21/08/2026
ပထမသင်္ဂါယနာတင်ရာ၌ သုဘသုတ်ပါ/မပါ-ဆိုတဲ့ စာတမ်းနဲ့ ပတ်သက်ပြီး ဝေဖန်သူတစ်ဦးက အစအဆုံး မဖတ်ဖူးသေးဘဲနဲ့ "ဒီစာတမ်းက အိမ်သာသုံး စက္ကူထက်မပိုကြောင်း ဒဲ့ပြောပါတယ်"လို့ ဆိုထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး စိတ်ထဲပေါ်လာတာက မင်းတုန်းမင်းလက်ထက်က ယောမင်းကြီး ဦးဘိုလှိုင်ရဲ့ အကြောင်းပါပဲ။ ယောမင်းကြီးက ပရိယတ္တိစာပေ လောကအတွက် "သဒ္ဒသင်္ဂဟ"ဆိုတဲ့ သဒ္ဒါကျမ်းကြီးကို ရေးခဲ့ပါတယ်။ အဲဒီကျမ်းကြီးကို ဦးဝိဇ္ဇာနန္ဒာဘိဝံသရဲ့ ကျေးဇူးနဲ့ အခုဆို အလွယ်တကူ လေ့လာလို့ ရနေပါပြီ။
ယောမင်းကြီးက "သဒ္ဒသင်္ဂဟ"ကျမ်းကြီးရေးတော့ သဒ္ဒါကျမ်းပြုဆရာကြီးဆိုပြီး နာမည်ပိုကြီးသွားပါတယ်။ တစ်နေ့တော့ ဘုရင်ထံ ခစားဖို့အသွား နန်း တော်အဝင်ဝမှာ တံခါးမှူးက "မင်းကြီးရေးတဲ့ သဒ္ဒသင်္ဂဟကျမ်းကြီး အလွန်ကောင်းပါတယ်"လို့ ချီး ကျူးစကား ဆိုပါတယ်။
အဲဒီအခါ ယောမင်းကြီးက "မင်းက ငါ့ကို ချီးကျူးနေတာတော့ ဟုတ်ပါပြီ၊ စာအုပ်ကိုရော ဖတ်ကြည့်ပြီးပြီလား"လို့ မေးလိုက်တယ်။ စာအုပ်ကိုတော့ မဖတ်ဖူးသေးဘူး၊ သူများပြောလို့ ချီးကျူးစကား ပြောတာပါ-လို့ ဝန်ခံပါတယ်။
အဲဒီအခါ ယောမင်းကြီးက "နောက်ဆို ငါ့ကို မချီးကျူးတော့ပါနဲ့၊ ငါ ရှက်လွန်းလို့ပါ-ဆိုပြီး ငွေတစ်မတ်ပေးထားခဲ့ပါတယ်။
စာတမ်းကို မဖတ်ဖူးပဲနဲ့- ဒီစာတမ်းက အိမ်သာသုံးစက္ကူအဆင့်ဘဲ ရှိတယ်ဆိုတော့ ဝေဖန်တဲ့သူက နယ်နယ်ရရတော့ ဟုတ်မယ်မထင်ပါဘူး။ အဘိညာဉ်တန်ခိုး (သို့မဟုတ်) သဗ္ဗညုတဉာဏ်ကို ရရှိနေတဲ့ပုံပဲ။
သူကတော့ အေမိဈာန်ရဲ့ ဆွေမျိုးတွေမို့ မဖတ်ရသေးဘဲနဲ့ အကုန်သိနေပါပြီ။ ဒါပေမဲ့ သူ့လို အေမိဈာန်နဲ့ ဆွေမျိုးမတော်ကြတဲ့ ပညာလိုလားသူတို့အတွက် စာတမ်းအပြည့်အစုံကို ချပြလိုက်ပါပြီ။ စာတမ်းစာအုပ်ကိုလဲ အလိုရှိသူများ အလှူခံလို့ ရပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်မျိုးကို စောင့်မျှော်လျက်...။
အရှင်စန္ဒိမာ (ပေါက်)
(န.ပ.သ-မန်း) အဆောင်- ၂၀-မှူး
20.8.2026
@ ပထမသင်္ဂါယနာတင်ရာ၌ သုဘသုတ် ပါ /
မပါ @
ဤကမ္ဘာပေါ်၌ ကိုးကွယ်ရာဘာသာအမျိုးမျိုး ပေါ် ထွန်းခဲ့ကြသည်နှင့်အမျှ ထိုဘာသာဆိုင်ရာ အဆုံး အမတရားတို့ကို မှတ်တမ်းတင်ရာ ဘာသာစကားအမျိုးမျိုးရှိကြသည်။
ဟိန္ဒူဘာသာသည် သာသနာဆိုင်ရာ မိန့်ဆိုချက်များကို သက္ကတဘာသာဖြင့် မှတ်တမ်းတင်ထား၏။ ထေရဝါဒဗုဒ္ဓဘာသာသည် ဘုရား ရှင်၏ ဟောကြားချက်မှန်သမျှကို ပါဠိဘာသာဖြင့် မှတ်တမ်းတင်ထား၏။
ပါဠိစာပေသည် သာမုက္ကံသိကဒေသနာတော်အဖြစ် ဘုရားရှင်အသုံးပြုသည့် အချိန်ကစပြီး တစတစ အဆင့်ဆင့်တိုးပွားကျယ်ပြန့်လာခဲ့သည်။ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်၏ သာမုက္ကံသိကဒေသနာတော်အားလုံးကို ရှင်အာနန္ဒာတစ်ပါးတည်းသာ အနက်အဓိပ္ပာယ်နှင့်တကွ အာဂုံဆောင်ထား၏။
အခြားသောမထေရ်တို့သည်ကား အချို့ကား ပိဋ ကတ်တစ်ပုံ၊ အချို့က နိကာယ်တစ်ရပ်စသည်ဖြင့် မိမိတို့ စွမ်းအားရှိသမျှ အနက်အဓိပ္ပာယ်နှင့်တကွ အာဂုံဆောင်ခဲ့ကြသည်။
