16/03/2026
ကျွန်မတို့ရဲ့ JOY Preschool - Monywa မှာ ကလေးလေးတွေ ဘာလို့ ပျော်သလဲ။
ဒီနေ့တော့ ကျွန်မတို့ ကျောင်းရဲ့ အားသာချက်လေးတွေကို ပြောပြချင်ပါတယ်။ ကျွန်မတို့ကျောင်းလေးက မုံရွာမြို့ ရတနာပုံရပ်ကွက်ထဲက မူကြိုကျောင်းအသေးလေးပါပဲ။ လုံခြုံတဲ့ ခြံဝန်းကျယ်ထဲမှာ Outdoor Playground လှလှလေးရှိပြီး ကလေးဦးရေကို ဝင်ဆံ့သလောက်သာ လက်ခံသင်ကြားမှာမို့ ကလေးတိုင်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းခွင့် ဖွံ့ဖြိုးခွင့်ရမယ့် ကျောင်းလေးဖြစ်ပါတယ်။
ကျောင်းအတွင်း ဧရိယာကို ခြင်လုံဇကာပြည့် တပ်ဆင်ထားပြီး သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်တာမို့ ကျောင်းဖွင့်ရက်မနက်တိုင်း အတွင်းရော အပြင်သာမက Basin, Toilet ပါမကျန် အင်မတန်သန့်ရှင်းတဲ့ နေရာလေးအဖြစ် မြင်တွေ့ရမှာပါ။
အထူးအားဖြင့် အားသာတာကတော့ ကျွန်မတို့ကျောင်းဟာ ကလေးတစ်ယောက်ခြင်းစီရဲ့ ဖွံ့ဖြိုးမှု၊ ကိုယ်ရည်ကိုယ်သွေး၊ တတ်မြောက်မှု၊ ပင်ကိုယ်ဗီဇ၊ စိတ်အားသန်ရာများအပေါ် မူတည်ပြီး တစ်ယောက်ချင်းစီအတွက် သီးသန့် Program နဲ့ သင်ကြားပါတယ်။ ကလေးအုပ်စုအလိုက် ဒီနေ့မှာ ဒါသင်မယ်ရယ်လို့ တရားသေသတ်မှတ်ထားတဲ့ သင်ရိုးမျိုးနဲ့ မသင်ပါဘူး။ အဲဒါကြောင့် ကလေးတစ်ယောက်ခြင်းစီဟာ နွေးထွေးမှု စိတ်လုံခြုံမှုကိုယ်စီနဲ့ ဖွံ့ဖြိုးမှုတွေ ရရှိကြပါတယ်။
ထပ်ပြီးရှင်းပြရမယ်ဆိုရင် ကျွန်မတို့က ကလေးလေးတွေ တစ်ယောက်ချင်းစီကို သူ့ရဲ့ ဖွံ့ဖြိုးမှုပန်းတိုင်တွေဆီကို နွေးထွေးစွာနဲ့ ဖေးမခေါ်ဆောင်ပါတယ်။ ကလေးလေးတွေရဲ့ ဖွံ့ဖြိုးမှု Milestones လေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အားသာနေတာရှ်ိသလို အယောက်တိုင်းဟာ အားနည်းနေသေးတာလေးတွေ ရှိတတ်ပါတယ်။ ကလေးရဲ့ အားနည်းနေတဲ့ တစ်စိတ်တစ်ပိုင်းကို မြင်အောင်ကြည့်ပြီး ကလေးဟာ သူကိုယ်တိုင်တောင် အားနည်းနေမှန်း မသိလိုက်ရဘဲ ကျွန်မတို့ရဲ့ Unconditional Love (သူ့ရဲ့ဖြစ်တည်မှုအပေါ် လက်ခံပြီး ပြည့်ဝစွာ ချစ်ခင်စောင့်ရှောက်ခြင်း) နဲ့ Non Judgemental Environment (ဝေဖန်မှုမပါဘဲ အားပေးတဲ့ ပတ်ဝန်းကျင်အဖြစ် ဖော်ဆောင်ထားခြင်း)တို့ကြောင့် စိတ်သက်သောင့်သက်သာနဲ့ ပျော်ရွှင်စွာ ကြီးပြင်းခွင့်ရကြပါတယ်။ ဖွံ့ဖြိုးခွင့်ရရှိကြပါတယ်။
