𝐂𝐡𝐚𝐧𝐧𝐚 𝐓𝐡𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐚𝐜𝐡𝐞𝐫

  • Home
  • Myanmar
  • Mawlamyine
  • 𝐂𝐡𝐚𝐧𝐧𝐚 𝐓𝐡𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐚𝐜𝐡𝐞𝐫

𝐂𝐡𝐚𝐧𝐧𝐚 𝐓𝐡𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐚𝐜𝐡𝐞𝐫 Learn different levels of English language and grammar with me!!

ဘေးဘယာကင်းကွာ၍ သာယာအေးချမ်းသော နှစ်သစ်ကူး အတာသင်္ကြန်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရ...
13/04/2026

ဘေးဘယာကင်းကွာ၍ သာယာအေးချမ်းသော နှစ်သစ်ကူး အတာသင်္ကြန်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်


01/04/2026

IELTS အတွက် ပြင်ဆင်တဲ့အခါ ဒီ ၃ ချက်ကို စဉ်းစားဖို့ လိုပါတယ်
1. လက်ရှိ ကိုယ့်ရဲ့ proficiency level (CEFR)
2. ကိုယ်လိုချင်တဲ့ target band score
3. ကိုယ်ပေးနိုင်မယ့် ကြာချိန်

1. ကိုယ့်ရဲ့ လက်ရှိ proficiency ကို သိပြီဆိုရင် ရနိုင်မယ့် band score ကို အကြမ်းဖျင်းတွက်လို့ရပါပြီ။
ယေဘုယျပြောရရင် ကိုယ်က လက်ရှိမှာ B1 level ဆိုရင် ရနိုင်မယ့် band score က 5-5.5 ထက် ပိုစရာ မရှိနိုင်ပါဘူး။
ဒီလိုပဲ C1 သမားကလည်း band 8.5 လောက်ရဖို့က စာတော်တော်လုပ်ထားမှ ဖြစ်နိုင်မှာမျိုးပါ။
နောက်ထပ်တစ်ခု သိထားရမှာက proficiency level တစ်ခုဟာ ဟောတစ်ခါ ဟောတစ်ခါ လျင်လျင်မြန်မြန် တက်သွားတာမျိုးလည်း ဟုတ်မနေပါဘူး။
သုတေသနတွေအရ B1 solid ရှိဖို့ သတ်မှတ်စာ‌လေ့လာသင့်တဲ့ ကြာချိန် (Guided Learning Hours - GLH) နာရီပေါင်း 350-400 အထိရှိသင့်ပြီး၊ B2 အတွက် နာရီ 500-650 ဝန်းကျင် လိုအပ်မှာပါ။ အသေးစိတ်ကို comment ထဲက reference link ထဲဝင်ဖတ်ကြည့်လို့ရပါတယ်။

2. ဒီအချက်မှာ ကိုယ်က ဘယ်နိုင်ငံကို ရွေးချယ်မှာလဲ၊ undergraduate or postgraduate program ဘယ်ဟာကို သွားမှာလဲ၊ ကျောင်းရဲ့ ranking အနိမ့်အမြင့်၊ scholarship လျှောက်မှာလား၊ self-funded တက်မှာလား စတာတွေပေါ် မူတည်ပြီးတော့လည်း လိုအပ်တဲ့ band score က အမျိုးမျိုးဖြစ်နိုင်ပါတယ်။
နံပါတ် 1. အချက်နဲ့ယှဉ်ပြောရရင် B2 ရှိပြီးသားကျောင်းသားအတွက် 5.5-6-6.5 ရဖို့ သိပ်မခက်တာကြောင့် Asia ဘက်မှာပဲ အဆင်ပြေတဲ့ undergraduate program ကို self-funded လုပ်မယ် စဉ်းစားထားတယ်ဆိုရင် IELTS အတွက် ပြင်ဆင်ချိန် အကြာကြီး မလိုအပ်ပါဘူး

3. ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ရည်မှန်းချက်အရ ဒီ test အတွက် ပေးနိုင်မယ့် ပြင်ဆင်ချိန်က တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။
နံပါတ် 2. က ဥပမာပေးထားတဲ့ ကျောင်းသားအတွက်ဆိုရင် ပြင်ဆင်ချိန် 2-3လ လောက်နဲ့ လုံလောက်ပါတယ်။
အဲသလိုမဟုတ်ဘဲ ကိုယ်က ရည်မှန်းချက်ကြီးသလို ကိုယ့်ရဲ့ current CEFR က B1 လောက်ပဲရှိသေးရင်တော့ နှစ်နဲ့ချီပြီး ပြင်ဆင်ရမှာပါ။

ဒီနေရာမှာ အရိုးသားဆုံး အကြံပေးရမယ်ဆိုရင် ကိုယ့်ရဲ့ရည်မှန်းချက်ကမြင့်တယ် proficiency ကသိပ်မကောင်းသေးဘူးဆိုရင် အချိန်ပေးရမှာချင်းအတူတူ general English မှာကိုပဲ၊ level တစ်ခုမှာ စာစုံအောင် အရင်လုပ်သင့်ပါတယ်။ foundation ကောင်းရအောင်လို့ပါ။
ဘာလို့လဲဆိုရင် IELTS သည် exam ဖြစ်တဲ့အလျောက် foundation နေနေ၊ preparation နေနေ လုပ်ရတဲ့စာတွေက exam focused practice မို့လို့ အချိန်ကြာလာတာနဲ့အမျှ နုံးလာတတ်ပါတယ်။
ဒီလိုနုံးသွားပြီဆိုရင် စာလုပ်နေပါလျက် အမှတ်ကတက်မလာဘဲ ခြေကုန်လက်ပန်းကျပြီး စိတ်ဓာတ်ကျနိုင်လို့ပါ။

ခုနောက်ပိုင်းမျိုးဆက်က ကလေးတွေအနေနဲ့ အင်္ဂလိပ်စာနဲ့ မစိမ်းတော့တဲ့အပြင် ခေတ်မီပြီး ကောင်းမွန်ထိရောက်တဲ့ ပြဌာန်းစာအုပ်တွေ၊ သင်ကြားမှုတွေနဲ့ ကြီးပျင်းလာရတဲ့အတွက် နောက်ပိုင်းမှာ IELTS high achiever တွေလည်း ရှေ့လျှောက်များစွာပေါ်ထွက်လာကြဦးမှာပါ။

ကျွန်မ မဟာတန်းတက်တုန်းက သဘောကျမိတဲ့ assignment တစ်ခုရှိတယ်။အမှန်တော့ ပါမောက္ခတွေက စာသင်‌ချိန် တစ်ပတ်စာပြီးတဲ့နောက်မှာ အပ...
01/03/2026