သုံးလူ့သခင် သဗ္ဗညုဘုရားရှင်သည် ဘီစီ ၅၈၉-မှ ဘီစီ ၅၄၄-အထိ ၄၅-ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာစသည့် တရားတို့ကို ဟောပြတော်မူကာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် သက်တော် ၈၀-အရွယ်ရောက် သောအခါ ဘီစီ ၅၄၃-ခု၊ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။
ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ၃-လခန့်အကြာတွင် ရှင်မဟာကဿပအမှူးပြုသော ရဟန္တာမထေရ် ၅၀၀-တို့သည် ဘုရားရှင်ဟောကြားခဲ့သည့် တရားတော်များကို မပျက်မစီး အရှည်တည်တံ့စိမ့်သောငှါ သင်္ဂါယနာတင်ပွဲကြီး ကျင်းပ၍ ပြန်လည်စုစည်းခဲ့ကြသည်။
ထို့နောက် သင်္ဂါယနာတင်မထေရ်တို့သည် အစုလိုက်ခွဲဝေ၍ တာဝန်ယူပြီးလျှင် တရားတော်များကို နှုတ်တက်အာဂုံ ဆောင်ခဲ့ကြသည်။
ရှင်ဥပါလိနှင့် တပည့်တို့က ဝိနည်းပိဋကတ်ကိုလည်းကောင်း၊ ရှင်အာနန္ဒာနှင့် တပည့်တို့က ဒီဃနိကာယ်ကိုလည်းကောင်း၊ ရှင်သာရိပုတ္တရာ၏ တပည့်တို့က မဇ္ဈိမနိကာယ်ကို လည်းကောင်း၊ ရှင်မဟာကဿပနှင့် တပည့်တို့က သံယုတ္တနိကာယ်ကိုလည်းကောင်း၊ ရှင်အနု ရုဒ္ဓါနှင့် တပည့်တို့က အင်္ဂုတ္တရနိကာယ်ကိုလည်းကောင်း အသီးသီးတာဝန်ခွဲဝေယူခဲ့ကြသည်။
ဘုရားရှင်ကိုယ်တိုင် ဟောတော်မူခဲ့သော တရားတော်များကိုလည်းကောင်း, ဘုရားရှင်သက် တော်ထင်ရှားရှိစဉ်နှင့် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် မှ သာဝကများဟောကြားသည့် တရားတော်များကိုလည်းကောင်း ပါဠိတော်ဟူ၍ ခေါ်ဆိုကြသည်။
ထိုပါဠိတော်တို့ကို သင်္ဂါယနာတင်မထေရ်တို့ သည် ပထမသင်္ဂါယနာ, ဒုတိယသင်္ဂါယနာ, တတိယသင်္ဂါ ယနာတို့၌ နှုတ်တက်အာဂုံရွတ်ဆိုပြီး သင်္ဂါယနာ တင်ခဲ့ကြသည်။ စတုတ္ထသင်္ဂါယနာ၌ ပေထက်အက္ခရာ၊ ပဉ္စမသင်္ဂါယနာ၌ ကျောက်ထက်အက္ခရာ၊ ဆဋ္ဌသင်္ဂါယနာ၌ စက္ကူထက်အက္ခရာတို့ဖြင့် မှတ် တမ်းတင်စုစည်းထားခဲ့ကြသည်။
ဆဋ္ဌသင်္ဂါယနာ၌ မှတ်တမ်းတင်စုစည်းထားရှိခဲ့သော ပါဠိတော်များမှာ ဆဋ္ဌသင်္ဂါယနာမူအရ စာအုပ်ရေ- ၄၀ ရှိသည်။ ထိုတရားတော်တို့သည် ရသအားဖြင့် ၁-မျိုး၊ ဓမ္မဝိနယအားဖြင့် ၂-မျိုး၊ ဝစနအားဖြင့် ၃-မျိုး၊ ပိဋကအားဖြင့် ၃-မျိုး၊ နိကာယ်အားဖြင့် ၅-မျိုး၊ အင်္ဂါအားဖြင့် ၉-မျိုး၊ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀ ၀-ရှိသည်။
ပိဋကတ်တော်၌ ပထမသင်္ဂါယနာတင်ပွဲနောက်မှ ထည့်သွင်းထားသော သမိုင်းဖြစ်ရပ်များ, သုတ္တန်များ, ကျမ်းဂန်များကိုလည်း တွေ့ရှိနိုင်ပါသည်။ ပါဠိတော်၌ နောက်မှထည့်သွင်းထားသော စကားရပ်များရှိသော်လည်း ဘုရားဟောတရားတော်တို့၏ ကေဝလပရိပုဏ္ဏ-ဟူသောဂုဏ်ကို မထိခိုက်ပေ။
ဘုရားရှင်၏ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတရားတော်စသည်တို့၌ နောက်ထပ်တိုးစရာ, ပိုနေသဖြင့် ပယ်နှုတ်စရာများ ပါဝင်ခြင်းမရှိပေ။ သို့သော် လည်း သင်္ဂါယနာတင်မထေရ်တို့သည် ဘုရားရှင်၏ တရားတော်နှင့် လျော်ညီသောဟောကြားချက်များ၊ သင်္ဂါယနာဆိုင်ရာ သမိုင်းအချက်အလက်များကို ပိဋကတ်တော်၌ ထည့်သွင်းထားခဲ့ကြသည်။
