13/02/2021
#သစ်တောစိုက်ခင်း ထူထောင်သူများအကြား
မန်ဂျန်ရှားက ရေပန်းစားနေ
သစ်တောပြုန်းတီးမှုကို ပြန်လည် ကုစားနိုင်ရုံသာမက စီးပွားရေးအတွက်ပါ တွက်ခြေကိုက်သည့် မန်ဂျန်ရှားပင်ကို စီးပွားဖြစ် စိုက်ခင်းထူထောင်သူများက ရွေးချယ်စိုက်ပျိုးနေကြသည်။
စီးပွားဖြစ် သစ်တောစိုက်ခင်းများနှင့် အစိုးရက ဆောင်ရွက်နေသည့် သစ်တောပြုန်းတီးမှု ကာကွယ်ရေး စီမံကိန်းများအတွက် အကြီးမြန်သည့် သြစတြေးလျ အပင်မျိုးစိတ်တစ်ခုက ရွေးချယ်စရာ ဖြစ်လာနေသည်။ အဆိုပါအပင်မှာ သြစတြေးလျမျိုးစိတ် Acacia အပင်တစ်မျိုး ဖြစ်သည်။
ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးဖြစ်နေသည့် သစ်တောပြုန်းတီးမှုနှုန်းကို ထိန်းချုပ်ရန်အတွက် သစ်တောဦးစီးဌာနက သစ်တောများ ပြန်လည်စိုက်ပျိုးရန် စီမံကိန်းတစ်ခု ရေးဆွဲထားသည်။ ထိုစီမံကိန်းအရ ပြုန်းတီးသွားသော သစ်တောများအတွက် သစ်တောဧက ၆၄၀,၀၀၀ ကို ၂၀၂၈ ခုနှစ်တွင် အပြီး ပြန်လည် စိုက်ပျိုးမည်ဖြစ်သည်။ ထိုအထဲမှ ၂၈၀,၀၀၀ ဧကကို ပုဂ္ဂလိက စိုက်ခင်းများအဖြစ် ထူထောင်သွားမည်ဟု သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသောင်းဦးက Frontier ကို ပြောသည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြုလုပ်ခဲ့သည့် ကမ္ဘာသစ်တောရင်းမြစ် လေ့လာဆန်းစစ်မှုအရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သစ်တောနှင့် သစ်ပင်များ ဖုံးလွှမ်းထားသည့် မြေ ဟက်တာ ၁၅ သန်းခန့် ပြုန်းတီးခဲ့သည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ်တွင် လေ့လာချက်အရ သစ်တောများ ဖုံးလွှမ်းထားသောနေရာနှင့် သစ်ပင်ပေါက်ရောက်နေသော နေရာများမှာ ၄၃ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်းများအထိ အသီးသီး ကျဆင်းသွားခဲ့သည်။
သစ်တောများ ပြန်လည်စိုက်ပျိုးရေး စီမံကိန်းအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနအနေဖြင့် နှစ် ၃၀ အကြာတွင် ခုတ်လှဲနိုင်သော ကျွန်းသစ်နှင့် ပျဉ်းကတိုးများကို အဓိက စိုက်ပျိုးမည်ဟု ဦးသောင်းဦးက ဆိုသည်။
ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်သူများအနေဖြင့်မူ အကြီးမြန်သော သစ်ပင်များကို စိုက်ပျိုးနိုင်သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ယူကလစ် (Eucalypts) နှင့် မန်ဂျန်ရှားဟု မြန်မာနိုင်ငံတွင် လူသိများသည့် Acacia Mangium တို့ကို စိုက်ခင်းသမားများနှင့် စိုက်ခင်းကုမ္ပဏီများက နှစ်သက်ကြသည်။ ၎င်းအပင်များသည် သြစတြေးလျ မြောက်ပိုင်း၊ ပါပူအာ နယူးဂီနိနှင့် အင်ဒိုနီးရှား ဇာတိအပင်များ ဖြစ်ကြသည်။
ယူကလစ်ပင်များကို မြန်မာနိုင်ငံတွင် ယခင်ကတည်းက စီးပွားဖြစ် စိုက်ပျိုးလာခဲ့သော်လည်း ၎င်းအတွက် ရေများစွာ လိုအပ်သောကြောင့် မန်ဂျန်ရှားကို အစားထိုး စိုက်ပျိုးလာခဲ့ကြသည်။
မြန်မာနိုင်ငံအနှံ့ ရှင်သန်ပေါက်ရောက်သော မန်ဂျန်ရှားပင်များမှာ ၂၀၁၄ ခုနှစ်ကတည်းက တရှိန်ထိုး လူကြိုက်များလာခဲ့ခြင်း ဖြစ်သည်ဟု ဦးနေမျိုးအောင်က ဆိုသည်။ သူက ရန်ကုန်မြောက်ပိုင်း၊ မှော်ဘီမြို့နယ်တွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်ကာ မန်ဂျန်ရှား ဧက ၄၀ ခန့် စိုက်ပျိုးခဲ့သူဖြစ်သည်။ သူ၏ စိုက်ခင်းက နှစ်စဉ် ကျယ်ပြန့်လာခဲ့ရာ ယခုအခါ ဧက ၉၀ ခန့်အထိ ရှိနေပြီဖြစ်သည်။
“၂၀၁၁ ခုနှစ်က လူမှုကွန်ယက်ပေါ်မှာ မန်ဂျန်ရှားမျိုးစိတ်ကို စတင်မိတ်ဆက်ခဲ့ပြီးကတည်းက လူကြိုက်များလာတာပါ။ ၂၀၁၄ ခုနှစ်က စပြီး ဝယ်လိုအားက တစ်နှစ်ကို ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်” ဟု ဦးနေမျိုးအောင်က ပြောသည်။
ကျေးရွာစိုက်ခင်းတွင် မန်ဂျန်ရှားပင်များကို စတင်စိုက်ပျိုးချိန်က အချိန်တိုအတွင်း ထင်းအဖြစ် ပြန်လည် ခုတ်ယူနိုင်ရန် သူနှင့် အခြားသော လယ်သမားများက ရည်ရွယ်ခဲ့ကြသည်ဟု ဦးနေမျိုးအောင်က ပြောသည်။
သို့သော် နောက်ပိုင်းတွင် အဆိုပါအပင်မှ ရရှိသည့်သစ်ဖြင့် ပရိဘောဂများ၊ တံခါးဘောင်များ ပြုလုပ်နိုင်သည်ကို သိရှိခဲ့ကြသည်ဟု သူက ပြောသည်။
မန်ဂျန်ရှားပင်များကို အခြားနိုင်ငံများတွင်လည်း စီးပွားဖြစ် စိုက်ပျိုးနေကြသည်ကို နှေးကွေးသည့် အင်တာနက်မှတစ်ဆင့် လေ့လာသိရှိခဲ့ကြသည်ဟု သူက ပြောသည်။
ထိုအပင်များမှာ ကျွန်းနှင့် ပျဉ်းကတိုးများကဲ့သို့ နှစ်ရှည်စောင့်စားရန် မလိုအပ်ဘဲ ၁၀ နှစ်မှ ၁၂ နှစ်အတွင်း ခုတ်လှဲအသုံးပြုနိုင်သည်။ ထို့ပြင် မြေတစ်ဧကလျှင် မန်ဂျန်ရှား အပင် ၁,၂၀၀ အထိ သိပ်သည်းစွာ စိုက်ပျိုးနိုင်သည်။
တစ်ဧက စိုက်ပျိုးရန်အတွက် ကျပ် ၈၀၀,၀၀၀ ခန့် ကုန်ကျနိုင်မည်ဟု ဦးနေမျိုးအောင်က ဆိုသည်။
