02/04/2024
အနာဂတ်အတွက် လမ်းဖွင့်ပေးခြင်း
--------------------------------
ကျောင်းသာပြီးတယ် အလုပ်မရဘူးဆိုသည့် ညည်းသံတွေ ကြားရပါသည်။ ကျောင်းစာနှင့် အလုပ်ပညာ ခွဲခြားတတ်ရန် လိုမည်ထင်ပါသည်။ ဘွဲ့နှင့်အလုပ် သပ်သပ်စီဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ် ထွန်းကားလာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရန် လိုလာသည်။ သို့ဖြစ်ရာ အသက်မွေးပညာသင်ကျောင်းတွေ၏ အခန်းကဏ္ဍတွေကိုလည်း အရေးပါလာစေရန် ပျိုးထောင်ပေးနိုင်မှ အလုပ်နှင့် ပညာရေးကို ပေါင်းစပ်ပေးသလို ဖြစ်နိုင်မည်။
ဥရောပနိုင်ငံ အတော်များများတွင် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည့် ပညာရေးလမ်းကြောင်းတစ်ခုကို ဦးတည်လုပ်ဆောင်သည့် ပရိုဂရမ်များကို ဖော်ဆောင်နေကြသည်။
ဂျာမနီနိုင်ငံတွင် လူငယ်များကို အသက် ၁၀ နှစ်သားလောက်ကတည်းက အသက်မွေးဝမ်းကျောင်းပညာများ လက်တွေ့သင်ကြားနိုင်ရေးအတွက် အခွင့်အလမ်းများ ဖွင့်ပေးထားသည်။ ထိုအရွယ်လောက်ကတည်းက ပညာရေးဆိုသည်မှာ ကိုယ်မသင်ကြားနိုင်တော့သည့် အချိန်တွင် လမ်းမဆုံးကြောင်း၊ ပညာရေးသည် ဘဝ တစ်သက်တာလုံး သေသည့်တိုင် လေ့လာသင်ယူနေရမည်ဖြစ်ကြောင်းကို နားလည်သဘောပေါက်စေရန် ပျိုးထောင်ပေးထားသည်။ ပညာရှင်တစ်ယောက်အဖြစ် ဘဝတွင် ရပ်တည်နိုင်ရန် စိတ်ကူးယဉ်နိုင်သလို အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို လမ်းကြောင်းပြောင်းသင်ပြီး လုပ်ငန်းခွင်ကို ဝင်သွားပါကလည်း ပညာရေး လမ်းမဆုံးနိုင်ကြောင်း လူငယ်တွေကိုသင်ကြားပေးထားသည်။ အသက် ၁၆ နှစ်အရွယ်ရောက်သူ တိုင်း ကျောင်းမှသည် အလုပ်သင် သို့မဟုတ် လုပ်ငန်းခွင်ဝင်ကာပညာရှာနိုင်ရေးအစီအစဉ်များကို သူတို့ နိုင်ငံတွင် ဖန်တီးပေးထားသည်။
ထိုအစီအစဉ်မှာ ကျောင်းပြီး၍ အလုပ်မရဘူးဆိုကာ ယောင်ချာချာဖြစ်နေသည့် လူငယ်အရေအတွက်ကို လျှော့ချနိုင်ရန်ဖြစ်သည်။ အချို့သော နိုင်ငံများတွင် လုပ်ငန်းခွင်ဝင်ရန်အတွက် ကောလိပ်ဒီဂရီမလိုဘဲ၊ အမှန်တကယ် တတ်ကျွမ်းကြောင်း သင်တန်းဆင်းလက်မှတ် သို့မဟုတ် လက်တွေ့လုပ်ဆောင်ပြနိုင်မှုများဖြင့် အလုပ်ပေးနေကြသည်ကိုလည်း တွေ့ရသည်။
ဂျာမနီနိုင်ငံ လူငယ်အတော်များများသည် ကျောင်းမပြီးမီကတည်းကပင် လုပ်ငန်းခွင်အတွေ့အကြုံ အစီအစဉ်များသို့ အလုပ်သင်များအဖြစ် ဝင်ရောက်ပြီး လုပ်ကိုင်နေကြသည်။
အသက် ၁၆ နှစ်အရွယ် ရိမ်းသည် ပထမဆုံး ဗိသုကာရုံးတွင် အလုပ်သင်အဖြစ် ဝင်လုပ်သည်။ သို့သော် ထိုလုပ်ငန်းမှာ သူနှင့် အဆင်မပြေကြောင်းသိလာသဖြင့် မူလတန်းကျောင်းလေးတစ်ကျောင်းကိုသွားပြီး အလုပ်သင်အဖြစ် ဝင်လုပ်ပြန်သည်။ ထိုအလုပ်တွင်လည်း သူ့အနေဖြင့် အဆင်မပြေကြောင်းတွေ့လာရသည်။ ကလေးတွေကို ပြုစုပျိုးထောင်ရခြင်းမှာ အလွန်ခက်ခဲကြောင်း သူသိလာသည်။