ကျွန်မ မဟာတန်းတက်တုန်းက သဘောကျမိတဲ့ assignment တစ်ခုရှိတယ်။
အမှန်တော့ ပါမောက္ခတွေက စာသင်‌ချိန် တစ်ပတ်စာပြီးတဲ့နောက်မှာ အပတ်စဉ် အိမ်စာအနေနဲ့ အားတဲ့အချိန်မှာ လုပ်ခိုင်းတာမို့သာ assignment ဖြစ်သွားတာပါ။ တကယ်ကတော့ အတန်းသားအားလုံး ပါဝင်တဲ့ student-led class discussion ပုံစံမျိုးပါ။
"FORUM လို့ခေါ်ပါတယ်"
-------------------------------------------
အတိုချုပ်ရှင်းပြရရင် forum က ကျောင်းကပေးထားတဲ့ learning management system (LMS) ပေါ်က သက်ဆိုင်ရာ ဘာသာရပ်ရဲ့ page မှာ ကျောင်းသားတွေက ခေါင်းစဉ်တစ်ခုအပေါ် ကိုယ့်ရဲ့အမြင်တွေကို ရေးသားဝေမျှပြီး ဆွေးနွေးရတာပါ။ ဒါ့အပြင်ကိုမှ အခြားသူတွေရဲ့ အမြင်တွေကို ထောက်ခံ၏ (သို့) ကန့်ကွက်၏ ဆိုပြီး အပြန်အလှန် မှတ်ချက်ပြု ဆွေးနွေးတာမျိုး လုပ်ရတာပါ။ ကျွန်မရဲ့ ပါမောက္ခတွေကတော့ အနည်းဆုံး ၃ယောက်ရဲ့ အမြင်ကို reply လုပ်ခိုင်းကြပါတယ်။ အဲ့ဒီ forum participation ကနေလည်း grading အတွက် အမှတ်ပေးတာမို့ မဖြစ်မနေတော့ လုပ်ကြရပါတယ်

အရိုးသားဆုံး ဝန်ခံရရင် စစချင်းမှာ forum မှာ ဝင်ရေးရမှာ ကျွန်မပျင်းခဲ့ဖူးပါတယ်။ အကြောင်းရင်းက ကျောင်းသားတွေရဲ့ အသံနဲ့အကြံတွေကို သိပ်ပြီး အလေးထားခြင်းမခံရတဲ့ ပညာရေးနောက်ခံကနေ လာခဲ့ရတဲ့သူမို့ ကျွန်မရဲ့အမြင်ဆိုတာဟာလည်း သိပ်ပြီး ပြတ်သားနေတာမျိုးမရှိသလို ကိုယ့်အမြင်ကို ဘယ်လိုမျိုး ရေးရမလဲဆိုတာကိုတောင် မသိခဲ့တဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။ ကိုယ့်အမြင်ကိုတောင် သေချာမရှင်းပြနိုင်ခဲ့ချိန်မှာ တခြားအတန်းဖော်တွေရဲ့ အမြင်တွေကို ထောက်ခံ၊ ကန့်ကွက် ဆွေးနွေးဖို့ဆိုတာကလည်း ခက်ခဲခဲ့တာပါပဲ။ အဲဒီတော့ မရေးရင်လည်း အမှတ်လျော့မှာမို့ အတန်းထဲမှာ သင်ခဲ့ရတာတွေကိုပဲ စစချင်းမှာ အနှစ်ချုပ်သဘောလောက် ပြန်ရေးခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ ပါမောက္ခနဲ့ တခြားကျောင်းသားတွေရဲ့ အပြန်အလှန် မျှဝေမှုတွေ၊ ဆွေးနွေးမှုတွေ၊ interaction တွေကို ဖတ်ရင်းလေ့လာရင်း forum discussion ရဲ့ သဘောသဘာဝနဲ့ အနှစ်သာရကို သဘောပေါက်လာပြီးတော့ ကျွန်မရဲ့ ဆွေးနွေးချက်တွေဟာ ကျွန်မကိုယ်ပိုင်အမြင်နဲ့ အသံတွေဖြစ်လာခဲ့ပါတယ်။
---------------------------------------
ဒီအထိ ကျွန်မရေးလာခဲ့တာဟာ ဒီလို ကျောင်းသားတွေ အဓိကပါဝင်တဲ့ forum တွေဟာ အဆင့်မြင့်ပညာရေးမှာ အဓိကလိုအပ်တဲ့ ကျောင်းသားရဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းကို လှုံ့ဆော်ပေးနိုင်တဲ့အပြင် အချင်းချင်း ပညာရှင်ဆန်စွာ အချက်အလက်ကျကျ၊ ယုတ္တိဗေဒကျကျနဲ့ လက်ခံ၊ ငြင်းခုံတတ်တဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တဲ့ အတန်းတွင်းယဉ်ကျေးမှုတစ်ခု (classroom culture) ဖြစ်နေတာကို ထောက်ပြချင်လို့ပါ။

ကျွန်မတို့နိုင်ငံရဲ့ အဆင့်မြင့်ပညာရေးကို ကြည့်မယ်ဆိုရင် lecture ပို့ချမှုက အဓိကဖြစ်ပြီးတော့ အလွတ်ကျက်ဖြေစနစ်ပေါ်မှာ အဓိကအခြေခံနေသေးတဲ့အတွက် အကျိုးဆက်အနေနဲ့ ကျောင်းသားတွေရဲ့ ဘာသာရပ်ဆိုင်ရာ အမြင်တွေဟာ အချင်းချင်းရော၊ ဆရာတွေရောရဲ့ အပြန်အလှန် အသိအမှတ်ပြု နားထောင်ဆွေးနွေးမှုကို ထင်သလောက် မရရှိနေပါဘူး။