ဝိနည်းစူဠဝဂ္ဂပါဠိတော်၌ ဖော်ပြထားသော ပထမသင်္ဂါယနာတင် အကြောင်းကိုပြသည့် ပဉ္စသတိကက္ခန္ဓကနှင့် ဒုတိယသင်္ဂါယနာတင်အကြောင်းကိုပြသည့် သတ္တသတိကက္ခန္ဓကတို့ သည် ပထမသင်္ဂါညယနာတင်စဉ်က မပါဝင်ခဲ့ပေ။ ဒုတိယသင်္ဂါယနာ, တတိယသင်္ဂါယနာတင် သောအခါ၌ သင်္ဂါယနာ တင်မထေရ်တို့က ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။
သင်္ဂါယနာတင်မထေရ်တို့သည် ထိုထိုသာဝကတို့ ဟောကြားသောသုတ်များကိုလည်း ဘုရား ရှင်ပေးတော်မူအပ်သောနည်း၌ တည်လျက် ဟောအပ်သည်ဖြစ်၍ ဘုရားစကားပင်ဖြစ် သောကြောင့် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက်၌ ပါဠိတော်၌ ထည့်သွင်း၍ သင်္ဂါယနာတင်ခဲ့ကြ သည်။
မဇ္ဈိမပဏ္ဏာသလာ မဓုရသုတ်, ဃောဋမုခသုတ်တို့သည် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ ဟောကြားခဲ့သော သုတ်တော်များဖြစ်သည်။ ထို့အတူ သုဘသုတ်, ဂေါပက မောဂ္ဂလာနသုတ်တို့သည်လည်း ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ ဟောကြားခဲ့သော သုတ်တော်များပင်ဖြစ်သည်။
သို့သော် သုဘသုတ်, ဂေါပကမောဂ္ဂလာနသုတ်တို့၌ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး မကြာမြင့်မီ ဟောကြားခဲ့ကြောင်း “အစိရပရိနိဗ္ဗုတေ ဘဂဝတိ” ပုဒ်ဖြင့် ဖော်ပြထား၏။ မဓုရသုတ်, ဃောဋမုခသုတ်တို့၌ “အစိရပရိနိဗ္ဗုတေ ဘဂဝတိ” ပုဒ် မပါရှိပေ။
သုဘသုတ်, ဂေါပကမောဂ္ဂလာနသုတ်တို့ကဲ့သို့ “အစိရပရိနိဗ္ဗုတေ ဘဂဝတိ”ပုဒ် မပါရှိသည်ကို ထောက်ဆ၍ ပထမသင်္ဂါယနာတင်ပြီးနောက် ဘုရားရှင်၏ ပရိနိဗ္ဗန်စံတော်မူပြီး အတော်ကြာမှ ဟောကြားသောသုတ်များ ဖြစ်နိုင်ရကား ယင်းသုတ်များသည်လည်း ပထမသင်္ဂါယနာ စာရင်းဝင် ပါဠိတော်များ မဖြစ်နိုင်ပေ။
ဥပရိပဏ္ဏာသပါဠိ၊ ဗာကုလသုတ်နှင့် အဋ္ဌကထာတို့၏ ပြဆိုချက်အရ ရှင်ဗာကုလမထေရ်သည် လူ့ဘဝသက်တော် (၈၀)၊ ရဟန်းဘဝသက်တော် (၈၀)အားဖြင့် အသက် (၁၆၀) ရှည်တော်မူသည်။
ဓမ္မစကြာတရားဟောတော်မူပြီးနောက် ကောသမ္ဗီပြည်သို့ ဒေသစာရီကြွချီ တော်မူလာသော ဘုရားရှင်၏ တရားတော်ကို နာယူရသော ကြောင့် အသက် (၈၀)ပြည့်သော နှစ်၌ ရဟန်းဖြစ်တော်မူသည်။ ရဟန်းပြုပြီး (၈)ရက်မြောက်နေ့၌ ရဟန္တာဖြစ်တော်မူသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောနှစ်၌ ရှင်ဗာကုလသည် ဝါတော်(၄၅)ဝါမျှသာ ရှိသေးသည်။
ရှင်ဗာကုလ၏ ဝါတော်(၈၀)အရ လူ့ဘဝက မိတ် ဆွေဟောင်းအစေလကဿပကို အကြောင်းပြု၍ ဗာကုလသုတ်ကို ဟောကြားတော်မူသည်။ ယင်းသုတ်ကို ဟောကြားပြီးနောက် ရှင်ဗာကုလသည် ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ ဗာကုလသုတ်ဟောချိန်၌ ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူခဲ့သည်မှာ (၃၅)နှစ်ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး (၃)လ အလွန် ဝါခေါင်လပြည့်ကျော် (၅)ရက်နေ့၌ စတင်ပြီး (၇) လကြာကျင်းပခဲ့သော ပထမသင်္ဂါ ယနာတွင် မပါဝင်သည်မှာ ထင်ရှားလှပေသည်။
ဥတ္တရမာတုပေတိဝတ္ထုသည် ဒုတိယသင်္ဂါယနာတွင် ပါဝင်သော ပါဠိတော်ဖြစ်ကြောင်းကို “ဣဒံ ပန ပေတဝတ္ထု ဒုတိယသင်္ဂီတိယံ သင်္ဂဟံ အာရုဠှန္တိ ဒဋ္ဌဗ္ဗံ” ဟူ၍ ပြဆိုထားသည်။