မန်ဂျန်ရှားမျိုးစေ့များကိုလည်း ရောင်းချနေသည့် ဦးနေမျိုးအောင်က ပြီးခဲ့သည့်နှစ်များအတွင်း မန်ဂျန်ရှား ဧက ၂,၀၀၀ ခန့်ကို သူစိုက်ပျိုးပေးခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့က မန်ဂျန်ရှားပင်ကို ဘယ်လိုစိုက်ရမယ် မသိတဲ့ လူတွေအတွက် ပျိုးခင်းလေးတွေ စိုက်ပေးတာပါ။ အပင်တွေက အလျှင်အမြန်ပဲ ကြီးထွားလာပြီး ငါးနှစ်အတွင်းမှာ မန်ဂျန်ရှားတောအုပ်ကြီး ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ သစ်တောတွေ ပြန်လည်စိုက်ပျိုးတဲ့အနေနဲ့ လုပ်နိုင်ပါတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံအတွက် ပထမဆုံးသော မန်ဂျန်ရှားစိုက်ခင်းကို ပြီးခဲ့သည့် ရှစ်နှစ်ခန့်က ပဲခူးတိုင်းတွင် တရုတ်ကုမ္ပဏီတစ်ခုက စတင်စိုက်ပျိုးခဲ့သည်။ ထိုစိုက်ခင်း၏ အောင်မြင်မှုသည် ဦးအောင်ကိုလွင်အတွက် အတွေးသစ်တစ်ခု ရရှိစေခဲ့သည်။
ယခုအခါ မန်ဂျန်ရှားပင် စိုက်ပျိုးလိုသူများအား အကြံဉာဏ်များ ပေးနေသည့် ရွှေဂျိုးဖြူအဖွဲ့ကို ဦးအောင်ကိုလွင်က ဦးဆောင်နေသည်။ “ကျွန်တော် ဇနီးက ပဲခူးတိုင်း၊ သာယာဝတီ ဇာတိလေ။ ပြီးခဲ့တဲ့ လေးနှစ်လောက်က အဲဒီမှာ မန်ဂျန်ရှားစိုက်ခင်းလေးတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ခဲ့ကြတာ” ဟု သူက ဆိုသည်။
အစပိုင်းတွင် ရာဘာစိုက်ပျိုးရန် စဉ်းစားခဲ့ကြသေးသော်လည်း ရာဘာဈေးများ ကျဆင်းနေသောကြောင့် လက်လျှော့ခဲ့ကြသည်။ ထို့နောက် သူတို့ခြံနှင့် မိုင်အနည်းငယ်သာ ဝေးသော နေရာတွင် မန်ဂျန်ရှားပင်များ စိုက်ပျိုးအောင်မြင်နေသော တရုတ်ကုမ္ပဏီအကြောင်းကို ကြားသိခဲ့ကြသည်။
ရန်ကုန်မြို့ပြင်ရှိ ခြံတစ်ခြံအတွင်း မန်ဂျန်ရှားပင်များ စိုက်ပျိုးထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
ရန်ကုန်မြို့ပြင်ရှိ ခြံတစ်ခြံအတွင်း မန်ဂျန်ရှားပင်များ စိုက်ပျိုးထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
ထို့နောက် ထိုစိုက်ခင်းသို့ သူက သွားရောက်လည်ပတ် လေ့လာခဲ့သည်။ ပြီးခဲ့သည့် ရှစ်နှစ်ခန့်က အစိုးရ ချထားပေးသော မြေဧက ၃,၀၀၀ တွင် ထိုကုမ္ပဏီက မန်ဂျန်ရှားပင်များကို စိုက်ပျိုးထားကြောင်း သိရှိခဲ့သည်။
“အဲဒီနောက်မှာ အွန်လိုင်းပေါ်တက်ပြီး အဲဒီအပင်တွေအကြောင်း လေ့လာကြည့်တော့တာပဲ” ဟု သူက ဆိုသည်။
စိုက်ပျိုးရေးသမားများက မန်ဂျန်ရှားပင်ကို ရွေးချယ်ရသည့် အကြောင်းရင်းများစွာ ရှိနေသည်ဟု ဦးအောင်ကိုလွင်က ပြောသည်။ မန်ဂျန်ရှားက ဈေးကောင်းသည့်အပြင် ရာဘာဈေး ကျဆင်းနေခြင်းနှင့် ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ပိတ်ပင်ရန် အစိုးရက ၂၀၁၇ ခုနှစ်တွင် ဆုံးဖြတ်လိုက်ခြင်းတို့ကြောင့် ဖြစ်သည်။
ထို့ပြင် သူက မန်ဂျန်ရှားစိုက်ခင်း ပိုင်ရှင်များအသင်းကိုလည်း တည်ထောင်ရန် ကြိုးစားနေသည်။
“အသင်းအဖွဲ့ မရှိရင် လယ်သမားတွေက ကုန်ကြမ်းထောက်ပံ့သူတွေ အဆင့်လောက်ပဲ ဖြစ်နေလိမ့်မယ်” ဟု သူက ဆိုသည်။
ကျော်ရဲလင်း(2018/Oct18)
13/02/2021
#သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်းရောက်
သစ်ထုတ်လုပ်ရာမှာလည်းအသုံးဝင် #မန်ဂျန်ရှားပင်
( Acacia mangium ) မန်ဂျန်ရှားသည် ပန်းပွင့်သည့်သစ်ပင်ကြီးဖြစ်ပြီးပဲမျိုးရင်း (Fabaceae) ဝင် အပင်တစ်မျိုးဖြစ်သည်။ Fabaceae သည် ဩစတေးလျ ရှိ ကွင်းစ်လန်း အရှေ့ မြောက် ပိုင်း၊ ပါပွာအာရ် နယူး ဂီနီ ၏ ပရိုဗင့်စ် မြောက်ပိုင်း ၊ ပါပွာအာရ် နှင့် မယ်လူကူ ကျွန်း အရှေ့ ပိုင်းမှ စတင်လာသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရန် နှင့် သစ်ထုတ်ရန်အတွက် အသုံးပြုကြ သည်။
လျှင်မြန်စွာ ကြီးထွားသော အညိုရောင် သစ်ပင်များကို စာရွက်နှင့် သစ်မာထွက်ကုန် များ ထုတ် လုပ်ရန်အတွက် ကျယ်ပြန့်စွာစိုက်ပျိုးကြသည်။ မန်ဂျန်ရှား သစ်ပင်သည် အာရှတိုက်၏ စိုစွတ် သော အပူပိုင်းကုန်းနိမ့်ဒေသတွင် အဓိကထားစိုက်ပျိုးသော မျိုးစိတ်တစ်ခုဖြစ်ပါသည်။ လျှင်မြန် လွန်းသည့် ကြီးထွားမှုနှုန်း ၊ အလွန်ချဉ်သောမြေ၊ အဟာရချို့ တဲ့လွန်းသောမြေတွင် ရှင်သန် ပေါက်ရောက်နိုင်မှု၊ အလွန်ညံ့၍မကောင်းသောမြေတွင် ကောင်းစွာ ရှင်သန်ကြီးထွားနိုင်သော စွမ်းရည်၊ ¬ရောဂါကင်းစင်မှု၊ သစ်သားအဖြစ် ကျယ်ပြန့်စွာ အသုံးပြူနိုင်မှု၊ စိုက်ပျိုးရာတွင် ရိုး ရှင်းလွယ်ကူခြင်း စသည့် အရည်အသွေးတို့ရှိသည်။ အင်ဒိုနီးရှား နှင့် မလေးရှား နိုင်ငံများတွင် စက္ကူနှင့် ပျော့ဖတ်စက်ရုံများအတွက် အခြေခံကုန်ကြမ်း အရင်းအမြစ်အဖြစ် ရရှိရန်အတွက် မန် ဂျန်ရှား သစ်ပင်ကို စိုက်ပျိုးကြပါသည်။ အခြားကုန်ကြမ်းများဖြစ်သော လောင်စာတောင့်၊ အ ဆောက်အဦးအတွက် သစ်၊ ပရိဘောဂပစ္စည်းများနှင့် ကတ္ထူပြားများ ထုတ်လုပ်ရန် အတွက် လည်း အသုံးပြုကြသည်။
မျိုးစိတ်ပေါင်း ၂၅၀ ရှိသော Acacia မှ Juliflorae သည် ဩစတေးလျ ဒေသကို ပို၍ ကြိုက် နှစ်သက်ကြသည်။ Acacia မန်ဂျန်ရှား သည် မျိုးစိတ်များထဲမှ အပူပိုင်းဒေသနှင့် ကိုက် ညီသောမျိုးတစ်မျိုးဖြစ်ပြီး ယခုနှစ်များတွင် အဓိကစီးပွားရေးအရ အရေးပါသောအပင်အဖြစ် စိုက်ပျိုးလာကြသည်။ Acacia မန်ဂျန်ရှားသာမက အခြားအရေးပါသောမျိုးစိတ်များ ဖြစ်သည့် A. auriculiformis, A. auriculiformis x mangium နှင့် A. crassicarpa တို့ လည်းပါဝင် သည်။
