TUN LIN Pre-School & Learning Center

TUN LIN Pre-School & Learning Center

Share

Tun Lin Pre-School & Learning Center

19/09/2025

Capital letter B
Capital letter B
B B B B B B B
Capital letter B

12/09/2025

ကလေးငယ်များအတွက် ကျောင်းတက်ခြင်းဆိုတဲ့ ခရီးသစ်ကို ပျော်ရွှင်စွာ စတင်နိုင်ဖို့

ကလေးတစ်ယောက်အတွက် သူတို့ရဲ့ဘဝမှာ ပထမဆုံးကျောင်းစတက်ရခြင်းဟာ အရေးပါတဲ့အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။ ကလေးတွေရော၊ မိဘတွေပါ တစ်ဦးနဲ့တစ်ဦး ခွဲခွာပြီးနေထိုင်ရတဲ့ ဒီအခြေအနေကို စိုးရိမ်ပူပန်မှုတွေ ရှိနိုင်သလို ပညာရေးရဲ့ခရီးလမ်းသစ်တစ်ခုကို စတင်ရတော့မှာမို့ စိတ်လှုပ်ရှားမှုတွေလည်း ရှိနေပါလိမ့်မယ်။

ကလေးငယ်လေးတွေ ကျောင်းတက်ရာမှာ အဆင်ပြေပြေနဲ့ ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ဖို့အတွက် မိဘတွေအနေနဲ့ အောက်ပါအချက် (၈) ချက်ကို ပြင်ဆင်ထားသင့်ပါတယ်။

၁။ ကျောင်းအသစ်ကို အတူတူ သွားလေ့လာပါ
ကျောင်းမစတင်မီ ရက်အနည်းငယ်အလိုမှာ ကျောင်းအသစ်ကို ကလေးနဲ့အတူ သွားရောက်လေ့လာပါ။ ကစားကွင်းမှာ အတူတူ ဆော့ကစားတာ၊ စာသင်ခန်းထဲကို လိုက်လံကြည့်ရှုတာတွေ လုပ်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးတွေဟာ သူတို့ကျောင်းဆိုတဲ့နေရာကို စိမ်းနေမှာ မဟုတ်တော့ဘဲ ပထမဆုံးနေ့မှာပဲ ရင်းနှီးပြီးသား ပတ်ဝန်းကျင်တစ်ခုအဖြစ် ခံစားရပါလိမ့်မယ်။

၂။ သူငယ်ချင်းအသစ်တွေနဲ့ ရင်းနှီးအောင် လုပ်ပေးပါ
တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သင့်ကလေးရဲ့အတန်းဖော်အချို့နဲ့ ကျောင်းမတက်မီ Playdate (ဆော့ကစားချိန်းဆိုမှု) တွေ လုပ်ပေးပါ။ ဒီလိုလုပ်ခြင်းက ကလေးတွေဟာ ကျောင်းမစမီကတည်းက သူငယ်ချင်းအသစ်တွေနဲ့ ရင်းနှီးခွင့်ရပြီး ကျောင်းတက်တဲ့အခါမှာ အထီးမကျန်စေတော့ပါဘူး။

၃။ အိမ်မှာ ကျောင်းတက်တမ်း ကစားပါ
ကျောင်းတက်ရမယ်ဆိုတဲ့ အတွေးကို ကလေးငယ်တွေ ရင်းနှီးလာစေဖို့အတွက် သူတို့နဲ့အတူ အိမ်မှာ ကျောင်းတက်တမ်း ကစားပါ။ ဥပမာ- ပုံပြင်ပြောတမ်း၊ သီချင်းဆိုတမ်း၊ နေ့ခင်းဘက် အိပ်တမ်းတွေကို တစ်လှည့်စီ ကစားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးတွေဟာ ကျောင်းကို ပျော်စရာနေရာတစ်ခုအဖြစ် မြင်လာပြီး ကျောင်းတက်ရမှာကို ကြောက်ရွံ့စိတ်လျော့နည်းသွားပါလိမ့်မယ်။

၄။ ကိုယ်ပိုင် အလုပ်များကို ဂိမ်းသဖွယ် လေ့ကျင့်ပေးပါ
ကျောင်းတက်ချိန်မှာ ကိုယ်တိုင်လုပ်ဆောင်ရမယ့် အလုပ်တွေကို ကလေးငယ်တွေ ပျော်ရွှင်စွာ လုပ်ဆောင်နိုင်အောင် ဂိမ်းသဖွယ် လေ့ကျင့်ပေးပါ။ ဥပမာ- ဇစ်တွေ၊ ကြယ်သီးတွေ တပ်ဆင်တာ၊ ကျောပိုးအိတ်လွယ်တာ၊ အင်္ကျီကို ချိတ်မှာ ချိတ်တာ စတာတွေကို ဂိမ်းလုပ်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။

၅။ သင့်ရဲ့ကျောင်းတက်တုန်းက အတွေ့အကြုံကို ဝေမျှပါ
သင့်ကလေးကို သင်ပထမဆုံး ကျောင်းစတက်တုန်းက ခံစားချက်တွေ၊ ပျော်စရာ အမှတ်တရတွေအကြောင်း ပြန်ပြောပြပေးပါ။ သင့်ရဲ့ ကျောင်းနေဘဝပုံရိပ်တွေ ဒါမှမဟုတ် ကလေးသိတဲ့သူတွေရဲ့ ပုံရိပ်တွေကို ပြပြီး ဆွေးနွေးပေးပါ။

၆။ ပုံမှန်လုပ်ရိုးလုပ်စဉ်အသစ်တစ်ခု ဖန်တီးပါ
ကျောင်းမတက်မီ ရက်သတ္တပတ်အနည်းငယ်အလိုမှာ ကျောင်းတက်ချိန်နဲ့ ကိုက်ညီတဲ့ အိပ်ချိန်၊ နိုးထချိန်အသစ်ကို စတင်လေ့ကျင့်ပါ။ မနက်ခင်းမှာ အလောတကြီး မဖြစ်ရလေအောင် အိပ်ချိန်ကို စနစ်တကျ ပြင်ဆင်ပေးပါ။ ဒါ့အပြင် ကျောင်းတက်ခါနီးညတွေမှာ ကျောင်းဝတ်စုံကို အတူတူရွေးချယ်တာ၊ မနက်စာကို အတူတူစားတာမျိုး လုပ်ပေးခြင်းက ကလေးတွေရဲ့ စိတ်ကို ပိုပြီးတည်ငြိမ်စေပါတယ်။

