Grade 11 Biology

Grade 11 Biology Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Grade 11 Biology, Education, Q. No . 2, Mahlaing.

🐢 ဖင်ကနေ လေရှုတာကို လုပ်တယ်ဆိုတဲ့ လိပ်များ ? [G11 Bio]       လိပ်တွေဟာ ကုန်းပေါ်မှာရော ရေထဲမှာပါ နေနိုင်တဲ့ သတ္တဝါတွေ ဖြ...
28/08/2025

🐢 ဖင်ကနေ လေရှုတာကို လုပ်တယ်ဆိုတဲ့ လိပ်များ ? [G11 Bio]

လိပ်တွေဟာ ကုန်းပေါ်မှာရော ရေထဲမှာပါ နေနိုင်တဲ့ သတ္တဝါတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အသက်ရှူစနစ်ဟာ အနည်းငယ် ထူးခြားပါတယ်။ တကယ်တော့သူတို့ဟာ ကုန်းပေါ်တက်ပြီး ပုံမှန်အဆုတ်နဲ့ အသက်ရှူရသလို၊ ရေအောက်မှာလည်း အချိန်အတော်ကြာ နေနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ အသက်ရှူနိုင်ကြပါတယ်။ဒါ့ကြောင့် လိပ်တွေမှာ အသက်ရှုစနစ်ကို ၂မျိုး ခွဲလို့ရပါတယ်။

ပထမတစ်နည်း ကတော့ အဆုတ်နဲ့ အသက်ရှူခြင်း (Pulmonary Respiration) နည်းပါ။

ဒီနည်းမှာ ရေနေလိပ်တွေရဲ့ အဓိကအသက်ရှူလမ်းကြောင်းကတော့ အဆုတ်ပါပဲ။ အဆုတ်နဲ့ အသက်ရှူဖို့အတွက် လိပ်တွေဟာ ရေပေါ်တက်ပြီး သူတို့ရဲ့ နှာခေါင်းကို လေထဲ ထုတ်ရပါတယ်။

အသက်ရှူသွင်းပုံ(Inhalation):
လိပ်တွေမှာ diaphragm (အဆုတ်အောက်ခံကြွက်သား) မရှိပါဘူး။ ဒါ့ကြောင့် သူတို့ဟာ လည်ပင်းနဲ့ ခြေလက်အင်္ဂါတွေကို လှုပ်ရှားပြီး ရင်ဘတ်အတွင်းက ဖိအားကို ပြောင်းလဲပေးပါတယ်။ ခြေလက်တွေကို လေထဲဆွဲထုတ်လိုက်ချိန်မှာ ရင်ဘတ်ထဲက ဖိအားလျော့ကျပြီး လေတွေဝင်လာပါတယ်။

အသက်ရှူထုတ်ပုံ(Exhalation):
ခြေလက်အင်္ဂါတွေကို ပြန်ရုတ်သိမ်းလိုက်တဲ့အခါ ရင်ဘတ်ထဲက ဖိအားမြင့်တက်လာပြီး လေတွေပြန်ထွက်သွားပါတယ်။

ဒုတိယနည်းကတော့ ရေထဲမှာ အသက်ရှူခြင်း (Aquatic Respiration) နည်းပါ။

လိပ်အမျိုးအစားပေါ်မူတည်ပြီး ရေအောက်မှာ အောက်ဆီဂျင်ရရှိအောင် နည်းလမ်းအမျိုးမျိုးကို အသုံးပြုပါတယ်။ ဒီလိုအသက်ရှူနည်းတွေကို pharyngeal respiration (လည်ချောင်းဖြင့် အသက်ရှူခြင်း) နဲ့ cloacal respiration (ကလိုကာဖြင့် အသက်ရှူခြင်း) လို့ ခေါ်ပါတယ်။

Pharyngeal Respiration (လည်ချောင်းဖြင့် အသက်ရှူခြင်း):

* တချို့လိပ်တွေမှာ ပါးစပ်နဲ့ လည်ချောင်းအတွင်းမှာ သွေးကြောမျှင်များစွာရှိတဲ့ papillae လို့ခေါ်တဲ့ အမွေးလို အဖုလေးတွေ ပါရှိပါတယ်။

* သူတို့ဟာ ပါးစပ်ထဲကို ရေသွင်းလိုက်၊ ပြန်ထုတ်လိုက် လုပ်ပြီး အဲ့ဒီအမွေးလေးတွေကတစ်ဆင့် ရေထဲမှာ ပျော်ဝင်နေတဲ့ အောက်ဆီဂျင်ကို စုပ်ယူပါတယ်။