ပျံ့နှံလာပုံ
နိုင်ငံအများတွင်စိုက်ပျိုးလာကြပြီး အာရှတိုက်ရှိနိုင်ငံများဖြစ်သော ( တရုတ်, အင်ဒိုနီးရှား , လာအို , မလေးရှား, မြန်မာ , ထိုင်း , ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံ ) များသာမက ဘင်္ဂလားဒေ့ရှ် , ဘရာဇီး, ကင်မရွန်း , ဟာဝိုင်အီ နှင့် နီပေါ နိုင်ငံများတွင်ပါ စိုက်ပျိုးလာကြ သည်။ Acacia မန်ဂျန်ရှား သည် ပူနွေးသော အပူပိုင်းဒေသ ရာသီဉတုဇုန်များတွင် သဘာဝအား ဖြင့် ပျံ့နှံမှုပိုများသည်။ ယင်းဒေသတွင် တနှစ်ပတ်လုံး မြင့်မားသောအပူချိန်ရှိပြီး အပူဆုံးလ၏ ပျမ်းမျှ အမြင့်ဆုံးအပူချိန် ( ၃၁ - ၃၄ ဒီဂရီစင်တီဂရိတ်) နှင့် အအေးဆုံးလ၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန် ( ၁၅ - ၂၂ ဒီဂရိစင်တီဂရိတ်) ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန် ၅၀ - ၁၀၀ လက်မကျော် ရှိပြီး၊ နွေအခါ ( ဇန်နဝါရီလ မှ မတ်လ ) နှင့် အခြားလများ တွင် ကောင်းစွာ ပေါက်ရောက်သည်။ ရေစီးဆင်းမှုကောင်းမွန်သော ( pH ၄ အောက်) ရှိသည့် ချဉ်သောမြေများ တွင် ကောင်းစွာ ကြီးထွားနိုင်သည်။
မန်ဂျန်ရှား မျိုးစိတ်ကို ရွှံဗွက်၊ လမုပင်ပေါက်ရာနေရာ၊ ချောင်းဘေးတစ်လျှောက်၊ ရေဝပ်မြေ၊ တောင်ကုန်းနိမ့်နှင့် တောင်ခြေရင်းတို့တွင် တွေ့ရသည်။ တစ်ခါတစ်ရံ မြက်ခင်းပြင်၊ မြစ်လွင် ပြင်ကျယ်၊ ရေနုတ်မြောင်း နှင့် လမုတောတို့တွင် တွေ့ရသည်။ မြေလွတ်သောနေရာ အတော် များများတွင် ရွှေ့ပြောင်းစိုက်ပျိုးခြင်းအနေဖြင့် စိုက်ပျိုးနိုင်သည်။ သို့သော် ရေဝပ်သောနေရာ၊ အငန်ဓါတ်များသော နေရာတို့တွင် မဖြစ်ထွန်းပါ။ အမြင့်ပေ (၀ - ၂၆၀၀ ကျော်) ရာသီဉတု ဆိုးဝါး လွန်းသော ဒေသနှင့် သဲဆန်ပြီးရေလွှမ်း သော ဒေသရှိ မြေများတွင် ကောင်းစွာဖြစ်ထွန်း သည်။
Acacia မန်ဂျန်ရှား သည် ပင်စည်တစ်ခုတည်းရှိသည့် တစ်နှစ်ပတ်လုံး စိမ်းလန်းသော သစ် ပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၈၀ မှ ၁၀၀ ထိမြင့်နိုင်ပြီး ဖြောင့်မတ်သော ပင်စည်ရှိသော် လည်း ပင်စည်အောက်ပိုင်းတစ်ဝက်ခန့်တွင် အနည်းငယ်ကောက်နေတတ်သည်။ အပင်ငယ်မှာ ခြုံပုတ်ပုံစံ ကြီးထွားသည်။အပင်ကြီး၏သစ်ခေါက်အရောင်မှာ အညိုရောင်ဖျော့ မှ အညိုရင့် ရောင်ဖြစ်ပြီး သစ်ခေါက်၏အတွင်းပိုင်း အရောင်မှာ အညိုနုရောင်ဖြစ်သည်။ သစ်ခေါက်များ သည် ကြမ်းတမ်း၍ အလျားလိုက်မြောင်းများ ပါရှိသည်။ ကိုင်းများသည် ထောင့်မတ်ကျသည်။ အပင်ငယ်စဉ် ပင်စည်မှာ ချောမွေ့သည်။ အစိမ်းရောင်အခေါက်သည် (၂ - ၃) နှစ် အပင်သက် တမ်းထိ ရှိသည်။ အပင်ကြီး၏ပင်စည်မှ ဘေးကိုင်းများ ပေ ၅၀ အထက်ထိ ကိုင်းဖြာပြီး လုံးပတ် အချင်း ၃ ပေ အထက်ရှိကာ တြိဂံပုံစံ ကိုင်းဖြာကြသည်။
အရွက် သည် ၉ လက်မ ရှည်လျား၍ ၁ လက်မ မှ ၃ လက်မထိ ကျယ်၏။ တဖက်မှာ ဖြောင့် တန်းပြီး အခြားတစ်ဖက်တွင်ကွေးနေသည်။ အဓိက အလျားလိုက်ရွက်ကြော (၄ - ၅) ခုရှိ သည်။
ပန်းခိုင်တွင် များပြားသေးငယ်ပြီး အဖြူ သို့ နို့နစ်ရောင် ပန်းပွင့်များပါရှိသည်။ အဆူးပါသည်။ ပွင့်ဖတ် (၀.၆ - ၀.၈) မီလီမီတာ ရှည်သည်။ ပွင့်ချပ်အုံ (၁.၂ - ၁.၅) မီလီမီတာရှည်သည်။ ရိုးတံက ၁ စင်တီမီတာ ရှည်သည်။ အသီးပြားသည်။ ရင့်မှည့်လာသောအခါ ကွေးလာသည်။
၃ - ၅ မီလီမီတာ ကျယ်ပြီး ၂ လက်မခွဲ ၃ လက်မ ရှည်သောအသီးတောင့်သည် ရင့်မှည့်လာသော အခါ အစီမ်းမှ အညို သို့ ပြောင်းလာသည်။ ဘဲဥပုံအစေ့များက မဲ၍ တောက်ပပြီး၂ - ၃ မီလီမီတာ မှ ၃ - ၅ မီလီမီတာ ထိရှိသည်။ အသီးတောင့်ထဲတွင်အစေ့များ အလျားလိုက်ပုံ လိမ္မော်မှ အနီ ရောင် နူးညံ့သောအမွှေးအမျှင် များဖြင့် ဆက်ထားသည်။
အပင်စိုက်ပြီးသည်မှ (၂၄) လ ကြာရင် မန်ဂျန်ရှားအစေ့များကို ရရှိနိုင်မည်။ ပန်းပွင့်စတင်သည် မှစ (၆ - ၇) လကြာလျှင် ရင့်မှည့်သော အသီးတောင့်ဖြစ်မည်။ လိင်စုံပန်းပွင့်များဖြစ်သော ကြောင့် ပင်တည်းနှင့် ပင်ခြားဝတ်မှုံကူး၍ အင်းဆက်များဖြင့် ပင်ခြားဝတ်မှုံကူးသည်။ Acacia မန်ဂျန်ရှား သည် စတင်စိုက်ပျိုးပြီးသည်မှ (၁၈ - ၂၀) လ အကြာတွင် ပန်းစပွင့်သည်။ ပန်းပွင့် သည်မှ (၃ - ၄ ) လ အကြာတွင် အသီးတောင့်များ ရင့်မှည့်သည်။ ဩစတေးလျ တွင် မေလ မှာ ပန်းပွင့်၍ အေက်တိုဘာ - ဒီဇင်ဘာလ တွင် အသီးတောင့်များရင့်မှည့်သည်။ အင်ဒိုနီးရှား တွင် ဇူလိုင် နှင့် ပါပွာအာရ် နယူး ဂီနီ တွင် စက်တင်ဘာလနောကဆုံးပတ်တွင် အသီးတောင့်များ ရင့်မှည့်သည်။
Aye Thanda Soe ( 15.12.2017)
28/02/2020
'' သစ်ပင်များကို အစာကျွေးခြင်း ''
# # # # # # # # # # # # # # # # # # # # # #
အပင်များကို အစာကျွေးရာတွင် မှန် (၄) မှန်ရှိသည်။
၁။ အမျိုးအစားမှန်
၂။ အချိန်မှန်
၃။ ပမာဏမှန်
၄။ နေရာမှန် ဟူ၍ဖြစ်သည်။
၁။ အမျိုးအစားမှန်
