Khin Chaw Su Htun

Khin Chaw Su Htun Female

23/02/2024
18/02/2024

ဝိဂတပစ္စယော
____________

"ဝိဂတ" ဆိုသည်မှာ ကင်းကွာခြင်းဟု အဓိပ္ပါယ်ရ၏။ အကြာင်းတရားက အကျိုးတရားကို ကင်းကွာခြင်းဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။ " မကင်းကွာမှ ကျေးဇူးပြုလို့ ရမှာပေါ့၊ ကင်းကွာနေရင် ဘယ်လိုလုပ် ကျေးဇူးပြုမလဲ" ဟု စဉ်းစားဘွယ်ပင်။ သို့သော် လောကကြီးမှာ ကင်းကွာမှုကနေ ကျေးဇူးပြုနေသည့်အရာများ မြောက်များစွာ ရှိ၏။

နံနက်ခင်း အရုဏ်တက်သည့်အခါ အမှောင်ထု ကွယ်ပျောက်ပြီး အလင်းရောင် ဖြစ်ပေါ်လာလေသည်။ အမှောင်ထု ရှိနေလျှင် အလင်းဆိုသည်မှာ မရှိနိုင်။ အမှောင်ထုကြီး ကင်းကွာ သွားတော့မှ အလင်းရောင် ဖြစ်ပေါ်လာ၏။ အမှောင်ထု ကင်းကွာခြင်းက အလင်းရောင် ဖြစ်ပေါ်ဖို့အတွက် အခွင့်အလမ်း ဖြစ်သွား၏။ ဤသဘောတရားကိုပင် ကင်းကွာခြင်းက ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

ထိုနည်းတူစွာ ရှေ့စိတ် ကင်းကွာသွားမှ နောက်စိတ်က ဖြစ်ခွင့် ရှိ၏။ ရှေ့စိတ် ဖြစ်နေလျှင် နောက်စိတ် ဖြစ်ခွင့် မရှိပါ။ ထို့ကြောင့် ရှေ့စိတ်ကင်းကွာ သွားခြင်းသည်ပင် နောက်စိတ်ဖြစ်ဖို့အတွက် အခွင့်အရေး ဖြစ်သွား၏။ ရှေ့စိတ် ကင်းကွာခြင်းက နောက်စိတ်ကို ကျေးဇူးပြု၏ဟု ဆိုလိုသည်။

ထို့ကြောင့် ချုပ်သွားသော ရှေ့စိတ် ( နာမ်) သည် အကြောင်းတရား၊ ဖြစ်ပေါ်လာသော နောက်စိတ် ( နာမ်) သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " ဝိဂတပစ္စည်း" ဟု ခေါ်သည်။

နတ္ထိနှင့် ဝိဂတ
----------------

"ဝိဂတ- ကင်းခြင်း" ဟူသည် " နတ္ထိ - မရှိခြင်း" ပင် ဖြစ်၏။ ထို့ကြောင့် "နတ္ထိပစ္စည်း" နှင့် "ဝိဂတပစ္စည်း" တို့သည် သဘော အဓိပ္ပါယ်ချင်း တူ၏။ စကားလုံးပဲ ကွဲပါသည်။

အမှန်ကား "ဝေနေယျဇ္စျာသယ" အားဖြင့် " ဝိဂတပစ္စယော" ကို ဟောကြားခဲ့ခြင်း ဖြစ်သည်။ သဘောအဓိပ္ပါယ်က ထူးခြားသောကြောင့် ဟောကြားခဲ့ခြင်း မဟုတ်ပါ။

" ဝေနေယျဇ္စျာသယ" ဆိုသည်မှာ သတ္တဝါတို့၏ အလိုဆန္ဒဟု အဓိပ္ပါယ် ရ၏။ တချို့က "နတ္ထိပစ္စယော" ဟု ဟောမှ နားလည်၏။ တချို့က "ဝိဂတပစ္စယော" ဟု ဟောမှ နားလည်၏။ သူ့အကြိုက်နှင့် သူပင် ဖြစ်သည်။ ဤသဘောတရားကိုပင် "ဝေနေယျဇ္စျာသယ" ဟု ဆိုပါသည်။

ပါဠိနှင့် ဘာသာပြန်
-----------------

သမနန်တရဝိဂတာ စိတ်တစတေသိကာ ဓမ်မာ ပဋုပ်ပန်နာနံ စိတ်တစတေသိကာနံ ဓမ်မာနံ ဝိဂတပစ်စယနေ ပစ်စယော။

သမနန္တရဝိဂတာ- မိမိ၏အခြားမဲ့၌ ကောင်းစွာ ကင်းကုန်ပြီးသော။ စိတ္တ စေတသိကာ - စိတ် စေတသိက်ဖြစ်ကုန်သော။ ဓမ္မာ - တရားတို့သည်။

ပဋုပ္ပန္နာနံ - အကြောင်းကို စွဲ၍ ဖြစ်ကုန်သော။ စိတ္တစေတသိကာနံ - စိတ် စေတသိက်ဖြစ်ကုန်သော။ ဓမ္မာနံ - တရားတို့အား။ ဝိဂတပစ္စယေန - ဝိဂတပစ္စယ သတ္တိဖြင့်။ ပစ္စယော - ကျေးဇူးပြုသည်။ ဟောတိ - ဖြစ်ပါပေ၏။

