#မေတ္တာထားနိုင်အောင်_ကြိုးစားဖို့လိုအပ်သေးတယ်။
တကယ်တော့....
#ဘုရားဟောခဲ့တဲ့_တရားမှန်သမျှ_လွဲမှားမှုဆိုတာမရှိဘူး။
#လိုက်လုပ်တဲ့သူတွေကပဲ_လိုအပ်ချက်တွေများနေတာ။
*နိဗ္ဗာန်ဆိုတဲ့*စကားကတော့ ထားလိုက်ပါဦး....။