* ဒီနည်းလမ်းဟာ ရေနေလိပ်အများစုမှာ တွေ့ရပြီး ရေအောက်မှာ ကြာကြာနေနိုင်အောင် ကူညီပေးပါတယ်။

Cloacal Respiration (ကလိုကာဖြင့် အသက်ရှူခြင်း):

* ရေနေလိပ်အချို့မှာ ကလိုကာ (cloaca) ခေါ်တဲ့ ဖင်ပိုင်း/တင်ပါးပိုင်းရဲ့ နောက်ဆုံးအပေါက်မှာ အရေပြားပါးပြီး သွေးကြောများတဲ့ အိတ်နှစ်ခု ရှိပါတယ်။

* ဒီအိတ်တွေကို bursae လို့ခေါ်ပြီး ရေထဲက အောက်ဆီဂျင်ကို စုပ်ယူဖို့ အသုံးပြုပါတယ်။

* လိပ်တွေဟာ အိတ်အတွင်းသို့ ရေသွင်းလိုက်၊ ပြန်ထုတ်လိုက် လုပ်ခြင်းဖြင့် ရေထဲက အောက်ဆီဂျင်ကို စုပ်ယူကြပါတယ်။

* ဥပမာအားဖြင့် Fitzroy River Turtle လို လိပ်မျိုးစိတ်တွေဟာ ဒီနည်းလမ်းကို အဓိကထား အသုံးပြုကြပြီး အခြားလိပ်တွေထက် ရေအောက်မှာ ပိုမိုကြာရှည်စွာ နေနိုင်ကြပါတယ်။

ဒီဒုတိယနည်းထဲက လေရှူခြင်းကိုလုပ်တဲ့ cloacaရဲ့တည်နေရာက တင်ပါးပိုင်း ဖင်ပိုင်းမှာ ရှိတာကို အစွဲပြုပီး သာမန်လူတွေက လိပ်တွေ ဖင်နဲ့ အသက်ရှု
ကြတယ်ဆိုတော့ ပြောနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး နည်းလမ်းမျိုးစုံနဲ့ အသက်ရှူနိုင်တာကြောင့် လိပ်တွေဟာ ကုန်းပေါ်မှာရော ရေအောက်မှာပါ ပုံမှန်ရှင်သန်နေထိုင်နိုင်တာပဲ ဖြစ်ပါတယ်။

Copy from Saya_HtetYan **မုဒုံ

***Copy from Sayama Daw Ni Ni Tunနိုင်ငံတော်သုံး ဖတ်စာအုပ်မှာ အမှားတွေ့လို့ကတော့ အမုန်းခံပြောမယ်။မြန်မာပြည်က ကျောင်းသားတ...
06/08/2025

***Copy from Sayama Daw Ni Ni Tun
နိုင်ငံတော်သုံး ဖတ်စာအုပ်မှာ အမှားတွေ့လို့ကတော့ အမုန်းခံပြောမယ်။

မြန်မာပြည်က ကျောင်းသားတွေအတွက် အတော်စိတ်မကောင်းဖြစ်မိတယ်။ ဖတ်စာအုပ်ပြုစုသူပညာရှင်များကိုလည်း အတော် စိတ်ဆိုးမိတယ်။ ပက်ပက် စက်စက်မှားနေတာတွေကို ဒီအတိုင်းပဲ သင်နေကြတဲ့ ဆရာတွေကိုလည်း အမှားတွေ့ရင် ထွက်ပြောရဲစေချင်ပါတယ်။ သတ္တိရှိကြပါ။ လေ့လာကြပါ။

ဘူမိဗေဒ လေ့လာထားသူများက ဖတ်စာအုပ်ရေးသားပြုစုသူပညာရှင်ကြီးများကို သွားပြောပေးကြပါရှင့်။ “Lithosphere is divided into three layers: crusts, mantle and core (outer and inner)” လို့ Grade 11 ဖတ်စာအုပ်မှာ မှားယွင်းစွာဖော်ပြထားပါတယ်။
အမှန်တရား။crust +Mantle အလွှာရဲ့ အပေါ်ပိုင်းလေးကိုပဲ Lithosphere လို့သတ်မှတ်တယ်။
အများလက်ခံယုံကြည်ရတဲ့ websites တွေမှာ လိုက်ဖတ်ကြပါ။

https://pubs.usgs.gov/gip/dynamic/inside.html
https://education.nationalgeographic.org/resource/lithosphere/?utm_source=chatgpt.com
https://www.nasa.gov/image-article/cut-away-diagram-of-earths-interior/?utm_source=chatgpt.com
https://www.learner.org/wp-content/interactive/dynamicearth/structure/index.html
https://www.britannica.com/science/lithosphere?utm_source=chatgpt.com