(ဥပမာပေးရရင် ကျွန်မတို့ B.A. တတိယနှစ် ဘာသာပြန်အတန်းမှာ ပါးပါးလှီးခြင်းကို ဆရာမက slice လို့ပြောသွားပေမယ့် စာလုံးပေါင်း မပြောပြပေးသွားတာကြောင့် ဒီစာလုံးကို မသိတဲ့ အချို့ကျောင်းသားတွေက အသံထွက်ဆင်တဲ့ homophones တွေဖြစ်တဲ့ slide တို့ slight တို့ဆိုပြီး ရေးကြပါတယ်။ ကျွန်မကတော့ အပြင်သင်တန်းမှာ သင်ဖူးထားလို့ slice ဖြစ်နိုင်တယ်လို့ အနားကသူငယ်ချင်းတွေကို ပြောပေမယ့် ဘယ်သူကမှ ဆရာမကို ပြန်မမေးကြသလို ဘယ်စာလုံးကအမှန်ပါဆိုပြီး အတည်မပြုပေးနိုင်ပါဘူး။ နောက်ဆုံး အတန်းပြီးလို့ ဆရာမထွက်သွားခါမှ ကျွန်မလိုက်သွားပြီး သွားမေးတဲ့အခါ စာလုံးအမှန်ဖြစ်တာကို သိခဲ့ရပါတယ်)။ ဒါက သေးငယ်တဲ့ ဥပမာတစ်ခုပါ။

ပြန်ဆက်ရရင် ဒီကနေတစ်ဆင့် လုပ်ငန်းခွင်ထဲ ဝင်ရောက်လာတဲ့ ပညာရှင်တွေဟာ ဘယ်နယ်ပယ်မှာမဆို ပညာတတ်၊ ပညာရှင်ဆန်စွာနဲ့ အချက်အလက်ကျကျ ထောက်ခံ၊ကန့်ကွက်‌ဆွေးနွေးတတ်ဖို့ကို မသင်ယူလာနိုင်ခဲ့ကြတော့ပါဘူး။ ပညာရှင်လို ဆွေးနွေးတယ်ဆိုရာမှာ လိုရင်းရောက်အောင် စိတ်မကောက်၊ စိတ်မဆိုး၊ စကားနာမထိုးဘဲ ယထာဘူတကျကျ ကိုယ့်အမြင်ကို ရှင်းပြတာမျိုးကိုပြောတာပါ။

လွန်ခဲ့တဲ့ ၅နှစ်ပတ်ချာလည်မှာ online ပေါ်မှာ ဒီလို debate မျိုးတွေ မြိုင်နေအောင်ပေါခဲ့ပြီး ဖတ်ရှုသူတွေအနေနဲ့လည်း နှစ်ဖက်အမြင်ကို အချက်အလက်စုံလင်စွာနဲ့ လေ့လာနိုင်ခဲ့တာမျိုးတွေကို မှတ်မိနေပါသေးတယ်။ လက်ရှိအခြေအနေကို ဥပမာပေးရရင်တော့ အခုတလောရေပန်းစားတဲ့ ဇာတ်သဘင် ပိတ်သိမ်းရတဲ့နစ်နာမှုနဲ့ တစ်ဖက်အဖွဲ့အစည်းရဲ့ နစ်နာမှု၊ ဇာတ်အဖွဲ့ရဲ့ လွန်ကျူးမှုနဲ့ အရေးယူခြင်းရဲ့ပြင်းထန်မှု၊ ဒါတွေကို ဝေဖန်တဲ့အခါ လက်တွေ့အချက်အလက်ထက် ခံစားမှုကို ရှေ့တန်းတင်ကြတာကြောင့် စိတ်ညစ်ညူးဖွယ်ရာ မပြီးဆုံးနိုင်တဲ့ အပြစ်တင်မှုတွေ ဖြစ်လာခဲ့တာကို မြင်ရမှာပဲဖြစ်ပါတယ်။

လိုရင်းကိုပြန်ချုပ်ရရင် ဘယ်ဘာသာရပ်အတွက်မဆို ကျောင်းသားတွေဟာ ကိုယ်တိုင်လွတ်လပ်စွာ တွေးခေါ်ဆွေးနွေးနိုင်ပြီဖြစ်တဲ့ အဆင့်မြင့်ပညာရေးမှာ forum လို classroom culture၊ debate လို ကျောင်းတွင်းလှုပ်ရှားမှု လုပ်ငန်းစဉ် (activities) တွေကို မွေးမြူပေးသင့်ပါတယ်။ ဒါဟာ ကျောင်းသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အတွေး‌အခေါ်တိုးတက်လာစေဖို့တင်မဟုတ်ဘဲ နိုင်ငံနဲ့ လူထုရဲ့ အတွေးအခေါ်၊ ပညာရေး၊ ယဉ်ကျေးမှုရေချိန် မြင့်တက်လာစေဖို့လည်း အထောက်အကူပြုနိုင်မှာပါ ဖြစ်ပါတယ်။


ELT လို့‌ခေါ်တဲ့ အင်္ဂလိပ်စာ သင်ကြားရေးနယ်ပယ်က Jack of all trades ဖြစ်လာနေပြီလား----------------------------------------...
15/02/2026

ELT လို့‌ခေါ်တဲ့ အင်္ဂလိပ်စာ သင်ကြားရေးနယ်ပယ်က Jack of all trades ဖြစ်လာနေပြီလား
----------------------------------------
ဒီနေ့ခေတ်မှာ English ဘာသာစကား လိုအပ်ချက်မျိုးစုံကြောင့် အင်္ဂလိပ်စာ သင်ကြားရေးနယ်ပယ်က အတော်လေးကျယ်ပြန့်လာသလို အတော်လေး လွယ်လင့်တကူ လက်လှမ်းမီလာတာကိုတော့ အားလုံးအသိပဲဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ ဒီလိုလွယ်ကူစွာ ကျယ်ပြန့်လာတဲ့ ELT နယ်ပယ်ဟာ Jack of all trades ဖြစ်လာနေလားဆိုတာကို အမြင်နှစ်ဖက်ကနေ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ကနဦးအနေနဲ့ Jack of all trades ဆိုတာကတော့ 'Jack of all trades but master of none' ဆိုတဲ့ စကားပုံကနေ တွင်လာတဲ့ အသုံးတစ်ခုဖြစ်ပြီး၊ ဒီဘက်ခေတ်မှာတော့ နေရာစုံမှာ နည်းနည်းစီတတ်မြောက်သူ ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲလာကြတာ ဖြစ်ပါတယ်။

အပေါ်ကအဆိုကို ရှင်းပြရရင် ပထမတစ်ချက်က သင်ကြားရေးနည်းလမ်းတွေဟာ ဒီဘက်ခေတ်မှာ နည်းပညာနဲ့ လက်လှမ်းမီနိုင်မှု အခြေအနေပေါ် မူတည်ပြီးလို့ အရင်ခေတ်ကထက် သိသိသာသာ ခေတ်မီပြောင်းလဲလာတာပါ။

AI tools တွေ၊ internet နဲ့ digital devices တွေ၊ social platforms တွေကနေတစ်ဆင့် English ကို လွယ်ကူလျင်မြန်စွာ သင်ကြား၊သင်ယူ လာနိုင်နေကြပါတယ်။