နန္ဒကပေတဝတ္ထုသည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ် (၂၀၀)ကျော် တတိယ သင်္ဂါယနာမတင်မီ ဖြစ်ပျက်ခဲ့သောအကြောင်း အရာများကို ပြဆိုထားသောဝတ္ထုဖြစ်သည်။ ထို့ကြောင့် “ထေရာ တတိယသင်္ဂီတိယံ အာရောပေသုံ”ဟူ၍ တတိယသင်္ဂါယနာတင် ပါဠိ တော်ဖြစ်ကြောင်း ပြဆိုထား သည်။
ဧကဝိဟာရိယဂါထာများသည် အသောကမင်းညီတော် တိဿမင်းသားအကြောင်း ပြဆိုထားသောဂါထာများဖြစ်၍ တတိယသင်္ဂါယနာ (သို့မဟုတ်) တတိယသင်္ဂါယနာနောက်မှ ပါဠိတော်စာရင်းဝင် ဂါထာများဖြစ်နိုင်ပေသည်။
အဘိဓမ္မာ ကထာဝတ္ထုကျမ်းသည် ပထမသင်္ဂါယနာစာရင်းတွင် ပြဆိုထားသော်လည်း ပထမသင်္ဂါယနာ တင်စဉ်က မာတိကာမျှသာ ရှိခဲ့သည်။ အသောကမင်းလက်ထက် တတိယသင်္ဂါယနာတင်ခါ နီးအချိန်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟော ကြားခဲ့သောကျမ်းဖြစ်၍ တတိယသင်္ဂါယနာတင်ကျမ်းစာဖြစ်ကြောင်း ပြဆိုထားပေသည်။
ခေတ်သစ်သုတေသီတို့က “နေတ္တိပါဠိ၊ ပေဋကောပဒေသပါဠိတို့ကား တရားအကျဉ်းကို အကျယ်ချဲ့၍ ဟောကြားရာတွင် ဧတဒဂ်ရသော ရှင်မဟာကစ္စည်းမထေရ် ဟောကြားခဲ့ ခြင်း မဖြစ်နိုင်။ နာမည်တူ နောက်နှောင်းပုဂ္ဂိုလ်ကျော်တစ်ပါးဖြစ်မည်ဟု ခန့်မှန်းကြသည်။
ကျမ်းပေါ်ထွက်ရာအချိန်ကို ဘီစီ ၅-ရာစုမှ ၃-ရာစုခန့် ပထမသင်္ဂါယနာတင်ချိန်နှင့် တတိယ သင်္ဂါ
ယနာတင်ချိန်အတွင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။ ထို့ကြောင့် နေတ္တိပါဠိ၊ ပေဋကောပ ဒေသပါဠိတို့ကိုလည်း ပထမသင်္ဂါယနာတင်ပွဲ၌ ပါဝင်ခြင်းမရှိ”ဟု ဆိုကြပါသည်။
တိပိဋက ပါဠိမြန်မာအဘိဓာန်၌လည်း “ရှင်မဟာကစ္စည်းမထေရ်၏ အတ္ထုပ္ပတ္တိကို ပြဆိုသော အင်္ဂုတ္တရအဋ္ဌကထာ၌ ပြဆိုသင့်ပါလျက် မပြဆိုခဲ့ခြင်း၊ ရှင်မဟာဗုဒ္ဓဃောသထုတ်ပြသော ပထမသင်္ဂါယနာတင်ကျမ်းတို့၌ ပါဝင်သင့်ပါလျက် မပါဝင်ခဲ့ခြင်း၊ အဋ္ဌသာလိနီအဋ္ဌကထာ နိဒါန်းပိုင်း၌ ကထာဝတ္ထုကျမ်းကို သာဝကဘာသိတဖြစ်သော်လည်း ...
ဘုရားဟောနှင့် တူညီစွာ အလေးဂရု ပြုသင့်သည်ကို ပြဆိုရာ၌ နေတ္တိကျမ်းကို ဥဒါဟရုဏ် မထုတ်ဘဲ မဓုပိဏ္ဍိကသုတ်ကို ထုတ်ပြထားခြင်းတို့ကြောင့် နေတ္တိကျမ်းကို ရှင်မဟာကစ္စည်းမထေရ် ဟောကြားသဖြင့် မြတ်ဗုဒ္ဓက အနု မောဒနာပြုခဲ့သည်ဟူသောအချက်၊ ပထမသင်္ဂါ ယနာ၌ နေတ္တိကျမ်းပါ ဝင်ခဲ့သည်ဟူသောအချက်တို့ကို ရှင်မဟာဗုဒ္ဓဃောသမထေရ် ယူဆဟန်မရှိပေ”ဟု သုံးသပ်ပြထား၏။
မည်သို့ပင်ဖြစ်စေ ထိုကျမ်းတို့သည် ရှင်မဟာဗုဒ္ဓဃောသခေတ်ထက် ရှေးဦးစွာ ပေါ်ပေါက်ခဲ့သည် ကား ထင်ရှားလှပေသည်။ အကြောင်းကား ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ဝေရဉ္ဇကဏ္ဍဝယ် သာတ္ထံ, သဗျဉ္ဇနံ-ပုဒ်တို့ကို ဖွင့်ဆိုရာ၌ နေတ္တိကျမ်းလာ အတ္ထပဒ ၆-ပါး၊ ဗျဉ္ဇန ပဒ ၆-ပါးတို့ကို ထုတ်ပြထား၏။
ထို့ပြင် မူလပဏ္ဏာသအဋ္ဌကထာ၊ မူလပရိယာယသုတ် အဖွင့်၌ နေတ္တိကျမ်းလာ ဂါထာနှင့်တကွ လက္ခဏာဟာရကို ယူ၍ ဖွင့်ပြထားသည်ကို တွေ့ရပါ သည်။ အဋ္ဌသာလိနီအဋ္ဌကထာစသည်တို့၌လည်း ဈာန်ခန်းအဖွင့်တွင် “ပေဋကေ”ဟု အကိုး ပြထား၏။ ဋီကာတို့၌ “မဟာကစ္စာယနတ္ထေ ရေန ဒေသိတာ ပိဋကာနံ သံဝဏ္ဏနာ ပေဋကံ၊ တသ္မိံ ပေဋကေ”ဟု ဖွင့်ဆိုထား၏။
ထို့ကြောင့် ပေဋကေ-အရ ပေဋကောပဒေသ-ကျမ်းကို ယူရမည်ဖြစ်ကြောင်း သိနိုင်ပါသည်။ သို့ဖြစ်၍ နေတ္တိကျမ်း၊ ပေဋကောပဒေသကျမ်းတို့သည် ရှင်မဟာဗုဒ္ဓဃောသမတိုင်မီက ရှိခဲ့သောကျမ်းများဖြစ် ကြောင်း သိနိုင်ပါသည်။
နေတ္တိအဋ္ဌကထာ၌ကား “နေတ္တိကျမ်းကို ရှင်မဟာကစ္စည်းမထေရ် ဟောကြားသဖြင့် ဘုရားရှင်အနုမော ဒနာပြုတော်မူသည်ဟူသော အချက်ကို အဘယ်သို့ သိနိုင်သနည်း။ ပါဠိအားဖြင့်ပင် သိနိုင်သည်။ ပါဠိတော်ထက်သာ၍ ပမာဏမြောက်သော အခြားကျမ်းမည်သည် မရှိ။
မဟာပဒေသ ၄-ပါးတို့နှင့် မဆန့်ကျင်သော အကြင်ပါဠိသည်ရှိ၏။ ထိုပါဠိသည် ပမာဏ မြောက်၏။ ဆရာအစဉ်အဆက်တို့သည် ပေဋကောပဒေသကဲ့သို့ နေတ္တိကျမ်းကို ဆောင်ခဲ့ကြ သည်။ နေတ္တိကျမ်း၌ နိဒါန်းပါဝင်သင့်သည် မဟုတ်ပါလော။ နိဒါန်းဟောခြင်း၊ မဟောခြင်း သည် အဓိကမဟုတ်ပေ။
အကြောင်းကား သာဝကဘာသိတဖြစ်သော ပဋိသမ္ဘိဒါမဂ်၊ နိဒ္ဒေသစသည်တို့၌လည်းကောင်း၊ ဗုဒ္ဓဘာသိတဖြစ်သော ဓမ္မပဒ၊ ဗုဒ္ဓဝံသစသည်တို့၌လည်း ကောင်း နိဒါန်းကို ဟောကြားထားခြင်းမရှိပေ။ နေတ္တိကျမ်းသည် နိဒါန်းမပါသဖြင့် ပမာဏမမြောက်ဟု ဆို၍မရပေ။ နေတ္တိကျမ်းသည် ပါဠိတော်၏ အနက်ကို ဖွင့်ပြရာကျမ်းဖြစ်သောကြောင့် နိဒါန်းကို သီး ခြားဆိုဖွယ်မလိုတော့ပေ”ဟု ရှင်းပြထားပါသည်။
ထို့ပြင် နေတ္တိကျမ်းနိဂုံး၌ “ဧတ္တာဝတာ သမတ္တာ နေတ္တိ ယာ အာယသ္မတာ မဟာကစ္စာ ယနေန ဘာသိတာ ဘဂဝတာ အနုမောဒိတာ မူလသင်္ဂီတိယံ သင်္ဂီတာတိ”ဟု ဖော်ပြထား၏။
ပေဋကောပဒေသကျမ်း၏ နိဂုံး၌လည်း “ပေဋကောပဒေသေ မဟာကစ္စာယနေန ဘာသိတေ” ဟူ၍ ဖော်ပြထား၏။ ထိုစကားရပ်ကို ထောက်ဆပါက နေတ္တိပါဠိတော်၊ ပေဋကောပဒေသပါဠိတော်တို့သည် ပထမသင်္ဂါယနာတင်စဉ်က ပါဝင်ခဲ့သည်ဟု မှတ်ယူရမည်ဖြစ်သည်။
မိလိန္ဒပဉှာကျမ်းသည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး အနှစ်- ၅၀၀၊ ဘီစီ- ၁၀၁-ခန့်က ထိုခေတ်အခေါ်အဝေါ်အားဖြင့် ယောနကတိုင်း သာဂလနေပြည် တော်၌ မင်းပြုသော မိလိန္ဒမည်သော ပညာရှိဘုရင်တစ်ပါးသည် သိလိုသောအချက်များကို ရှင်နာဂသေလမထေရ်အား မေးလျှောက်သည်။
ရှင်နာဂသေနမထေရ်ကလည်း မိလိန္ဒမင်းမေးသမျှ ပြဿနာတိုင်းကို မဆိုင်းမဆွ ဥပမာ, ယုတ္တိသာဓက အဖုံဖုံတို့ဖြင့် မေးသူကျေနပ်လက်ခံလောက်အောင် ရှင်းလင်းဖြေဆိုပေးသည်။ ထိုအမေး+အဖြေတို့ကို စုစည်းထားသောကျမ်းစာသည် နောင်တစ်ချိန် ၌ မိလိန္ဒပဉှာအမည်ဖြင့် ဘုရားဟောပါဠိတော်စာရင်း၌ ထည့်သွင်းမှတ်တမ်းတင်ခြင်းခံရသည်။
ထို့ကြောင့် ထိုကျမ်းစာသည် သာသနာနှစ် (၄၅၀) တွင် ပေထက်အက္ခရာတင်ခဲ့သည့် စတုတ္ထသင်္ဂါ
ယနာနောက်မှ ပေါ်ပေါက်ခဲ့သောကျမ်းစာဖြစ်၍ ပထမသင်္ဂါယနာဝင်ပါဠိတော် မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။
သုတေသီအချို့က ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂပါဠိတော်လာ သုဘသုတ်ကိုပင် ပထမသင်္ဂါယနာတင်သုတ် မဟုတ်ကြောင်းဆိုကြ၏။