Cell cycle Cell cycle ကို Grade 11 Biology Chapt 5 မှာလည်းသင်ရသလို GEDနဲ့ Pre GED မှာလည်း ပါဝင်ပြီး အမေးများတဲ့ မေးခွန်း...
29/10/2024

Cell cycle

Cell cycle ကို Grade 11 Biology Chapt 5 မှာလည်းသင်ရသလို GEDနဲ့ Pre GED မှာလည်း ပါဝင်ပြီး အမေးများတဲ့ မေးခွန်းတခုပါ။ သင်ကြားရတာ အနည်းငယ် ရှုပ်ထွေးပါတယ်၊ အလွယ်မှတ်နိုင်အောင် အခုလို ရေးထားလိုက်တယ်။

Cell cycle ကို ဆဲလ် သံသရာ လို့လည်း ခေါ်နိုင်သလို ဆဲလ်စက်ဝန်း လို့လည်း ခေါ်ကြတယ်၊ သက်ရှိ တွေဖြစ်တဲ့ လူ သတ္တဝါ အပါအဝင် အပင် တွေ ဟာ ကြီးထွားမှု နဲ့ လိင်မဲ့မျိုးပွားဖို့အတွက် ဆဲလ် ကွဲခြင်း Cell division ဆိုတဲ့ လုပ်ငန်းစဥ်ကို မဖြစ်မနေ ဆောင်ရွက်ကြရပါတယ်။

ဒီလို ဆဲလ်ကွဲခြင်းဖြစ်စဥ်အတွက် ဆဲလ်တွေဟာ ကြိုတင်ပြင်ဆင်မှု အချို့ကို လုပ်ဆောင်ကြရတယ်၊ ဒီလို ပြင်ဆင်ကြရတဲ့ ဖြစ်ရပ်တွေက တဆင့်ပြီး တဆင့် စံနစ်တကျ ဖြစ်ပေါ်လာရတယ်၊ ဒီလိုလုပ်ဆောင်ရတာကို cell cycle လို့ခေါ်ပါတယ်။ ရလာဒ်အနေဖြင့် မိခင်ဆဲလ်တခုကနေ သမီးဆဲလ် ၂ အဖြစ် ကွဲသွားစေပါတယ်၊

ဆဲလ်စက်ဝန်းမှာ အဆင့်များစွာ phases ပါဝင်ပါတယ်၊ ဒါပေမည့် အဓိက ပါဝင် တဲ့ အဆင့်က ၂ ခု သာဖြစ်။ပါတယ်၊

ဒီ ၂ ဆင့် ကို ဖော်ပြရရင်

၁။ Interphase အင်တာဖေ့စ် နဲ့
၂။ Mitosis cell division မိုက်တို့ဆစ် ဆဲလ်ကွဲခြင်း

တို့သာဖြစ်ပါတယ်။

Interphase (ကြားကာလ အဆင့်)

အင်တာဖေ့ကို ကြားကာလ အဆင့်ရယ်လို့ခေါ်ပါတယ်၊ ဒီအဆင့်မှာ ဆဲလ်ကွဲခြင်း ဆိုတဲ့ အလုပ်ကို မလုပ်ပါဘူး၊ ဆဲလ် ကွဲခြင်း လုပ်ငန်းကို လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရတဲ့ ကာလ ဆိုရင်လည်း မမှားပါဘူး၊

Interphase ဖြစ်စဥ်ထဲမှာ အဆင့် လေးဆင့် က အစီအစဥ်တကျပါဝင်ပါတယ်၊ အဲဒီအဆင့်တွေကို ဖော်ပြရရင်
1.G1 phase၊
2.S phase နဲ့
3.G2 phase

တွေဖြစ်ပါတယ်။ တဆင့်ခြင်းသွားကြည့်ရအောင်..