သီးနှံအမျိုးအစား၊ အပင်၏ကြီးထွားမှု၊ အချိန်ရာသီပေါ်မူတည်၍ အပင်မှ စာသုံးသည့် အာဟာရဓာတ်မှာ ကွာခြားမှုရှိသည်။ အပင်မှ အဓိကလိုအပ်သည့် အာဟာရဓာတ် ၁၇ မျိုးအကြောင်းကို ပြီးခဲ့သည့် ခေါင်းစဉ်တွင် အနည်းကျဉ်းဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့နည်းတူ စိုက်ပျိုးရေးစနစ် ၃မျိုးတွင် ၁မျိုးစီ၏အားသာချက်အားနည်းချက်များနှင့် ၎င်းတို့အပေါ်သုံးသပ်ချက်များကိုလည်း အကျဉ်းမျှ ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့် ထိုအချက်များတွင်ပြန်၍ တိုက်ရှုဖတ်ပါလေ။
အဓိကမှာ အပင်မှ တကယ်လိုအပ်သည့်အရာကို တကယ်လိုအပ်ချိန်တွင် အချိန်ကိုက် ပမာဏကိုက်၊ နေရာမှန်၊ အမျိုးအစားမှန် ကျွေးနိုင်ရေးပင်ဖြစ်သည်။
၂။ အချိန်မှန်
အချိန်မှန်ဟုဆိုရာ၌ ရေလောင်းခြင်းမှအစ အစားကျွေးခြင်း၊ ကာကွယ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖြန်းခြင်းတို့ပါ အပါအ၀င် ဖြစ်သည်။ ယေဘုယျအားဖြင့် အပင်ကြီးများအတွက် မြေသြဇာကို တနှစ်လျှင် မိုးဦး၊ မိုးနှောင်းကာလများတွင် အနဲဆုံး ၂ကြိမ် ကျွေးရမည်။ ရေလောင်းချိန်ကို နွေရာသီတွင် မနက် ၆-၉နာရီ အတွင်း၊ ဆောင်းရာသီတွင် မနက် ၈-၁၁နာရီ အတွင်း၊ ရာသီဥတုနှင့် မြေကြီးအစိုဓာတ်တို့ပေါ်မူတည်၍ မနက်ပိုင်းကိုသာ ရေလောင်းသင့်သည်။ နွေရာသီ၌ အပင်များလွန်းလျှင် မနက်ခင်းမနိုင်ပါက ညနေနေအေးချိန်မှာ လောင်းနိုင်သည်။ ထို့နည်းတူ သီးနှံပင်၊ နှစ်ရှည်ပင်အမျိုးအစားပေါ်မူတည်၍ မည်သည့် အချိန်တွင် မည့်သည့်ပိုး၊မည့်သည့်မှိုကျရောက်တတ်သည်ကို ရှေးဦးစွားသိထားနှင့်ပြီး ၎င်းတို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးများကြိုတင်ဖြန်းပေးသင့်သည်။ တချို့လဲ ဖြစ်သည့်အချိန်တွင် သိသိချင်းနှိမ်နင်းရသည်လည်းရှိတတ်သည်။
၃။ ပမာဏမှန်
အပင်ငယ်နှင့် အပင်ကြီး အစာမည်သည်က ပိုစားမည်နည်း။ တကယ်တမ်း အပင်ငယ်တို့သည် အပင်ကြီးများနှင့် အရွယ်အစား ချင်းနှိုင်းစာလျှင် ပို၍ စားသုံးတတ်ကြသည်။ အပင်ကြီးများမှာ ဖူးပွင့်ချိန်၊ အသီးသီးချိန်တို့တွင်သာ လိုအပ်သောဓာတ်ကိုသာ ကျွေးရမည်။ ကျန်အချိန်များတွင် အပင်ကြီးထွားရန်အတွက်မူကား အပင်သေးများလောက် မလိုအပ်ပေ။ အဘယ်ကြောင့် ဆိုသော် မြေကြီးထဲရှိအဟာရဓာတ်များကို စွဲယူနိုင်သော အမြစ်များပိုမိုလာ၍ ဖြစ်သည်။ အပင်များအစာကျွေးရာ၌ စိုက်ပျိုးရေး လောကတွင် ကြုံတတ်သည့် အမှားတခုမှာ ပမာဏလျှော့ကျွေးခြင်းထက် ပိုကျွေးမိခြင်းက ပို၍ အန္တရာယ်ကြီးပေသည်။
၄။ နေရာမှန်
အထက်ပါအချက်များနည်းတူ နေရာမှန်မှန်ကျွေးနိုင်ခြင်းသည်လည်း အပင်အတွက်အလွန်အရေးပါလှသည်။ ယေဘုယျအားဖြင့် အပင်ကြီးမျိုးများ (နှစ်ရှည်ပင်များ)အတွက် အစာကျွေးခြင်းမှာ အစာအမြစ်ရှိသည့်နေရာကို ကျွေးခြင်းဖြစ်သည်။ သို့သော် မြေဆီလွှာအတွင်း အမြစ်များပျံ့နှံ့ပုံအနေအထားမှာ (နှစ်ရှည်ပင်များအတွက်) မြေပေါ်ကိုင်းများ ဖြန့်ထွက်သလောက် အမြစ်များ လည်း ဖြန့်ထွက်တည်ရှိနေသည်။ အပင်၏ ဘေးဆုံးအရွက်ဖျား တံစက်မြိတ်အထိ အမြစ်များတည်ရှိသည်။ ဆိုလိုသည်မှာ မွန်းတည့် ၁၂နာရီ နေရောင်အပေါ်တည့်တည့်ရှိချိန် အရိပ်ကျသည့်နေရာတဝိုက်အထိ အမြစ်များရှိသည်။ ထိုအရိပ်ပြင်တခုလုံးကို အချင်း ၉ပေရှိစက်ဝုိင်းသဏ္ဍာန်မြင်ကြည့်ပါ။ ပင်စည်အလယ်မှ ၁ပခွဲအကွာပတ်လည် (အချင်း ၃ပေရှိသော အပင်ခြေမှ စက်ဝုိင်း) အတွင်း အစားများမကျွေးရပါ။ ပုံများပြထားသည့်အတိုင်း ကြယ်နေရာသည် ပင်စည်အလယ်ဟုသတ်မှပါက စက်ဝုိင်းငယ်အတွင်း အစားမကျွေးရပါ။ မီခိုးရောင်ပြထားသည့်အတွင်း၌သာ တွင်းငယ်များတူး၍သော်၎င်း၊ မြောင်းဖော်၍သော်၎င်း၊ အစာများကျွေး နိုင်ပါသည်။ ထိုစက်ဝုိင်းငယ်အတွင်းသည် ပင်စည်နှင့်ကပ်သဖြင့် အကယ်၍မြေသြဇာပြင်းပါက အပင်အတွက် အန္တရာယ်ပင် ဖြစ်စေနိုင်သည်။
ကိုးကား - ဦးဖရက်သိန်းဖေ
28/02/2020
ဘက်စုံ အသုံးဝင်သည့် မြန်မာ့ဝါးပင်များ
မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ တောတောင်၊ ရာသီဥတု အခြေအနေများ အလိုက် သဘာဝ သယံဇာတများ နေရာဒေသအလိုက် အမျိုးမျိုးရှိနေကြသည်။ ထိုကဲ့သို့ တည်ရှိနေသော သဘာဝသယံဇာတများကိုလည်း အကျိုးရှိရှိ ထုတ်ယူသုံးစွဲကြရန် လိုသကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ပေးသွားကြရန်လည်း လိုအပ်လှပါသည်။ အထူးသဖြင့် သဘာဝသစ်တောကြီးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးသွားကြရမည် ဖြစ်ပါသည်။ သစ်ပင်၊ သစ်တောများသည် လူသား တစ်ရပ်လုံးအတွက် အမှန်တကယ် တန်ဖိုးကြီးမားပါသည်။
တန်ဖိုးကြီးလှသည့် အကြောင်းများမှာ သစ်ပင်၊ သစ်တောများမှ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စီးပွားဖြစ် ထုတ်ယူသုံးစွဲနိုင်သကဲ့သို့ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီး ယိုယွင်းမှုများ မရှိစေရန်အတွက် ထိန်းညှိပေးနိုင်စွမ်းလည်း ရှိပါသည်။ သစ်ပင်များနှင့် သစ်တောကြီးများ ပြုန်းတီးပျက်စီးလာလျှင် ရာသီဥတုများ ဖောက်ပြန်လာ၍ မိုးခေါင်ခြင်း၊ ရေရှားခြင်းများ၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းများစသည့် သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရရှိလာနိုင်ပါသည်။ ယနေ့ အချိန်ကာလတွင် မြန်မာနိုင်ငံတွင် သဘာဝသစ်
