14/06/2021
Figure of speech
အင်္ဂလိပ်စာကိုလေ့လာရတာဟာ လွယ်မလိုလိုနဲ့ခက်တဲ့အရာတစ်ခုဖြစ်ပါတယ်။ listeningနဲ့ readingမှာ levelတစ်ခုကို ရောက်လာပေမယ့် အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါ၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တဲ့အခါ ရယ်ရမယ့်နေရာတွေမှာ မရယ်တတ်ပဲ အူတူတူဖြစ်နေမိတာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။
ဒါကလည်း အထူးအဆန်းမဟုတ်ပါဘူး။ ကျွန်တော်ဆိုရင် ခနခနဖြစ်ပါတယ်။ ပြန်နားထောင်ရတာ၊ ပြန်ဖတ်ရတာတွေလုပ်ရပါတယ်။ ဒါပေမယ့်လည်း စာလုံးတွေရဲ့အဓိပ္ပာယ်ကိုသာသိပြီး သူတို့လူမျိုးတွေရဲ့ထုံးစံကို မသိတဲ့အခါ ပိုပြီး ကြောင်တောင်တောင်နိုင်လှပါတယ်။ ဒါကြောင့် ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ ''ဘာသာစကားရဲ့အထာ''(knack of the knowledge)ကိုသိထားဖို့ ကိစ္စကလည်း အရေးကြီးပါတယ်။
ကျွန်တော့်အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါမယ်။ အဖြစ်အပျက်က (pun)လို့ခေါ်တဲ့ အင်္ဂလိပ်စကားဖန်တွေနဲ့ပတ်သက်ပါတယ်။ မန်းလေး ၂၆လမ်းပေါ်မှာ Jefferson Centerဆိုတာရှိပါတယ်။ အင်္ဂလိပ်စာကိုစိတ်ဝင်စားသူတိုင်း(နီးပါး) သိတဲ့နေရာ တစ်ခုပါ။ ကျွန်တော်မန်းလေးမှာနေတုန်းက စနေ၊ တနင်္ဂနွေနေ့တိုင်း JCကို ရောက်ဖြစ်ပါတယ်။ အပေါ်ထပ်က အခန်းတစ်ခုထဲမှာ discussionဝိုင်းလေးရှိပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ၊ နယ်ပယ်စုံက အင်္ဂလိပ်စာစိတ်ဝင်စားသူတွေ စုဝေးပြီး topicတစ်ခုကို အင်္ဂလိပ်လို ဝိုင်းဖွဲ့ဆွေးနွေးကြတာဖြစ်ပါတယ်။ တစ်ရက် စကားပြောကြတော့ ဆရာဝန်တစ်ယောက်က ရယ်စရာတစ်ခု ထည့်ပြောပါတယ်။ သူပြောတာက ''6 is afraid of 7 because 7 8 9''တဲ့။ သုံးလေးယောက်ထက်ပို မရယ်ကြပါဘူး။ ကျွန်တော်လည်း ရယ်ရကောင်းမှန်းမသိပါဘူး။ အူကြောင်ကြောင်နဲ့ပေါ့။
ဒါဟာ အင်္ဂလိပ်စကားဖန်တစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းရှင်းလင်းချက်ကို နံပါတ် (12)မှာကြည့်ပါ။ စကားဖန်(pun)တွေအပါအဝင် အင်္ဂလိပ်စာမှာ သုံးတဲ့ Figure of speechအကြောင်းကို ပြောပါမယ်။