၇။ သင့်ကလေးရဲ့ ခံစားချက်ကို နားထောင်ပါ
ကျောင်းတက်ရမှာကို ဘယ်လိုခံစားရလဲဆိုတာ သင့်ကလေးကို ပွင့်ပွင့်လင်းလင်း မေးမြန်းပေးပါ။ စိုးရိမ်စိတ်၊ စိတ်လှုပ်ရှားမှုလိုမျိုး ခံစားချက်တွေဟာ သာမန်ပါပဲလို့ စိတ်အေးအောင် ပြောပေးပါ။ ဒါ့အပြင် ကျောင်းဆင်းချိန်မှာ သူ့ကို ပြန်လာကြိုမယ့်အကြောင်းနဲ့ ဘယ်လိုလုပ်ရိုးလုပ်စဉ်တွေ ရှိမယ်ဆိုတာကိုပါ ရှင်းပြပေးပါ။

၈။ နှုတ်ဆက်ဖို့ အစီအစဉ်တစ်ခု ရှိပါစေ
ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာ နှုတ်ဆက်ရတာဟာ သင့်အတွက်ရော၊ သင့်ကလေးအတွက်ပါ ခက်ခဲနိုင်ပါတယ်။ ဒီလိုအချိန်မှာ ပျော်ရွှင်စွာနဲ့ အမြန်နှုတ်ဆက်ပါ။ "မေမေ မကြာခင် ပြန်လာခဲ့မယ်" လို့ ပြောပေးပါ။ ဒါ့အပြင် အတူတူသီချင်းဆိုတာမျိုး ဒါမှမဟုတ် ထူးခြားတဲ့ လက်ဆွဲနှုတ်ဆက်ပုံတစ်ခုကို ဖန်တီးပြီး နှုတ်ဆက်နိုင်ပါတယ်။

အရင်ရက်က ကလေးကိုမူကြိုပို့မယ့် မိတ်ဆွေတစ်ဦးက အကြံဉာဏ်တောင်းလာလို့ ဒီဆောင်းပါးလေးကို လေ့လာရေးသာလိုက်ပါတယ်။ နောက်ရက်မှာ ဒါနဲ့ဆက်စပ်နေတဲ့ child's separation anxiety အကြောင်းဆက်ရေးပေးပါမယ်။ အခုမှ Young Learners တွေအကြောင်းလေ့လာဆဲမို့ လိုအပ်ချက်တွေရှိရင် ပြင်ဆင်နိုင်ဖို့ အကြံဉာဏ်ပေးပါ။

29/08/2025

"စုဗူးကလေးက ပိုက်ဆံစု၊ ဦးနှောက်ကလေးက အသိဥာဏ်စု"

ဒီနေ့ခေတ်ကလေးငယ်တွေဟာ သိပ္ပံနည်းပညာတွေ၊အင်တာနက်နည်းပညာတွေ တိုးတက်လာတာနဲ့အတူ သူတို့ရဲ့ တစ်နေ့တာဖြတ်သန်းမှုပုံစံတွေဟာလည်း အရင်တုန်းကနဲ့မတူပဲ တကယ်ကို ပြောင်းလဲနေပါပြီ။ အိမ်မှာ ချစ်ခင်တဲ့
မိသားစုတွေနဲ့ နေတဲ့အချိန်ထက် ဖုန်းမျက်နှာပြင်နဲ့ ပိုပြီးအချိန်ဖြုန်းနေတဲ့
ကလေးတွေတဖြည်းဖြည်းများလာပါပြီ။ ဖုန်းအသုံးပြုပြီး အသိပညာတွေ
ရှာဖွေလေ့လာတာထက် ဂိမ်းတွေဆော့ရင်း အချိန်ဖြုန်းနေကြတာပိုများလာတယ်။
ဆယ်ကျော်သက်တွေဆိုရင် ဆိုရှယ်မီဒီယာကနေတဆင့် မကောင်းတဲ့အမူအကျင့်
တွေကို အတုယူနေကြပြီ ။ ဒါကြောင့်မို့ ငယ်ရွယ်စဉ်အခါမှာ မှန်ကန်တဲ့အသိပညာ
အတတ်ပညာတွေကို ရှာဖွေမှတ်သားတတ်အောင်သင်ပေးဖို့ မိဘတိုင်းမှာ
တာဝန်ရှိလာပါပြီ။ လူတိုင်း အသက်ရှင်နေထိုင်ဖို့အတွက် ငွေကအရေးကြီးသလို အသိပညာကလည်း မဖြစ်မနေအရေးပါတဲ့အရာဖြစ်ပါတယ်။

ကလေးတစ်ယောက်ကို အရုပ်စုဗူးထဲ တစ်နေ့လျှင် ငါးရာ၊တစ်ထောင်
စုသွားခိုင်းရင် တစ်နှစ်အကြာမှာ ပိုက်ဆံအများကြီးစုထားနိုင်တာကိုသိလာပြီး တန်ဖိုးတစ်ခုကိုနားလည်နိုင်လာစေသလို - ဦးနှောက်ကလေးထဲကိုလည်း တစ်နေ့တစ်ခု ဗဟုသုတသေးသေးလေးတွေ၊ စဥ်းစားခေါ်ယူနည်းတွေနဲ့ အကျင့်စာရိတ္တကောင်းတွေ စုဆောင်းပေးသွားမယ်ဆိုရင်၊ ထိုကလေးဟာအနာဂတ်မှာ မိမိဘဝကို ဉာဏ်နဲ့တည်ဆောက်တတ်တဲ့၊ အကောင်းအဆိုး အမှားအမှန် စဉ်းစားနိုင်တဲ့၊
မိမိကိုယ်ပိုင်အမြင်နဲ့တန်ဖိုးရှိတဲ့ လူကြီးတစ်ယောက်ဖြစ်လာမှာ မလွဲအောင်ပါပဲ။

—အခုခေတ်ကလေးတွေရဲ့အချိန်ကို အွန်လိုင်းကမ္ဘာကြီးက ဆွဲခေါ်ယူနေတာပါ။ ဖုန်းထဲက ဗွီဒီယိုဖိုင်လေးတစ်ခု၊ ဂိမ်းတစ်ခုကြောင့်ပဲ သူတို့စိတ်ဝင်စားမှုတွေက
တဖြည်းဖြည်းနဲ့ မကောင်းတဲ့အရာတွေကိုပိုသဘောကျနေတာတွေ့ရပါတယ်။

ဒါကြောင့် မိဘတွေရဲ့ တာဝန်တစ်ခုအဖြစ်—ဖုန်းတစ်လုံးအစား စာအုပ်တစ်အုပ်၊ ဂိမ်းအစား စဉ်းစားရတဲ့ကစားနည်းတစ်ခုကို မိတ်ဆက်ပေးဖို့ လိုပါတယ်။
ပြောရရင် စုဗူးထဲငွေစုသလို ဦးနှောက်ထဲအသိဥာဏ်စုပေးခြင်းကို
ဖော်ဆောင်ပေးဖို့လိုပါတယ်။