ဒီ့အတွက် English learning ဟာ အရင်ခေတ်ကလို ဆရာကနေ ဦးဆောင်တဲ့ Grammar အခြေပြု ဘာသာပြန်ရှင်းလင်း သင်ကြားပြသနည်း တစ်မျိုးတည်းကနေပဲ သင်ယူလို့ရတာမျိုး မဟုတ်တော့ဘဲ သင်တန်းမျိုးစုံ၊ နေရာရင်းမြစ်မျိုးစုံကနေ ကိုယ်နဲ့ကိုက်ညီတဲ့ သင်ကြားမှုနည်းလမ်းတွေနဲ့ လေ့လာလို့ ရလာပါတယ်။

ဒါကအားသာချက်ဖြစ်လာပြီးတော့ အားနည်းချက်ကတော့ သင်ယူသူတိုင်းဟာ ပြန်လည်မျှဝေလိုသူတွေ ဖြစ်လာကြတာပါ။

ဟုတ်ပါတယ်။ ဒီတစ်ချက်က Jack of all trades ဖြစ်လာပြီလားဆိုတဲ့ မေးခွန်းရဲ့ ဒုတိယမြောက် ရည်ရွယ်ချက်ပါ။

ပွင့်ပွင့်လင်းလင်းနဲ့ အားမနာတမ်း ထောက်ပြရမယ်ဆိုရင် (the demand for English language) အင်္ဂလိပ်ဘာသာစကားလိုအပ်ချက်ဟာ ဒီနောက်ပိုင်းနှစ်တွေမှာ ပိုပြီးမြင့်တက်လာပါတယ်။

ဒီလိုအပ်ချက်အရပဲ ခုနက လွယ်ကူလျင်မြန်တဲ့ နည်းလမ်းနဲ့ ဘာသာစကားကို လေ့လာခဲ့သူတွေဟာ လွယ်ကူလျင်မြန်စွာပဲ ပြန်လည်သင်ကြားသူများအဖြစ် ရောက်ရှိလာကြပါတယ်။

အမှန်တကယ်တော့ တိုင်းခြားဘာသာစကားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုမှာ အချိန်ကာလကလည်း ဖယ်ထုတ်ထားလို့မရတဲ့ သက်ရောက်မှုတစ်ခုကိုပေးပါတယ်။

ဥပမာအားဖြင့် CEFR အရ A1 to A2, A2 to B1 ဒီလိုအဆင့်ဆင့် ရောက်ရှိဖို့အတွက် လိုအပ်တဲ့ သင်ယူမှုနဲ့ လေ့ကျင့်မှု ကြာချိန် ကာလတစ်ခုစီ အတိအကျရှိပါတယ်။
Reference link ကို comment မှာ ချပေးထားပါတယ်။

အပေါ်မှာပြောခဲ့သလို English language ကို ကာလတစ်ခုအားဖြင့် သင်ယူတတ်မြောက်ပြီးကြသူတွေက သင်ကြားရေးလမ်းကြောင်းထဲ ကူးပြောင်းကြတဲ့အခါမှာ ခေါင်းစဉ်ကမေးခွန်းကို မေးရလောက်တဲ့ အချို့သော ပြဿနာတွေ ပေါ်လာပါတော့တယ်။

၁။ သင်ကြားသူမှာ ဘာသာစကားကိုယ်ခံအား မပြည့်သေးခြင်း
ဒါကတော့ ခုနက ပြောခဲ့သလို လိုအပ်တဲ့ learning hour မပြည့်ဘဲ level အဆင့်မြှင့်တင်ပေးခြင်း ခံလိုက်ရတဲ့သူတွေ (အများစုက သင်တန်းတွေရဲ့ ဈေးကွက်စနစ်ကြောင့် ဖြစ်နိုင်ပါတယ်) မှာ ကိုယ်တိုင်က သင်ကြားသူအဖြစ် ပြန်လည်ရောက်ရှိလာပေမယ့် ကိုယ်တိုင်က အမှားအယွင်းတွေ များနေသေးတဲ့အခါ ကောင်းမွန်ပြေပြစ်တဲ့ သင်ကြားမှုကို မပေးနိုင်တော့တာပါ။

၂။ ဘာသာစကားနှင့် ဆက်စပ်ယဉ်ကျေးမှု ဗဟုသုတအားနည်းခြင်း
ဘာသာစကားတတ်မြောက်မှုအဆင့် (proficiency level) တက်ဖို့ပဲ ဦးစားပေးပြီး စာမေးပွဲတွေအတွက် ဦးစားပေးလေ့ကျင့်လာခဲ့တဲ့ သူတွေမှာတော့ ပြန်လည်သင်ကြားတဲ့အခါ ဘာသာစကားရဲ့ အလှနဲ့ရသကို ဖော်ကြူးပြသပေးနိုင်မှုမှာ အားနည်းသွားနိုင်တာဖြစ်ပြီး အချို့အသုံးအနှုန်းတွေကို သဘာဝကျကျ ချဉ်းကပ်သင်ကြားပေးနိုင်မှု လျော့နည်းသွားနိုင်တာ ဖြစ်ပါတယ်။

၃။ သင်ကြားရေးဝမ်းစာ မပြည့်တင်းခြင်း
AI ခေတ်မှာ လွယ်ကူလျင်မြန်စွာနဲ့ proficiency တက်လာပြီးတဲ့နောက် ပြန်လည်သင်ကြားသူအဖြစ် လုပ်ကိုင်ကြတဲ့အခါ မိမိရဲ့ သင်ကြားရေးဝမ်းစာ ဗဟုသုတကိုလည်း ဘယ်လိုနည်းလမ်းနဲ့မဆို အရင်ဖြည့်ဆည်းသင့်ပါတယ်။ မဟုတ်ဘဲ ကိုယ်လေ့လာခဲ့သလိုပဲ ပြန်လည်မျှဝေ သင်ကြားနေမယ်ဆိုရင်တော့ ထိရောက်အောင် မျှဝေနိုင်မှာမဟုတ်သလို အမှတ်စဉ် ၁ ကလို ဘာသာစကား ကိုယ်ခံအားမပြည့်ဝတဲ့ ကျောင်းသားတွေပဲ ထပ်မံထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