''Figure of speech''ဆိုတာ ကိုယ်ပြောချင်၊ ရေးချင်တဲ့အကြောင်းအရာကို ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်းဖြစ်အောင် သုံးနှုန်းတဲ့အသုံးအနှုန်းတွေကို ဆိုလိုပါတယ်။ ဒီလိုသုံးနှုန်းပြောဆိုမှုမှာပါဝင်တဲ့ စကားလုံးတွေရဲ့အဓိပ္ပာယ်ဟာ မူရင်းအဓိပ္ပာယ်(literal meaning)နဲ့ မတူပါဘူး။
Figure of speechကို အသုံးပြုတဲ့အခါ ကိုယ်ပြောတဲ့စကားကို နားထောင်ရတဲ့သူ ဒါမှမဟုတ်ကိုယ်ရေးတဲ့စာကို ဖတ်ရတဲ့သူဟာ စိတ်ထဲမှာ ဆိုလိုရင်းကို ကွက်ကွက်ကွင်းကွင်း ပုံပေါ်ပါတယ်။
Figure of speechဟာ ''စကားလုံးတစ်လုံး'' (a single word)လည်းဖြစ်နိုင်သလို ''စကားစုတစ်စု'' (a phrase)လည်း ဖြစ်နိုင်ပါတယ်။
ဘာသာစကားတိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့ figure of speechတွေရှိကြပါတယ်။ အင်္ဂ လိပ်စာမှာလည်း figure of speechတွေ ပုံစံမျိုးစုံနဲ့ရှိပြီး အဲ့ဒါတွေထဲက တစ်ခုချင်းစီကို အောက်မှာ ရှင်းပြပေးပါ့မယ်။
1️⃣ Alliteration
Alliterationဆိုတာ မြန်မာလို ''သံတူအစ အက္ခရာပါ ပုဒ်တို့ဖြင့် စကားရပ်ဖွဲ့စည်းခြင်း''လို့ အဓိပ္ပာယ်ရပါတယ်။ Donald Duck, Cold coffee, Jackrabbits jump and jiggle jauntilyစတာတွေဟာ alliterationတွေဖြစ်ပါတယ်။
အထက်တန်းအဆင့်မှာ သင်ရတဲ့ အင်္ဂလိပ်ကဗျာဆရာWilliam Wordsworthရဲ့ Daffodilsဆိုတဲ့ကဗျာမှာ Alliterationတွေပါပါတယ်။
''I wandered 𝗹onely as a c𝗹oud,'' (𝗹)
''𝗕eside the lake, 𝗯eneath the tree,'' (𝗯)
(Daffodilsရဲ့ မူရင်းအမည်က ''I wandered lonely as a cloud''ဖြစ်ပါတယ်။)
2️⃣ Metaphors
အိမ်ဧည့်ခန်းကရှုပ်ပွနေတဲ့အခါ အိမ်ရှင်မက ''This house is a zoo.''လို့ပြောရင် အိမ်က တကယ့်တိရစ္ဆာန်ဥယျာဉ်ဖြစ်သွားတာမဟုတ်ပါဘူး။ ဒါကို တင်စားမှု၊ ဥပစာ (metaphor)လို့ ခေါ်ပါတယ်။ အိမ်ရှင်မက သူ့အိမ်ဟာ တိရစ္ဆာန်တွေနေတဲ့နေရာလို ရှုပ်ပွတဲ့နေရာတစ်ခုအဖြစ် ခိုင်းနှိုင်းလိုက်တာဖြစ်ပါတယ်။ ဒီလိုပြောခြင်းအားဖြင့် နားထောင်ရသူရဲ့စိတ်ထဲမှာ အိမ်ဟာ ဘယ်လောက် ညစ်ပတ်ရှုပ်ပွနေသလဲဆိုတာ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။
မိန်းကလေးတစ်ယောက်က ကိုယ့်ကိုလွယ်လွယ်နဲ့ပြန်မချစ်ရင် ''She has a heart of stone.''လို့ပြောတတ်ကြပါတယ်။ အသဲမာတယ်ပေါ့။ ဒါဟာလည်း metaphorတစ်ခုပါပဲ။ dirty pig(ညစ်ညစ်ပတ်ပတ်နေတဲ့သူ)၊ having two left feet (အကဖျင်းတဲ့ ကချေသည်)စတာတွေဟာလည်း metaphorတွေ ဖြစ်ကြပါတယ်။