အကြောင်းအကျိုး
---------------

စိတ် ၈၉- ပါးတွင် တချို့စိတ်သည် အရှိန် ကောင်း၏။ တချို့စိတ်သည် အရှိန်မကောင်း။ အရှိန်ကောင်းသည့် စိတ်ကို " ဇောစိတ်" ဟု ခေါ်သည်။ ဇောစိတ်တို့သည် အများအားဖြင့် အကြိမ်များစွာ ဖြစ်လေ့ရှိသည်။ အကြိမ်များစွာ ဖြစ်သော်လည်း အလွန်ဆုံး ၇- ကြိမ်သာ ဖြစ်၏။

ထိုဇောစိတ် ၇- မျိုးတွင် ပဋ္ဌမဇောစိတ်ချုပ်မှ ဒုတိယဇောစိတ် ဖြစ်၏။ ထို့ကြောင့် ပဋ္ဌမဇောစိတ်သည် အကြောင်း၊ ဒုတိယဇောစိတ်သည် အကျိုး ဖြစ်၏။

ဒုတိယဇောစိတ်ချုပ်မှ တတိယဇောစိတ် ဖြစ်၏။ ထို့ကြောင့် ဒုတိယဇောစိတ်သည် အကြောင်း၊ တတိယဇောစိတ်သည် အကျိုး ဖြစ်၏။

တတိယဇောစိတ်ချုပ်မှ စတုတ္ထဇောစိတ် ဖြစ်၏။ ထို့ကြောင့် တတိယဇောစိတ်သည် အကြောင်း၊ စတုတ္ထဇောစိတ်သည် အကျိုး ဖြစ်၏။

စတုတ္ထဇောစိတ်ချုပ်မှ ပဉ္စမဇောစိတ် ဖြစ်၏။ ထို့ကြောင့် စတုတ္ထဇောစိတ်သည် အကြောင်း၊ ပဉ္စမဇောစိတ်သည် အကျိုး ဖြစ်၏။

ပဉ္စမဇောစိတ်ချုပ်မှ ဆဋ္ဌမဇောစိတ် ဖြစ်၏။ ထို့ကြောင့် ပဉ္စမဇောစိတ်သည် အကြောင်း၊ ဆဋ္ဌမဇောစိတ်သည် အကျိုး ဖြစ်၏။

ဆဋ္ဌမဇောစိတ်ချုပ်မှ သတ္တမဇောစိတ် ဖြစ်၏။ ထို့ကြောင့် ဆဋ္ဌမဇောစိတ်သည် အကြောင်း၊ သတ္တမဇောစိတ်သည် အကျိုး ဖြစ်၏။

လိုရင်းအနှစ်ချုပ်ကား ချုပ်သွားသည့် ရှေ့စိတ်သည် အကြောင်း၊ ဖြစ်ပေါ်လာသည့် နောက်စိတ်သည် အကျိုး ဖြစ်၏။ ထို့ကြောင့် ဝိဂတပစ္စည်းသည် အကြောင်းကလည်း နာမ်တရား အကျိုးကလည်း နာမ်တရား ဖြစ်ပါသည်။

ကင်းကွာခြင်းက ကျေးဇူးပြု
------------------

ဓမ္မနယ်ပယ်မှာသာ "ဝိဂတ" ရှိသည် မဟုတ်ပါ။ လောကနယ်ပယ်မှာလည်း "ဝိဂတ" ရှိသည်ပင် ဖြစ်၏။ ကင်းကွာခြင်းက ကျေးဇူးပြုခြင်းသည် " ဝိဂတပစ္စည်း" ပင်တည်း။

လူစိတ်သည် နီးလျှင် တန်ဖိုး မသိ။ ဝေးသွားမှ တန်ဖိုး သိကြ၏။ ထို့ကြောင့် " နီးတကျက်ကျက် ဝေးတသက်သက်" ဟု ပြောကြခြင်း ဖြစ်သည်။ ဤကား ဖြစ်တတ်သည့် သဘာဝတည်း။

ထို့ကြာင့် ရှေးလူကြီးတွေက " သားသမီးကို လိမ္မာစေချင်ရင် သူစိမ်းနှင့်ထားရတယ်" ဟု ပြောခဲ့ကြခြင်း ဖြစ်သည်။ မိဘ လက်လွှတ်လို့ ရသည့် အရွယ် ရောက်ပြီဆိုလျှင် သင့်လျော်သည့် နေရာကို ပို့ရမည်ဟု ဆိုလိုသည်။

မှန်၏။ သားသမီးများကို သူစိမ်းနှင့် ထားလိုက်သည့်အခါ "သူစိမ်းဆိုတာ မိဘလို မဟုတ်ပါလား၊ မိဘကမှ တကယ်ချစ်တာ၊ သူစိမ်းဟာ သူစိမ်းပဲ၊ မိဘဟာ မိဘပဲ" ဟု မိဘစေတနာ မိဘမေတ္တာကို သိသွားကြလေသည်။ ဤကား ကင်းကွာခြင်းက ကျေးဇူးပြုခြင်းပင် ဖြစ်သည်။

မိမိနှင့် ရင်းနှီးသည့် လူငယ်လေးတစ်ယောက် ရှိ၏။ သူ့မိဘများက လယ်ယာကိုင်းကျွန်း လုပ်ကြ၏။ ရွာမှာတော့ "တင့်တောင့်တင့်တယ်" ဟု ဆိုရမည်ပင် ဖြစ်သည်။ သို့သော် လူငယ်တို့သဘာဝက ရွာမှာ မနေချင်ကြ။

ထို့ကြောင့် ထိုလူငယ်လေးသည် "တစ်ရွာမပြောင်း သူကောင်း မဖြစ်" ဟူသော ခံယူချက်နှင့် ပြည်ပသွားပြီး အလုပ်လုပ်လေသည်။