အဲဒီလို သင်ကြားပေးဖို့ မလွယ်ပါဘူး။ ခက်ပါတယ်။ ဒါပေမယ့် ကျွန်မက Counseling Training ကို Advanced level အထိ Certified ဖြစ်ထားပြီးသား Founder တစ်ယောက်ဖြစ်လို့ ကျွန်မရဲ့ အနီးကပ် ကြီးကြပ်မှုအောက်မှာ ဆရာမတွေအားလုံး ကျွန်မရဲ့ အာဘော်အတိုင်း သင်ကြားပေးတာမို့လို့ စိတ်ချလက်ချ အပ်လို့ရပါတယ်။ အထူးအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေသေးတဲ့ ကလေးလေးတွေ၊ လူကြောက်တတ်တဲ့ ကလေးလေးတွေ၊ မြန်မာစကား ရေလည်စွာ မပေါက်တဲ့ တိုင်းရင်းသားလေးတွေဆိုရင် ကျွန်မတို့ဆီမှာ တအားကို ဖွံ့ဖြိုးလာတာ လက်တွေ့ရှိတာမို့ သိချင်တာရှိရင် အားမနာတမ်း မေးလို့ရပါတယ်။ ကလေးတစ်ယောက်ချင်းစီရဲ့ ဖွံ့ဖြိုးမှုအလိုက် သင်ကြားတယ်ဆိုတာ ပိုပြီးအားစိုက်ရပေမယ့် ကျွန်မကတော့ ကလေးလေးတွေအတွက် အလွန်တရာပျော်မွေ့စရာ ကောင်းတဲ့ Learning Pathway ဖြစ်တာမို့ ဆက်လုပ်နေဦးမှာပါ။ ဒီလိုမျိုးသင်ကြားပုံမျိုးကို လက်သင့်ခံတဲ့ မိဘကလည်းရှားပါတယ်။ ကိုယ့်ကလေးကို အင်မတန် အထူးဂရုစိုက်ပြီး ကလေးစိတ်ခံစားချက်ကောင်းတာကို အလိုရှိတဲ့ မိဘမျိုးကသာ ကျွန်မတို့နဲ့ လက်တွဲနိုင်တာပါ။
ဥပမာ ပြောပြရမယ်ဆို မူကြိုအောက်ကလေးလေးတွေကို Assessment တွေ ယူပြီး Results တွေ ထုတ်ပေးပစ်လိုက်တာ၊ အရောင်ခြယ်တာကိုကအစ ပြိုင်ပွဲတွေလုပ် Rewards တွေ ပေးတာမျိုးတွေကို ကျွန်မကတော့ မနှစ်သက်ပါဘူး။ ဒါတွေက ဒီလောက် ငယ်ရွယ်သေးတဲ့ ကလေးလေးတွေရဲ့ Ability တွေ မညီမျှကြသေးတဲ့ အချိန်မှာ အားနည်းတဲ့ ကလေးလေးတွေကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဝန်ပိစေတယ်လို့ ကျွန်မက မြင်ပါတယ်။ ကျောင်းတွေက ဘာလို့ လုပ်နေကြသလဲဆိုရင် မိဘတွေက အဲဒီလို Activities တွေ တရုန်းရုန်းနဲ့ ဖြစ်တာကို ကြိုက်ကြလို့ပါ။ Assessment တစ်ခုယူပြီး Results တွေ ပေးလိုက်တိုင်း သူ့ရဲ့ ဖြစ်တည်မှုအပေါ် အားငယ်သွားမယ့်၊ Confidence တွေ ကျသွားမယ့်၊ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်သွားနိုင်တဲ့ အရာတွေရှိနေတာမို့ ကျွန်မကတော့ ကလေးလေး တစ်ယောက် လျော့နေရင်တောင် သူကိုယ်တိုင်မသိလိုက်ဘဲ ပျော်ပျော်ရွှင်ရွှင် သင်ယူရင်း တိုးတက်မယ့် လမ်းကြောင်းပေါ်ပဲ တင်ပေးမှာပါ။
ဒီစာကို ဖတ်ပြီး သဘောကျတဲ့ မိဘမျိုးကို ကျွန်မဆီထားဖို့ ပိုအဆင်ပြေတဲ့အကြောင်း သတင်းပါးပေးချင်ပါတယ်။ ဒီနေ့တော့ စာက ရှည်သွားလို့ ဒီလောက်ပါပဲ။ နောက်နေ့မှ ထပ်ဆွေးနွေးကြတာပေါ့နော်။