3️⃣ Personification
Personificationဆိုတာကတော့ ''လူမဟုတ်တဲ့အရာ(တိရစ္ဆာန်၊ အပင်၊ အရာဝတ္ထု)တွေကို လူတွေလိုမျိုး ခိုင်းနှိုင်းသုံးနှုန်းခြင်း''ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် လူတွေရဲ့လှုပ်ရှားမှုတွေကို အဲဒီအရာတွေနဲ့ လှလှပပပေါင်းစပ်ပေးလိုက်တာပါ။
''The flowers nodded their heads cheerfully.''ဆိုတဲ့ ဝါကျမှာ nodded(ခေါင်းငြိမ့်တယ်)ဆိုတဲ့အသုံးဟာ ပန်းကို လူလိုသဘောဖြစ်အောင် သုံးထားတာဖြစ်ပါတယ်။ အမှန်တကယ် ပန်းကတော့ ဘယ်လိုလုပ် ခေါင်းငြိမ့်တတ်မှာလဲ။ ဒါဟာ Personificationဖြစ်ပါတယ်။
''laughing flowers'' ''howling wind''စတာတွေဟာ Personificationတွေဖြစ်ကြပါတယ်။ opportunity knocking at the doorဆိုတဲ့ လူသုံးများတဲ့ စကားစုဟာလည်း Personificationပါပဲ။
William Wordsworthရဲ့ Daffodilsကဗျာမှာပါတဲ့ ''Tossing their heads in sprightly dance.''ဟာလည်း Personificationဖြစ်ပါတယ်။
4️⃣ Onomatopoeia
Onomatopoeiaဆိုတာ ''မြည်သံစွဲအလင်္ကာ''ဖြစ်ပါတယ်။ tinkle(တချွင်ချွင်မည်သည်)ဆိုတဲ့ စကားလုံးဟာ onomatopoeiaဖြစ်ပါတယ်။ beep, groan, click, ding-dongဆိုတဲ့ စကားလုံးတွေအားလုံးဟာ onomatopoeiaတွေဖြစ်ကြပါတယ်။ beepဟာ နှိုးစက်မြည်တာလိုမျိုး တတီတီမြည်တဲ့ အသံကို အစွဲပြုထားတာပါ။
မြန်မာက ''တီ တီ တီ တီ''ကိုအစွဲပြုပြီး တတီတီမြည်တယ်လို့ပြောသလို သူတို့ကလည်း ''beep beep beep beep''ဆိုတဲ့ အသံကိုအစွဲပြုပြီး beepလို့ သုံးစွဲတာပါပဲ။
5️⃣ Simile
Simileကတော့ ''ဥပမာအလင်္ကာ''ဖြစ်ပါတယ်။ simileမှာ (as Adj/Adv as) သို့ likeဆိုတဲ့ စကားလုံးလေးတွေနဲ့ တွဲသုံးတတ်ကြပါတယ်။ as brave as the lion(ခြင်္သေ့လိုရဲရင့်တယ်)ဆိုတာ simileတစ်ခုဖြစ်ပါတယ်။ အဲ့ဒီလိုပါပဲ as sharp as a knife, as black as coal, as cold as ice, eat like a horseတွေဟာ simileတွေဖြစ်ကြပါတယ်။
6️⃣ Oxymoron
''ဆန့်ကျင်ဘက်အဓိပ္ပာယ်ရှိတဲ့ စကားလုံးနှစ်ခုကိုတွဲပြီးသုံးတာကို oxymoronလို့ခေါ်ပါတယ်။ လူသိများတဲ့ စကားလုံးတစ်ခုဖြစ်တဲ့ 'bittersweet'ဟာ Oxymoronတစ်ခုပါပဲ။ Whitney Hustonရဲ့ I will always love youသီချင်းထဲမှာပါတဲ့ bitter-sweet memory(ကြည်နူးမှုလေးတွေရော ဝမ်းနည်းမှုလေးတွေရော ရောယှက်နေတဲ့ အတိတ်ကအဖြစ်အပျက်)ဆိုတာ ဒီoxymoronကိုသုံးထားတာပါပဲ။