အသိဉာဏ်ကိုဘယ်လိုစုပေးမလဲ
၁။ နေ့တိုင်းသင်ယူစေခြင်း – နေ့တိုင်းအသစ်တစ်ခုသင်ယူမှတ်သားဖို့
တွန်းအားပေးပါ။
ဥပမာ၊ တစ်နေ့ကို ပစ္စည်းတစ်ခုအကြောင်း၊
စကားလုံးအသစ်အကြောင်း၊ သတင်းကောင်းတစ်ခုအကြောင်း ပြောပြခြင်း။
၂။ တန်ဖိုးရှိတဲ့အတွေ့အကြုံပေးခြင်း –
ကလေးတွေကို အိမ်မှုကိစ္စကူညီခိုင်းပါ အားလပ်ချိန်များများမထားပါနှင့်
ဥပမာ ၊ စျေးဝယ်ခိုင်းခြင်း၊ တစ်နေ့တာလုပ်ငန်းစဉ်တွေထဲမှာ ပါဝင်စေခြင်း။
၃။ ဖုန်းသုံးစွဲမှုကိုထိန်းသိမ်းခြင်း –
ဖုန်းကို အချိန်အကန့်အသတ်ဖြင့်သုံးရန် စည်းကမ်းတင်းကြပ်ပေးပါ။
ဗဟုသုတဗွီဒီယိုများ၊ ပညာရေးဂိမ်းများကိုအချိန်သတ်မှတ်၍ သုံးစေခြင်း။
၄။ အိမ်မှာ စာအုပ်ဖတ်ချိန်သတ်မှတ်ပေးပြီး စာအုပ်အတူတူဖတ်တဲ့ အလေ့အကျင့်လုပ်ပေးတာ၊ ဉာဏ်စမ်း ပဟေဠိ မေးခွန်းတွေနဲ့ကစားပေးတာမျိုးက ကောင်းမွန်တဲ့
နည်းလမ်းတွေဖြစ်ပါတယ်။
ဒီလိုမျိုး ဦးနှောက်ကို အလုပ်လုပ်စေတဲ့ကစားနည်းတွေဟာ ကလေးတွေရဲ့
စဉ်းစားတွေးခေါ်မှု စွမ်းရည် ၊ ဖန်တီးတတ်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်တတ်မှု
တွေကို မြှင့်တင်ပေးနိုင်တဲ့အပြင် မိဘနှင့် သားသမီးကြား ဆက်ဆံရေးကိုလည်း
ပိုမိုနွေးထွေးစေနိုင်ပါတယ်။

မိဘတို့ရဲ့စောင့်ကြည့်မှုနဲ့ မှန်ကန်သော လမ်းညွှန်မှုကို ပုံမှန်ပြုလုပ်ပေးသွားမယ်
ဆိုရင် ကလေးငယ်တစ်ယောက်ဟာ ငွေထက်ကောင်းတဲ့ ဉာဏ်အထုပ်ကြီးနဲ့
ကြီးပြင်းလာနိုင်ပါတယ်။ ဒါတွေအားလုံးကို မိမိရဲ့ကလေး မူကြိုမနေခင်
ကလေးငယ်အရွယ်ကစလို့ အမူအကျင့်ကောင်းတစ်ခုဖြစ်လာအောင်
ပုံမှန်လေ့ကျင့်ပေးရမယ့် အရာတွေဖြစ်ပါတယ်။
ငယ်စဉ်က အစစအရာရာ အလိုလိုက်လာပြီး ဆယ်ကျော်သက်အရွယ်ရောက်
လာမှထိန်းမနိုင်သိမ်းမရဖြစ်လာရင် ဒါတွေအားလုံးရဲ့ အဓိကတရားခံဟာ
မိဘတွေပါ။ ခုခေတ်ကာလဟာ နည်းပညာခေတ်ဖြစ်လာတဲ့အတွက်
ခေတ်ရေစီးကြောင်းကိုမျက်ခြေမပျက်ဖို့ မိဘတိုင်းက အားထုတ်ရပါမယ်။
မိဘတွေအလိုလိုက်လို့ ပျက်ယွင်းလာတဲ့အရာတွေကို စာသင်ကျောင်းက
အလုံးစုံပြောင်းလဲပေးနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူတော့ဘူးဆိုတာ
သတိချပ်ရပါမယ်။

“စုဗူးကလေးက ပိုက်ဆံစု၊ ဦးနှောက်ကလေးက အသိဥာဏ်စု” ဆိုတဲ့စကားလေးက တကယ်ကိုအနာဂတ်အတွက် အဓိကကျတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ ငွေရေးကြေးရေးအဓိပ္ပာယ်နဲ့တန်ဖိုးကိုနားလည်သလို
အသိပညာနဲ့ အကျင့်စာရိတ္တရဲ့တန်ဖိုးအမြင်တွေကိုလည်း သိရှိနားလည်လာအောင်
တည်ဆောက်ပေးဖို့ မိဘများနှင့်သက်ဆိုင်သူများ၏တာဝန်ယူမှုက အရေးကြီးလှပါတယ်။
“စိတ်ဓာတ်၊စည်းကမ်း၊ပညာ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း
ကလေးငယ်တိုင်းကို စိတ်ဓာတ်ကောင်းအောင် သင်ပေးရပါမယ်။
စည်းကမ်းကောင်းအောင် သင်ပေးရပါမယ်။
ပညာတတ်အောင် သင်ပေးရပါမယ်။
ဘာဖြစ်လိုလည်းဆိုတော့ မိဘဆိုတာ လက်ဦးဆရာမို့လို့ပါ။
( စကားချပ်။ ပညာဆိုတာ ကျောင်းစာကိုပဲဆိုလိုတာမုဟုတ်ပါ အမှားနဲ့အမှန်၊အကောင်းနဲ့အဆိုး၊လုပ်သင့်တာနဲ့မလုပ်သင့်တာ၊ပြောသင့်တာနဲ့ မပြောသင့်တာ
စတာတွေကိုဝေဖန်ပိုင်းခြားနိုင်တာကို ဆိုလိုတာပါ)

မိမိကလေးက ပြောမရဆိုမရ ဖြစ်နေရင်
ခေတ်ကြီးကိုအပြစ်မတင်ပါနဲ့ ခေတ်အတိုင်းကလေးကိုအတုယူသင်ပေးပါ။
မိဘတွေက စံနမူနာဖြစ်ဖို့လိုပါတယ် မိဘတွေက ကလေးတွေရဲ့ အနီးကပ်
ဆရာ ဆရာမတွေပါ စံပြဖြစ်အောင် နေပေးဖို့လိုပါတယ်။
ဖုန်းက သင်မပေးနိုင်တဲ့ အသိဉာဏ်ကို သင်ပေးနိုင်တာက မိဘတစ်ဦးရဲ့
အမှန်တကယ်အောင်မြင်မှုပါ။
မိမိကလေးတွေရဲ့ ဦးနှောက်စုဗူးလေးထဲ တစ်နေ့ကို အသိတစ်ခု
ထည့်ပေးနိုင်ကြပါစေ။