တောကြီးများမှ ဝါးသယံဇာတများကို လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အတွက် ထုတ်ယူသုံးစွဲလျက် ရှိနေကြပြီး စဉ်ဆက်မပြတ် ရေရှည်အသုံးချနိုင်ရေးတို့ကို စနစ်တကျ စီမံပေးသွားရန် လိုအပ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သတင်းများအရ သိရပါသည်။
“သစ်ရှားပါးလာတဲ့ အချိန်ကာလမှာ ဝါးအမျိုးအစားများစွာကို အသုံးပြုလာတာများပါတယ်။ ဒါ့ကြောင့်လည်း ဝါးသယံဇာတများ ရေရှည်အသုံးပြုနိုင်ဖို့ လိုအပ်နေတဲ့ စီမံဆောင်ရွက်မှုများကို စနစ်တကျလုပ်ရပါ့မယ်။ သဘာဝတောမှထွက်တဲ့ ဝါးတွေအပြင် ဝါးစိုက်ပျိုးမှုတွေကိုလည်း ဆောင်ရွက်သွားရပါ့မယ်” ဟု မြန်မာနိုင်ငံ သစ်တော တက္ကသိုလ်မှ ဝါးစိုက်ပျိုးရေးပညာရှင် ဒေါက်တာဆန်းဝင်းက ပြောပြ၍ သိရပါသည်။ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ရ၅ မျိုး၊ ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိသည့်အနက်မှ မြန်မာနိုင်ငံတွင် ဝါးမျိုးစုနှစ်မျိုး၊ ဝါးမျိုးစိတ် ၁၀၂မျိုးခန့် ပေါက်ရောက်ရှင်သန်လျက် ရှိကြောင်း သိရပါသည်။ အပြည်ပြည်ဆိုင်ရာ ဝါးနှင့်ကြိမ်ကွန်ရက် အဖွဲ့ (INBAR) ၏ စံချိန်စံညွှန်းများအရ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အသုံးဝင်သည့် ဝါးမျိုးများဖြစ်သည့် တင်းဝါး၊ မျှင်ဝါး၊ ကြက်သောင်းဝါး၊ ဝါးပိုးဝါး၊ ထီးရိုးဝါး၊ ဝါးနီ၊ ဝါးနက်စသည့် ဝါးမျိုးစိတ် ၁၈ မျိုးခန့် ရှိပါသည်။ မြန်မာ့ဝါးပင်များကို စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ တနင်္သာရီတိုင်းဒေသကြီး သုံးနေရာကို သတ်မှတ်ထားပြီး မြန်မာ့ဝါးတော ဧရိယာပေါင်း ၁၇,၈၃၈,၀၀၀ ဟက်တာရှိကြောင်းနှင့် နှစ်စဉ် ပြည်နယ်နှင့်
တိုင်းဒေသကြီးများ၏ ဝါးထုတ်လုပ်မှုမှာ တောထွက်ဝါးလုံးရေ ၆၃ ဒသမ ၂ သန်းကျော်ရှိနေကြောင်းကိုလည်း သစ်တောဦးစီးဌာန၏ စာရင်းများအရ သိနေရပါသည်။ မြန်မာ့ ဝါးပင်သည် ဘက်စုံအသုံးဝင်ပါသည်။ ဝါးပင်များ၏ အမြစ်ဖွဲ့စည်းမှုများသည် ခိုင်ခန့်ကျစ်လစ်သည့်အတွက် မြေဆီလွှာရေတိုက်စားမှုမှ ကာကွယ်ပေးနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ဝါးပင်များကို မြေအမျိုးအစားမရွေး၊ နေရာဒေသမရွေး၊ စိုက်ပျိုးနိုင်ပါသည်။ မြေသြဇာထက်သန်သောနုန်းမြေများတွင် အပင်ပိုမိုဖြစ်ထွန်းပါသည်။ ဝါးပင်များမှ လူတို့အတွက် မျှစ်၊ မျှစ်ချဉ်ကဲ့သို့သော အစားအစာများ၊ လူတို့၏အသုံးအဆောင်ပစ္စည်းများ၊ ဥပမာ
ဝါးဖြင့်ပြုလုပ်ထားသော ဗန်း၊ စကော၊ စကာ၊ စကာခုံး၊ တောင်းအမျိုးမျိုး၊ ဖျာအမျိုးမျိုး၊ စားပွဲ၊ ကုလားထိုင်အမျိုးမျိုး၊ အိမ်အမိုး၊ အိမ်အကာပစ္စည်းများ၊ လက်မှုပစ္စည်းအမျိုးမျိုးကိုပါထုတ်ယူသုံးစွဲနိုင်ပါသည်။ ကမ္ဘာမြေကြီးသည် သစ်တောများပြုန်းတီး၍ ရာသီဥတုဖောက်ပြန်လျက် မြေဆီလွှာများ ပျက်စီးဆုံးရှုံးရခြင်းဖြစ်သည်။ ထို့ကြောင့် မြေဆီလွှာများကို ထိန်းသိမ်းရန် နည်းစနစ်များအနေနှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာနည်းဖြင့် ထိန်းသိမ်းခြင်း၊ ဇီဝအင်ဂျင်နီယာနည်းဖြင့် ထိန်းသိမ်းခြင်းတို့ပင် ဖြစ်ပါသည်။ ဆောက်လုပ်ရေးအင်ဂျင်နီယာနည်းမှာ
ရေလွှဲမြောင်း ပြုလုပ်ပေးခြင်း၊ နုန်းထိန်းတမံငယ်များ ပြုလုပ်ပေးခြင်းတို့ဖြစ်ပြီး ဇီဝအင်ဂျင်နီယာနည်းမှာ သစ်ပင်များ၏ သစ်ကိုင်း၊ သစ်ခက်ဖြင့် သစ်ပင်များကို စိုက်ပျိုးပြီး မြေဆီလွှာ ထိန်းသိမ်း ကာကွယ်ခြင်းများပင် ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး ကဏ္ဍများအတွက် ရာသီဥတုများကို ကောင်းမွန်မျှတလာစေရန်အတွက် သစ်ပင်၊ သစ်တောများနှင့် ဝါးပင်များစွာကို တိုးချဲ့စိုက်ပျိုးထားရှိရန် လိုအပ်လှပါသည်။
မြန်မာ တောင်သူ လယ်သမားကြီးများသည်လည်း ဘက်စုံအသုံးဝင်လှသော မြန်မာ့ဝါးပင်များစွာကိုမြေလွတ်များ၊ အိမ်ခြံစည်းရိုးများ၊ ယာစည်းရိုးများ၊ မြေလွတ်၊ မြေရိုင်းများနှင့် လမ်းဘေးဝဲယာများတွင် စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
ရွှေမင်းအောင် (ကျောက်ပန်းတောင်း)
28/02/2020
#မန်ဂျန်ရှား စိုက်ပျိုး ဝင်ငွေတိုး
ဝန်းကျင် သဘာဝ ထိန်းသိမ်းကြ