၄။ ဘယ်သူမဆို ဝင်ရောက်သင်ကြားလာခြင်း
နောက်ဆုံးတစ်ချက်ကိုတော့ အားနာစွာနဲ့ ရဲရဲတင်းတင်းဆွေးနွေးပါတယ်။ ဆရာဝန်မဟုတ်ရင် ဆေးမကုနိုင်တာ၊ လေယာဉ်မှူးမဟုတ်ရင် လေယာဉ်မမောင်းနိုင်တာ လူတိုင်းလက်ခံကြပေမယ့် ELT မှာတော့ နယ်ပယ်စုံက English language တတ်ကျွမ်းသူများက ဝင်ရောက်သင်ကြားလာကြတာကို ပြောခြင်းဖြစ်ပါတယ်။

ဘာ့ကြောင့်ဆိုတဲ့ အကြောင်းရင်းကို အပေါ်မှာ ပြောခဲ့ပြီးဖြစ်တာမို့ ဒီလို Jack of all trades လူတန်းစားအနေနဲ့ ELT မှာ ဝင်ရောက်လာကြခြင်းကို မကြိုဆိုတာမဟုတ်ဘဲ အမှတ်စဉ် ၁၊ ၂၊ ၃ ပါ ပြဿနာတွေကို သိရှိပြီး ကိုယ့်လိုအပ်ချက်ကိုယ် ဖြည့်တင်းနိုင်သူတွေကသာ လေ့လာနေတဲ့ ကျောင်းသားတွေအတွက် လိုအပ်တဲ့ အထောက်အကူ ဖြစ်စေမှာပါ။

ဆက်စပ်လို့ ဖြည့်စွက်ပြောရရင် လက်ရှိမှာ အခြားနိုင်ငံတွေကို သင်ကြားရေးအလုပ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်ကြတဲ့အခါ English language teacher ဆိုတဲ့ လမ်းကြောင်းတစ်ခုတည်း မဟုတ်ဘဲ အခြားကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်၊ နယ်ပယ်တွေကိုလည်း ကြိုးစားကြည့်သင့်ကြောင်းပါ။

ဘာလို့ဆို ဒီလိုဘာသာရပ်တွေအတွက်က English language လိုအပ်တယ်ဆိုပေမယ့် English language ကိုသင်ကြားရမယ့်သူအတွက်လောက်တော့ မလိုအပ်ပါဘူး။ နောက်တစ်ချက်က လစာပမာဏပါ။ မိမိနိုင်ငံအနေအထားနဲ့ မိမိရဲ့ မိခင်ဘာသာစကားက English မဟုတ်တာကို သတိပြုရမှာပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ English language teacher တွေအနေနဲ့လည်း 4 language skills, vocabulary, grammar တွေမှာတင် လမ်းမဆုံးနေဘဲ ကိုယ့်ရဲ့ knowledge and language boundary ကို Jack of all trades ဖြစ်အောင် မွမ်းမံနေသင့်ပါတယ်။ ဒီလိုမှပဲ ကိုယ့်ရဲ့ သင်ကြားရေးဖြစ်စဉ်ဟာ ထိရောက်အကျိုးရှိပြီး ကျောင်းသားတွေကို ပြည့်ဝစွာ သင်ကြားမျှဝေနိုင်မှာဖြစ်တယ်လို့ ဆွေးနွေးတင်ပြလိုက်ရပါတယ်။





29/12/2025

Passive voice နဲ့ reported speech မှာ tense တွေရောနေတတ်တာကို ဘယ်လိုအလွယ်မှတ်မလဲ
ဒီ video ထဲမှာပြောပြထားပါတယ် 👇👇





အချိန်ခွဲဝေရခြင်း၊ မတူသောစာသင်ချိန်များ နှင့် EFL ဆရာတစ်ယောက်၏ နေ့စဉ်ဘဝ___________________________________________(ဦးစွာ...
14/12/2025

အချိန်ခွဲဝေရခြင်း၊ မတူသောစာသင်ချိန်များ နှင့် EFL ဆရာတစ်ယောက်၏ နေ့စဉ်ဘဝ
___________________________________________
(ဦးစွာ ဤဆောင်းပါးသည် မိမိတစ်ဦးတည်း၏ အမြင်ဖြင့်ရေးသားထားခြင်းဖြစ်ကြောင်း ပလ္လင်ခံအပ်။)

ညနေက မဆုံတာကြာတဲ့ သူငယ်ချင်းတွေဆုံတော့ ပိတ်ရက်ကို ခရီးထွက်ဖို့အကြောင်းတွေ တိုင်ပင်ဖြစ်ကြတယ်။
လောလောဆယ် တစ်မြို့ထဲရှိ‌နေတဲ့ သူငယ်ချင်း‌တွေ တစ်ယောက်စီရဲ့အလုပ်က မတူညီတဲ့ နယ်ပယ်တစ်ခုစီ၊ သူတို့ထဲက တစ်ယောက်ကတော့ EFL ဆရာမပေါ့။

Company & bank က သူငယ်ချင်းတွေရယ်၊ ကိုယ်ပိုင်အလုပ်နဲ့သူငယ်ချင်းရယ်က ကိုယ်ရေးကိုယ်တာကိစ္စတွေ ခဏဖယ်ထားလိုက်ရင် ပိတ်ရက်‌တွေ သတ်သတ်မှတ်မှတ်ရှိကြပေမယ့် EFL ဆရာမကတော့ ပိတ်ရက်ရယ်လို့ မယ်မယ်ရရမရှိ။

မရှိရတဲ့အကြောင်းကဒီလို။
ကိုယ်တွေနယ်မြို့ဘက်မှာက အင်္ဂလိပ်ဘာသာစကားဆရာ လိုအပ်မှုများတယ်။ (နောက်တစ်ခုက ခေတ်ကာလအနေအထားအရ ငွေကြေးအတွက် ရှာဖွေရတာတွေရှိမယ်၊ ကိုယ့်ကိုယုံလို့ လက်ကမ်းခေါ်ကြတဲ့ အသိမိတ်ဆွေ၊ ဆရာ၊မိဘ၊ကျောင်းသားတွေရဲ့ မျက်နှာတွေကြောင့် အားနာလက်ခံရတာတွေရှိမယ်၊ ကိုယ်တိုင်က အချိန်အအား မနေတတ်ကြဘဲ စာသင်ရတာ ဝါသနာပါကြတာမျိုးတွေရှိမယ်၊ အမျိုးမျိုးပေါ့)။

ဒီတော့ အချို့ သင်တန်းကျောင်းအကြီးတွေ၊ နိုင်ငံတကာပညာရေးသင် ကျောင်းတွေက စာချုပ်ပြဌာန်းချက်ရှိတဲ့ ဆရာ၊ဆရာမတွေကလွဲရင် ဆရာ(အများစု)က တစ်ခုထက်ပိုတဲ့ မတူညီတဲ့ စာသင်ချိန်တွေ ရှိတတ်ကြတယ်။