ပြည်ပရောက်သွားသောအခါ အလုပ်က အဆင်မပြေ၊ စကားကလည်း မပေါက်သည့်အတွက် သူများကို အားကိုးရလေ၏။ သူများကိုပဲ အားကိုးနေရသည့်အတွက် စိတ်အားငယ်ငယ်နှင့် နေခဲ့ရလေသည်။

ပြည်ပမှ ပြန်လာသောအခါ ဘဝနှင့် ရင်းပြီး ရခဲ့သည့် အသိလေးကို လျှောက်ထားလေသည်။

"တပည့်တော် ပြည်ပ မသွားခင်က ပျော်စရာ ကောင်းလိမ့်မယ်လို့ ထင်ခဲ့တာဘုရား၊ ပြည်ပရောက်တော့ ကိုယ်ထင်တာနဲ့ တခြားဆီပဲ၊ အခက်အခဲမျိုးစုံ တွေ့ရတယ်ဘုရား၊ အဲဒီကျတော့မှ အဖေနှင့် အမေကို သတိရလိုက်တာဘုရား၊ မိဘနှင့် အတူတူနေခဲ့တုန်းက မိဘစေတနာ နားမလည်ခဲ့ဘူး၊ မိဘနှင့် ဝေးတော့မှ မိဘစေတနာတွေ နားလည်သွားတယ်ဘုရား" ဟု ခံစားချက်အပြည့်နှင့် လျှောက်ထားလေတော့သည်။

လူငယ်လေးသည် မိဘနှင့် အတူနေစဉ်က မိဘစေတနာ နားမလည်ခဲ့ပေ။ မိဘနှင့် ကင်းကွာသွားတော့မှ မိဘစေတနာကို ပို၍ နားလည်သွားပါသည်။ ဤကား " ဝိဂတပစ္စည်း" ပင် ဖြစ်သည်။

မြတ်ဗုဒ္ဓနှင့် အရှင်မေဃိယ
--------------------------

မြတ်စွာဘုရား စာလိကာတောင်၌ သီတင်းသုံးနေသည့် အချိန်တွင် အလုပ်အကျွေး ရဟန်းမှာ အရှင်မေဃိယ ဖြစ်သည်။ အရှင်မေဃိယသည် မြတ်စွာဘုရားကို ရေပူရေချမ်း ကမ်းလှမ်းပြီး စာလိကာတောင်မှာ ဘုရားနှင့် အတူတူ သီတင်းသုံးနေ၏။

တနေ့တွင် အရှင်မေဃိယသည် ဇန္တုရွာကို ဆွမ်းခံကြွ၏။ ဆွမ်းခံအပြန်မှာ မြစ်ကမ်းနားမှ ပြန်လာစဉ် သရက်ဥယျာဉ်ကို မြင်သွားလေသည်။ သရက်ဥယျာဉ်ကို မြင်လိုက်သည်နှင့် သဘောကျပြီး " ငါ့အတွက် နေရာကောင်းတစ်ခုတော့ တွေ့ပြီ၊ ဒီနေရာမှာ ငါ တရားအားထုတ်မယ်" ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။

စာလိကာတောင် ရောက်သောအခါ မြတ်စွာဘုရားကို လျှောက်ထားလေတော့၏။

" အရှင်ဘုရား တပည့်တော် ဒီမှာ မနေချင်ဘူးဘုရား"။

" ဒီမှာ မနေချင်တော့ ဘယ်သွားမှာလဲ ချစ်သား"။

" တပည့်တော် သရက်ဥယျာဉ်ကို သွားချင်လို့ပါဘုရား"။

" ဘာကြောင့်သွားချင်ရတာလဲကွယ်"။

" တပည့်တော် တရားအားထုတ်ချင်လို့ပါဘုရား"။

"ချစ်သား၊ ဒီစာလိကာတာင်မှာ ငါတစ်ပါးထဲရယ်၊ နောက်ထပ် ရဟန်း တစ်ပါး လာအောင် စောင့်ပါဦးလား"။

" တပည့်တော်ကတော့ အခုပဲ သွားချင်တယ်ဘုရား"။

မြတ်စွာဘုရားက " မသွားပါနဲ့" ဟု တားနေပါလျက် အရှင်မေဃိယက "သွားပါရစေ" ဟု သုံးကြိမ်တိုင်တိုင် လျှောက်၏။

ထို့ကြောင့် မြတ်စွာဘုရားက "ချစ်သားက ဒီလောက်သွားချင်မှတော့ ငါဘုရား တားစရာ မလိုတော့ဘူး၊ ကဲကဲ ဒီလောက်သွားချင်ရင်လည်း သွားတော့" ဟု မိန့်လိုက်လေသည်။

မြတ်စွာဘုရားက " သွားတော့" ဟု မိန့်တော်မူလိုက်သည့်အတွက် အရှင်မေဃိယသည် စာလိကာတောင်ကနေ သရက်ဥယျာဉ်ကို ကြွသွားလေသည်။

ခလုတ်ထိမှ ဘုရားတ
------------------------------

သရက်ဥယျာဉ်ရောက်သည့်အခါ သဘောကျသွား၏။ " ငါနေချင်တဲ့နေရာလေး ရောက်ပြီ၊ ဒီတော့ ကြိုးစားမှ ဖြစ်မယ်" ဆိုပြီး ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းလေသည်။ ထိုသို့ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ အတွေး ( ဝိတက်) များက နှိပ်စက်လေတော့သည်။

အရှင်မေဃိယသည် ကြိုးစားပြီးအားထုတ်သော်လည်း စိတ်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပေ။ အစက လွယ်လွယ်နှင့် ရလိမ့်မည်ဟု ထင်ခဲ့၏။ တကယ်တမ်း အားထုတ်ကြည့်သောအခါ ခက်ခဲမှန်း သိသွားလေသည်။