#ယနေ့ကမ္ဘာပေါ်တွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီး ယိုယွင်းလာခြင်း နှင့်အတူ သဘာဝ ဘေးအန္တရာယ် ကျရောက်ခံစားရမှု အကြိမ်အရေအတွက်မှာလည်း တစ်နှစ်ထက် တစ်နှစ်ပိုမို များပြားလာခဲ့သည်။ အရေအတွက် ပိုမို များပြားလာသည့် သဘာဝ ဘေးအန္တရာယ် များ၏ ပြင်းအား ပမာဏမှာလည်း ပိုမိုပြင်းထန် လာခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ် ဖြစ်ရပ်များက သက်သေပြုလျက် ရှိသည်။ ကမ္ဘာ့လူဦးရေ အဆမတန် တိုးပွား လာမှုနှင့်အတူ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားသည့် စက်ရုံ၊ အလုပ်ရုံ များလည်း တစ်နေ့တခြား ပိုမိုများပြား လာခဲ့သည်။ အခြားတစ်ဖက်တွင်လည်း မြို့ပြ ဧရိယာများ ချဲ့ထွင်မှုကြောင့် သစ်တောများမှာလည်း တစ်နေ့တခြား လျော့နည်း ဆုတ်ယုတ်လာခဲ့ပြီး ကမ္ဘာ့ အပူချိန်ကို အဆမတန် တိုးပွားစေခဲ့သည်။ ကမ္ဘာကြီး ပူနွေးလာမှု(Global Warming) ကြောင့် အပူလှိုင်း၊ အအေးလှိုင်း ဖြတ်သန်းခြင်း၊ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပေါ်ခြင်း စသည့် ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ သဘာဝ ဘေးအန္တရာယ်များကို အချိန်ကာလ အကန့်အသတ်မရှိ ဖြစ်ပွားစေနိုင်သည်။ ထိုကဲ့သို့သော ဆိုးရွား ပြင်းထန်သည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာရခြင်းကို ဆန်းစစ်ရလျှင် သစ်တော သစ်ပင်များ လျင်မြန်စွာ ပြုန်းတီးလာမှု နှင့်အတူ သဘာဝ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီး လာခြင်းကြောင့်ပင် ဖြစ်သည်။ နှစ်စဉ်ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှုမှာ ၃၂ ဧက သန်းခန့် ဖြစ်ပြီး သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံမှာ အဆင့် ၃ တွင် ရှိနေသည်။ ''ကမ္ဘာကြီးဟာ လူတိုင်းရဲ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်တယ်။ ဒါပေမဲ့ လူတိုင်းရဲ့ မတော်လောဘ ကိုတော့ မဖြည့်ဆည်း ပေးနိုင်ဘူး'' ဟူသည့် မဟတ္တမဂန္ဒီ၏ စကားကဲ့သို့ပင် လူတို့၏ လောဘကြောင့် ပျက်စီးခဲ့ရသည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ယနေ့ လူသားများ ခံစားနေရခြင်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိကာလ လူ့အဖွဲ့အစည်း အနေဖြင့် လက်ရှိကြုံတွေ့ နေရသည့် သဘာဝ ဘေးအန္တရာယ် များ၏ ဆိုးကျိုးများကို လျှော့ချနိုင်စေရန်နှင့် နောင်လာမည့် မျိုးဆက် သစ် များအတွက် ကောင်းမွန်သော ကမ္ဘာကြီးကို လက်ဆင့်ကမ်း အမွေလွှဲအပ် နိုင်စေရန် သစ်တော သစ်ပင်များ စိုက်ပျိုးခြင်းကို အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်လာခဲ့သည်။
ထိုကဲ့သို့သော သစ်တောသစ်ပင်များ အလျင်အမြန် ပြန်လည် ဖြည့်တင်း စိုက်ပျိုးရန် မှာလည်း ပူပြင်းလွန်းသည့် ရာသီဥတုဆိုင်ရာ အခြေအနေများ၊ သစ်ပင်စိုက်ပျိုး အောင်မြင်နိုင်ရန် ရေချို ရရှိနိုင်မှုနှင့် မြေအောက်ရေ ရရှိမှု စသည်တို့ကြောင့် ရာသီဥတုဒဏ် ခံနိုင်သည့် အပင် အမျိုးအစား ဖြစ်ရန် စဉ်းစား ရွေးချယ် လာခဲ့ကြသည်။ ထိုကဲ့သို့ ရွေးချယ် စိုက်ပျိုးလာခဲ့ရာ လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံ အတော်များများတွင် အဆင်ပြေ အောင်မြင်နေသည့် သစ်တော သစ်ပင်မှာ ''မန်ဂျန်ရှား''(Acacia Mangium) ပင်ဖြစ်သည်။ မန်ဂျန်ရှား အပင်မှာ အပွင့်ပွင့်သည့် သစ်ပင်ကြီးဖြစ်ပြီး ပဲမျိုးနွယ်ဝင် (Fabaceae) အပင် အမျိုးအစား ဖြစ်သည်။ မန်ဂျန်ရှား မျိုးစိတ်ကို သြစတြေး လျနိုင်ငံ ကွင်းစလန်း(QueenLand) ဒေသတွင် စတင်၍ အများဆုံး စိုက်ပျိုးခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် အာရှတိုက် နိုင်ငံများ ဖြစ်သည့် တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ သာမက ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကင်မရွန်း၊ ကော်စတာရီကာ၊ ဟာဝိုင်ရီနှင့် နီပေါနိုင်ငံ တို့တွင်လည်း အကြီးအကျယ် စတင် စိုက်ပျိုးလာပြီ ဖြစ်သည်။ မန်ဂျန်ရှား အပင်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင် ပြန်လည် ဖြည့်တင်း စိုက်ပျိုးခြင်းနှင့် သစ်ထုတ်လုပ်ရန်အတွက် ရည်ရွယ် စိုက်ပျိုးလျက် ရှိသည်။
မန်ဂျန်ရှား အပင်များကို ရွှံ့ညွန် ထူထပ်သည့် လမုတော၊ ဒီရေတောများ ပေါက်ရောက်ရာ မြစ်ချောင်း ဘေးတစ်လျှောက်နှင့် ရေဝပ်မြေ များတွင်လည်း စိုက်ပျိုး ဖြစ်ထွန်းသဖြင့် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း ကဲ့သို့ ဆိုင်ကလုံး မုန်တိုင်းကြီး ဝင်ရောက် တိုက်ခိုက် ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ် ဒေသ (ပင်လယ်ထွက်ပေါက်) တစ်လျှောက်တွင် လေကာပင်အဖြစ် စိုက်ပျိုးပါက မုန်တိုင်းအန္တရာယ် လျော့ပါး သက်သာစေရေး အတွက်ပါ အသုံးဝင် နိုင်သည်။ သို့ရာတွင် အငန်ဓာတ်များသော ရေဝပ်မြေ များတွင်မူ ကောင်းစွာ မဖြစ်ထွန်း နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။
မန်ဂျန်ရှား အပင်၏ အားသာချက်မှာ ကြီးထွားမှုနှုန်း မြန်ဆန်ပြီး သစ်အလုံး ဖြောင့်ခြင်း၊ သစ်အကြော မရှုပ်ခြင်း၊ သစ်အရောင်အသွေး လှပခြင်း၊သစ်မာ အမျိုးအစား ဖြစ်ခြင်း တို့ကြောင့် လျှာထိုးပျဉ်နှင့် ပါကေးကြမ်းခင်းများ အဖြစ် လည်းကောင်း၊ စားပွဲ၊ဗီရို၊ကုလားထိုင် စသည့် အိမ်တွင်း အလှဆင် ပရိဘောဂများ အဖြစ် လည်းကောင်း အသုံးပြုနိုင်သည်။ ထို့ပြင် ၎င်းမန်ဂျန်ရှား အပင်မှာ မြေဆီမြေနှစ် ညံ့လွန်းသော ဒေသတွင်လည်း ကောင်းစွာ ရှင်သန်နိုင်ပြီး ရောဂါ ကင်းစင်မှုနှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည် ရှိသည့်အပင် အမျိုးအစား ဖြစ်သည်။ ပျိုးပင်ပေါက် အရွယ်တွင် ဟင်းသီးဟင်းရွက်အဖြစ် ချက်ပြုတ် စားသောက်နိုင်ပြီး သက်တမ်း ၅ နှစ်-၆နှစ်အတွင်း အသုံးပြုမည်ဆိုပါက စက္ကူ ထုတ်လုပ်ရာတွင် လည်းကောင်း၊ ကြိတ်သားနှင့် အထပ်သား ထုတ်လုပ်သည့် လုပ်ငန်းများအတွက် စိုက်ပျိုးကြပြီး မန်ဂျန်ရှား လွှစာနှင့် ရှီတာကီမှို ထုတ်လုပ်ရန်အတွက် အကောင်းဆုံး ကုန်ကြမ်းတစ်မျိုး လည်း ဖြစ်သည့်အတွက် အသုံးဝင်မှု နယ်ပယ် များပြားကြောင်း တွေ့ရှိ ရသည်။
