18/02/2024
အဝိဂတပစ္စယော
____________
"အဝိဂတ" ဆိုသည်မှာ မကင်းကွာခြင်းဟု အဓိပ္ပါယ် ရ၏။ "ဝိဂတ" က ကင်းကွာခြင်း၊ "အ" က မဟုတ်၊ "အ" နှင့် "ဝိဂတ" နှစ်ခုကို ပေါင်းလိုက်သည့်အခါ မကင်းကွာခြင်းဟု အဓိပ္ပါယ်ရလေသည်။ အကြောင်းတရားက အကျိုးတရားကို မကင်းသည်၏အဖြစ်ဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။
ငါးဆိုသည်မှာ ရေနှင့် ကင်းလို့ မရပေ၊ ရေနှင့် ကင်းလျှင် သေတော့၏။ ထို့ကြောင့် ရေသည် ငါးကို မကင်းမကွာ ရှိခြင်းဖြင့် ကျေးဇူးပြုလျက် ရှိသည်။
ထိုနည်းတူစွာ ရုပ်တရား နာမ်တရားတို့သည်လည်း မကင်းသေးခင်မှာပဲ အကျိုးတရားတို့ကို ဖြစ်စေပါသည်။
ထို့ကြောင့် ရုပ်နာမ်တို့က အကြောင်းတရား၊ ယင်းရုပ်နာမ်တို့ မကင်းသေးခင်မှာပဲ ဖြစ်ပေါ်လာသည့် ရုပ်နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အဝိဂတပစ္စည်း" ဟု ခေါ်သည်။
အတ္ထိနှင့် အဝိဂတ
-------------------
"အဝိဂတ" မကင်းခြင်းဟူသည် " အတ္ထိ" ရှိခြင်းပင် ဖြစ်၏။ ထို့ကြောင့် "အတ္ထိပစ္စည်း" နှင့် "အဝိဂတပစ္စည်း" သည် သဘောအဓိပ္ပါယ်ချင်း အတူတူပင် ဖြစ်၏။ စကားလုံးပဲ ကွဲ၏။
အမှန်ကား "ဝေနေယျဇ္စျာသယ" အားဖြင့် " အဝိဂတပစ္စယော" ကို ဟောကြားခဲ့ခြင်း ဖြစ်သည်။ သဘောအဓိပ္ပါယ်က ထူးခြားသောကြောင့် ဟောကြားခဲ့ခြင်း မဟုတ်ပါ။
" ဝေနေယျဇ္စျာသယ" ဆိုသည်မှာ သတ္တဝါတို့၏ အလိုဆန္ဒဟု အဓိပ္ပါယ် ရ၏။ တချို့က "အတ္ထိပစ္စယော" ဟု ဟောမှ နားလည်၏။ တချို့က "အဝိဂတပစ္စယော" ဟု ဟောမှ နားလည်၏။ သူ့အကြိုက်နှင့် သူပင် ဖြစ်သည်။ ဤသဘောတရားကိုပင် "ဝေနေယျဇ္စျာသယ" ဟု ဆိုပါသည်။
ပါဠိနှင့် ဘာသာပြန်
-----------------
စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။
စတ္တာရော- ၄ ပါးကုန်သော၊ အရူပိနော- နာမ်ဖြစ်ကုန်သော။ ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည်။ အညမညံ- အချင်းချင်း။ အဝိဂတပစ္စယေန- အဝိဂတပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အကြောင်းအကျိုး
------------------
၁။ ဝေဒနာက္ခန္ဓာ (ခံစားမှု) သညာက္ခန္ဓာ ( မှတ်သားမှု) ၊ သင်္ခါရက္ခန္ဓာ ( စေ့ဆော်မှု)၊ ဝိညာဏက္ခန္ဓာ ( စိတ်) ဟူသော နာမ်ခန္ဓာ ၄-ပါးတို့သည် မကင်းသေးခင်မှာပဲ အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ဝေဒနာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သညာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သင်္ခါရက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