ထိုအခါကျမှ " ဒါကို သိလို့ မြတ်စွာဘုရားက မသွားနဲ့လို့ တားခဲ့တာပဲ" ဆိုပြီး မြတ်စွာဘုရား၏ စေတနာကို နားလည်သွားလေတော့သည်။ မြတ်စွာဘုရားနှင့် ကင်းကွာသွားတော့မှ မြတ်စွာဘုရား၏ စေတနာ မေတ္တာကို ပို၍ နားလည်သွားတော့၏။ ဤကား " ဝိဂတပစ္စည်း" ပင် ဖြစ်သည်။

ထိုအခါကျမှ " ဘုရားဆီ ပြန်မှ ဖြစ်မယ်" ဟု ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် အရှင်မေဃိယသည် သရက်ဥယျာဉ်မှ ဘုရားထံသို့ ပြန်ရောက်လာ၏။

ဤဖြစ်စဉ်ကို ကြည့်ပါက လူ့စိတ်သည် နီးလျှင် စေတနာကို နားမလည်၊ ဝေးသွားမှ စေတနာကို နားလည်သွားကြောင်းကို တွေ့ရမည် ဖြစ်သည်။ မိမိတို့ သတိထားရမည့် အချက်တည်း။

မြတ်စွာဘုရားထံ ပြန်ရောက်သောအခါ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတရား ဟောကြားပေးမှုကြောင့် အရှင်မေဃိယသည် အားတက်သွားလေသည်။ ထို့နောက် ဘဆက်လက်ပြီး အားထုတ်လိုက်သောအခါ ရဟန္တာ ဖြစ်သွားလေသည်။ ဤကား အတုယူရမည့် အချက် ဖြစ်၏။

မိမိတို့သည် တခါတရံ မိဘပြောသည် ဖြစ်စေ, ဆရာပြောသည် ဖြစ်စေ၊ စေတနာကို နားမလည်သောကြောင့် လက်မခံဘဲ ငြင်းပယ်တတ်၏။ နောက်ကျမှ မှားမှန်း သိသွားတော့၏။ မှားမှန်း သိလျှင် နောက်ထပ် မမှားရလေအောင် ကိုယ့်ဘဝကို ပြုပြင်ပေးဖို့ လို၏။ အသိသည် နောက်ကျသည် မရှိပါ။ ယနေ့ သိလျှင် ယနေ့ ပြုပြင်ရမည်။ မနက်ဖြန် သိလျှင် မနက်ဖြန် ပြုပြင်ရမည်။ ဤသို့ ပြုပြင်မှသာ မိမိတို့ မျှော်မှန်းသည့် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
#မေတ္တာဖြင့်ပြန်လည်မျှဝေဒါနပြုပါသည်

18/02/2024

အဝိဂတပစ္စယော
____________

"အဝိဂတ" ဆိုသည်မှာ မကင်းကွာခြင်းဟု အဓိပ္ပါယ် ရ၏။ "ဝိဂတ" က ကင်းကွာခြင်း၊ "အ" က မဟုတ်၊ "အ" နှင့် "ဝိဂတ" နှစ်ခုကို ပေါင်းလိုက်သည့်အခါ မကင်းကွာခြင်းဟု အဓိပ္ပါယ်ရလေသည်။ အကြောင်းတရားက အကျိုးတရားကို မကင်းသည်၏အဖြစ်ဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။

ငါးဆိုသည်မှာ ရေနှင့် ကင်းလို့ မရပေ၊ ရေနှင့် ကင်းလျှင် သေတော့၏။ ထို့ကြောင့် ရေသည် ငါးကို မကင်းမကွာ ရှိခြင်းဖြင့် ကျေးဇူးပြုလျက် ရှိသည်။

ထိုနည်းတူစွာ ရုပ်တရား နာမ်တရားတို့သည်လည်း မကင်းသေးခင်မှာပဲ အကျိုးတရားတို့ကို ဖြစ်စေပါသည်။

ထို့ကြောင့် ရုပ်နာမ်တို့က အကြောင်းတရား၊ ယင်းရုပ်နာမ်တို့ မကင်းသေးခင်မှာပဲ ဖြစ်ပေါ်လာသည့် ရုပ်နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အဝိဂတပစ္စည်း" ဟု ခေါ်သည်။

အတ္ထိနှင့် အဝိဂတ
-------------------

"အဝိဂတ" မကင်းခြင်းဟူသည် " အတ္ထိ" ရှိခြင်းပင် ဖြစ်၏။ ထို့ကြောင့် "အတ္ထိပစ္စည်း" နှင့် "အဝိဂတပစ္စည်း" သည် သဘောအဓိပ္ပါယ်ချင်း အတူတူပင် ဖြစ်၏။ စကားလုံးပဲ ကွဲ၏။

အမှန်ကား "ဝေနေယျဇ္စျာသယ" အားဖြင့် " အဝိဂတပစ္စယော" ကို ဟောကြားခဲ့ခြင်း ဖြစ်သည်။ သဘောအဓိပ္ပါယ်က ထူးခြားသောကြောင့် ဟောကြားခဲ့ခြင်း မဟုတ်ပါ။

" ဝေနေယျဇ္စျာသယ" ဆိုသည်မှာ သတ္တဝါတို့၏ အလိုဆန္ဒဟု အဓိပ္ပါယ် ရ၏။ တချို့က "အတ္ထိပစ္စယော" ဟု ဟောမှ နားလည်၏။ တချို့က "အဝိဂတပစ္စယော" ဟု ဟောမှ နားလည်၏။ သူ့အကြိုက်နှင့် သူပင် ဖြစ်သည်။ ဤသဘောတရားကိုပင် "ဝေနေယျဇ္စျာသယ" ဟု ဆိုပါသည်။