မန်ဂျန်ရှား အပင်တွင် မျိုးစိတ်ပေါင်း ၂ဝဝ ကျော်ရှိပြီး အသီးနှင့် အစေ့များမှာ ခွဲခြားရ ခက်ခဲသည်။ အများဆုံး စိုက်ပျိုးနေသည့် မျိုးစိတ်မှာ မျိုးရင်းဖြစ်သည့် မန်ဂျန်ရှား (Acacia Mangium)ဖြစ်ပြီး မန်ဂျန်ရှား အပင်မှာ လက်ရှိ မြန်မာနိုင်ငံတွင် စိုက်ပျိုး ဖြစ်ထွန်းနေသည့် အော်ရေးရှား ခေါ် မလေးရှား ပိတောက် (Acacia Auriculiformis)နှင့် ခပ်ဆင်ဆင် တူသည်။ သို့ရာတွင် မန်ဂျန်ရှား အပင်၏ အပွင့်မှာ အဖြူရောင်ရိုးတံ အပွင့်ဖြစ်ပြီး အော်ရေးရှား ခေါ် မလေးရှား ပိတောက်၏ အပွင့်မှာ အဝါရောင် ရိုးတံအပွင့် ဖြစ်သည်။
အရွက်တွင်လည်း အော်ရေးရှား ခေါ် မလေးရှား ပိတောက်မှာ အရွက်သေးသေး ရှည်ရှည်ချွန်ချွန် ဖြစ်ကာ မန်ဂျန်ရှား အရွက်မှာ အရွက်ဖားပြီး ထိပ်ပိုင်းမှာ လုံးဝိုင်းသည့် ပုံစံဖြစ်သည်။ သစ်အရည်အသွေး ပိုင်းတွင်လည်း အော်ရေးရှား ခေါ် မလေးရှား ပိတောက်မှာ အဝါရောင် ဖြစ်ပြီး မန်ဂျန်ရှား အပင်၏ အရောင်မှာ ညိုဝါရောင် ဖြစ်ပြီး သစ်လုံးများ၏ ညိုဝါရောင် သစ်လုံးကွင်းများမှာ လှပသည့်အတွက် သြစတြေးလျ နိုင်ငံတွင် ထိပ်တန်းသစ် အမျိုးအစား ဖြစ်သည်။ ကျွန်းပင်ကဲ့သို့ သစ်ထုတ်လုပ်ရန် နှစ်ကာလ ကြာရှည်စွာ မစောင့်ဆိုင်း ရခြင်း၊ သစ်မာ အမျိုးအစား ဖြစ်ခြင်းနှင့် အရည်အသွေး လှပသည့်အတွက် မိမိတို့ နိုင်ငံတွင် ကျွန်းအစားထိုး သစ်မာအဖြစ် အသုံးပြုနိုင်သည်။
မန်ဂျန်ရှား အပင်များသည် ပူနွေးသော အပူပိုင်းဒေသ ရာသီဥတု ဇုန်များတွင် သဘာဝ အားဖြင့် ပျံ့နှံ့ ပေါက်ရောက်မှု ပိုမို များပြားသည်။ ပျမ်းမျှ အပူချိန် 31°C - 34°C အတွင်း အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်း စေနိုင်သည်။
အေးလွန်းသည့် ရာသီဥတု အခြေအနေမျိုးကို မနှစ်သက်ဘဲ အပူချိန် အနည်းဆုံး 15°C အောက်တွင် မစိုက်ပျိုးသင့်ပါ။ မြေဆီမြေသြဇာ ညံ့ပြီး အက်စစ်ဓာတ် PH Level 4.0 အောက်ရှိသော မြေအမျိုးအစားတွင်ပင် ကောင်းစွာ ရှင်သန် ဖြစ်ထွန်းနိုင်သည်။ မန်ဂျန်ရှား အပင်၏ အရွက်မှာ တစ်နှစ်ပတ်လုံး ကြွေလိုက်ဝေလိုက် ဖြစ်နေသည့်အတွက် အဆွေးမြန် သည့် သစ်ရွက်များကြောင့် မြေဆီလွှာကို ပိုမိုအားကောင်း စေသဖြင့် မြေဆီလွှာ ညံ့သည့်ဒေသများ အတွက်လည်း စိုက်ပျိုးနိုင်ကြောင်း တွေ့ရှိရသည်။ ထို့ပြင် မြေဆီမြေသြဇာ ညံ့သည့် ဒေသများ၏ အပေါ်ယံ မြေဆီလွှာကို ပြုပြင်ရာတွင် မန်ဂျန်ရှား အပင်သည် များစွာ အထောက်အကူ ဖြစ်ကြောင်း တွေ့ရှိရသည်။
မန်ဂျန်ရှားအပင် စတင်စိုက်ပျိုးရန် မျိုးစေ့ ဝယ်ယူသည့် အဆင့်တွင် အလွန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မန်ဂျန်ရှား မျိုးစေ့မှာ အော်ရေးရှား ခေါ် မလေးရှား ပိတောက်စေ့နှင့် တူသည့်အတွက် မျိုးစေ့မှားပြီး စိုက်ပျိုးခြင်းမျိုး ဖြစ်နိုင်သည်။ ထို့ကြောင့် မန်ဂျန်ရှားမျိုးစေ့ကို မျိုးစေ့မှန်ကန်ရန်နှင့် မျိုးကောင်းမျိုးသန့်ထဲမှ ရရှိနိုင်ရန် သေချာစွာ ရွေးချယ် စိုက်ပျိုးရမည်။ မန်ဂျန်ရှားမျိုးစေ့ (1Kg)တွင် မျိုးစေ့ပေါင်း တစ်သိန်းကျော် ပါဝင်သည်။ မျိုးစေ့ကို စတင်အပင် ဖောက်ရန်အတွက် ဦးစွာမျိုးစေ့ကို ရေနွေးပွက်ပွက်ထဲသို့ နှစ်လိုက် ထို့နောက် ထုတ်ယူပြီး ရေအေးထဲသို့ ပြန်စိမ်လိုက်ဖြင့် သုံးကြိမ်ခန့် ပြုလုပ်ပြီး စိုက်ပျိုးသည့် နည်းကို လက်တွေ့ စိုက်ပျိုးသူများက လုပ်ဆောင် အောင်မြင်လျက် ရှိသည်။ အစေ့ကို အပင်အမြန်ပေါက် စေသော နည်းဖြစ်ပြီး ၇၈ ရာခိုင်နှုန်းခန့် အပင်ပေါက်နှုန်း ကောင်းမွန်ကြောင်း တွေ့ရှိရသည်။
မန်ဂျန်ရှား အပင်များကို စိုက်ပျိုးရန်အတွက် ပန္နက် ရွေးချယ်ရာတွင် ၆ ပေခြား အတန်းလိုက် အကွက်ချ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးနိုင်သည်။
မန်ဂျန်ရှား စိုက်ကွက်များအတွင်း ဒေသအလိုက် ပေါက်ရောက် ဖြစ်ထွန်းသည့် ပြောင်း၊ ပဲ စသည့် သီးနှံပင်များကို စိုက်ပျိုးနိုင်သည်။ မန်ဂျန်ရှား အပင်သည် အခြားအပင် များနှင့်မတူဘဲ ချုံပုတ် ပုံသဏ္ဌာန် ကြီးထွားသော အပင်အမျိုးအစား ဖြစ်သည်။ထို့ကြောင့် အကိုင်းအတက် များကို စနစ်တကျ ဖယ်ရှားပေးမှသာ သစ်လုံးဖြောင့်သော အပင်ကို ရရှိမည် ဖြစ်သည်။ ပန္နက်ကျယ်လွန်းလျှင် အကိုင်းအတက်များ ထူထပ်လာပြီး ပင်စည်တွင် အားလျော့ သွားနိုင်သည်။