G1 phase (first gap)

G1 phase ကို Gap 1 လို့လည်းခေါ်ပါတယ်၊ ဒီအဆင့်မှာ cell ရဲ့ အရွယ်က ကြီးထွားလာတယ်။ DNA replication (DNA ပုံတူ ပွားခြင်း) ပြုရန်အတွက် ပြင်ဆင်ရပါတယ်။ S phase အဆင့်ကို သွားဖို့ လိုအပ်တဲ့ အရင်းအမြစ်များနဲ့ အခြေအနေ ရှိမရှိကို အကဲဖြတ်ပေးတဲ့အဆင့်ဖြစ်ပါသည်၊

S phase (synthesis phase)

S phase ကို Synthesis phase လို့လည်း ခေါ်ပါတယ်၊ ဖွဲ့စည်းတဲ့ အဆင်ပေါ့၊ ဒီအဆင့်မှာ DNA replication (DNA ပုံတူ ပွားခြင်း) ကို လုပ်ဆောင်ကြပါတယ်။ S phase ဟာ ထူးထူးခြားခြား G1 phase နဲ့ G2 phase ကြားမှာ ရှိနေပါတယ်။

DNA ပုံတူ ပွားခြင်းကြောင့် Nucleusအတွင်းမှာရှိတဲ့ D NA molecule တခုစီမှာ ပုံစံတူတဲ့ မိတ္တူတစုံရှိလာပါတယ်။ ဒီ DNA ကနေ ခရိုမိုဆုံးတခုစီကို ဖွဲ့စည်းတယ်၊ replication ပြီးတဲ့အခါမှာတော့ Chromosome တခုစီမှာ ပုံစံတူ DNA ၂ ခုစီပါလာပါတယ်။ ဒီchromosome တွေကို chromatid တွေလို့ခေါ်နိုင်ပြီး ဆင်ထရိုမီးယား centromere နေရာမှာ တွဲဆက်လို့နေကြတယ်။ ဒီအဆင့်က မျိုးရိုးဗီဇ ခိုင်မာမှုကို ထိန်းသိမ်း ရန်အတွက် အလွန်အရေးကြီးပြီး အမှားအယွင်းမဖြစ်စေရန် လုပ်ဆောင်ကြရတယ်။

G2 phase (second gap phase)

cell cycle ရဲ့ တတိယ အဆင့်ဖြစ်တယ်။ DNA replication ပြီးမြောက်ပြီး တွေ့ရမည့် အဆင့်ဖြစ်ပါတယ်။ Mitosis cell division အတွက်ပြင်ဆင်ရတဲ့ အဆင့်ဖြစ်ပါတယ်၊ ဆဲလ် အရွယ်အစားကြီးမားလာပြီး ၊ cell division အတွက်လိုအပ်သော protein နဲ့ အင်္ဂါနုတ် organelles စတင်ဖွဲ့စည်းရပါတယ်။ ရလာဒ်အရ ဆဲလ်အတွင်းမှာ Cytoplasm ပမာဏလည်း တိုးပွားလာပါတယ်။

M phase (mitosis phase)

M phase ကို Mitotic phase လို့လည်းခေါ်ပါတယ်၊ ဆဲလ်ကွဲသော အဆင့်ဖြစ်ပါတယ်။ M phase မှာ ဆဲလ် ကွဲခြင်း ၂ ဆင့်ပါတယ်၊ ပထမ အဆင့်က nucleus ကွဲခြင်း (karyokinensis) ဖြစ်ပြီး ဒုတိယက cytoplasm ကွဲခြင်း (cytokinensis) ဖြစ်ပါတယ်၊ အချိန်ကာလ အတိုဆုံးနဲ့ ပြီးမြောက်တဲ့ phase လည်းဖြစ်တယ်။ သမီး ဆဲလ် ၂ ခုကို ရရှိစေပါတယ်။

mitosis မှာ
Nuclear division အဖြစ်
ထင်ရှားသော အဆင့် လေးဆင့်ပါတယ်။

၁။ prophase ကဏ္ဍဦး
၂။ metaphase ကဏ္ဍလယ်
၃။ anaphase and ကဏ္ဍနှေင်း
၄။telophase ကဏ္ဍအဆုံး တို့ဖြစ်ကြတယ်။

ဒီ လေး ဆင့်ပြီးရင်တော့y Ctoplasm ကွဲခြင်း
cytokinensis ဖြစ်စေပါတယ်။

မေးခွန်းလေးတွေဖြေကြည့်ပါ

1.The interphase of a cell's life cycle can be divided into which of the following phases?

A.Mitosis and cytokinesis
B.Prophase, metaphase, anaphase, and telophase
C.Replication, rest, division
D. G1, S, and G2
E.Mitosis and meiosis
ans D.

2.Place the following steps in the cell cycle into the order in which they occur.

I. G1
II. G2
III. S phase
IV. M phase

choose the correct answer

a.IV, I, II, III
b.I, II, IV, III
c.II, III, I, IV
d.I, IV, II, III
e.I, III, II, IV...

3.Which of the following statements is TRUE?
a.M phase occurs between G1 and S phase.
b.The non-dividing state of the cell cycle is called mitosis.
c.Cytokinesis is the third step in interphase.
d. Preparation for S phase occurs during G2.
e.Chromosome replication occurs during S phase.