ဝိညာဏက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
၂။ ပထဝီ ( မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) ဆိုတဲ့ ဓာတ် ၄- ပါးတို့သည်လည်း မကင်းသေးခင်မှာပဲ အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ပထဝီက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
အာပေါက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
တေဇောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
ဝါယောက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
၃။ မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေသောအခါ ပဋိသန္ဓေစိတ် ( အစဆုံး ဖြစ်သည့် စိတ်) နှင့် ဟဒယဝတ္တု ( နှလုံး) တို့သည် မကင်းသေးခင်မှာပဲ အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ပဋိသန္ဓေစိတ်က အကြောင်းဆိုလျှင် ဟဒယဝတ္ထုရုပ်က အကျိုး၊ ဟဒယဝတ္ထုရုပ်က အကြောင်း ဆိုလျှင် ပဋိသန္ဓေစိတ်က အကျိုး ဖြစ်၏။
၄။ စိတ်သည် စိတ္တဇရုပ်ကို မကင်းသေးခင်မှာပဲ ကျေးဇူးပြု၏။ စိတ်က အကြောင်း၊ စိတ္တဇရုပ်က အကျိုး ဖြစ်၏။
၅။ ဓာတ် ၄- ပါးသည် ကျန်သည့် ရုပ်များကို မကင်းသေးခင်မှာပဲ ကျေးဇူးပြု၏။ ဓာတ် ၄- ပါးက အကြောင်း၊ ကျန်ရုပ်များက အကျိုး ဖြစ်၏။
၆။ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, နှလုံး တည်းဟူသော ဝတ္ထုရုပ် ၆- ပါးသည် မကင်းသေးခင်မှာပဲ မြင်သိစိတ် ကြားသိစိတ် စသော နာမ်တရားတို့ကို ကျေးဇူးပြု၏။
ဝတ္ထုရုပ် ၆- ပါးက အကြောင်း၊ မြင်သိစိတ် ကြားသိစိတ် စသော နာမ်တရားက အကျိုး ဖြစ်၏။
၇။ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ တည်းဟူသော အာရုံ ၅- ပါး ရုပ်တရားသည် မကင်းသေးခင်မှာပဲ မြင်သိစိတ် ကြားသိစိတ် စသော နာမ်တရားတို့ကို ကျေးဇူးပြု၏။
အာရုံ ၅- ပါးက အကြောင်း၊ မြင်သိစိတ် ကြားသိစိတ် စသော နာမ်တရားတို့က အကျိုး ဖြစ်၏။
အဝိဂတပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းကလည်း ရုပ်နှင့် နာမ်၊ အကျိုးကလည်း ရုပ်နှင့် နာမ်တို့ ဖြစ်ကြသည်။
မကင်းကွာခြင်းက ကျေးဇူးပြု
--------------------
ဓမ္မနယ်ပယ်မှာသာ "အဝိဂတပစ္စည်း" ရှိသည် မဟုတ်။ လောကနယ်ပယ်မှာလည်း "အဝိဂတပစ္စည်း" ရှိသည်သာ ဖြစ်၏။ မကင်းမကွာ ရှိနေခြင်းဖြင့် ကျေးဇူးပြုခြင်းသည် " အဝိဂတ" ဖြစ်သည်။