အကိုင်းအတက် များကို ဖယ်ရှားပေး ခြင်းဖြင့်လည်း နေရောင်ခြည် ရရှိရန်အတွက် တစ်ပင်နှင့်တစ်ပင် အလုအယက် တက်ရင်း ပင်စည် ကြီးထွားမှုကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ပန္နက် ရွေးချယ်မှုသည် အပင်ကြီးထွားမှုအတွက် လွန်စွာ အရေးကြီးသည်။ ပန္နက်ကျဲလျှင် အပင်မြင့်တက်မှု အားနည်းပြီး အပင်လုံးပတ် ကြီးထွားမှုကို အားကောင်း စေသကဲ့သို့ ပန္နက်စိပ်လျှင် အပင်မြင့်တက်မှု အားကောင်းပြီး အပင်လုံးပတ် ကြီးထွားမှုကိုမူ အားနည်းစေနိုင်သည်။ အီကွေတာနှင့် အနီးအဝေး အပေါ် မူတည်ပြီး ဒေသအလိုက် အပင်အမြင့်နှင့် ကြီးထွားမှု ကွာဟနိုင်သည်။ ၆ ပေ ပန္နက်တွင် အပင်ကြီးထွားမှု နှုန်းကို နိုင်ငံတကာ စံနှုန်းများနှင့် မြန်မာနိုင်ငံ စံနှုန်းများအပေါ် ပျမ်းမျှ တွက်ချက်ရာတွင် အပင် ၆ လသားတွင် ပျမ်းမျှ အမြင့် ၆ ဒသမ ၅ ပေ၊ တစ်နှစ်သားတွင် ပျမ်းမျှ အမြင့် ၁၅ ပေ၊ တစ်နှစ်ခွဲသားတွင် ၅၁ ဒသမ ၁ ပေ၊ ငါးနှစ်သားတွင် ပျမ်းမျှအမြင့် ၇၃ ဒသမ ၄ ပေ အထိ ရှည်လျားနိုင်သည်။ ငါးနှစ်ကျော်လာလျှင် အပင်အမြင့်နှုန်း နှေးကွေး သွားသဖြင့် ကြားညှပ် (အပင်ကျပ်) ခုတ်ရန် သင့်လျော်သည့် အချိန်ကာလ ဖြစ်သည်။ အကယ်၍ အပင်ကျပ် မခုတ်ပါက မန်ဂျန်ရှား အပင်မှာ ရင့်သာ ရင့်လာပြီး အပင်အလုံး ကြီးထွားမှု ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် အပင်ကျပ်ခုတ်ခြင်းကိုလည်း မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။ အပင်ကြီးထွားမှု ပျမ်းမျှ နှုန်းအနေဖြင့် အပင်တစ်နှစ်သားတွင် ပင်စည်အချင်း ၂ ဒသမ ၃ လက်မခန့် ရှိပြီး လုံးပတ် အနေဖြင့် ၇ လက်မခန့်၊ အပင် နှစ်နှစ်သားတွင် ပင်စည် အချင်း ၄ လက်မခန့် ရှိပြီး လုံးပတ် အနေဖြင့် ၁၂ လက်မခန့်၊ အပင်သုံး နှစ်သားတွင် ပင်စည်အချင်း ၅ လက်မခွဲခန့် ရှိပြီး လုံးပတ် အနေဖြင့် ၁၅ ဒသမ ၇ လက်မခန့်၊ အပင် လေးနှစ်သားတွင် ပင်စည်အချင်း ၆ ဒသမ ၆ လက်မခန့်ရှိပြီး လုံးပတ် အနေဖြင့် ၂ဝ လက်မခန့်၊ အပင် ငါးနှစ်သားတွင် ပင်စည် အချင်း ၇ လက်မရှိပြီး လုံးပတ် အနေဖြင့် ၂၂ လက်မခန့်ထိ ရှိနိုင်သည်။ မန်ဂျန်ရှား အပင်၏ သက်တမ်းမှာ နှစ် ၃ဝ မှ နှစ် ၅ဝ အထိသာ ရှိပြီး သက်တမ်း ၁ဝ နှစ်မှ ၁၂ နှစ် အတွင်း အရည်အသွေး ကောင်းမွန်သော သစ်ကို စတင် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
မန်ဂျန်ရှား အပင်များတွင် ပိုးမွှား ကျရောက်မှု အနေဖြင့် အဖြူရောင် မှိုကြောင့်ဖြစ်သော ပင်စည်ပုပ် ရောဂါကို အပင်ကြီးများတွင် တွေ့ရတတ်သည်။ မလေးရှား နိုင်ငံတွင် Pink Disease ရောဂါကို ၁၇ ရာခိုင်နှုန်းခန့် တွေ့ရတတ်ပြီး အင်ဒိုနီးရှား နိုင်ငံတွင် အရွက်စား လောက်ကောင်၊ ဓားခုတ်ကောင်များကို တွေ့ရတတ်သည်။ ဆူမားတြားတွင် စုပ်စား ကြမ်းပိုးများ ကျရောက် တတ်ကြောင်း တွေ့ရှိရသည်။ စီးပွားရေး ထိခိုက်သည့် အဆင့်အထိ ဖျက်ဆီးတတ်သည့် ပိုးမွှားများမှာ ခြ၊ ကျိုင်းနှင့်ပင်စည်ဖောက်ပိုးတို့ ဖြစ်သည်။
မန်ဂျန်ရှား အပင်များမှာ ရာသီဥတုဒဏ်ကောင်းစွာ ခံနိုင်ရည်မြင့်မားခြင်း၊ မြေဆီလွှာ ညံ့လွန်းသည့် ဒေသတွင်ပင် ရှင်သန် ဖြစ်ထွန်းခြင်းနှင့် အသုံးဝင်မှု နယ်ပယ်များပြားခြင်း တို့ကြောင့် ယနေ့ကမ္ဘာ့ နိုင်ငံ အများအပြားတွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်လာပြီ ဖြစ်သည်။ အပင်သက်တမ်း ၁ဝ စု နှစ်တစ်ခုအတွင်း သစ်မာ ထုတ်လုပ်နိုင်သည့်အဆင့်ထိ ရရှိနိုင်သည့်အတွက် ကြီးမြန်သစ်ပင် အမျိုးအစား တွင်လည်း ပါဝင်သည်။ ကြီးမြန်သစ်ပင် စိုက်ပျိုး ထုတ်လုပ် ခြင်းအားဖြင့် သစ်တော ပြုန်းတီးမှုများ အမြန်အစားထိုး နိုင်ပြီး အပူချိန် လျှော့ချရေးနှင့် ရာသီဥတု ထိန်းကျောင်းသည့် လုပ်ငန်း များတွင်လည်း အသုံးဝင်သဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း နိုင်ငံ အသီးသီးရှိ အုပ်ချုပ်သူ အစိုးရ ပိုင်းမှ ဦးဆောင်ကာ သစ်တော များအဖြစ် စိုက်ပျိုး ထုတ်လုပ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံ ဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေး လုပ်ငန်း များအတွက် သစ်လိုအပ်ချက် မြင့်မားနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်သည်။
မိမိတို့ မြန်မာနိုင်ငံ အနေဖြင့် သစ်အခြေခံ စက်မှုလုပ်ငန်းများ အပါအဝင် သစ်ကို မဖြစ်မနေ အသုံးပြုနေရသည့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင် များအနေဖြင့်လည်း မန်ဂျန်ရှား သစ်များကို စိုက်ပျိုး ထုတ်လုပ် သုံးစွဲခြင်းဖြင့် သစ်လိုအပ်ချက်ကို အချိန်တို အတွင်းလုံလောက်စွာ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ နိုင်ငံတော် အနေဖြင့်လည်း သစ်တောပြုန်းတီးမှု မြင့်မားခဲ့သည့် ဒေသများနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး စီမံကိန်းကြီးများတွင် မန်ဂျန်ရှား သစ်ပင်များကို စိုက်ပျိုးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ပြီး အခြားတစ်ဖက်တွင်လည်း နိုင်ငံ့ဝင်ငွေကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း ရေးသားလိုက် ရပါသည်။ ။
-Myawadyဆောင်းပါး