ပါဠိနှင့် ဘာသာပြန်
-----------------

စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။

စတ္တာရော- ၄ ပါးကုန်သော၊ အရူပိနော- နာမ်ဖြစ်ကုန်သော။ ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည်။ အညမညံ- အချင်းချင်း။ အဝိဂတပစ္စယေန- အဝိဂတပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။

အကြောင်းအကျိုး
------------------

၁။ ဝေဒနာက္ခန္ဓာ (ခံစားမှု) သညာက္ခန္ဓာ ( မှတ်သားမှု) ၊ သင်္ခါရက္ခန္ဓာ ( စေ့ဆော်မှု)၊ ဝိညာဏက္ခန္ဓာ ( စိတ်) ဟူသော နာမ်ခန္ဓာ ၄-ပါးတို့သည် မကင်းသေးခင်မှာပဲ အပြန်အလှန် ကျေးဇူးပြုနေကြ၏။

ဝေဒနာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။

သညာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။

သင်္ခါရက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။

ဝိညာဏက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။

၂။ ပထဝီ ( မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) ဆိုတဲ့ ဓာတ် ၄- ပါးတို့သည်လည်း မကင်းသေးခင်မှာပဲ အပြန်အလှန် ကျေးဇူးပြုနေကြ၏။

ပထဝီက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။

အာပေါက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။

တေဇောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။

ဝါယောက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။

၃။ မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေသောအခါ ပဋိသန္ဓေစိတ် ( အစဆုံး ဖြစ်သည့် စိတ်) နှင့် ဟဒယဝတ္တု ( နှလုံး) တို့သည် မကင်းသေးခင်မှာပဲ အပြန်အလှန် ကျေးဇူးပြုနေကြ၏။

ပဋိသန္ဓေစိတ်က အကြောင်းဆိုလျှင် ဟဒယဝတ္ထုရုပ်က အကျိုး၊ ဟဒယဝတ္ထုရုပ်က အကြောင်း ဆိုလျှင် ပဋိသန္ဓေစိတ်က အကျိုး ဖြစ်၏။

၄။ စိတ်သည် စိတ္တဇရုပ်ကို မကင်းသေးခင်မှာပဲ ကျေးဇူးပြု၏။ စိတ်က အကြောင်း၊ စိတ္တဇရုပ်က အကျိုး ဖြစ်၏။

၅။ ဓာတ် ၄- ပါးသည် ကျန်သည့် ရုပ်များကို မကင်းသေးခင်မှာပဲ ကျေးဇူးပြု၏။ ဓာတ် ၄- ပါးက အကြောင်း၊ ကျန်ရုပ်များက အကျိုး ဖြစ်၏။

၆။ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, နှလုံး တည်းဟူသော ဝတ္ထုရုပ် ၆- ပါးသည် မကင်းသေးခင်မှာပဲ မြင်သိစိတ် ကြားသိစိတ် စသော နာမ်တရားတို့ကို ကျေးဇူးပြု၏။

ဝတ္ထုရုပ် ၆- ပါးက အကြောင်း၊ မြင်သိစိတ် ကြားသိစိတ် စသော နာမ်တရားက အကျိုး ဖြစ်၏။

၇။ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ တည်းဟူသော အာရုံ ၅- ပါး ရုပ်တရားသည် မကင်းသေးခင်မှာပဲ မြင်သိစိတ် ကြားသိစိတ် စသော နာမ်တရားတို့ကို ကျေးဇူးပြု၏။

အာရုံ ၅- ပါးက အကြောင်း၊ မြင်သိစိတ် ကြားသိစိတ် စသော နာမ်တရားတို့က အကျိုး ဖြစ်၏။

အဝိဂတပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းကလည်း ရုပ်နှင့် နာမ်၊ အကျိုးကလည်း ရုပ်နှင့် နာမ်တို့ ဖြစ်ကြသည်။

မကင်းကွာခြင်းက ကျေးဇူးပြု
--------------------

ဓမ္မနယ်ပယ်မှာသာ "အဝိဂတပစ္စည်း" ရှိသည် မဟုတ်။ လောကနယ်ပယ်မှာလည်း "အဝိဂတပစ္စည်း" ရှိသည်သာ ဖြစ်၏။ မကင်းမကွာ ရှိနေခြင်းဖြင့် ကျေးဇူးပြုခြင်းသည် " အဝိဂတ" ဖြစ်သည်။

မိဘဆိုသည်မှာ သားသမီးတို့၏ မှီရာ ဖြစ်၏။ ထို့ကြောင့် မိဘတို့သည် သားသမီးတို့ကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်၏။

ရင်အုပ်မကွာ စောင့်ရှောက်ဆိုသည်မှာ ကိ်ုယ့်ရင်ခွင်ထဲမှာ ပိုက်ထားရမည်ဟု မဆိုလိုပါ။ သူ့တို့အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သည့်အရာကို ပံ့ပိုးရမည်ဟု ဆိုလိုပါသည်။

မိဘက သားသမီးကို မစောင့်ရှောက်လျှင် သားသမီးသည် လိမ္မာရေးခြား မရှိတော့။ ထို့ကြောင့် မိုက်မိုက်ရိုင်းရိုင်း ဖြစ်နေသည့် ကလေးများကို " မိမဆုံးမ ဖမဆုံးမ" ဟု ပြောကြခြင်း ဖြစ်သည်။