စိုင်းအေး( ICTC)

19/08/2025

**သားသမီးများကို တော်စေချင်ရင် သူတို့ကို ချစ်သလောက် သူတို့ကို နားလည်နိုင်အောင် ကြိုးစားပါ။ သူတို့ကိုယ်တိုင် တော်ချင် တတ်ချင် ထက်မြက်ချင်တဲ့စိတ်များ တိုးတက်လာအောင် သွန်သင်ရင်း ကူညီညွှန်ကြား ပေးပါ**

သား သမီးတွေကို တော်စေချင်ရင် ဘယ်လိုလုပ်ရပါ့

လူကြီးမိဘတိုင်း သားသမီးကိုတော်စေချင်တာပါပဲ။ တစ်ခုသတိထားရမှာက ဘယ်နေရာမှာ တော်စေချင်တာလဲ ဆိုတာ မိမိတို့ကိုယ်တိုင်က နားလည်ဖို့လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီလိုပြောမိလို့ မိဘကစာမတတ်ဘူး၊ အတန်းမရဘူး။ ဒီလိုဆိုရင် သားသမီးက မတော်နိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ အတန်းစာမတတ်ပေမယ့် သဘောထားမှန်ရင် ပြီးတာပါပဲ။ အတန်းစာမြင့်မြင့်မားမားတတ်တဲ့ သူများတောင်မှ သဘောထားမမှန်လို့ အမြင်မမှန်တာတွေအများကြီးရှိပါတယ်။

အဲသည်လို အမြင်မမှန်တဲ့သူများက မိမိတို့သားသမီးများကို စာတော်ဖို့ တစ်ခုတည်းကိုသာ ဇောင်းပေးပြီး တွန်းတတ်ပါတယ်။ အားပေးတာ မဟုတ်ပါဘူး။ တွန်းတာဖြစ်ပါတယ်။

အစပိုင်းကနေပြီးပြောချင်ပါတယ်။ လောကကြီးထဲမှာ လူပီသစွာနေတတ်ဖို့ဆိုတာ ကျန်းမာပျော်ရွှင်နိုင်ရပါမယ်။ သူဖို့ ကိုယ့်ဖို့ သိတတ်တဲ့သူဖြစ်ရပါမယ်။ မိမိကိုယ်ကိုထိန်းနိုင်တဲ့သူဖြစ်ရပါမယ်။ အချိန်နဲ့အမျှ ရင့်ကျက်လာရပါ မယ်။ အဲသည်လိုဖြစ်လာဖို့က စာတတ်ရုံနဲ့ ပြီးပြည့်စုံတာမဟုတ်ပါဘူး။ ကလေးများဟာ အဖက်ဖက်က ဟန်ချက်ညီပြီး သိသင့်သိထိုက်တာကို ကိုယ့်အစွမ်းနဲ့ကိုယ် သင်ယူတတ်တဲ့သူများအဖြစ် ကြီးပျင်းလာဖို့က အရေးကြီးပါတယ်။ ပညာရေးစကားနဲ့ပြောရင် ‘All-round Developed Person’ ဘက်စုံဖွံ့ဖြိုးမှုရှိတဲ့သူတွေ ဖြစ်ဖို့လိုအပ်ပါတယ်။

စာတော်ဖို့တစ်ခုတည်းသာ ဇောင်းပေးပြီး တွန်းတာကို ခံနေရရင် အဲ့ကလေးဟာ စိတ်မပျော်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စာကိုစာအဖြစ်ပဲမြင်ကြမှာပါပဲ။ စာကသယ်ဆောင်လာတဲ့ အလှအပများကို မြင်အောင် ကလေးကို သွန်သင်တာဟာ သင်ကြားနည်းအမှန်ဖြစ်ပါတယ်။ စာကို အတောင့်လိုက်ပြန်ထုတ်နိုင်အောင် သင်တာကတော့ စာသင်တာပါပဲ။ ပညာသင်ရင်း ဖွံ့ဖြိုးအောင်လုပ်ပေးတဲ့ နည်းမဟုတ်ပါဘူး။

အဖေ့ကိုကြောက်လို့ အမေ့ကိုကြောက်လို့ စာကျက်မယ်၊ စာမေးပွဲမှာ အမှတ်များများရအောင် ဖြေမယ်။ ပြီးရင်တော့ စာတွေကို မေ့သွားမှာဖြစ်ပါတယ်။ စာတွေမေ့လည်း ဘာဖြစ်တုန်း၊ ကွန်ဖြူးရှပ်ကတောင် ပြောတာပဲ။ စာတွေမေ့သွားတဲ့အခါ ကျန်ခဲ့တဲ့အရာဟာ ပညာဖြစ်တယ်လို့ ပြောခဲ့တယ်ဆိုတဲ့စကားကိုညွှန်းပြီး စောဒကမတက်နဲ့လေ။ ကလေးတွေက စာတွေကိုချစ်အောင် သင်ယူချင်လာအောင် စာအုပ်ကိုမြင်ရင် မနေနိုင်မထိုင်နိုင် ဖတ်ချင်တဲ့စိတ်မျိုးဖွံ့ဖြိုးလာအောင် စည်းရုံးထားတာ၊ အားပေးထားတာမဟုတ်ဘဲ တွန်းတာကို ခံထားရတာဆိုရင်တော့ စာကိုမေ့ရင် စိတ်ဗလာနဲ့ ဖြစ်သွားတော့မှာပဲ။ ဒါမှမဟုတ် ဟိုနားကနည်းနည်း ဒီနားကနည်းနည်း ကျန်ရစ်တဲ့စာနှင့် ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်တတ်တဲ့သူ ဖြစ်သွားတော့မှာပဲ။ သူဟာ ဘက်စုံဖွံ့ဖြိုးတဲ့သူဖြစ်လာဖို့ရာ ခက်သွားတော့မှာပဲ။

တစ်ခါကလည်း စာရေးသူရေးခဲ့ဖူးပါတယ်။ သားဖြစ်သူက စာမကျက်လို့ အမေဖြစ်သူက စာကျက်လေလို့ တိုက်တွန်းနေတဲ့အခါ သားဖြစ်သူက ကျွန်တော်တွေးနေတယ် မေမေလို့ ပြန်ဖြေတယ်။ အမေဖြစ်သူက မတွေးနဲ့၊ စာပဲကျက်လို့ ထပ်ပြီးတွန်းပြန်ပါတယ်။ အဲသည်လိုဆိုရင် အမှတ်ကောင်းရမှာပဲ။ အမှတ်ကောင်းကိုလိုသလား၊ အတွေးထက်ထက် နက်နဲစွာ တွေးတောဆင်ခြင်တတ်တဲ့သူကို လိုသလား။