ဒီလိုစာသင်ချိန်တွေ များတာနဲ့အမျှ ပိတ်ရက်တွေဟာလည်း တစ်သမတ်တည်း တူညီမရှိနေတော့ဘူး။
-ကျောင်းတစ်ခုက ရုံးပိတ်ရက်တွေမှာ ပိတ်ပေမယ့် နောက်အတန်းတစ်ခုက weekend class ဖြစ်နေတဲ့အခါ၊
-တစ်ခါ အပြင်အတန်းပိတ်ရက်တွေဟာ online အတန်းတွေအတွက် စာသင်ချိန်ဖြစ်သွားတဲ့အခါ၊
-အဲ့အပြင်ကို တစ်ဦးတည်းသီးသန့် ဂရုတစိုက် လေ့လာချင်တဲ့ ကြိုးစားတဲ့ တပည့်တွေအတွက် ကိုယ့်ရဲ့ အားလပ်ချိန်တွေကို ဖဲ့ပေးလာရတဲ့အခါ၊
-အတန်းတစ်ခုနဲ့ တစ်ခုရဲ့ သင်ရိုး၊ ကျောင်းသားတွေရဲ့ level နဲ့ မတူညီတဲ့ class setting တွေမို့ lesson plan တွေ မတူအောင် ပြင်ဆင်ရတဲ့အခါ၊
ဒီလိုအခါတွေမှာ EFL ဆရာ၊မ တွေမှာ ပိတ်ရက်အပြင် ကိုယ်ပိုင် အနားယူ အပန်းဖြေတဲ့အချိန်တွေက လျော့သထက် လျော့လာကြတယ်။

ဒီလိုအခင်းအကျင်းမှာ ဝင်ငွေနှုန်းနဲ့ လုပ်ငန်းခွင်‌အောင်မြင်မှု အရကတော့ ကျေနပ်စရာ‌ ရှိကောင်းရှိပေမယ့် ပျောက်ဆုံးသွားတဲ့ အနားယူချိန်တွေဟာ လူမှုရေးကိစ္စတွေ၊ ဆရာ၊ဆရာမတွေရဲ့ ကိုယ်၊စိတ်ကျန်းမာရေးတွေကို ‌ထိခိုက်စေပါတယ်။

ညနေကလို အခြေအနေမှာတော့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေမို့ အချိန်၊နေရာနဲ့ အစီအစဉ်သာ တိကျပါစေ။ အတန်းတွေကို ခွင့်ရအောင်ယူပြီး လိုက်မယ်လို့ ကတိပေးလို့ရပေမယ့် ဒီလို လွယ်လွယ်စီစဉ်လို့ရတဲ့ အနေအထားက အမြဲတစေ လွယ်ကူနေတာမျိုး မဟုတ်တာပါ။

ဥပမာပေးရရင်-
အတန်း၁က ကျောင်းသားတွေက ပိတ်ရက်ကို ခရီးသွားဖို့ ခေါ်တာတောင် အတန်း၂မှာ စာသင်ချိန်ရှိလို့ မလိုက်ဖြစ်ရတဲ့အချိန်တွေ၊ ကျောင်းနေဖက်သူငယ်ချင်းရဲ့ တဖက်မြို့က အလှူကို စာသင်ရမယ့်အချိန်တိုက်နေလို့ မသွားဖြစ်လိုက်ရတာတွေ၊ ကျောင်းသားဟောင်းတွေရဲ့ ဘွဲ့အခမ်းအနားလိုမျိုးတွေကို အတန်းဝင်နေလို့ လွတ်သွားတာတွေ၊ ဒီလိုမျိုး လူမှုရေးပျက်ကွက်မှုတွေနဲ့ အသားကျလာရတာမျိုးပါ။

ကိုယ်၊စိတ်ကျန်းမာရေး ရှူထောင့်အရ ဆိုရင်လည်း ပြောဖို့ရာများပါတယ်။ နယ်ပယ်တူ ဆရာ၊မ အချင်းချင်းဆုံတဲ့အခါ အရင်ဆုံး ရင်ဖွင့်ရယ်မောကြရတာက ကြာမြင့်ပြီး အနားမရှိတဲ့ များပြားတဲ့ အလုပ်ချိန်တွေကြောင့် ကိုယ့်မှာတော့ ဘာရောဂါနဲ့ ဘာဆေးသောက်နေရပြီး၊ သူ့မှာတော့ ဘယ်အနာနဲ့ ဘယ်လိုကုသနေရတယ် ဆိုတာတွေ၊ ဘယ်လိုစိတ်ဒုက္ခကြောင့် စိတ်ဒဏ်ရာတွေ ဖြစ်ရတယ်ဆိုတာတွေဖြစ်ပါတယ်။

ကမ္ဘာမှာ စိတ်ကျန်းမာရေးကိုလည်း အလေးပေးလာတဲ့ နောက်ပိုင်းနှစ်တွေမှာ ဆရာ၊မတွေမှာလည်း ဘယ်သူ့ရဲ့ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ခြိမ်းခြောက်မှုမှမပါတဲ့ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ပင်ပန်းမှုတွေကနေ စိတ်ဒဏ်ရာရတတ်ကြောင်းကလည်း လက်ခံရမယ့် ဆွေးနွေးချက်တစ်ခုဖြစ်တယ်။

အခုဒီဆောင်းပါးရေးတဲ့အချိန်ဟာ လူအများစု နားချိန်ဖြစ်ပေမယ့် မိမိအတွက်ကတော့ ဆရာမတစ်ယောက်အနေနဲ့ စာသင်ချိန်ပြင်ပလုပ်ရမယ့် တာဝန်တွေ၊ ကျောင်းသားတွေကို လုပ်ပေးမယ်လို့ ကတိပေးခဲ့ပြီး မလုပ်ရသေးတာတွေကို ပစ်ထားပြီး တစ်ကိုယ်ကောင်းဆန်စွာနဲ့ ဆောင်းပါးတစ်ပုဒ် ထိုင်ရေးနေတဲ့ အချိန်ပဲဖြစ်ပါတယ်။