သားသမီး၏ အနာဂတ်သည် မိဘတို့၏ စောင့်ရှောက်မှုနှင့် ဆက်စပ်နေ၏။ မိဘက စောင့်ရှောက်လျှင် စောင့်ရှောက်သလောက် သားသမီးတို့သည် ကြီးပွားသွားကြလေသည်။

ထို့ကြောင့် မိဘများသည် သားသမီးများကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်သည်။ ဤကဲ့သို့ ရင်အုပ်မကွာ စောင့်ရှောက်ခြင်းသည် မကင်းကွာခြင်းဖြင့် ကျေးဇူးပြုခြင်းပင် ဖြစ်သောကြောင့် " အဝိဂတ" ပင် ဖြစ်သည်။

ဆရာနှင့် တပည့်
----------------

ဆရာဆိုသည်မှာ တပည့်တို့၏ မှီရာ ဖြစ်၏။ ထို့ကြောင့် ဆရာတို့သည် တပည့်တို့ကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်၏။

ဆရာက တပည့်ကို မစောင့်ရှောက်လျှင် တပည့်သည် လိမ္မာရေးခြား မရှိတော့။ ထို့ကြောင့် မိုက်မိုက်ရိုင်းရိုင်း ဖြစ်နေသည့် တပည့်များကို " တပည့်မကောင်း ဆရာ့ခေါင်း" ဟု ပြောကြခြင်း ဖြစ်သည်။

တပည့်များ၏ အနာဂတ်သည် ဆရာတို့၏ စောင့်ရှောက်မှုနှင့် ဆက်စပ်နေ၏။ ဆရာက စောင့်ရှောက်လျှင် စောင့်ရှောက်သလောက် တပည့်တို့သည် ကြီးပွားသွားကြလေသည်။

ထို့ကြောင့် ဆရာတို့သည် တပည့်များကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်သည်။ ဤကား " အဝိဂတ" ပင် ဖြစ်သည်။

ခေါင်းဆောင်နှင့် နောက်လိုက်
------------------

ခေါင်းဆောင်ဆိုသည်မှာ နောင်လိုက်တို့၏ မှီရာ ဖြစ်၏။ ထို့ကြောင့်ခေါင်းဆောင်တို့သည် နောက်လိုက်တို့ကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်၏။ ခေါင်းဆောင်က နောက်လိုက်များကို မစောင့်ရှောက်လျှင် နောက်လိုက်များသည် အတိဒုက္ခ ရောက်ကြလေသည်။

နောက်လိုက်များ၏ ဆင်းရဲခြင်း ချမ်းသာခြင်းသည် ခေါင်းဆောင်တို့၏ စောင့်ရှောက်မှုနှင့် ဆက်စပ်နေ၏။ ခေါင်းဆောင်က စောင့်ရှောက်လျှင် စောင့်ရှောက်သလောက် နောက်လိုက်များသည် ချမ်းသာကြလေသည်။ ထို့ကြောင့် " သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်းခိုရ" ဟု ပြောကြခြင်း ဖြစ်သည်။

သို့ဖြစ်ရကား စိတ်ထားမြင့်မြတ်သော ခေါင်းဆောင်တို့သည် နောက်လိုက်များကို ရင်အုပ်မကွာ စောင့်ရှောက်ကြလေသည်။ ဤကား " အဝိဂတ" ပင် ဖြစ်၏။

ဘုရင်နှင့် ဓားပြ
----------------

တခါက ဘုရင်ကြီးတစ်ပါးသည် တိုင်းသူပြည်သားတို့၏ အခြေအနေမှန်ကို သိဖို့အတွက် ရုပ်ဖျက်ပြီး စုံစမ်းလေသည်။ တိုင်းစွန်ပြည်ဖျားထိ သွားပြီး စုံစမ်းလေ၏။

ဘုရင်ကြီးသည် တိုင်းစွန်ပြည်ဖျားအထိ တစ်ပါးတည်း စုံစမ်းသောကြောင့် ဓားပြများ၏ ဖမ်းဆီးခြင်းကို အမှတ်မထင် ခံလိုက်ရလေသည်။

ထို့ကြောင့် ဓားပြများသည် ဝမ်းသာအားရ ဖြစ်ပြီး ဘုရင်ကြီးကို ဖမ်းဆီးရမိကြောင်း ဓားပြဗိုလ်ထံ တင်ပြလိုက်လေသည်။

"ဆရာ... ကျွန်တော်တို့ ဖမ်းမိတဲ့ထဲမှာ ဘုရင်လည်း ပါလာတယ်"။

" ဟေ... ဟုတ်လား၊ မင်းတို့ လက်စွမ်း ထက်လှချည်လား"။

ဓားပြဗိုလ်သည် ထိုသို့ ပြောပြီးနောက် ဘုရင်ကြီးကို ပြုံးပြီး မေးလိုက်သည်။

"ဘုရင်ကြီးပါလား၊ အရပ်ဝတ်ကြီးနဲ့ဆိုတော့ ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်လည်တယ်ထင်ပါ့၊ စနည်းနာနေတာပေါ့ ဟုတ်လား"။

ဘုရင်ကြီးက ဘာမှ မပြောဘဲ ဦးခေါင်း ငြိမ့်ပြလိုက်သည်။

ဘုရင်နှင့်အတူ အဖမ်းခံရသည့် သူများကလည်း "ဘုရင်" ဆိုတော့ အံ့အားသင့်သွားကြတယ်။ သေချာကြည့်လိုက်တော့ " အော် ဟုတ်သားပဲ၊ ငါတို့ဘုရင်ကြီးပဲ" ဆိုပြီး စိတ်မကောင်း ဖြစ်သွားကြလေသည်။