မိဘဆိုသည်မှာ သားသမီးတို့၏ မှီရာ ဖြစ်၏။ ထို့ကြောင့် မိဘတို့သည် သားသမီးတို့ကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်၏။
ရင်အုပ်မကွာ စောင့်ရှောက်ဆိုသည်မှာ ကိ်ုယ့်ရင်ခွင်ထဲမှာ ပိုက်ထားရမည်ဟု မဆိုလိုပါ။ သူ့တို့အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သည့်အရာကို ပံ့ပိုးရမည်ဟု ဆိုလိုပါသည်။
မိဘက သားသမီးကို မစောင့်ရှောက်လျှင် သားသမီးသည် လိမ္မာရေးခြား မရှိတော့။ ထို့ကြောင့် မိုက်မိုက်ရိုင်းရိုင်း ဖြစ်နေသည့် ကလေးများကို " မိမဆုံးမ ဖမဆုံးမ" ဟု ပြောကြခြင်း ဖြစ်သည်။
သားသမီး၏ အနာဂတ်သည် မိဘတို့၏ စောင့်ရှောက်မှုနှင့် ဆက်စပ်နေ၏။ မိဘက စောင့်ရှောက်လျှင် စောင့်ရှောက်သလောက် သားသမီးတို့သည် ကြီးပွားသွားကြလေသည်။
ထို့ကြောင့် မိဘများသည် သားသမီးများကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်သည်။ ဤကဲ့သို့ ရင်အုပ်မကွာ စောင့်ရှောက်ခြင်းသည် မကင်းကွာခြင်းဖြင့် ကျေးဇူးပြုခြင်းပင် ဖြစ်သောကြောင့် " အဝိဂတ" ပင် ဖြစ်သည်။
ဆရာနှင့် တပည့်
----------------
ဆရာဆိုသည်မှာ တပည့်တို့၏ မှီရာ ဖြစ်၏။ ထို့ကြောင့် ဆရာတို့သည် တပည့်တို့ကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်၏။
ဆရာက တပည့်ကို မစောင့်ရှောက်လျှင် တပည့်သည် လိမ္မာရေးခြား မရှိတော့။ ထို့ကြောင့် မိုက်မိုက်ရိုင်းရိုင်း ဖြစ်နေသည့် တပည့်များကို " တပည့်မကောင်း ဆရာ့ခေါင်း" ဟု ပြောကြခြင်း ဖြစ်သည်။
တပည့်များ၏ အနာဂတ်သည် ဆရာတို့၏ စောင့်ရှောက်မှုနှင့် ဆက်စပ်နေ၏။ ဆရာက စောင့်ရှောက်လျှင် စောင့်ရှောက်သလောက် တပည့်တို့သည် ကြီးပွားသွားကြလေသည်။
ထို့ကြောင့် ဆရာတို့သည် တပည့်များကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်သည်။ ဤကား " အဝိဂတ" ပင် ဖြစ်သည်။
ခေါင်းဆောင်နှင့် နောက်လိုက်
------------------
ခေါင်းဆောင်ဆိုသည်မှာ နောင်လိုက်တို့၏ မှီရာ ဖြစ်၏။ ထို့ကြောင့်ခေါင်းဆောင်တို့သည် နောက်လိုက်တို့ကို ရင်အုပ်မကွာ စောင့်ရှောက်ရမည် ဖြစ်၏။ ခေါင်းဆောင်က နောက်လိုက်များကို မစောင့်ရှောက်လျှင် နောက်လိုက်များသည် အတိဒုက္ခ ရောက်ကြလေသည်။
နောက်လိုက်များ၏ ဆင်းရဲခြင်း ချမ်းသာခြင်းသည် ခေါင်းဆောင်တို့၏ စောင့်ရှောက်မှုနှင့် ဆက်စပ်နေ၏။ ခေါင်းဆောင်က စောင့်ရှောက်လျှင် စောင့်ရှောက်သလောက် နောက်လိုက်များသည် ချမ်းသာကြလေသည်။ ထို့ကြောင့် " သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်းခိုရ" ဟု ပြောကြခြင်း ဖြစ်သည်။