နှစ်ခုစလုံးလိုအပ်ပါတယ်။ တွေးတောဆင်ခြင်ပြီး ကျက်မှတ်တတ်တဲ့သူဟာ အာပူတိုက်တဲ့သူထက်တော့ စာအရလည်း မြန်ပါတယ်။ တော်လည်းတော်ပါတယ်။ သို့ပေမယ့် အဲဒီအချက်ကို မိဘများက မေ့နေတတ်တာ ဘာဖြစ်လို့ပါလိမ့်။

သားသမီးကို တော်စေချင်တဲ့ မိဘများဟာ သားသမီးကို ကျောင်းကောင်းမှာထားနိုင်အောင် ကြိုးစားကြပါတယ်။ သို့ပေမယ့် ဘယ်လောက်ကောင်းတဲ့ကျောင်းမှာထားပြီး မိမိတို့ကိုယ်တိုင်က သားသမီးတွေကို တတ်သိနားလည် တဲ့သူကလေးများဖြစ်အောင် အားပေးသွန်သင်ရဦးမှာ ဖြစ်ပါတယ်။ စာတွေကို အိမ်မှာထပ်ပြီးသင်ပေးရမှာ မဟုတ်ပါဘူး။

ကလေးတွေဖတ်သင့်တဲ့စာအုပ်ကလေးတွေကို စုပြီးပေးတာ၊ ကလေးကမဖတ်နိုင်သေးရင် ကိုယ်ကဖတ်ပြီး အကြောင်းအားလျော်စွာ ညွှန်းဆိုချက်နဲ့ပြောပေးတာ၊ ကလေးဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် မနေတတ်တဲ့အခါမှာ တော်တည့်မှန်ကန်အောင် သွန်သင်ပေးတာ စတဲ့အလုပ်များကို မိဘများက ဆက်ပြီး လုပ်ပေးရဦးမှာ ဖြစ်ပါတယ်။ စာသင်တာဟာ ကျောင်းက ဆရာ ဆရာမများရဲ့ အလုပ်ဖြစ်တယ်။ နေမကောင်းရင် ဆေးခန်းက ဆေးရုံက ဆရာဝန်၊ ဆရာမများရဲ့ အလုပ်ဖြစ်တယ်။ အဲဒါကြောင့် အကောင်းဆုံးကျောင်းမှာ ထားပေးမယ်။ အကောင်းဆုံးဆရာဝန်နဲ့ ကုသနိုင်အောင် ဆောင်ကျဉ်းပေးမယ်။ ဂုဏ်ကိုပေးမယ်၊ ငွေကိုပေးမယ်လို့ ပြောတတ်တဲ့မိဘများဟာ သူတို့ကိုယ်တိုင် ဘက်စုံဖွံ့ဖြိုးခြင်း မရှိတဲ့သူများလို့ ပြောရမှာပါပဲ။ နင့်သီးနေရင်လည်း ခွင့်မလွှတ်ပါနဲ့နော်။

တကယ်တော့ မိဘများနှင့်သားသမီးအကြားမှာ ထားတဲ့ မေတ္တာတရားကို သားသမီးများ သိအောင် နားလည် အောင် မိဘရဲ့စေတနာ မေတ္တာကို ထောက်ထားအောင် မိဘများက စကားနဲ့သာမက အပြုအမူများနှင့်ပါ ပြသရ မှာဖြစ်ပါတယ်။ နေမကောင်းဖြစ်နေတဲ့ သားငယ်၊ သမီးငယ်များကို နဖူးကလေးစမ်း၊ ပါးကလေးစမ်းနဲ့ ဘယ်လိုနေမကောင်းတာလဲဆိုတာကို မေးပေးမယ်၊ ကိုယ်တိုင်ဆေးခန်းကို လိုက်ပို့မယ်ဆိုရင် ကလေးခံစား နေရတဲ့ တော်တော်တန်တန်ရောဂါလောက်ဟာ မြန်မြန်ဆန်ဆန် ပျောက်ကင်းသွားနိုင်ပါတယ်။

စာရေးသူအထက်တန်းပြ ဆရာမ လုပ်နေတဲ့အချိန်မှာ မိဘတစ်ဦးက သူ့သားသမီးများကို စည်းကမ်းကြီးကြီးနဲ့ ထိန်းကျောင်းတဲ့အကြောင်းပြောရင်း သားသမီးကိုချစ်ရင် ပုခက်ထဲမှာအိပ်ပျော်နေတုန်း ခိုးပြီးနမ်းရတယ်တဲ့။ ကျွန်တော်တော့ အဲသည်လိုပဲ ကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။ လူပျိုပေါက်ဖြစ်နေတဲ့သားကို ဘယ်ကိုမှသွားဖို့ ခွင့်မပေးတဲ့အကြောင်း၊ သူငယ်ချင်းများနဲ့ မဆက်ဆံအောင် တားမြစ်တဲ့အကြောင်းများလည်းပြောပါတယ်။ အပေါင်း အသင်း မှားမှာစိုးလို့ ချုပ်ချယ်ထားရတာပါတဲ့။

စာရေးသူကတော့ ကလေးမိဘမှားနေတဲ့အကြောင်းကို ဘယ်လိုမှပြန်မပြောသာတဲ့အပြင် သူ့သားဖြစ်သူ စည်းကမ်းမဲ့တဲ့ အကြောင်းနှင့် စာမလိုက်နိုင်လို့ ခေါ်တွေ့ရတဲ့အကြောင်းကိုပါမပြောနိုင်တော့ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ပညာရေး စိတ်ပညာ မပြောပါနှင့်၊ လူမှုရေးစိတ်ပညာ၊ ကလေးသူငယ်စိတ်ပညာများကိုပါ မသိနားမလည်တဲ့ ကလေးအဖေကို စာရေးသူပြောပြဖို့ရည်ရွယ်ထားတဲ့ သူ့သားအကြောင်းကိုပြောရင် ဆင်ခြင်စဉ်းစားပြီး လက်ခံခြင်းပြုမှာ မဟုတ်ပါဘူး။ ရှက်ရှက်နဲ့ ကလေးကိုရိုက်နှက်မှာဖြစ်ပါတယ်။ အဲဒါကြောင့် စာရေးသူက ယေဘူယျအားဖြင့်သာဆွေးနွေးနိုင်ပါတယ်။