လက်အောက်ငယ်သား ဓားပြများက သူတို့ဆရာကို မေးလိုက်၏။

" ဆရာ... ဒီဘုရင်က ကျုပ်တို့အတွက် အန္တရာယ်ပဲ၊ သတ်ပစ်လိုက်ရမလား"။

"အေး… သတ်တော့ သတ်တာပေါ့ကွာ… ဒါပေမဲ့ မသတ်ခင်လေးမှာ ဘုရင်ကြီးရဲ့ ဦးညွှတ်မှုလေးကိုတော့ ခံချင်သေးတယ်၊ ပြီးတော့မှ ဘုရင်ကြီးကို သတ်မယ်လေ"။

ဓားပြဗိုလ်၏ စကားကြောင့် ဘုရင်ကြီးက လှမ်းပြောလိုက်သည်။

"ဓားပြဗိုလ်ရေ... ငါကိုတော့ သတ်လို့ ရတယ်၊ ဘုရင်ကိုတော့ သတ်လို့မရဘူး၊ ငါ သေသွားလည်း တစ်ယောက်ယောက်က ဘုရင် ဖြစ်လာမှာပဲ"။

"ဒါဆိုရင် ဘုရင်ကြီးကို မသတ်တော့ပါဘူးဗျာ၊ ကျုပ် လွှတ်ပေးပါ့မယ်၊ တစ်ခုတော့ ရှိတယ်၊ ဘုရင်ကြီးက ကျုပ်ကို ဦးညွတ်ရမယ်၊ ဦးညွတ်မှ ဘုရင်ကြီးကို လွှတ်ပေးမယ်"။

"ဓားပြဗိုလ်ရေ... သေမှာကြောက်လို့ ဦးညွတ်သွားတဲ့ ဘုရင်မျိုး ငါ အဖြစ်မခံနိုင်ဘူး၊ တိုင်းသူပြည်သားတွေရဲ့ ဦးညွတ်မှုကို ခံယူပြီး ဖြစ်တဲ့အတွက် ဦးညွတ်ခံတဲ့ နေရာမှာပဲ နေမယ်၊ ဘယ်သူ့ကိုမှ ဦးမညွတ်နိုင်ဘူး၊ ငါ အသေပဲ ခံမယ်"။

"အော်... တော်တော်ကြီးကျယ်တဲ့ ဘုရင်ကြီးပါလား"။

" ကြီးကျယ်တာ မဟုတ်ဘူးလေ၊ ဒါ အာဇာနည်များရဲ့ ခံယူချက်ပဲ၊ အသေသာ ခံမယ်၊ ဓားပြကိုတော့ ဦးမညွတ်နိုင်ဘူး"။

"ရတယ် ဘုရင်ကြီး၊ ကျုပ်ကို ဘုရင်ကြီးက ဦးမညွှတ်ဘူးဆိုရင် ဘုရင်ကြီးနဲ့ အတူတူ ဖမ်းမိတဲ့ ဒီလူတွေကို ကျုပ်က အကုန် သတ်ပစ်မှာ"။

" ငါက ဦးမညွတ်ရင် ဒီလူတွေကို သတ်ပစ်မှာ၊ ဟုတ်လား"။

" ဟုတ်တယ် ဘုရင်ကြီး"။

" ဘာဆိုင်လို့လဲကွာ"။

" ဆိုင်ဆိုင် မဆိုင်ဆိုင် ဘုရင်ကြီးကသာ ကျုပ်ကို ဦးမညွတ်ဘူးဆိုရင် ဒီလူတွေ အကုန်လုံး သတ်ရမှာပဲ"။

ထိုစကားကြောင့် ဘုရင်ကြီးသည် တခဏမျှ တွေဝေသွား၏။ ထို့နောက် ဓားပြများကို ဒူးထောက်ပြီး ဦးညွတ်လိုက်လေတော့သည်။

အများအတွက် ဦးညွတ်ရ
--------------------

ဘုရင်ကြီးက ဦးညွတ်လိုက်သည့်အခါ ဓားပြဗိုလ် အံ့ဩသွား၏။ "ဘယ်လို ဘုရင်ပါလိမ့်၊ သူ့ကို သတ်မယ်ဆိုတုန်းက အသက်ကိုတောင် မငဲ့ကွက်ဘဲ ဘုရင်သိက္ခာအတွက် ဒူးမထောက်ခဲ့ဘူး၊ အခုကြတော့ မြေပြင်မှာ ဒူးထောက်လို့ပါလား၊ ဘုရင့်သိက္ခာကို ကိုယ့်အသက်ထက် တန်ဖိုးထားတဲ့ဘုရင်၊ လူတွေရဲ့ အသက်ကိုတော့ ဘုရင့်သိက္ခာထက် ပိုတန်ဖိုးထားတဲ့ဘုရင်ပါလား" ဆိုပြီး အံ့ဩသွားလေသည်။

ထို့နောက် ဓားပြဗိုလ်သည် ဘုရင့်ရှေ့မှာ ဒူးထောက်ပြီး "ဘုရင်ကြီး ကျုပ်ကို ခွင့်လွှတ်တော်မူပါ" ဟု လက်အုပ်ချီမိုး၍ တောင်းပန်လိုက်လေသည်။

ဘုရင်ကြီးသည် နေရာမှ ထပြီး ဓားပြဗိုလ်ကို "မောင်မင်းက ဓားပြဆိုပေမဲ့ ဆင်ခြင်တုံတရား ရှိတယ်၊ ဒါကြောင့် တိုင်းပြည်အတွက် အမှုထမ်းလိုပါက
နန်းတော်ကို လိုက်ခဲ့ပါ" ဆိုပြီး ရာဇဣနြေ္ဒအပြည့်ဖြင့် နန်းတော်ကို ပြန်ကြွသွားလေတော့သည်။

ဤဖြစ်စဉ်ကို ကြည့်လျှင် ဘုရင်ကြီး၏ နောက်လိုက်များအပေါ် ငဲ့ညှာသည့် စိတ်ထားကို တွေ့မြင်ရမည် ဖြစ်သည်။ ဤကား နောက်လိုက်များကို ရင်အုပ်မကွာ စောင့်ရှောက်ခြင်းပင် ဖြစ်သောကြောင့် "အဝိဂတ" ပင် ဖြစ်၏။

ထို့ကြောင့် ခေါင်းဆောင်ဆိုသည်မှာ ကိုယ်နှင့် ဆက်စပ်နေသူတို့၏ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးရမည်။ မျက်ခြည်မပြတ် စောင့်ကြည့်ရမည်။ အများအတွက် စွန့်လွှတ်နိုင်ရမည်။ ထိုကဲ့သို့ ခေါင်းဆောင်မျိုးကို "အာဇာနည်ပုဂ္ဂိုလ်" ဟု ခေါ်၏။ ဤကဲ့သို့ ရင်အုပ်မကွာ စောင့်ရှောက်ခြင်းသည် မကင်းကွာခြင်းဖြင့် ကျေးဇူးပြုခြင်းပင် ဖြစ်သောကြောင့် " အဝိဂတ" ပင် ဖြစ်ပေသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
#မေတ္တာဖြင့်ပြန်လည်မျှဝေဒါနပြုပါသည်

13/01/2024

လွမ်းတယ်❤️

08/12/2023
05/12/2023

နာကျင်စရာခံစားမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ..ပထမဆုံးက အဲ့ဒီခံစားမှုကို မငြင်းဆန်ဘဲ..ရှောင်မပြေးဘဲ..ဒီခံစားမှုကို အရှိအတိုင်းလက်ခံလိုက်ဖို့က အရေးအကြီးဆုံးပါပဲ..။ လက်မခံနိုင်သ၍..ရှောင်ပြေးချင်နေသ၍..ဒီခံစားမှုဟာ ကိုယ့်ရဲ့ရန်သူဖြစ်နေပါလိမ့်မယ်..။

ဥပမာ..ကိုယ် ဝမ်းနည်းနေတယ်..စိတ်ထိခိုက်နေတယ်..စိတ်အားငယ်နေတယ်..နာကျင်စိတ်ထိခိုက်နေတယ်..ခံပြင်းဒေါသထွက်နေတယ်..စသဖြင့် ကိုယ့်ရင်ထဲက ခံစားမှုကို အမှန်အတိုင်း..အရှိအတိုင်း လက်ခံလိုက်ဖို့လိုပါတယ်..။

ခံစားမှုကို လက်ခံလိုက်ပြီဆိုရင်..ဒီခံစားမှုကို ရင်ဆိုင်နိုင်အောင်..ခံနိုင်ရည်ရှိအောင်..ဘယ်လို ကိုင်တွယ်ထိန်းချုပ်မလဲ..ဆိုတာက ဒုတိယဖြစ်ပါတယ်..။

ရင်ဆိုင်နှိုင်ဖို့..ခံနှိုင်ရည်ရှိဖို့ဆိုတာ..ပြဿနာတစ်ခုအပေါ် ကိုယ်ဘယ်လို လက်ခံလိုက်သလဲ..နှလုံးသွင်းလိုက်သလဲ ဆိုတာပေါ်မှာ အများကြီး မူတည်ပါတယ်..။

#လွန်းထားထား
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ
#လွတ်မြောက်ခြင်းစာစုများ

Photo credit..Htoo Book House

#

30/11/2023

ဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန်ဆိုတာ..

မပြုံးချင်ဘဲ ပြုံးပြရတဲ့ အပြုံးတုတွေ ခွါချထားရတဲ့အချိန်…

မပြောချင်ဘဲ ပြောနေရတဲ့ စကားတုတွေ ပြောဖို့မလိုတော့တဲ့အချိန်…

မတပ်ချင်ဘဲ တပ်ထားရတဲ့ မျက်နှာဖုံးအတုကို ချွတ်ဖယ်ထားလို့ရတဲ့အချိန်…
တစ်ကိုယ်တည်း အေးဆေးသက်သာစွာနဲ့ အရှိအတိုင်းလေးကို လက်ခံကျေနပ်နှစ်သက်နေရတဲ့အချိိန်..

ကိုယ်နှစ်သက်ရာအလုပ်ကလေးကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်နေခွင့်ရတဲ့အချိန်…

ကိုယ့်ဘဝအတွက် မလိုအပ်တဲ့အပိုတွေကို အပြီးတိုင် စွန့်လွှတ်ဖယ်ပစ်လိုက်ရတဲ့အချိန်…

ရင်ချင်းမနီးတော့တဲ့သူတွေကို လက်ပြနှုတ်ဆက်လိုက်ရတဲ့အချိန်…
စိတ်ရောကိုယ်ပါ ပေါ့ပါးလွတ်မြောက်မှုကို သိသိသာသာ ရှိုက်သွင်းခံစားလိုက်ရတဲ့အချိန်…
အဲ့ဒီအချိန်လေးဟာ နေလို့အကောင်းဆုံး အချိန်လေးပါပဲ….။

#လွန်းထားထား
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
06/11/2023

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

မဂ်လာနံနက်ခင်းလေးပါ။
06/11/2023

မဂ်လာနံနက်ခင်းလေးပါ။

Address

Meiktila
Meiktila

Telephone

+959674550105

Website

Alerts

Be the first to know and let us send you an email when Khin Chaw Su Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category