အပြင်လူတွေအနေနဲ့ EFL ဆရာ၊မတွေမှာ ဒီလိုအချိန်မအားလပ်မှုတွေ ထူထပ်စွာဖြစ်နေတာက နားလည်ရ ခက်ကောင်းခက်နိုင်ပေမယ့် တကယ်တော့ ဒါကလက်တွေ့ပါ။ ဒါကိုမှ ဆရာ၊ဆရာမတွေနဲ့ စာသင်ချိန်ပြင်ပ၊ စာသင်ခြင်းရပ်ဝန်းနဲ့ မသက်ဆိုင်တဲ့နေရာတွေမှာ ကိုယ်၊စိတ်လွတ်လပ်စွာ နေထိုင်ရှင်သန်နေကြတာကို ဂုဏ်၊သိက္ခာဆိုတဲ့ ဘောင်တစ်ခုနဲ့ တိုင်းပြီး အရည်အချင်း၊လူ့တန်ဖိုးနဲ့ လူ့ကျင့်ဝတ်ကို တန်ဖိုးဖြတ်ချင်ကြတဲ့သူတွေရဲ့ စိတ်နေသဘောထားကိုတော့ မှန်းဆနားလည်ပေးလို့ မရနိုင်တာ အမှန်ပါပဲ။


(အတွေးအမြင်ဆောင်းပါး)
Photo - Facebook post တစ်ခုမှ သိမ်းယူထားသော AI generated ဓာတ်ပုံတစ်ပုံဖြစ်ပါသည်။

13/12/2025

The individual presentations of MYMA level 3 (CEFR A2-B1) students for Term-40.
Students showcased their dynamic, diligent, and delicate presentation skills on set.



Writing task 2 စစ်တဲ့အခါ-----------------------------------အတန်းတစ်တန်းထဲက‌ ကျောင်းသားတွေဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ...
05/12/2025

Writing task 2 စစ်တဲ့အခါ
-----------------------------------
အတန်းတစ်တန်းထဲက‌ ကျောင်းသားတွေဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အားနည်းချက် အားသာချက်မတူညီကြပါဘူး

ဒီလိုကျောင်းသားတွေကို feedback ပေးတဲ့အခါ သူတို့အတွက် လက်ရှိရနိုင်တဲ့ band score ကနေ နောက်တစ်ဆင့် တက်လာစေဖို့ လမ်းညွှန်ပေးရ၊ ပြင်ခိုင်းရတဲ့ အချက်တွေကမတူညီပါဘူး

ပထမပုံကလို အမှားအယွင်း အနည်းငယ်လောက်ပဲရှိပြီး ချောမောလှပအောင်ရေးနိုင်တဲ့ ကျောင်းသားကို lexical resource and grammar အတွက်ချီးကျူးပေးပြီး၊ အမှတ်ပိုတက်လာစေဖို့ idea organization and flow ကို သဘာဝကျကျ နည်းလည်ရလွယ်အောင် ရေးနိုင်ဖို့ ပြောပေးပါတယ်

ဒုတိယပုံကလို မြင်သာတွေအမှားတွေ ရှိနေသေးတဲ့ကျောင်းသားကိုတော့ task response မှန်ကန်မှုနဲ့ coherent ဖြစ်မှုအပိုင်းကို ချီးကျူးပေးပြီး ရေးတဲ့အချိန်မှာ အမှားတွေလျှော့ချနိုင်မယ့် နည်းလမ်းတွေကို အဓိကပြောပြပေးပြီး အမှားတွေနည်းလာတာနဲ့အမျှ အမှတ်ပါကပ်ပြီး ပါလာမှဖြစ်ကြောင်း အားပေးပါတယ်

တတိယပုံကလို အမှားအယွင်း အနည်းငယ်ပဲရှိပြီး ရိုးရှင်းနေသေးတဲ့ ကျောင်းသားကိုတော့ task response နဲ့ cohesion and coherent အပိုင်းတွေမှာ ချီးကျူးပေးပြီး grammar and lexics တွေကို သတ္တိရှိရှိသုံးရဲလာဖို့ တိုက်တွန်းပေးပါတယ်

ဒါ့အပြင်ကို တခြားသော ကလေးတွေမှာလည်း တစ်ယောက်စီမတူညီတဲ့ အားသာချက်၊ အားနည်းချက်ကိုယ်စီနဲ့မို့ သူတို့ထူးချွန်တဲ့အပိုင်းကို ထောက်ပြပေးပြီး လိုအပ်တဲ့အပိုင်းကို ဘယ်လိုဖြည့်ကြမလဲ ဝိုင်းပြီးအကြံပေးရင်း လေ့ကျင့်ပေးရပါတယ်

ပါရမီနဲ့ ကြိုးစားမှုအလိုက် ယူရတဲ့အချိန်ကွာပေမယ့် အဆက်မပြတ် ကြိုးစားပြင်ဆင် လေ့ကျင့်နေသရွေ့မှာတော့ အမှတ်က တဖြည်းဖြည်းတက်လာမှာပဲ ဖြစ်ပါတယ်




03/12/2025

IELTS ကို စပြီးလေ့လာခါစ ကျောင်းသားတွေ writing task 1 မှာ မှားလေ့ရှိတဲ့အမှားတွေကို သတိထားမိအောင် ပြောပြပေးထားပါတယ်





30/11/2025

B2 အတန်းမှာ သင်ပေးဖြစ်တဲ့ crime-related words အချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။

Criminals Vs Crimes

Shoplifter Shoplifting
Pickpocketer Pickpocketing
Thief Theft
Cheater Fraud / Cheating
Vandal Vandalism
Briber Bribery
Forger Forgery (fake documents)
Burglar Burglary
Robber Robbery
Smuggler Smuggling
Hacker Hacking / Cybercrime
Blackmailer Blackmail / Extortion
Hijacker Hijacking
Kidnapper Kidnapping
Pirate Piracy
Imposter Impersonation
Drug Trafficker Drug Trafficking
Human Trafficker Human Trafficking
Terrorist Terrorism
Murderer Murder
Assassin Assassination
Serial Killer Serial Killing
Arsonist Arson (setting fire)




ဒီနောက်ပိုင်းမှာ ဘယ် EFL အတန်းက ကျောင်းသားတွေကိုမဆို ဒီလိုမျိုး verb form တွေ၊ ပုံသေနည်းတွေကို စာရွက်ထုတ်မပေး၊ အိမ်မှာအလ...
22/11/2025

ဒီနောက်ပိုင်းမှာ ဘယ် EFL အတန်းက ကျောင်းသားတွေကိုမဆို ဒီလိုမျိုး verb form တွေ၊ ပုံသေနည်းတွေကို စာရွက်ထုတ်မပေး၊ အိမ်မှာအလွတ်ကျက်ဖို့ မပေးဖြစ်တာ ကြာပါပြီ။