တကယ်တော့ အခုလိုခေတ်မှာ ကလေးများအနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာရပ်များဟာ စာရေးသူတို့ ငယ်စဉ်က ပြဿနာများထက် ရှုပ်ထွေးပါတယ်။ များပြားပါတယ်။ ကြီးမားပါတယ်။ အဲသည်ကလေးများကို မိဘများ ဆရာများက ချစ်ခင်တဲ့အကြောင်း သူတို့ကိုယ်သူတို့ ဆောက်တည်နိုင်တဲ့ အစွမ်းအစရှင်များဖြစ်လာမယ်လို့ များစွာမျှော်လင့်တဲ့အကြောင်းကို ကလေးနားလည်လက်ခံလာအောင်ပြောပေးနိုင်ရမှာဖြစ်ပါတယ်။ ဂရုစိုက်မှုများနှင့်လည်း ပြသပေးနိုင်ရမှာဖြစ်ပါတယ်။ မက်မောဖွယ်ကောင်းတဲ့ ရုပ်ဝတ္ထု ပစ္စည်းများရဲ့ ဆွဲဆောင်မှုနောက်မလိုက်အောင် မိဘများ ဆရာသမားများက စည်းရုံးပေးရမှာဖြစ်ပါတယ်။ ကလေးများဟာ တစ်စနှင့် တစ်စ ရင့်ကျက်လာတဲ့အခါမှာ သူတို့ကို ဘယ်လိုဆက်ဆံလိုက်တယ်၊ ဘယ်လိုသွန်သင်လိုက်တယ်ဆို တဲ့ အချက်ကိုလိုက်ပြီးပုံပေါ်လာတတ်ပါတယ်။

သားသမီးများကို တော်စေချင်ရင် သူတို့ကို ချစ်သလောက် သူတို့ကို နားလည်နိုင်အောင် ကြိုးစားပါ။ သူတို့ကိုယ်တိုင် တော်ချင် တတ်ချင် ထက်မြက်ချင်တဲ့စိတ်များ တိုးတက်လာအောင် သွန်သင်ရင်း ကူညီညွှန်ကြား ပေးပါ။ တွန်းရင်တော့ အားလွန်ပြီး လဲကျသွားတတ်ပါတယ်။ အတင်းရိုက်ရင် ကန်ထွက်သွားတတ်ပါတယ်။ ဒဏ်ပေးတဲ့စနစ်ကိုတော့ အားအကိုးမလွန်စေချင်ပါဘူး။ အကြောမာတဲ့သူငယ်များ သူငယ်မများအဖြစ် ကြီးပျင်းလာတတ်ကြလို့ဖြစ်ပါတယ်။

သားသမီးများကို‌ တော်စေချင်ရင် မိဘများ ဆရာများကလည်း မိမိတို့ရင်ဆိုင်ရတဲ့ ဖိစီးမှုများနှင့် မနီးရိုးစွဲလိုက် နေတဲ့ ဖိစီးမှုမျိုးကို ခံစားနေရတဲ့ လူငယ်များကို နားလည်စာနာစေချင်ပါတယ်။

စာရေးသူ
ဒေါက်တာ မတင်ဝင်း ( ပညာရေး တက္ကသိုလ် )
( ဘယ်လိုလုပ်ရပါ့ ) စာအုပ်မှ ထုတ်နှုတ်တင်ပြသည် ။

Photos from TUN LIN Pre-School & Learning Center's post 17/08/2025

စာသင်ခန်းထဲမှာ ခဲတံကိုင်ဖို့ အားမနိုင်သေးတဲ့ ကလေး၊ ရှပ်အင်္ကျီကြယ်သီးကို ကိုယ်တိုင်မတပ်နိုင်တဲ့ ကလေး၊ ဒါမှမဟုတ် ကတ်ကြေးကိုင်ရမှာ ကြောက်နေတဲ့ ကလေးလေးတွေ ရှိနေပါသလား။

ဒါတွေအားလုံးဟာ ကလေးငယ်တွေရဲ့ Fine Motor Skills လို့ခေါ်တဲ့ လက်ချောင်းနဲ့ လက်ကောက်ဝတ်က ကြွက်သားငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှု၊ မျက်စိနဲ့ လက်ရဲ့ အချိတ်အဆက်မိမိ လှုပ်ရှားနိုင်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

ဒီစွမ်းရည်တွေဟာ စာရေးတတ်ဖို့တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကလေးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု (Self-confidence)၊ ကိုယ့်အားကိုယ်ကိုးနိုင်မှု (Independence) နဲ့ သင်ယူမှုစွမ်းရည်အားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ TA ကနေ ဒီအရေးကြီးတဲ့စွမ်းရည်ကို ငွေကုန်ကြေးကျနည်းနည်းနဲ့ ပျော်စရာကောင်းကောင်း ဘယ်လိုလေ့ကျင့်ပေးနိုင်မလဲဆိုတဲ့ လက်တွေ့ကျတဲ့ ကစားနည်းတွေကို မျှဝေပေးချင်ပါတယ်။

💠Fine Motor Skills က ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ။💠

ဒါက စာရေးတတ်ဖို့၊ ပုံဆွဲတတ်ဖို့ဆိုတာထက် ပိုပါတယ်။

နေ့စဉ်ဘဝအတွက်မှာ အစာကိုယ့်ဘာသာကိုယ်စားခြင်း၊ ဖိနပ်ကြိုးချည်ခြင်း၊ အဝတ်အစားဝတ်ခြင်း စတဲ့ ကိုယ့်ကိစ္စကိုယ်လုပ်နိုင်စွမ်းတွေ တိုးတက်စေတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်မှာဆိုရင်လည်း လက်ချောင်းလေးတွေကို တိတိကျကျလှုပ်ရှားရတဲ့အခါ ဦးနှောက်ထဲက အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး Problem-solving skills နဲ့ Concentration ကို အားကောင်းစေပါတယ်။

ပြီးတော့လည်း ခဲတံကို ကောင်းကောင်းကိုင်နိုင်မှ စာကို ညီညီညာညာနဲ့ မြန်မြန်ရေးနိုင်မှာပါ။ ဒါဟာ ကလေးရဲ့ ကျောင်းစာသင်ယူမှုကို တိုက်ရိုက်အထောက်အကူပြုပါတယ်။

💠စာသင်ခန်းထဲမှာ အလွယ်တကူ လုပ်နိုင်တဲ့ Fine Motor ကစားနည်း (၅) မျိုး💠

၁။ မြေစေး (Play-Doh)

ဒါကတော့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းပါ။ မြေစေးကို နယ်တာ၊ လုံးတာ၊ ဆွဲဆန့်တာ၊ လက်ချောင်းလေးတွေနဲ့ ဖိတာ၊ ပုံစံခွက်နဲ့ ဖြတ်တာတွေက လက်ချောင်းထိပ်က ကြွက်သားအားလုံးကို သန်မာစေပါတယ်။

ပလတ်စတစ်ဓားအသေးစားလေးတွေပေးပြီး လှီးခိုင်းတာမျိုး၊ ခေါက်ဆွဲစက်အသေးလေးတွေနဲ့ ဆော့ကစားခိုင်းတာမျိုးက ကလေးတွေကို ပိုစိတ်ဝင်စားစေပါတယ်။

