13/05/2026
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် စေလွှတ်သော အလုပ်သမားများ ရောက်ရှိခြင်း
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့သော ကုန်ထုတ်လုပ်သားသစ်(၁၀၀)ဦးသည် ၆-၅-၂၀၂၆ ရက်နေ့တွင် ကိုရီးယားလေကြောင်းလိုင်း KE492 ခရီးစဉ်ဖြင့်လည်းကောင်း၊ ဝန်ဆောင်မှုလုပ်သား ကျား(၄)ဦး၊ မ(၁)ဦး၊ ပေါင်း(၅)ဦးနှင့် စိုက်ပျိုးရေးလုပ်သား(၂)ဦး စုစုပေါင်း(၇)ဦးတို့သည် ၁၂-၅-၂၀၂၆ ရက်နေ့တွင် စင်ကာပူလေကြောင်းလိုင်း SQ608 ခရီးစဉ်ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်သား (၁၀၁)ဦးနှင့် ဆောက်လုပ်ရေးလုပ်သား(၁၁)ဦး စုစုပေါင်း (၁၁၂)ဦးတို့သည် ၁၃-၅-၂၀၂၆ ရက်နေ့တွင် ကိုရီးယားလေကြောင်းလိုင်း KE492 ခရီးစဉ်ဖြင့်လည်းကောင်း အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပါသည်။
အဆိုပါအလုပ်သမားများ လေဆိပ်သို့ဆိုက်ရောက်ချိန်တွင် သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်က Video call ဖြင့် အသစ်ရောက်ရှိလာသော အလုပ်သမားများကို ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်စကားပြော၍ အခက်အခဲရှိပါက သံရုံးသို့ အချိန်မရွေးဆက်သွယ် ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံ Human Resources Development Service of Korea မှ တာဝန်ရှိသူများကိုလည်း လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရန်နှင့် မြန်မာသံရုံးထံ ဆက်သွယ်ရမည့်ကိစ္စရပ်များရှိပါက အချိန်မရွေး ဆက်သွယ် ဆောင်ရွက်ရန် Video call ဖြင့် ပြောကြားခဲ့ပါသည်။
Credit - Myanmar Embassy, Seoul