19/01/2024
ဉာဏ်လင်းထက် (၁) နှစ်ခွဲပြည့်ပြီ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သားဉာဏ် ဒီနေ့ (၁)နှစ်ခွဲပြည့်ပါပြီ။
တော်တော်လေးလည်း လိုက်ရလို့ ဖေဖေ၊ မေမေနဲ့ တီတီပါ မောရပါတယ်။ နေများကောင်းလို့ကတော့ ဘာဆော့သလဲမမေးနဲ့။ ဝီကိုခေါ်လို့ပဲ။ သားသားဖွံ့ဖြိုးတိုးတက်တာတွေ ကြည့်ပြီး ပျော်ရသလို မောလည်းမောရပါတယ်။ ပျော်မောလေးပေါ့။
ဒီနေ့မှာတော့ ဖေဖေက သားသား တစ်နှစ်ခွဲမှာ သူလုပ်တတ်တာလေးတွေ မျှဝေပေးချင်ပါတယ်။ သားက သူလိုချင်တာ၊ မလိုချင်တာတွေကို ရွေးချယ်တတ်နေပါပြီ။ ဥပမာ- ဖိနပ်စီးမယ်ဆို လက်ညှိုးထိုးပြီး သူစီးချင်တဲ့ ဖိနပ်ကို ကိုယ်တိုင်ရွေးတတ်သလို၊ ပါးစပ်ကနေလည်း ဒါဒါလို့ လိုချင်တာကိုဖော်ပြတတ်ပါတယ်။ ဇွန်းကိုင်ပြီး ထမင်းလည်း ကိုယ်တိုင်စားတတ်ပါတယ်။ အမှိုက်ကို အမှိုက်ပုံးထဲထည့်တတ်တယ်။ ရပ်ကွက်ထဲလမ်းလျှောက်ပေးရင် တွေ့သမျှ အမှိုက် အကုန်လိုက်ကောက်နေတော့တာပါပဲ။ လူကြီးကတံမြက်စည်းလှည်းရင် သူလည်းလိုက်လှည်းတတ်ပါတယ်။ သွားလည်းအကူညီမပါပဲတိုက်တတ်တယ်။ သားကို သွားတိုက်တတ်အောင် အလေ့အကျင့်ဖြစ်ဖို့ မနက်တစ်ကြိမ် ညတစ်ကြိမ် လေ့ကျင့်ပေးဖြစ်ပါတယ်။ ပါးစပ်ပေနေရင် တစ်ရှူးနဲ့ သုတ်တတ်တယ်။ ရှူးရှူးပြောတတ်တယ်။ အီးအီးလည်းပြောတတ်ပြီ။ ခွက်ထဲတော့ လေ့ကျင့်ချိန်မှာ ထိုင်တတ်ပြီး တကယ်သွားတဲ့အခါ ထိုင်ဖို့ ကြိုးစားနေရပါသေးတယ်။ သီချင်း၊ ကဗျာတွေကို အသံယောင်လိုက်ပြီးဆိုတတ်တယ်။ ကတတ်တယ်။ စကားလုံး နောက်ဆုံးလုံးကို လိုက်ပြောနိုင်ပြီး ဖေဖေ၊ မေမေ၊ တီတီ၊ ဦး၊ မမ၊ ဖွားဖွား၊ ဘဘ စတာတွေကိုခေါ်တတ်နေပြီ။ စာဖတ်တာကြိုက်တယ်။ ဖုန်းကြည့်နေလို့ အချိန်ပြည့်ရင် ဖုန်းအစားကို စာအုပ်နဲ့ အစားထို့လို့ရပါတယ်။ စာဖတ်ပေးတော့ အရောင်တွေ အကောင်တွေနဲ့ အသီးတွေ တော်တော်သိနေပါပြီ။ Duck, Dog,.... စတဲ့ အသံတစ်လုံးထဲတွေ ပြောတတ်နေပါပြီ။ အကောင်လေးတွေရဲ့ အသံကိုလည်း တုပပြီး အော်တတ်နေပါပြီ။ သီချင်းထဲက အသံလေးတွေဆို သူအတော်လေးကို မှတ်မိတာတွေ့ရတယ်။ အရုပ်ဆော့ရင် Share တတ်တယ်။ မုန့်လည်း အခြားသူတွေကို ကျွေးတယ်။ ဖေဖေ၊ မေမေ ပြောတာတွေကို နားလည်ပြီး လမ်းညွှန်ချက်ပေးရင် လိုက်လုပ်တတ်တာကို တွေ့ရတယ်။ အိမ်နီးနားချင်း သူငယ်ချင်းတွေရဲ့ နာမည်ကိုလည်း ခေါ်တတ်တယ်။ ဥပမာ- ရေခဲ၊ ဖူးဖူး၊ ယွန်းယွန်း၊ သွန်းသွန်း ... စသဖြင့် သူငယ်ချင်းတွေကို နာမည်ခေါ်တတ်ပါတယ်။ မုန့်လည်းဝယ်ခိုင်းတတ်နေပြီ။ မုန့်နာမည်မပြောတတ်ရင် အိတ်ခွံကောက်ပြီး ဝယ်ခိုင်းတတ်ပါတယ်။ ပိုက်ပေးလည်းပြောတတ်ပါတယ်။ သေးငယ်တဲ့ အမျှင် ဆံပင်၊ အပ်ချည်တွေကို လက်မ၊ လက်ညှိုးသုံးပြီးကောက်တတ်တယ်။ တူတူရေဝါး၊ ဘောလုံးနဲ့ ကား ဆော့ရတာအရမ်းကြိုက်တယ်။ အရုပ်ဆော့ပြီးရင် နေရာပြန်ထားတတ်တယ်။ ဒါလေးတွေကတော့ သားသား တစ်နှစ်ခွဲအရွယ်မျာ လုပ်တတ်တဲ့ အရာလေးတွေပါ။