၂။ ပုတီးသီကုံးကစားနည်း

ဈေးထဲမှာ အလွယ်တကူဝယ်လို့ရတဲ့ ပုတီးစေ့အကြီးကြီးတွေ၊ ဒါမှမဟုတ် ခေါက်ဆွဲခြောက် အကွင်းလေးတွေ (macaroni) ကို ဖိနပ်ကြိုး ဒါမှမဟုတ် သိုးမွှေးကြိုးအမာစားလေးတွေနဲ့ သီကုံးခိုင်းတာက မျက်စိနဲ့ လက် အချိတ်အဆက် (Hand-eye coordination) အတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါ။

ကလေးတွေကို သူတို့ကြိုက်တဲ့အရောင်အလိုက် စီခိုင်းတာ၊ အရေအတွက် ရေခိုင်းတာတွေနဲ့ ပေါင်းစပ်သင်ကြားနိုင်ပါတယ်။

၃။ စက္ကူဆုတ်ခြင်းနှင့် ကတ်ကြေးညှပ်ခြင်း

ကလေးသုံး Safety Scissors အသေးလေးတွေနဲ့ စက္ကူပေါ်က လမ်းကြောင်းဖြောင့်ဖြောင့်လေးတွေကို ညှပ်ခိုင်းကြည့်ပါ။ အစပိုင်းမှာ မညီမညာဖြစ်နေပါစေ။ ကြွက်သားတွေက အလုပ်လုပ်နေတာ အရေးကြီးဆုံးပါ။ ညှပ်လို့မနိုင်သေးတဲ့ ကလေးတွေကိုတော့ အရောင်စုံမဂ္ဂဇင်းစက္ကူအဟောင်းတွေကို လက်နဲ့ ဆုတ်ဖြဲပြီး စက္ကူကပ်ပန်းချီ (Collage Art) ဖန်တီးခိုင်းနိုင်ပါတယ်။ စက္ကူဆုတ်တဲ့အခါ လက်မနဲ့ လက်ညှိုးရဲ့ အားကို အဓိကသုံးရတာမို့ ခဲတံကိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်မှုပါပဲ။

၄။ ရေကစားနည်း (Water Play)

ရေဇလုံအသေး (၂) ခုထားပါ။ တစ်ခုမှာ ရေထည့်ပြီး နောက်တစ်ခုကို အလွတ်ထားပါ။ ဆေးထိုးပိုက်အကြီး (Dropper) ဒါမှမဟုတ် ရေမြှုပ် (Sponge) ကိုသုံးပြီး ရေတွေကို တစ်ဖက်ကနေ နောက်တစ်ဖက်ကို ပြောင်းရွှေ့ခိုင်းပါ။ ရေစက်ချတဲ့အခါ ညှစ်အား၊ ရေမြှုပ်ကိုညှစ်တဲ့အခါ လက်တစ်အုပ်လုံးရဲ့အားကို သုံးရတာမို့ အရမ်းထိရောက်ပါတယ်။

ရေထဲကို ဆပ်ပြာအမြှုပ်လေးတွေထည့်ပေးတာ၊ အရောင်အနည်းငယ်ဆိုးပေးတာက ကလေးတွေအတွက် ပိုပြီး စိတ်လှုပ်ရှားစရာ ဖြစ်စေပါတယ်။

၅။ အိမ်သုံးပစ္စည်းလေးတွေနဲ့ ကစားမယ်

အဝတ်ညှပ်ကလစ်ကို ညှပ်ခိုင်း၊ ဖြုတ်ခိုင်းတာက လက်ညှိုးနဲ့ လက်မအားကို တိုးစေပါတယ်။ ကတ်ထူပြားအထူတစ်ခုရဲ့ ဘေးပတ်လည်မှာ ညှပ်ခိုင်းတာ၊ ကလစ်နဲ့ ဂွမ်းလုံးလေးတွေကို ကောက်ခိုင်းတာမျိုးတွေ လုပ်နိုင်ပါတယ်။
ဇာဂနာအသေးလေးတွေနဲ့ ပဲစေ့၊ ဂွမ်းလုံး၊ ပုတီးစေ့အသေးလေးတွေကို တစ်နေရာကနေ တစ်နေရာရွှေ့ခိုင်းတာက အာရုံစူးစိုက်မှုနဲ့ လက်ချောင်းထိန်းချုပ်နိုင်စွမ်းကို မြင့်တက်စေပါတယ်။။

12/08/2025

မိဘအနေနဲ့ ကလေးတွေကို ပံ့ပိုးတဲ့အခါမှာ

🔹ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားအစာကို စီမံပေးရပါတယ်။

🔹တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပေးရမယ်။

🔹 ကဲရော့... စာကျက်လို့ပဲ ပြောလို့မရဘူး။ ကိုယ်ကပါ ကလေးနဲ့အတူ လေ့လာပေး ဆွေးနွေးပေးရမယ်။

🔹 စာမဟုတ်တဲ့ အခြားအားကစားတို့ အပြင်သွားတာတို့ရုပ်ရှင်ကြည့်ရတာတို့တွေကိုလည်း ပံ့ပိုးပေးရမယ်။ ကလေးနဲ့အတူပါဝင်ပေးရမယ်။

🔹 တစ်ပုံတစ်ခေါင်းမဟုတ်ပေမဲ့ အခြေခံ လိုအပ်ချက်တွေ တော့ ပြည့်အောင်ဝယ်ပေးရတယ်။ ကျူရှင်ဘာညာထားမိရင်လည်း လခကို အချိန်မီပေးရမယ်နော်

🔹အိမ်စာ၊ ကလေးအတန်းချိန် စတာတွေ ကျောင်းက လိုတာပြောလိုက်ရင် သေချာလိုက်လုပ်ပေးပါ။

🔹 ကျောင်းအဝတ် အသုံးအဆောင်တွေ သန့်ရှင်းသပ်ရပ်အောင် မိဘက ကူညီပေးရ လမ်းညွှန်ပေးပါ။

🔹လူအများနဲ့ဆက်ဆံတတ်အောင် ပြောပြသင်ပြပါ။

🔹 ကလေးရဲ့ ဆရာ သူငယ်ချင်း မိတ်ဆွေနဲ့ ကလေးကြား မိတ်ပျက်အောင် ကလေးအရှက်ရအောင် လုပ်တာမျိုး မလုပ်သင့်ပါဘူး။

🔹 တစ်ခုခုဆို ကလေးကို ကာကွယ်ပေးဖို့ အဆင်သင့်ရှိနေတာ ကလေးသိရမယ်။

🔹တော်ရင်အားပေးပြီး၊ ရှုံးရင်ဖေးမပေးပါ။

အဓိကက အဲဒါပါပဲ။ မိဘက ကောင်းမွန်စွာ ပံ့ပိုးထားလား မပိုးထားလားက ကလေးရဲ့ behaviour နဲ့ မျက်နှာမှာ သေချာပေါ်ပါတယ်။