ထို့ကြောင့် မူလတန်းကလေးတွေကို သင်ကြားပေးရေးစိတ်ကူးကို စွန့်လွှတ်လိုက်ပြီး အရွယ်ကြီးသည့် ကလေးများအား စာသင်ကြားပေးသည့် အစီအစဉ်ကိုပြောင်းသည်။ ထိုသင်ကြားရေးလမ်းကြောင်းမှာ သူနှင့် အဆင်ပြေသဖြင့် ဆက်ပြီးလုပ်ကိုင်ခဲ့သည်။ သူလည်း ကျောင်းပြီးရန် တစ်နှစ်သာလိုတော့သည်။ ကျောင်းပြီး သည်နှင့် ဆရာအလုပ်ကို ဆက်လုပ်နိုင်ရေးအတွင် နောက်ထပ်တစ်နှစ်သင်တန်းတက်ရန် သူ့အတွက် အဆင်သင့်ဖြစ်နေပြီ။
သူတိူ့နိုင်ငံမှ အသက်မွေးကျောင်းပညာသင်ကြားရေးနှင့် ကျောင်းသင်ပညာရေး ချိတ်ဆက်ပုံကို သဘောပေါက် မည်ထင်ပါသည်။ ဘွဲ့ရပြီးသည်နှင့် လုပ်ငန်းခွင်ကို တန်းဝင်ဆိုသည့် အနေအထားမျိုးတွေကို ရှောင်လွှဲနိုင်ရန် သူတို့ ပညာရေးက စီစဉ်ပေးသဖြင့် လူငယ်တိုင်းအတွက် အရည်အသွေးပြည့်မီသော အသက်မွေးပညာရပ် များကို လက်တွေ့သင်ကြားခွင့်ရှိကြသည်။ ထို့ပြင် အလုပ်သင် အစမ်းခန့် ကာလများတွင် ကိုယ်ဝါသနာပါရာ အလုပ်များကိုလည်း ရွေးချယ်ပိုင်ခွင့်ရှိစေရန် ဖန်တီးပေးထားနိုင်ခြင်းကပင် လူတော်လူကောင်းများအဖြစ် ပညာရေးက ကြိုတင်မွေးထုတ်ပေးထားသလို ဖြစ်စေခဲ့သည်။
ဂျာမနီနိုင်ငံတွင် လူငယ်တိုင်း အလုပ်နှင့်ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့် ပရိုဂရမ်ကို လုပ်ခွင်နှင့်မချိတ်ဆက်ဘဲ ဘွဲ့ရသူ မရှိစေရ ဟုခေါ်သည်။ ၉ တန်းအဆင့်လောက်ကတည်းက သူတို့ လုပ်ငန်းခွင်များနှင့် ချိတ်ဆက်နိုင်ကြ သည်။ ၁၀ တန်းရောက်လျှင် လုပ်ငန်းခွင်နှင့် အတော်လေး ကျွမ်းဝင်နေကြပြီ။ လုပ်ငန်းခွင်နှင့် ပညာရေး ချိတ်ဆက်သည့်အချိန်ကာလမှာ အများကြီးမဟုတ်ပေ။ တစ်ပတ်မှ တစ်ရက်လောက်သာဖြစ်သည်။
ရိမ်း၏ဆရာကလည်း
ကျောင်းမှာ အလုပ်အကြောင်း မသင်ပါဘူး။အလုပ်ကို လုပ်ငန်းခွင်မှာပဲ အတွေ့အကြုံယူရင်း သင်ကြရတယ်" ဟုဆိုသည်။ မည်မျှ ကောင်းလိုက်ပါသနည်း။
ဘွဲ့သာရပြီး ဘာမှမတတ်ဘူးဆိုသည်မှာ တစ်ခုခုလွဲနေခြင်းဖြစ်သည်။ ဘွဲ့ရခြင်းနှင့် တတ်ကျွမ်းခြင်းမှာ တစ်ကန့်စီ ဖြစ်သည်။ ကျောင်းတွေက စာရင်းကိုင်ပညာကို အခြေခံလောက်ပဲပေးနိုင်မည်။ လက်တွေ့ ကျကျနန လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဆိုသည်မှာ လုပ်ငန်းခွင်မှာသာဖြစ်နိုင်မည်။
ကျောင်းက ဓာတုဗေဒသဘောတရားတွေ သင်ပေးမည်။ သို့သော် ဘိလပ်မြေနှင့် မဆလာဖျော်နည်းတို့ကို မသင်ပေးနိုင်ပါ။ လက်တွေ့ကျကျ ဆောက်လုပ်ရေးပညာတို့ကို လုပ်ငန်းခွင်အတွင်းမှာသာ အတွေ့အကြုံများ ရနိုင်သည်။ ကျောင်းက အုတ်စီနည်း မသင်ပါ။ ကျောင်းက ကျောင်းမှ ပြဋ္ဌာန်းထားသည့် သင်ရိုးများကိုသာ သင်ပါလိမ့်မည်။ ဆောက်လုပ်ရေးဝါသနာပါသူက လုပ်ငန်းခွင်တွင် တိုက်ရိုက်ဝင်ရောက်ပြီး အတွေ့အကြုံ ယူနိုင်ရန် လမ်းဖွင့်ပေးသော ပညာရေးကသာ အနာဂတ်အတွက် လူငယ်များကို ပိုပြီ အဆင်ပြေနိုင်စေလိမ့်မည်။
လူငယ်များကို ဟိုဟာလုပ်၊ သည်ဟာလုပ်ဆိုကာ အမိန့်ပေးမည့်အစား သူတို့ဝါသနာပါသည့် လမ်းကြောင်းကို ရွေးချယ်ကာ လုပ်ကိုင်စေခြင်းသည် ၂၁ ရာစုပညာရေးဖြစ်ပါသည်။ ကိုယ်ဝါသနာပါသည့်အလုပ်ကို ရွေးချယ် လုပ်ကိုင်နိုင်ခွင့်ကလည်း ဘဝတစ်သက်တာ ပညာရှာနိုင်ရေးကို အားပေးရာရောက်သည်။
(Ref: Germany Aims to Increase Educational Choices for Its Youth)
(Photo Credit: Ecovis)
တင်ညွန့်