သားသားကို ဒီလိုဖြစ်လာဖို့စောင့်ရှောက်ပေးတာတော့ ဖေဖေ လေ့လာထားတဲ့ သင်တန်းတွေ၊ စာအုပ်တွေနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ မူကြိုကလေးပျိုးထောင်နည်းတွေကို အသုံးချပြီး လေ့ကျင့်ပျိုးထောင်ပေးနေတာဖြစ်ပါတယ်။ မေမေကလည်း တူညီတဲ့နည်းစနစ်အောက်မှာ ကောင်းကောင်းလေးစောင့်ရှောက်ပေးဖြစ်ပါတယ်။
အဓိကကတော့ သားကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပျော်ရွှင်အောင် ထားပေးဖြစ်တယ်။ ရိုက်တာ၊ ဆူတာ၊ ငေါက်တာ၊ ချောက်တာ တွေလုံးဝမလုပ်ပါဘူး။ အရမ်းချစ်တဲ့အကြောင်းပြောတယ်။ အမြဲချီးကျူးပေးတယ်။ အတူကစားပေးတယ်။ အတူသီချင်းဆိုတယ်။ အတူကတယ်။ ဖုန်းကြည့်ရင်လည်း (၁၅) မိနစ်လောက်အတူကြည့်ပေးတယ်။ နားလည်အောင် နားလည်လွယ်တဲ့ စကားလုံးနဲ့ပြောပေးတယ်။ ဝမ်းနည်းရင် စိတ်ဆိုးရင် ဝမ်းနည်းခွင့် စိတ်ဆိုးခွင့်ပေးတယ်။ ငိုချင်ရင်ငိုခိုင်းတယ်။ စည်းကမ်းနဲ့ပတ်သတ်ရင် အလျှော့မပေးဘူး။ မရဘူးဆိုမရဘူး။ လုပ်မပေးဘူးဆို လုံးဝလုပ်မပေးဘူး။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ပြောပြတယ်။ အငိုခံတယ်။ အချိုမကျွေးဘူး။ ဒါပါပဲ။
အသက်ရွယ်လိုက် ကလေးဖွံဖြိုးမှုနဲ့ ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းများ
UNICEF ကတော့ မိဘတိုင်း လေ့လာထားရမည့် ကလေးအသက်အရွယ်လိုက် ဖွံ့ဖြိုးမှုမှတ်တမ်းများနှင့် ပံ့ပိုးပေးနိုင်သည့် နည်းလမ်းများ ဆိုပြီး အကြံပြုထားပါတယ်။
အသက်(၁)နှစ်မှ (၁)နှစ်ခွဲခန့် အရွယ်
ကလေးဖွံ့ဖြိုးမှုအချက်များ
××××××××××××××××××
• ပရိဘောဂတစ်ခုခုကိုကိုင်၍ ခုံပတ်လည် ရွေ့လျားလမ်းလျှောက်တတ်သည်။
• မတ်တပ်စမ်းသည်။
• လက်နှစ်ချောင်းကို ဇာဂနာကဲ့သို့ အသုံးပြုပြီးပစ္စည်းများ ကောက်တတ်သည်။
• စကားလုံးအနည်းငယ်ပြောတတ်သည်။ ဥပမာ - ဖေဖေ၊ မေမေ၊ ဂျာဂျ စသဖြင့် လက်ခုပ်တီးတတ်သည်။
• ဇွန်းကိုကိုင်ပြီး အစာစားတတ်သည်။
• လွယ်ကူသော အရာများကို လိုက်လုပ်တတ်သည်။ ဥပမာ - ခေါင်းဖြီးခြင်း
မိဘများပံ့ပိုးနိုင်သည့်နည်းလမ်းများ
×××××××××××××××××××××××
• အမှီအတွယ်ဖြင့် လမ်းလျှောက်တတ်အောင် လေ့ကျင့်ပေးပါ။ ဘောလုံးလှိမ့်တတ်အောင် သင်ပေးပါ။
• မိသားစုထမင်းစားဝိုင်းတွင်စားတတ်အောင် လေ့ကျင့်ပေးပါ။
• ကလေးအား ဇွန်းကိုင်ခိုင်းပြီး သူ့ဖာသာ အစာစားတတ်အောင် သင်ပေးပါ။
• လွယ်ကူသော လုပ်ဆောင်မှုများကို သင့်ကလေးမှ လိုက်ပါလုပ်ဆောင်ပါစေ။ ဥပမာ - ခေါင်းဖြီးခြင်း။
Phay Phay Vlog ကိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးပါ။
#ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများ
#ကလေးစောင့်ရှောက်ရေးနည်းလမ်းများ
#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်။
#ကျေးဇူးပြု၍Creditပေးပါခင်ဗျာ။