သို့ဖြစ်ရကား စိတ်ထားမြင့်မြတ်သော ခေါင်းဆောင်တို့သည် နောက်လိုက်များကို ရင်အုပ်မကွာ စောင့်ရှောက်ကြလေသည်။ ဤကား " အဝိဂတ" ပင် ဖြစ်၏။
ဘုရင်နှင့် ဓားပြ
----------------
တခါက ဘုရင်ကြီးတစ်ပါးသည် တိုင်းသူပြည်သားတို့၏ အခြေအနေမှန်ကို သိဖို့အတွက် ရုပ်ဖျက်ပြီး စုံစမ်းလေသည်။ တိုင်းစွန်ပြည်ဖျားထိ သွားပြီး စုံစမ်းလေ၏။
ဘုရင်ကြီးသည် တိုင်းစွန်ပြည်ဖျားအထိ တစ်ပါးတည်း စုံစမ်းသောကြောင့် ဓားပြများ၏ ဖမ်းဆီးခြင်းကို အမှတ်မထင် ခံလိုက်ရလေသည်။
ထို့ကြောင့် ဓားပြများသည် ဝမ်းသာအားရ ဖြစ်ပြီး ဘုရင်ကြီးကို ဖမ်းဆီးရမိကြောင်း ဓားပြဗိုလ်ထံ တင်ပြလိုက်လေသည်။
"ဆရာ... ကျွန်တော်တို့ ဖမ်းမိတဲ့ထဲမှာ ဘုရင်လည်း ပါလာတယ်"။
" ဟေ... ဟုတ်လား၊ မင်းတို့ လက်စွမ်း ထက်လှချည်လား"။
ဓားပြဗိုလ်သည် ထိုသို့ ပြောပြီးနောက် ဘုရင်ကြီးကို ပြုံးပြီး မေးလိုက်သည်။
"ဘုရင်ကြီးပါလား၊ အရပ်ဝတ်ကြီးနဲ့ဆိုတော့ ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်လည်တယ်ထင်ပါ့၊ စနည်းနာနေတာပေါ့ ဟုတ်လား"။
ဘုရင်ကြီးက ဘာမှ မပြောဘဲ ဦးခေါင်း ငြိမ့်ပြလိုက်သည်။
ဘုရင်နှင့်အတူ အဖမ်းခံရသည့် သူများကလည်း "ဘုရင်" ဆိုတော့ အံ့အားသင့်သွားကြတယ်။ သေချာကြည့်လိုက်တော့ " အော် ဟုတ်သားပဲ၊ ငါတို့ဘုရင်ကြီးပဲ" ဆိုပြီး စိတ်မကောင်း ဖြစ်သွားကြလေသည်။
လက်အောက်ငယ်သား ဓားပြများက သူတို့ဆရာကို မေးလိုက်၏။
" ဆရာ... ဒီဘုရင်က ကျုပ်တို့အတွက် အန္တရာယ်ပဲ၊ သတ်ပစ်လိုက်ရမလား"။
"အေး… သတ်တော့ သတ်တာပေါ့ကွာ… ဒါပေမဲ့ မသတ်ခင်လေးမှာ ဘုရင်ကြီးရဲ့ ဦးညွှတ်မှုလေးကိုတော့ ခံချင်သေးတယ်၊ ပြီးတော့မှ ဘုရင်ကြီးကို သတ်မယ်လေ"။
ဓားပြဗိုလ်၏ စကားကြောင့် ဘုရင်ကြီးက လှမ်းပြောလိုက်သည်။
"ဓားပြဗိုလ်ရေ... ငါကိုတော့ သတ်လို့ ရတယ်၊ ဘုရင်ကိုတော့ သတ်လို့မရဘူး၊ ငါ သေသွားလည်း တစ်ယောက်ယောက်က ဘုရင် ဖြစ်လာမှာပဲ"။
"ဒါဆိုရင် ဘုရင်ကြီးကို မသတ်တော့ပါဘူးဗျာ၊ ကျုပ် လွှတ်ပေးပါ့မယ်၊ တစ်ခုတော့ ရှိတယ်၊ ဘုရင်ကြီးက ကျုပ်ကို ဦးညွတ်ရမယ်၊ ဦးညွတ်မှ ဘုရင်ကြီးကို လွှတ်ပေးမယ်"။
"ဓားပြဗိုလ်ရေ... သေမှာကြောက်လို့ ဦးညွတ်သွားတဲ့ ဘုရင်မျိုး ငါ အဖြစ်မခံနိုင်ဘူး၊ တိုင်းသူပြည်သားတွေရဲ့ ဦးညွတ်မှုကို ခံယူပြီး ဖြစ်တဲ့အတွက် ဦးညွတ်ခံတဲ့ နေရာမှာပဲ နေမယ်၊ ဘယ်သူ့ကိုမှ ဦးမညွတ်နိုင်ဘူး၊ ငါ အသေပဲ ခံမယ်"။