❤️နွယ်နီကံဝင်း

09/08/2025

မိဘရဲ့ အဓိကတာဝန်က
ကိုယ့်သားသမီးရဲ့ ဘဝနေ့ရက်မှာ မိဘတွေ မရှိတဲ့အချိန်
ကိုယ့်ဘဝကို အကောင်းဆုံးရပ်တည်နိုင်တဲ့
လူသားဖြစ်အောင် ပျိုးထောင်ရမှာပါ။

လူသားဆန်တဲ့ ကျင့်ဝတ် လူ့စည်းကမ်း လူ့ဂုဏ်သိက္ခာ ရဖို့
ကတ္တီဘာနဲ့ ခင်းထားတဲ့ လမ်းပေါ် အမြဲမထားပါနဲ့။

မိဘရှိတဲ့အချိန် အကုန်လိုက်လုပ်ပေးနေရင်
ကိုယ်စွမ်းကိုယ်စတွေ ဘယ်ကရှာရမှန်း
မသိနိုင်တော့ပါဘူး။

ကိုယ့်ကလေးကို resilient ရှိတဲ့ကလေးဖြစ်အောင်
ငယ်စဉ်ကတည်းက ခွန်အားပေးပါ။

ဘယ်လို အခက်ခဲ ကြုံကြုံ
ဘယ်လို လမ်းရောက်ရောက်
ကောင်းကောင်းလျောက်နိုင်တဲ့ခြေလှမ်းနဲ့ ကြံ့ခိုင်တဲ့ဖိနပ်တစ်ရံရှိအောင်သာ
ပျိုးထောင်ပေးရမှာပါ။

ဒါမှ မိဘကောင်းပီသတဲ့ မိဘဖြစ်နိုင်ပါမယ်။

ကျမလည်း နေ့စဉ်ပြုပြင် သင်ယူနေပါတယ်။

လေးစားစွာနဲ့မေတ္တာများစွာဖြင့် Mommy of 3

Crd photo

29/07/2025

လိမ်ညာပြောတတ်တဲ့ ကလေးကို ဒီလိုနည်းနဲ့ ပြုပြင်ပေးပါ...

ကလေးတွေဟာ တစ်ခါတစ်ရံမှာ လိမ်ညာပြောတတ်ကြပါတယ်။ ဒီလိုလိမ်ညာတာကို သိသိရက်နဲ့ လျစ်လျူရှုမိရင် အရွယ်ရောက်လာတဲ့အခါ လိမ်တဲ့အကျင့်ပါသွားပြီး မုသာဝါဒကံကို ကျူးလွန်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ငယ်ရွယ်စဉ်ကတည်းက ပြုပြင်ပေးရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်..

၁) ဘာကြောင့် လိမ်ပြောရသလဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေပါ။
- အပြစ်ပေးခံရမှာ ကြောက်လို့ လိမ်ပြောတာ
- အာရုံစိုက်မှု လိုချင်လို့ လိမ်ပြောတာ
- စိတ်ကူးယဉ်အကြောင်းအရာတွေကို တကယ်ဖြစ်သလို ပြောမိတာ
- သူငယ်ချင်းတွေကြားမှာ ထူးခြားသူ ဖြစ်ချင်လို့ လိမ်ပြောတာ
စတဲ့အကြောင်းအရာတွေကို အဖြေရှာပြီး ကလေးအတွက် ဖိစီးမှုမဖြစ်စေမယ့် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေပေးပါ။ ကလေးက မှားခဲ့တယ်ဆိုရင်တောင် အပြစ်မပေးဘဲ ဒီလိုအမှားကြောင့် မဖြစ်သင့်တာ မဖြစ်ရအောင် သင်ပေးပြီး ကလေးလိုအပ်နေတာတွေကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားပါ။

၂) အေးဆေးတည်ငြိမ်စွာ တုံ့ပြန်ပါ
- ကလေးလိမ်ညာတာကို သိရင် ဒေါသမထွက်ဘဲ အေးဆေးစွာမေးမြန်းပါ။
- "ဒီအကြောင်း အတူဆွေးနွေးကြမယ်နော် " "ဘာကြောင့် ဒီလိုပြောရတာလဲ" စတဲ့ မေးခွန်းလေးတွေနဲ့ သူတို့ဆီက အခြေအနေမှန်ကို သိရအောင် လုပ်ပေးပါ။
- ကလေးကို အပြစ်တင်မာန်မဲနေတာထက် အမှန်တရား ပြောတတ်အောင်ပဲ သင်ပေးပါ။

၃) လိမ်ညာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြောပြပါ
- "လိမ်ညာတာက လူတွေရဲ့ ယုံကြည်မှုကို ပျက်စီးစေတယ်" ဆိုတဲ့ အကျိုးဆက်ကို ရှင်းပြပါ။
- "လိမ်တဲ့အတွက် ဘယ်သူမှ ယုံတော့မှာ မဟုတ်ဘူး" ဆိုတဲ့ ကျိုးကြောင်းဆီလျော်မှုတွေကို ပြောပြပါ။

၄) အချိန်ယူပြီး ပြုပြင်ပေးပါ
- လိမ်ညာတဲ့ အကျင့်က တစ်ရက်တည်းနဲ့ ပျောက်မှာမဟုတ်ပါဘူး။ မိဘက စိတ်ရှည်သည်းခံပြီး ဒီလိုအကျင့်ဆိုးကို အချိန်ယူပြီး ဖျောက်ပေးဖို့ လိုပါတယ်။

၅) လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ
- ကလေးရဲ့ လိမ်ညာမှုဟာ ပိုဆိုးလာပြီး တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ပါ ဆက်စပ်နေတယ် ဆိုရင် ကလေးစိတ်ပညာရှင်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူပါ။

ကလေးတွေဟာ လူကြီးတွေက အတုယူပြီး ကြီးပျင်းကြတာမို့ သူတို့လေးတွေရှေ့မှာ ကောင်းတာတွေကိုပဲ လုပ်ပြရမှာပါ။ ကလေးလိမ်တာမကြိုက်ရင် ကိုယ်တိုင်လည်း လိမ်မပြောပါနဲ့။ သူတို့အတွက် ကောင်းတဲ့ အတုယူစရာတွေကိုသာ ပေးဖို့ အရေးကြီးပါတယ်နော်..

Crd

Photos from TUN LIN Pre-School & Learning Center's post 28/07/2025

Fruits coloring

Photos from TUN LIN Pre-School & Learning Center's post 28/07/2025

A is for ant.a a ant.

Photos from TUN LIN Pre-School & Learning Center's post 27/07/2025
Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay