21/05/2026
မင်္ဂလာပါရှင် မေမေဖေဖေတို့ရေ
ဒီအပတ်မှာတော့ သိပ္ပံဆိုင်ရာ စိတ်ဝင်စားစရာတွေ အများကြီးထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ကြီးက ဘာလို့အပြာရောင် ဖြစ်နေရတာလဲဆိုတဲ့ မေးခွန်းလေးကို အဖြေရှာကြည့်ရအောင်နော်။
ကောင်းကင်ကြီးက အပြာရောင်ဖြစ်နေရတာဟာ Rayleigh Scattering (ရောင်စဉ်ပျံ့နှံ့ခြင်း) လို့ခေါ်တဲ့ ရူပဗေဒဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။
ပိုပြီးနားလည်အောင် တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြပေးမယ်နော်။
🔎🔎🔎
၁။ နေရောင်ခြည်မှာ အရောင်အားလုံးပါဝင်ပါတယ်။
နေရောင်ခြည်ဟာ ကျွန်မတို့မျက်စိနဲ့ ကြည့်ရင် အဖြူရောင် ဒါမှမဟုတ် အဝါဖျော့ဖျော့လို့ ထင်ရပေမဲ့ တကယ်တော့ သူဟာ သက်တံရောင်စဉ် (Visible Spectrum) ထဲက အရောင်အားလုံး ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
နေရောင်ခြည်မှာ ပါဝင်တဲ့ အဓိကအရောင်တွေကတော့ သက်တံမှာပါတဲ့ အစဉ်လိုက်အတိုင်းပဲ ဖြစ်ပါတယ်။
အနီရောင် (Red)၊ လိမ္မော်ရောင် (Orange)၊ အဝါရောင် (Yellow)၊ အစိမ်းရောင် (Green)၊ အပြာရောင် (Blue)၊ မရမ်းရောင် (Indigo)၊ ခရမ်းရောင် (Violet) ဖြစ်ပါတယ်။
အရောင်တစ်ခုချင်းစီမှာ မတူညီတဲ့ လှိုင်းအလျား (Wavelength) တွေ ရှိကြပါတယ်။အနီရောင်က လှိုင်းအလျားအရှည်ဆုံးဖြစ်ပြီး ခရမ်းရောင်က လှိုင်းအလျားအတိုဆုံးဖြစ်ပါတယ်။
🔎🔎🔎
၂။ လေထုထဲမှာ အမှုန်အမွှားလေးတွေ ရှိပါတယ်။
နေရောင်ခြည်ဟာ ကမ္ဘာ့လေထုထဲကို ဖြတ်သန်းတဲ့အခါ လေထုထဲမှာရှိတဲ့ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် မော်လီကျူးလေးတွေနဲ့ ရိုက်မိပါတယ်။
အနီရောင်ကဲ့သို့ လှိုင်းအလျားရှည်တဲ့ အရောင်တွေက လေထုကို အနှောင့်အယှက်မရှိ သာသာယာယာ ဖြတ်သန်းသွားနိုင်ပေမယ့် အပြာရောင်နဲ့ ခရမ်းရောင်ကဲ့သို့ လှိုင်းအလျားတိုတဲ့ အရောင်တွေကတော့ လေထဲက မော်လီကျူးလေးတွေနဲ့ ရိုက်မိတဲ့အခါ အရပ်မျက်နှာအနှံ့ကို လွင့်စင် (Scattered) ထွက်သွားပြီး ကောင်းကင်တစ်ပြင်လုံးကို အပြာရောင်တွေ ပျံ့နှံ့စေပါတယ်။
🔎🔎🔎
၃။ ဒါဆိုဘာလို့ ကောင်းကင်က ခရမ်းရောင် မဟုတ်တာလဲ။
တကယ်တော့ ခရမ်းရောင်က အပြာရောင်ထက်တောင် ပိုပြီး ပျံ့လွင့်နိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့ ကောင်းကင်ကြီးကို အပြာရောင်ပဲ မြင်ရတဲ့ အကြောင်းရင်း (၂) ချက် ရှိပါတယ်။
🔸နေက ထုတ်လွှတ်တဲ့ ရောင်စဉ်ထဲမှာ အပြာရောင်က ခရမ်းရောင်ထက် ပိုများပါတယ်။
🔸ကျွန်မတို့ လူ့မျက်စိရဲ့ မြင်လွှာဟာ ခရမ်းရောင်ထက် အပြာရောင်ကို ပိုပြီး အာရုံခံနိုင်စွမ်း ရှိလို့ပါပဲ။
🙀🙀😯
နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုကတော့
နေဝင်ချိန်မှာတော့ နေရောင်ခြည်ဟာ လေထုကို အဝေးကြီး ဖြတ်သန်းရတဲ့အတွက် အပြာရောင်တွေ အကုန်လုံး လမ်းမှာ ပျောက်ကွယ်သွားပြီး လှိုင်းအလျားရှည်တဲ့ အနီရောင်နဲ့ လိမ္မော်ရောင် တွေကပဲ ကျွန်မတို့မျက်စိထဲကို ရောက်လာတာကြောင့် နေဝင်ချိန်မှာ ကောင်းကင်ကြီးကို
အနီရောင်(သို့) လိမ္မော်ရောင် မြင်ရတာ ဖြစ်ပါတယ်။
👋👋
ဒီအပတ်မှာ ကောင်းကင်ကြီးက ဘာလို့အပြာရောင်ဖြစ်နေသလဲဆိုတာ သိပြီးပြီမို့ နောက်အပတ်တွေမှာလည်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ သိပ္ပံမေးခွန်းလေးတွေကို အဖြေရှာကြည့်မှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။