"အော်... တော်တော်ကြီးကျယ်တဲ့ ဘုရင်ကြီးပါလား"။
" ကြီးကျယ်တာ မဟုတ်ဘူးလေ၊ ဒါ အာဇာနည်များရဲ့ ခံယူချက်ပဲ၊ အသေသာ ခံမယ်၊ ဓားပြကိုတော့ ဦးမညွတ်နိုင်ဘူး"။
"ရတယ် ဘုရင်ကြီး၊ ကျုပ်ကို ဘုရင်ကြီးက ဦးမညွှတ်ဘူးဆိုရင် ဘုရင်ကြီးနဲ့ အတူတူ ဖမ်းမိတဲ့ ဒီလူတွေကို ကျုပ်က အကုန် သတ်ပစ်မှာ"။
" ငါက ဦးမညွတ်ရင် ဒီလူတွေကို သတ်ပစ်မှာ၊ ဟုတ်လား"။
" ဟုတ်တယ် ဘုရင်ကြီး"။
" ဘာဆိုင်လို့လဲကွာ"။
" ဆိုင်ဆိုင် မဆိုင်ဆိုင် ဘုရင်ကြီးကသာ ကျုပ်ကို ဦးမညွတ်ဘူးဆိုရင် ဒီလူတွေ အကုန်လုံး သတ်ရမှာပဲ"။
ထိုစကားကြောင့် ဘုရင်ကြီးသည် တခဏမျှ တွေဝေသွား၏။ ထို့နောက် ဓားပြများကို ဒူးထောက်ပြီး ဦးညွတ်လိုက်လေတော့သည်။
အများအတွက် ဦးညွတ်ရ
--------------------
ဘုရင်ကြီးက ဦးညွတ်လိုက်သည့်အခါ ဓားပြဗိုလ် အံ့ဩသွား၏။ "ဘယ်လို ဘုရင်ပါလိမ့်၊ သူ့ကို သတ်မယ်ဆိုတုန်းက အသက်ကိုတောင် မငဲ့ကွက်ဘဲ ဘုရင်သိက္ခာအတွက် ဒူးမထောက်ခဲ့ဘူး၊ အခုကြတော့ မြေပြင်မှာ ဒူးထောက်လို့ပါလား၊ ဘုရင့်သိက္ခာကို ကိုယ့်အသက်ထက် တန်ဖိုးထားတဲ့ဘုရင်၊ လူတွေရဲ့ အသက်ကိုတော့ ဘုရင့်သိက္ခာထက် ပိုတန်ဖိုးထားတဲ့ဘုရင်ပါလား" ဆိုပြီး အံ့ဩသွားလေသည်။
ထို့နောက် ဓားပြဗိုလ်သည် ဘုရင့်ရှေ့မှာ ဒူးထောက်ပြီး "ဘုရင်ကြီး ကျုပ်ကို ခွင့်လွှတ်တော်မူပါ" ဟု လက်အုပ်ချီမိုး၍ တောင်းပန်လိုက်လေသည်။
ဘုရင်ကြီးသည် နေရာမှ ထပြီး ဓားပြဗိုလ်ကို "မောင်မင်းက ဓားပြဆိုပေမဲ့ ဆင်ခြင်တုံတရား ရှိတယ်၊ ဒါကြောင့် တိုင်းပြည်အတွက် အမှုထမ်းလိုပါက
နန်းတော်ကို လိုက်ခဲ့ပါ" ဆိုပြီး ရာဇဣနြေ္ဒအပြည့်ဖြင့် နန်းတော်ကို ပြန်ကြွသွားလေတော့သည်။
ဤဖြစ်စဉ်ကို ကြည့်လျှင် ဘုရင်ကြီး၏ နောက်လိုက်များအပေါ် ငဲ့ညှာသည့် စိတ်ထားကို တွေ့မြင်ရမည် ဖြစ်သည်။ ဤကား နောက်လိုက်များကို ရင်အုပ်မကွာ စောင့်ရှောက်ခြင်းပင် ဖြစ်သောကြောင့် "အဝိဂတ" ပင် ဖြစ်၏။
ထို့ကြောင့် ခေါင်းဆောင်ဆိုသည်မှာ ကိုယ်နှင့် ဆက်စပ်နေသူတို့၏ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးရမည်။ မျက်ခြည်မပြတ် စောင့်ကြည့်ရမည်။ အများအတွက် စွန့်လွှတ်နိုင်ရမည်။ ထိုကဲ့သို့ ခေါင်းဆောင်မျိုးကို "အာဇာနည်ပုဂ္ဂိုလ်" ဟု ခေါ်၏။ ဤကဲ့သို့ ရင်အုပ်မကွာ စောင့်ရှောက်ခြင်းသည် မကင်းကွာခြင်းဖြင့် ကျေးဇူးပြုခြင်းပင် ဖြစ်သောကြောင့် " အဝိဂတ" ပင် ဖြစ်ပေသည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
#မေတ္တာဖြင့်ပြန်လည်မျှဝေဒါနပြုပါသည်