အကြောင်းကား- သုဘသုတ်နိဒါန်းအစ၌ “ဧဝံ မေ သုတံ- ဧကံ သမယံ အာယသ္မာ အာနန္ဒော သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထ ပိဏ္ဍိကဿ အာရာမေ အစိရပရိနိဗ္ဗုတေ ဘဂဝတိ- “တပည့်တော်သည် သုဘသုတ်တော်ကို ဤသို့ ကြားနာမှတ်သားခဲ့ရသည်။ အခါတစ်ပါး၌ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး၍ မကြာ မြင့်မီ ရှင်အာနန္ဒာမထေရ်သည် အနာထပိဏ်သူဌေး၏အာရာမ် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူ၏”အစချီသော နိဒါန်းစကားပါရှိခဲ့၏။
ထိုသုဘသုတ်သည် ရှင်အာနန္ဒာကိုယ်တိုင်ဟော ကြားသော သုတ်တော်ဖြစ်၍ ယင်းသုတ်၏ နိဒါန်းအစ၌ ဝိဿဇ္ဇကမထေရ် ရှင်အာနန္ဒာက ပုစ္ဆကမထေရ် ရှင်မဟာကဿပအား ယင်းကဲ့သို့ လျှောက် ထားခြင်းသည် မဖြစ်နိုင်ပေ။
ရှင်အာနန္ဒာလျှောက်ထားသော နိဒါန်းစကားဖြစ်ခဲ့လျှင် ဧကမိဒါဟံ ဘန္တေ သမယံ သာဝတ္ထိယံ ဝိဟရာမိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ- အခါ တစ်ပါး၌ တပည့်တော် အာနန္ဒာသည် အနာထပိဏ်သူဌေး၏အာရာမ် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်ပါ၏”ဟူ၍သာ လျှောက်ထားသင့်ပေသည်။
သို့သော်လည်း ထိုကဲ့သို့ လျှောက်ထားခြင်းမရှိသဖြင့် ထိုသုဘသုတ်သည် ဒုတိယ, တတိယသင်္ဂါယနာတင်ချိန်၌ ဒီဃနိကာယ်ထဲသို့ ဝင်ရောက်လာခြင်းဖြစ်၏။ ထို့ကြောင့် သုဘသုတ်သည် ပထမသင်္ဂါယနာတင်ရာ၌ ပါဝင်ခြင်း မရှိ”ဟု ဆိုကြပါသည်။
ပထမသင်္ဂါယနာ၌ ရှင်အာနန္ဒာသည် ဒီဃနိကာယ်လာ သုတ်တော်တို့ကို လျှောက်တင်ရာ၌ “ဧဝံ မေ သုတံ”ဟု နိဒါန်းပြု အစချီထားပါသည်။ သုဘသုတ်တစ်သုတ်တည်းသာ “ဧဝံ မေ သုတံ”နိဒါန်းစကားဖြင့် မလျှောက်ထားပဲ “ဧကမိဒါဟံ ဘန္တေ သမယံ” စသည်ဖြင့် လျှောက်ထားခဲ့သော် အခြားသုတ်များနှင့် နိဒါန်းစကား ကွဲပြားနေပေမည်။
ထို့ကြောင့် သုဘသုတ်တော်ကို ဒီဃနိကာယ်လာ အခြားသုတ်များနည်းတူ လျှောက်ထားလိုသော ကြောင့်သာ ရှင်အာနန္ဒာကိုယ်တိုင် ဟောကြားခဲ့သော သုတ်တော်ဖြစ်ပါသော်လည်း ပထမသင်္ဂါ
ယနာတင်ရာ၌ “ဧဝံ မေ သုတံ”အစချီသော နိဒါန်းစကားဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပေသည်။
အခြားအကြောင်းတစ်ရပ်မှာ သုဘသုတ်တော်ကို ရှင်အာနန္ဒာမထေရ်ကိုယ်တိုင် ဟောကြားခဲ့ပါသော် လည်း သုဘသုတ်လာ တရားတော်များသည် သာမ ညဖလသုတ်စသော သုတ်တော်များ၌ ဘုရားရှင်ဟောကြားခဲ့သော တရားတော်များပင်ဖြစ်သည်။
ဘုရားရှင်ဟောကြားတော်မူခဲ့သော တရားတော်များကိုပင် ပြန်လည်ဟောပြခဲ့ခြင်းဖြစ်၍ မိမိဟောကြား သည်ဟု မသတ်မှတ်လို၍ “ဧဝံ မေ သုတံ”ဟု ရှင်အာနန္ဒာသည် ရှင်မဟာကဿပအား လျှောက်ထားခဲ့ခြင်း ဖြစ်ပေသည်။
သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၌ “အစိရပရိနိဗ္ဗုတေ ဘဂဝတီတိ အစိရံ ပရိနိဗ္ဗုတေ ဘဂဝ တိ, ပရိနိဗ္ဗာနတော ဥဒ္ဓံ မာသမတ္တေ ကာလေ- မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးလတ်သော်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာအခါမှ အထက်ဖြစ်သော တစ်လမျှအတိုင်းအရှည်ရှိသောအခါ”ဟု ဖွင့်ပြထား၏။
ဋီကာ၌လည်း “မတ္တဂဟဏေန ကာလဿ အသမ္ပုဏ္ဏတံ ဇောတေတိ- မာသမတ္တဟူသောပုဒ်၌ပါသော မတ္တသဒ္ဒါဖြင့်(ဆိုခဲ့သော)ကာလ၏ မပြည့်သည် ၏အဖြစ် (ပြည့်လုနီးပါး)ကိုပြဆို၏”ဟူ၍ ဖွင့်ပြထားပြန်သည်။
