16/01/2022
သင်ကြားပို့ချသူတွေနဲ့ သင်ယူသူတွေ ဆက်သွယ်၊ဆက်ဆံကြဖို့အတွက် စကားလုံးတွေကိုသာ အသုံးပြုနိုင်တာမဟုတ်ပါဘူး။ အမူအရာတွေ၊ အပြုအမူတွေကလည်း သတင်းအချက်အလက် သယ်ဆောင်ပေးနိုင်ပါတယ်။ သင်ကြားပို့ချသူရဲ့ စကားလုံးတွေကို ပိုမိုလေးနက်စေနိုင်ပါတယ်။ ပို့ချသူပဲ ဖြစ်ဖြစ် သင်ယူသူပဲ ဖြစ်ဖြစ် အပြန်အလှန် ဆက်သွယ်ပြောဆိုတဲ့အခါ Non Verbal Communication နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြပါတယ်။ အမျိုးမျိုးသော Non Verbal Communication နည်းလမ်း၊ အပြုအမူတွေရှိတဲ့အထဲမှာ မျက်လုံးခြင်းဆက်သွယ်ပြောဆိုတဲ့ Eye Contact ဆိုတာလည်း တခုအပါအဝင်ပေါ့။
ပြောကြားသူက နားထောင်သူတွေ၊ ဒါမှမဟုတ် နားထောင်သူတစုံတယောက်ကို တိုက်ရိုက်ကြည့်ရှုဆက်သွယ်တဲ့အခါ Eye Contact ဖြစ်လာပါတယ်။ အကြောင်းအရာ တခုခုကို တင်ပြပြောဆိုနေတာသာမကပဲ နားထောင်သူထံက တုန့်ပြန်မှုရယူဖို့အတွက်လည်း Eye Contact ကို အသုံးပြုလေ့ရှိကြပါတယ်။
ဆက်သွယ်ပြောဆိုမှုတွေဟာ ပါဝင်သူတွေရဲ့ အနေအထားအလိုက် မတူညီတဲ့ စည်းမျဥ်းတွေရှိတတ်ပါတယ်။ ဥပမာ ဆရာ၊ဆရာမနဲ့ ကျောင်းသား၊ကျောင်းသူတွေအကြား ဆက်သွယ်ပြောဆိုတဲ့အခါ မတူညီတဲ့ အခြေအနေနှစ်ရပ်က လူတွေပါဝင်နေတာတွေ့ရမှာပါ။ အဲ့ဒီလိုအနေအထားမျိုးမှာ ပါဝါပိုမြင့်တဲ့ ဆရာ၊ဆရာမတွေက နားထောက်သူကျောင်းသားတွေကို တိုက်ရိုက်ကြည့်ရှုဆက်သွယ်နိုင်ခွင့်ပိုများသွားတယ်လို့ ဆိုနိုင်ပါတယ် ။ ဆရာ၊ဆရာမများက Eye Contact ပိုမိုအသုံးပြုခွင့်ရသွားတယ်လို့ ဆိုလို့လည်းရပါတယ်။
သတိပြုစရာတခုက နားထောင်သူ သို့မဟုတ် ကျောင်းသား၊ကျောင်းသူတွေကို အဆက်မပြတ် Eye Contact ပေးမိတဲ့အခါ လက်ခံရယူရသူကျောင်းသားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မလုံမလဲ ဖြစ်လာတတ်တာမျိုးပါ။ မရည်ရွယ်ပေမယ့် ဖြစ်သွားတတ်တာမျိုးပါ။ အလားတူပါပဲ။ သင်ကြားပို့ချသူ သို့မဟုတ် ဆရာ၊ဆရာမ အသစ်တွေအနေနဲ့ဆိုရင်လည်း ကျောင်းသား၊ကျောင်းသူတွေထံ အဆက်မပြတ်သော Eye Contact ပေးရတာ အဆင်မပြေသလိုဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ သုတေသန လေ့လာချက်များအရ Eye Contact ဟာ ပို့ချသူအတွက်ပဲ ဖြစ်ဖြစ်၊ ေလ့လာသူအတွက်ပဲ ဖြစ်ဖြစ် မှတ်သားနာယူမှုအတွက် အထောက်အကူဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ အခြားဆက်သွယ်ပြောဆိုမှုများလိုပဲ Eye Contact အသုံးပြုမှုမှာလည်း ပြသနာအချို့ရှိနေတတ်ပါတယ်။ တခါတရံ လေ့လာသူဘက်က မျှော်လင့်ထားတာလောက် Eye Contact မရတဲ့အခါ နားလည်မှုလွဲမှားသွားတတ်ကြတာမျိုးပါ။ အဲ့ဒီလိုဖြစ်တဲ့အခါ လေ့လာသူရဲ့ တက်ကြွစွာသင်ယူမှုကိုပါ ထိခိုက်စေတတ်ပါတယ်။ ဥပမာ ပို့ချသူက လူအုပ်စုတစုကိုပဲ Eye Contact ရှိနေတယ်လို့ အခြားသူများက ခံစားသွားရရင် ၄င်းတို့ရဲ့ သင်ယူလေ့လာမှု လျော့ကျတာမျိုး နဲ့ မျှတမှုမရှိဘူး၊ ဂရုစိုက်မှုမရှိဘူးလို့ အထင်အမြင်မှားတာမျိုး ဖြစ်သွားတတ်တာမျိုးပါ။ ဒါကြောင့် Eye Contact အသုံးပြုတဲ့အခါ လိုအပ်သလို အာရုံစိုက်မှုပေးပြီး အသုံးချရပါတယ်။ လေ့လာသူအားလုံးကို အလှည့်ကျ Eye Contact ပေးဆက်သွယ်ရတာမျိုးရှိသလို တဦးချင်းကို တိုက်ရိုက်ကြည့်ရှု ဆက်သွယ်ရတာမျိုးလည်းရှိပါတယ်။
ဆရာ၊ဆရာမများနဲ့ ကျောင်းသား၊ကျောင်းသူများအကြား အလားတူအလွဲအမှားမျိုးမဖြစ်ဖို့အတွက် ဆရာ၊ဆရာမများက လေ့လာမှတ်ယူထားရလေ့ရှိပါတယ်။ ကျောင်းသား၊ကျောင်းသူတွေက ဘယ်အချိန်၊ ဘယ်အခြေအနေမှာ Eye Contact ပေးတာကို လိုအပ်သလဲဆိုတာကို သိရှိနားလည်ထားဖို့လိုပါတယ်။ လိုအပ်သလို Eye Contact ဖြန့်ကျက်အသုံးပြုပေးရပါတယ်။
Eye Contact ပေးရတဲ့အနေအထားဟာ စာသင်ခန်း သို့မဟုတ် သင်တန်းခန်းမရဲ့ ခင်းကျင်းမှုအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။ သမရိုးကျ ခုံတန်းအလိုက် စီတန်းထားတဲ့ စာသင်ခန်းမျိုးနဲ့ စက်ဝိုင်းပုံ၊ ပစောက်ပုံ(U shape) ပုံစံမျိုး ခင်းကျင်းထားတဲ့ စာသင်ခန်းတွေအကြား အသုံးပြုရတဲ့ Eye Contact နည်းလမ်းခြင်း တူညီနိုင်မှာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် သက်တောင့်သက်သာရှိပြီး အပေးအယူမျှတဲ့ Eye Contact တွေဟာ Verbal Communication တွေကို ကောင်းမွန်စွာ အထောက်အပံ့ပေးနေတာကတော့ အသေအချာပါပဲ။ ဘယ်အခြေအနေမှာ ဘယ်လို Eye Contact ကိုရယူအသုံးပြုမလဲ ဆိုတာကတော့ အတွေ့အကြုံတွေနဲ့ လိမ္မာပါးနပ်မှုတွေက သင်ပေးသွားမှာပါ။ အလေ့အကျင့်များလာတာနဲ့အမျှ သက်တောင့်သက်သာရှိလာမှာပါ။ စာသင်ခန်းအတွင်းမှာ Verbal Communication ရော Non Verbal Communication ရော အသုံးပြုပြီး အကောင်းဆုံးဆက်သွယ်သင်ကြားနိုင်ဖို့ အတူတူကြိုးစားသွားကြရအောင်ပါ။
မှီငြမ်း > Diploma in Teaching Skills For Educators Couse
Photo Credit