alone together, deafening silence, living deadစတာတွေဟာ oxymoronတွေဖြစ်ပါတယ်။
7️⃣ Hyperbole
Hyperboleကို မြန်မာလိုတော့ ''အတိသယဝုတ္တိအလင်္ကာ''လို့ ခေါ်ပါတယ်။ exaggerated statements for effect (စကားလုံးထိရောက်မှုရှိအောင် ဖြစ်နိုင်တာထက်ပိုပြီး အလွန်အကြူးရေးဖွဲ့မှု)လို့အဓိပ္ပာယ်ရပါတယ်။
I have told you a million times. (မင်းကို အကြိမ်ပေါင်းသန်းချီပြောခဲ့ဖူးတယ်)ဆိုတဲ့စကားဟာ hyperboleဖြစ်ပါတယ်။ တကယ်တော့ အကြောင်းအရာတစ်ခုကို အကြိမ်ပေါင်းသန်းချီပြောတာဟာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြောသူဟာ နားထောင်သူ(အထူးသဖြင့် အပြစ်တင်လိုသူ)ကို သူဒီအကြောင်းကို ထပ်ကာထပ်ကာ ပြောခဲ့ကြောင်းကို သိသာထင်ရှားစေချင်လို့ သုံးနှုန်းရခြင်းဖြစ်ပါတယ်။
'My mum always cooks enough food to feed an army.'ဆိုတဲ့ ဝါကျဟာ hyperboleဖြစ်ပါတယ်။
'What have you got in this jacket; it weighs a ton?'ဆိုတဲ့ဝါကျဟာလည်း hyperboleဖြစ်ပါတယ်။
7️⃣ Cliche
Clicheကို 'ကလီရှေး'လို့အသံထွက်ရပါတယ်။ (machine, chef, parachuteစတဲ့ ပြင်သစ်ကမွေးစားတဲ့ အင်္ဂလိပ်စာလုံးတော်တော်များများမှာ ch သံကို shသံအနေနဲ့ထွက်ရပါတယ်။) အဓိပ္ပာယ်ကတော့ အဖန်တရာတေနေတဲ့ စကားဖြစ်ပါတယ်။ ''အဖန်တရာတေအောင်သုံးလွန်းလို့ မူရင်းအဓိပ္ပာယ်ကိုတောင် မဖမ်းမိနိုင်အောင်ဖြစ်ရတဲ့ စကား''တွေကို clicheလို့ခေါ်ပါတယ်။
All is fair in love and war. (အချစ်နဲ့စစ်မှာ မတရားတာမရှိ) A women’s place is in the kitchen. (မိန်းမတွေအလုပ်က ချက်ပြုတ်ဖို့ပဲ)ဆိုတဲ့ သုံးနှုန်းပြောဆိုမှုတွေဟာ clicheတွေ ဖြစ်ပါတယ်။
8️⃣ Repetition
''စကားတစ်ခွန်းထဲကို ထပ်ခါထပ်ခါ ပြောခြင်း''ကို repetitionလို့ခေါ်ပါတယ်။ ကိုယ်ပြောတဲ့စကားကို အလေးထားစေချင်တဲ့အခါ၊ တန်ဆာဆင်မှုတစ်ခုအနေနဲ့ (အထူးသဖြင့် ပြဇာတ်၊ ရုပ်ရှင်၊ ဝတ္ထုတွေမှာ)သုံးနှုန်းတဲ့အခါ ဒီလိုပုံစံမျိုးတွေကို သုံးပါတယ်။
''I’m telling you I won’t do it; I simply won’t do it.''
''Let it snow, let it snow, let it snow.''
''He told me about it, years and years and years ago.''စတဲ့ ဝါကျတွေမှာ repetitionတွေသုံးထားတာကို မြင်နိုင်ပါတယ်။
9️⃣ Rhetorical question
Rhetorical questionဟာ ဖြေစရာမလိုတဲ့မေးခွန်းဖြစ်ပါတယ်။ လူတိုင်းသိတဲ့အရာကို မေးခွန်းလုပ်ပြီးမေးတာမျိုးမို့လို့ပါ။ စကားပြောသူ သို့ စာရေးသူဟာ ဒီမေးခွန်းရဲ့အဖြေကိုသိချင်တာမျိုးမဟုတ်ဘဲ သူပြောချင်၊ ရေးချင်တဲ့အကြောင်းအရာကို လေးနက်အောင်၊ ထင်ရှားအောင်လုပ်တဲ့ dramatic effectအနေနဲ့ rhetorical questionတွေကို သုံးပါတယ်။
''Can pigs fly?'' ''Is the Pope a Catholic?''စတာတွေဟာ rhetorical questionတွေဖြစ်ပါတယ်။ ဒီဝါကျတွေကိုတော့ တစ်ကြောင်းခြင်းထက် စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာမျိုးတွေမှာ ရှေ့စကား နောက်စကား ဆက်စပ်စဉ်းစားရမယ့်အကြောင်းအရာ(context)ပေါ်မူတည်ပြီး လေ့လာရင် ပိုကောင်းပါတယ်။
1️⃣0️⃣ Three Part List
စကားလုံး(သို့)စကားစု သုံးခုကို စုပြီးသုံးတာပါ။ Rule of threeလို့လည်းခေါ်ကြပါသေးတယ်။ စင်မြင့်ထက်စကားပြောသူတွေ (public speaker)တွေ အသုံးများတဲ့ ပုံစံဖြစ်ပါတယ်။ တချို့ စကားပြောကောင်းသူတွေလည်း ဒီပုံစံကို သုံးတတ်ကြပါတယ်။ ဥပမာအားဖြင့် Snap, crackle and pop (ကျွတ်ကနဲ၊ ဖြတ်ကနဲ၊ ဖောက်ကနဲ)ဆိုတဲ့ စကားဟာ three Part listဖြစ်ပါတယ်။
William Shakespeareရဲ့ Julius Caesarပြဇာတ်ထဲက ''I came, I saw, I conquered.'' (လက်တင်လိုVeni, vidi, vici)ဟာလည်း three Part list တစ်ခုပါပဲ။
1️⃣1️⃣ Rhyme
ကာရံမိမိ ရေးတဲ့စာ ဒါမှမဟုတ် ပြောတဲ့စကားဟာ ဖတ်လို့ နားထောင်လို့ အလွန်ကောင်းပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်ကနေစတင်ခဲ့တဲ့ 7-elevenဟာ ကာရံမိမိပေးထားတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။
ဂျာမန်စားသောက်ကုန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hariboရဲ့ ကြေညာဆောင်ပုဒ်(slogan)ဖြစ်တဲ့ ''Kids and grown-ups love it so, the happy world of Haribo.''ဟာ ကာရံမိတဲ့ စာကြောင်းလေးပါပဲ။
လူသိများတဲ့ စကားပုံတစ်ခုဖြစ်တဲ့ 'Birds of a feather, stick together.' (သူတော်ချင်းချင်း သတင်းလွေ့လွေ့)မှာလည်း rhymeကို တွေ့နိုင်ပါတယ်။
1️⃣2️⃣ Pun
Punကို မြန်မာလိုတော့ 'စကားဖန်'လို့ခေါ်ကြပါတယ်။ အဓိပ္ပာယ်နှစ်ခွထွက်တဲ့ စကားလုံးတစ်လုံး ဒါမှမဟုတ် အသံထွက်တူပြီး အဓိပ္ပာယ်မတူတဲ့စကားလုံးတစ်လုံးကိုသုံးပြီး ဟာသလုပ်တာမျိုးကို ဆိုလိုပါတယ်။ ကလေးတွေ နောက်ပြောင်ဆော့ကစားတဲ့နေရာမှာအသုံးများပါတယ်။
မြန်မာလိုဥပမာအနေနဲ့ ''မင်းစာတွေကျွမ်းပြီလား''လို့မေးတဲ့အခါ ''ကျွမ်းပြီးတူးကုန်ပြီ''လို့ပြောတာမျိုးပါ။ ''ကျွမ်း''ဆိုတဲ့ စကားလုံးဟာ ''ကျွမ်းကျင်''တာနဲ့ ''ကျွမ်းလောင်''တာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါကို စကားဖန်(pun)လို့ ခေါ်တာပါပဲ။
အထက်မှာပြောခဲ့တဲ့ ''6 is afraid of 7 because 7 8 9''မှာ 8 (eight) ဟာ ate(စားတယ်)ဆိုတဲ့ စကားလုံးနဲ့ အသံထွက်တူပြီး အဓိပ္ပာယ်ကွဲပါတယ်။ ''7ဟာ 9ကို စားပစ်လိုက်လို့ 6က 7ကို ကြောက်ရရှာတယ်''လို့ အဓိပ္ပာယ်ထွက်နေပါတယ်။ ဒါဟာ အင်္ဂလိပ်ဘာသာစကားရဲ့ အထာ (knack)ကို နားလည်မှ ရယ်ရမယ့် ဟာသစကားဖန်လေးပါပဲ။
တနေ့က Sherlockဇာတ်လမ်းတွဲတွေ ကြည့်မိတော့ လူသတ်သမားဖြစ်တဲ့ ပရဟိတသမား သူဌေးကြီးက သူ့ကို Sherlock Holmesက စိတ္တဇလူသတ်သမား(Serial killer)လို့စွတ်စွဲတဲ့ စွတ်စွဲချက်ကို punတစ်ခုလုပ်ပြီး ချေပပါတယ်။ တီဗီအစီအစဉ်တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူဌေးကြီးက cereal(နှံစားနဲ့လုပ်ထားတဲ့ မနက်စာ)အထုတ်လေးကို ကိုင်ပြီး ''I am not a serial killer. I am a cereal killer.''လို့ ပြောပါတယ်။ serial နဲ့ cerealနဲ့ဟာ အသံထွက်အတူတူပါပဲ။
အင်္ဂလိပ်punတွေကို မြန်မာလို ဘာသာပြန်ဆိုလို့ မရပါဘူး။ တိုက်ရိုက်အဓိပ္ပာယ်ပြန်လိုက်ရင် မရီရတော့ပါဘူး။ translatorတွေ အလုပ်မဖြစ်တာ ဒီအပိုင်းမှာဖြစ်ပါတယ်။ ဘာသာစကားတိုင်းကို စက်ပစ္စည်းအကူအညီနဲ့ ရာနှုန်းပြည့် ဘာသာပြန်လို့မရပါဘူး။
စာလည်းတော်တော်ရှည်ပြီမို့ ဒီတင်ပဲ နားပါဦးမယ်။ နောက်ပိုင်း စိတ်လိုလက်ရရှိပြီးကြုံကြိုက်တဲ့အခါ ကျန်ရှိနေသေးတဲ့ Figure of speechတွေအကြောင်းကို ဆက်ရေးပေးပါ့မယ်။
ကျွန်တော့်စာဟာ အထူးသဖြင့် အင်္ဂလိပ်စာကိုစိတ်ဝင်စားတဲ့ ကျောင်းသား၊ သူတွေအတွက် ရည်ရွယ်ပါတယ်။
စာဖတ်ရလို့ တစ်ခုခုရရင် ကျေနပ်ပါပြီ။
Sincerely,
Saya Minn Thant
B.Ed. (ELT), (Sagaing University of Education)
Certificates in TKT (Cambridge University)
Reference
https://www.theidioms.com/figure-of-speech/