ထို့ကြောင့် မာသမတ္တေ- တစ်လမျှဆိုသည်မှာ တစ်လနီးပါးမျှကိုဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ရှင်အာနန္ဒာသည် သုဘသုတ် ကို ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး တစ်လမျှအကြာတွင် ဟောကြားတော်မူခြင်းဖြစ်ရကား မဟာသက္ကရာဇ် ၁၄၈-ခုနှစ် နယုန်လပြည့်မတိုင်ခင်ပင်ဖြစ်သည်၊ ထို့ကြောင့် ရှင်အာနန္ဒာသည် သုဘ သုတ်ကို မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ နယုန်လပြည့်အတွင်း၌ ဟောကြားတော်မူခြင်းဖြစ်သည်။
ဘုရားရှင်သည် ကုသိနာရုံပြည်၊ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာဓု ကီဠနသဘင် ဆင်ယင်ကျင်းပသည်မှာ ၇-ရက် ကြာမြင့်ခဲ့၏။
ထို့နောက် အလောင်းတော်ကို မီးသင်္ဂြိုဟ်ခြင်း ၇-ရက်၊ ဓာတ်တော်ပူဇော်ခြင်း ၇-ရက် စုစုပေါင်း ၂၁-ရက်ကြာ နယုန်လဆန်း ၅-ရက်နေ့၌ မဂဓတိုင်းရှင် အဇာတသတ်မင်း၊ ဝေသာလီပြည် လိစ္ဆဝီမင်း၊ ကပိလဝတ်ပြည် သာကီဝင်မင်း၊ အလ္လကပ္ပပြည် ဗုလိမင်း၊ ရာမရွာ ကောလိယမင်း၊ ဝေဋ္ဌဒီပတိုင်း ပုဏ္ဏားများ၊ ပါဝါပြည် မလ္လမင်း၊ ကုသိနာရုံပြည် မလ္လမင်း ၈-ဦးသော မင်း, ပုဏ္ဏားတို့အား ဒေါဏပုဏ္ဏား သည် ဓာတ်တော်များကို ၈-ပုံ ပုံ၍ အညီအမျှ ခွဲဝေပေးခဲ့၏။
ရှင်မဟာကဿပသည် ဓာတ်တော်များကို ခွဲဝေပေးသောနေ့၌ ကြွရောက်လာကြ သော သံဃာတော် ၇-သိန်းတို့အား ဘုရားဟောတရားတော်(ဗုဒ္ဓဘာသိတ)၊ သာဝကဟော တရားတော် (သာဝကဘာသိတ)များကို သင်္ဂါယနာတင် စုစည်းထားရှိကြရန် မိန့်ကြားတော်မူ ခဲ့၏။
ထို့နောက် သံဃာတော်များသည် မိမိတို့ သက်ဆိုင် ရာ အရပ်ဒေသအမျိုးမျိုးသို့ ကြွရောက်ခဲ့ကြ၏။ အရှင်အာနန္ဒာမထေရ်သည် နယုန်လဆန်း ၅-ရက်နေ့၌ပင် သာဝတ္ထိပြည်သို့ ကြွသွားတော်မူခဲ့၏။ သာဝတ္ထိပြည်သို့ ရောက်ရှိပြီး ၃-မြောက်နေ့၌ သုဘလုလင်လျှောက်ထား ချက်အရ သုဘသုတ်ကို ဟောကြားခဲ့၏။ သုဘသုတ်တော်ကို ဟောတော်မူချိန်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့သည်မှာ ၁-လပင် မပြည့်သေးပေ။
ဝါဆိုခါနီးအချိန်တွင် သင်္ဂါယနာတင်မထေရ်တို့ သည် သင်္ဂါယနာတင်ရန်အတွက် ရာဇဂြိုဟ်ပြည်၌ စုစည်းမိကြ၏။ ဝါဆိုလပြည့်နေ့၌ ဥပုသ်ပြုတော်မူကြ၏။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့၌ ဝါဆိုဝါကပ်တော်မူကြ၏။ ဝါဆိုဝါကပ်ပြီးနောက် ရာဇဂြိုဟ်ပြည် ပတ်ဝန်းကျင်ရှိ ကျောင်းကြီး ၁၈-ကျောင်းကို ပြုပြင်ခဲ့သည်မှာ ၁-လကျော်ခန့် ကြာမြင့်ခဲ့၏။
ကျောင်းများကို ပြုပြင်ပြီး ဝါခေါင်လပြည့်ကျော် ၅-ရက်နေ့မှ စတင်ကာ သင်္ဂါယနာတင်တော်မူခဲ့ကြ၏။ ပထမ သင်္ဂါယနာစတင် သင်္ဂါယနာတင်ချိန်တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့သည်မှာ ၃-လကျော် ခန့်ကြာမြင့်ခဲ့ပေပြီ။
သုဘသုတ်တော် ဟောရာကာလသည် နယုန်လပြည့်မတိုင်မီဖြစ်သည်။ ထို့ကြောင့် ပထမသင်္ဂါယနာတင်ရာ ကာလထက် ၂-လကျော်ခန့်စောစွာ ဟောကြားခဲ့သော သုဘသုတ်တော် သည် ပထမသင်္ဂါယနာတင်ရာ၌ ပါဝင်ခဲ့သည်ကား ခိုင်လုံသောအကြောင်း တစ် ရပ်ဖြစ်ပေသည်။
သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ ပဌမမဟာသင်္ဂီတိကထာ၌ ပဌမသင်္ဂါယနာတွင် ပါဝင်သော ပါဠိတော်၊ မပါဝင်သောပါဠိတော်များကို စုပေါင်းပြဆိုရာ၌သာ ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ် နိကာယ် ၄-ရပ်ရှိ သုတ္တန္တပိဋကပါဠိတော်များကို သုတ်အရေ အတွက်များဖြင့် ဖော်ပြထား၍ ပဌမသင်္ဂါ ယနာတင်ပါဠိတော်စာရင်းကို ပြဆိုရာ၌ ဒီဃနိကာယ်မှတစ်ပါး အခြားနိကာယ်များ၌ ဘာဏဝါရသာ ဖော်ပြထား၍ သုတ်အရေအတွက် ဖော်ပြမထားပေ။
ဒီဃနိကာယ်ကို ပြဆိုရာ၌ကား သီလက္ခန္ဓဝဂ္ဂ၊ မဟာဝဂ္ဂ၊ ပါထိကဝဂ္ဂဟူ၍ ဝဂ်၃- ဝဂ်၊ သုတ်ပေါင်း ၃၄- သုတ်၊ သီလက္ခန္ဓဝဂ်၌ ၁၃-သုတ်ရှိကြောင်း အရေ အတွက်အတိအကျ ဖော်ပြထားသည်။ သုဘသုတ်ပါမှသာလျှင် ဒီဃနိကာယ်၌ (၃၄)သုတ်၊ သီလက္ခန္ဓဝဂ္ဂ၌ ၁၃- သုတ် အရေအတွက်ပြည့်မည်ဖြစ်သည်။
ဤအကြောင်းအရာသည်လည်း သုဘသုတ်တော်သည် ပဌမသင်္ဂါယနာတင်သုတ်တော်ဖြစ်ကြောင်း ခိုင်လုံသောအကြောင်းတစ်ရပ်ဖြစ်ပေ၏။
ထို့ကြောင့် (၁) ရှင်အာနန္ဒာသည် ဒီဃနိကာယ်လာ အခြားသုတ်များနည်းတူ “ဧဝံ မေ သုတံ”နိဒါန်းစကားဖြင့် လျှောက်ထားလိုခြင်း၊
(၂) သာမညဖလစသောသုတ်တို့၌ ဘုရားရှင်ဟော ကြားခဲ့သည့်အတိုင်း ဟောကြားခြင်းဖြစ်၍ မိမိဟောကြားသည်ဟု မသတ်မှတ်လိုသောကြောင့် “ဧဝံ မေ သုတံ”နိဒါန်းစကားဖြင့် လျှောက်ထားခဲ့ခြင်း၊
(၃) ပထမသင်္ဂါယနာတင်ရာ ကာလထက် ၂-လကျော်ခန့်စောစွာ ဟောကြားခဲ့သောသုတ်တော်ဖြစ်ခြင်း၊
(၄) ရှင်မဟာဗုဒ္ဓဃောသပြဆိုခဲ့သော ပထမသင်္ဂါယနာတင်ကျမ်းစာ စာရင်းအရေအတွက်၌ သုဘသုတ်ပါမှ သာလျှင် ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂတို့၌ သုတ်အရေအတွက် ပြည့်မည်ဖြစ်ခြင်းဟူသော အကြောင်းအချက် ၄-ခုတို့ကြောင့် ...
ပထမသင်္ဂါယနာ၌ သုဘသုတ်ပါဝင်ခဲ့သည်၏ အဖြစ်ကို ယုံမှားသံသယကင်းစွာ မှတ်သားသင့်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
ဦးခင်မောင်ညို
တွဲဖက်ပါမောက္ခ (ပညာရှင်)
သုတ္တန္တပိဋကမဟာဌာန
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)
ကိုးကားကျမ်းများ
ပါဠိတော်
(၁) ဥပရိပဏ္ဏာသပါဠိ
(၂) စူဠဝါပါဠိ
(၃) ပေဋကောပဒေသပါဠိ
(၄) မိလိန္ဒပဉှာပါဠိ
(၅) သီလက္ခန္ဓဝဂ္ဂပါဠိ
(၆) သုတ်မဟာဝါပါဠိ
(၇) မဇ္ဈိမပဏ္ဏာသပါဠိ
(၈) နေတ္တိပါဠိ
အဋ္ဌကထာကျမ်း
(၁) သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ
(၂) ပါရာဇိကကဏ္ဍအဋ္ဌကထာ (ပထမတွဲ)
(၃) နေတ္တိအဋ္ဌကထာ
(၄) ပဉ္စပကရဏအဋ္ဌကထာ
(၅) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ)
(၆) အဋ္ဌသာလိနီအဋ္ဌကထာ
(၇) ပေတဝတ္ထုအဋ္ဌကထာ
(၈) မူလပဏ္ဏာသအဋ္ဌကထာ (ပထမတွဲ)
ဋီကာကျမ်းများ
(၁) ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (ပထမတွဲ)
(၂) သာရတ္ထဒီပနီဋီကာ (ပထမတွဲ)
(၃) သီလက္ခန္ဓဝဂ္ဂဋီကာ
(၄) သီလက္ခန္ဓဝဂ္ဂအဘိနဝဋီကာ (ပထမတွဲ)
ဂန္ထန္တရကျမ်းများ
(၁) မိလိန္ဒပဉှလီနတ္ထဒီပနီ
(၂) နေတ္တိပါဠိတော်မြန်မာပြန်
(၃) တိပိဋက ပါဠိမြန်မာအဘိဓာန် (အတွဲ- ၁)