ပထမတစ်ချက်က ကိုယ့်အားကိုယ်ကိုးပြီး စာမလေ့လာတတ်တဲ့ passive learner ဘဝကနေ ဘာပဲသိချင်တတ်ချင် ဘယ်ကနေဘယ်လို ထိထိရောက်ရောက် လေ့လာရမလဲဆိုတာ သိတဲ့ active learners တွေ ဖြစ်လာကြစေချင်လို့ပါ။

နောက်တစ်ချက်က စာရွက်ထုတ်မပေးတဲ့အတွက် အကျိုးနှစ်ခုရှိစေမယ်လို့ယုံလို့ပါ။
၁။ စာရွက်အကုန်အကျသက်သာပါတယ် :3
စာရွက်ပေးပြီး ပြန်မကြည့်တာနဲ့၊ ဖုန်းနဲ့ပုံရိုက်ပြီး ပြန်မကြည့်တာချင်းတူရင်တောင် ပတ်ဝန်းကျင်ထိခိုက်မှုသက်သာတာက ပိုကောင်းမယ်လို့ ထင်လို့ပါ

၂။ စာရွက်မပေးတဲ့အတွက် ကျောင်းသားကိုယ်တိုင် စာအုပ်မှာ လိုက်ရေးမှတ်ရင်မှတ်၊ မဟုတ်ရင် ဦးနှောက်မှာ စွဲအောင်မှတ်ဖို့ လိုလာပါတယ်။

ဒါ့အပြင် အတန်းထဲမှာ စာသင်နေတဲ့အချိန်မှာ ဒီလိုမျိုး transformation တွေကို theory သက်သက်မဟုတ်ဘဲ functionality ပိုင်းအဓိကထားပြီး ရှင်းပြပေးတဲ့အပြင်ကိုမှ inductive ဖြစ်စွာနဲ့ ကျောင်းသားကိုယ်တိုင် ဒီလို function ကျကျပြောင်းလဲသွားတဲ့ ဖြစ်စဉ်တွေကို သတိထားမိအောင် activity တွေကို facilitate လုပ်ပေးထားတာမို့ ကျောင်းသားရဲ့ လက်ရှိ CEFR level နဲ့ တက်တဲ့အတန်းသာ ကိုက်ညီနေတယ်ဆိုရင် ပုံထဲကလို GT ဆန်တဲ့ conservative paper တွေထွက်လာစရာကို မလိုတာပါ။
(ကျောင်းသားနဲ့ level မကိုက်တဲ့ကိစ္စတွေက အခြေအနေအချို့ကြောင့် တစ်ခါတစ်လေ တွေ့ရတတ်တာမျိုးရှိတာမို့ အကျယ်မပြောလိုပါ)

ဥပမာပြောရရင် ပုံပါ active voice to passive transformation သင်တန်းအချိန်မှာ verb form တွေ ပြောင်းလဲသွားတဲ့ သဘောတရားကို cognitively သဘောပေါက်အောင် verb form တွေ ခွဲပြထားပြီးသားပါ။ အဲ့နေ့က အတန်းတက်လိုက်တဲ့ ကလေးတွေသာဆို V1 ကနေ am,is,are + V3 ဘယ်လိုပြောင်းလဲသွားတယ်ဆိုတဲ့ ပုံသဏ္ဍာန်ကို အလွတ်ကျက်လိုက်တာထက်ပိုပြီး သဘောပေါက်သွားနိုင်မှာပါ။ ဒါဟာ ပုံမှန်အတိုင်း အလွတ်ကျက်လိုက်ပြီး မှတ်မိတာထက် ပိုပါတယ်။
(စိတ်ပုတ်စွာနဲ့ သင်တဲ့နည်းလမ်း မပြောပြပါနော် 😛)

ပြန်ချုံ့ရရင် ဘာသာစကားလေ့လာတဲ့ ကျောင်းသားရဲ့ ဘဝတစ်လျှောက်မှာ အတူတကွ ပါသွားမှာသည် ပုံသေနည်းတွေ မဟုတ်နေပါ။
ဒီပုံသေနည်းတွေကို အခြေခံပြီး သဘာဝကျတဲ့ ဘာသာစကားဆိုင်ရာ ဆက်သွယ်ပြောဆိုမှုတွေကို ပြုလုပ်ရမှာဖြစ်တဲ့အတွက် ဦးနှောက်ထဲမှာ ဘယ်စကားလုံးကို ဘယ်လိုသုံးရမယ်ဆိုတာသာ သိရင် အမှားအယွင်းမရှိ အသုံးချနိုင်သွားမှာပါ။

နောက်တစ်ချက်က လက်တွေ့စကားပြောဆိုနေချိန်မှာ grammar rules တွေကို ပြန်စဉ်းစားနေဖို့ အချိန်မရှိပါ။ ဒါပေမယ့် ဒီ rules တွေနဲ့ အသုံးပြုပုံတွေကို စွဲမြဲမှတ်မိနေမှသာ မှန်ကန်တဲ့ဆက်သွယ်ရေး ဘာသာစကားကို ပြောဆိုနိုင်မှာပါ။ ဒီလိုမှန်ကန်နေဖို့အတွက် စာရွက်ကိုင်ပြီး အလွတ်ကျက်နေတာဟာ အဖြေဟုတ်ရဲ့လားဆိုတာကတော့ ဘာသာစကားသင်တဲ့ ဆရာ၊ဆရာမတို့ ဆက်ဆွေးနွေးကြရမှာပဲဖြစ်ပါတယ်။

----------------------------------------

(ပုံကတော့ အတန်းတစ်ခုမှာ အပေါ်မှာပြောတဲ့နည်းတွေအတိုင်း သင်ပေးခဲ့ပေမယ့် အတန်းချိန်မမှန်၊ သင်ခန်းစာအကုန် မစုပ်ယူနိုင်ကြတဲ့ တပည့်အချို့ကို အပေါ်မှာရေးခဲ့သမျှ အကုန်လုံးကို ရှင်းပြရမှာပျင်းတာရော၊ သင်ခန်းစာကိုနောက်ထပ်တစ်ခေါက် မရှင်းပြချင်တော့တာရောကြောင့် ပုံသေနည်းပဲ အလွယ်‌ရေးထုတ်‌ပေးလိုက်ပုံပါ။
ထပ်ဖြည့်ရရင် အပင်ပန်းခံ အလုပ်ရှုပ်ချင်ယောင် အရှုပ်လုပ်ရတာ ဘာမှမပင်ပန်းပါကြောင်း :3 တော်သေးပြီ)





Address

11th Street
Mawlamyine
12016

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when 𝐂𝐡𝐚𝐧𝐧𝐚 𝐓𝐡𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐓𝐞𝐚𝐜𝐡𝐞𝐫 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category