4.All of the following occur during interphase EXCEPT:
S phase
a.Cell division
b.Chromosome replication
c.Protein synthesis
d. Cell growth

Kothet Naing Oo ❤💛💚

*Lichen *သစ်ကပ်မှော် ကျနော်က အပင်တွေအကြောင်းရေးတော့ အပင်ချစ်သူများနှင့် မိတ်ဆွေဖြစ်ရသည်၊ ယခုလည်း ကလောက Moe Tain  ရိုက်ထာ...
13/10/2024

*Lichen
*သစ်ကပ်မှော်

ကျနော်က အပင်တွေအကြောင်းရေးတော့ အပင်ချစ်သူများနှင့် မိတ်ဆွေဖြစ်ရသည်၊ ယခုလည်း ကလောက Moe Tain ရိုက်ထားသော Lichens အပင်လေးတွေ ကို မြင်လို့ သူ့အကြောင်း ရေးချင်စိတ်ဖြစ်လာမိသည်၊ ဒီအပင်လေးတွေအကြောင်း မရေးမီ Symbiosis ဆိုတာလေးကို အရင် တင်ပြပါရစေ၊

မတူကွဲပြားနေသော သက်ရှိ မျိုးစိတ် ၂ ခုဟာ အတူပူးပေါင်းနေထိုင်ကြရင်း အချိန်ကာလကြာမြင့်စွာ ဇီဝဆိုင်ရာ အပြန်အလှန်တုန့်ပြန်မှု ပြုနေသော အမျိုးအစားကို Symbiosis ခေါ်ပါတယ်။ ဒီအထဲက Mutualism ကတော့ မတူညီသော သက်ရှိ ၂ ခု၏ အကျိုးတူ ပူးပေါင်းနေထိုင်ခြင်း လို့ အဓိပ္ပါယ်ရတဲ့ Symbiosis အမျိုးအစားဖြစ်ပါတယ်။

Lichens ဆိုတာ အပင်လား?

Lichens လေးတွေဟာ အပင်လို့သာ ခေါ်ရတယ်၊ ပင်စည် အရွက် အမြစ်တွေမပါပါဘူး၊ နေရာဒေသမရွေးပေါက်နိုင်တဲ့ အပင်လေးတွေဖြစ်ပြီး အရောင်အမျိုးမျိုး နဲ့ ပုံစံအမျိုးမျိုး ရှိကြပါတယ်၊ မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်အထိရှိပါတယ်၊ အများစုက သစ်ပင်ကြီးတွေရဲ့ ပင်စည် တွေမှာ ကပ်ပေါက်ကြသလို အချို့ကလည်း ကျောက်နံရံတွေအပေါ်မှာကပ်ပေါက်ကြတယ်။ လူတွေမသိသေးတဲ့အချက်တခုက Lichens အပင်လေးတွေက ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေတွေ ပျံနှံနေသော ဝန်းကျင်မှာမပေါက်နိုင်ပါဘူး၊ Lichen လေးတွေပေါက်တဲ့နေရာဆိုတာ လေထုညစ်ညမ်းမှုကင်းသော နေရာ သာဖြစ်ပါတယ်၊ ဒါ့ကြောင့် Lichens လေးတွေဟာ Air pollution indicator အဖြစ် ပညာရှင်တွေက ဆိုပါတယ်။

ဒီအပင်လေးတွေက ထုတ်တဲ့ အက်စစ်တမျိုးကြောင့် ကျောက်ဆိုင်ကျောက်သားများပင် ကြေမွလာရတယ်၊ အပင်လေးတွေသေရင်လည်း မြေဩဇာဖြစ်သွားတာမို့ ဝန်းကျင်ကိုအကျိုးပြုတဲ့အပင်လေးတွေဖြစ်ပါတယ်။ မြောက်ဝင်ရိုးစွန်းက တန်ဒြာသမင်တွေရဲ့အစားအစာကတော့ တန်ဒြာ ရေညှိပင်လို့ခေါ်တဲ့ Lichens ပင်လေးတွေဖြစ်ပါတယ်၊ အရောင်ပါတဲ့ အမျိုးတွေကို ဆိုးဆေးလုပ်ရာမှာသုံးကြသလို၊ ကစီဓာတ်ပါလို့ လူ သတ္တဝါ များအတွက် အစားအစာအဖြစ်လည်း သုံးကြပါသေးတယ်။

၂ ပင်ပေါင်းမှ ဘဝတခုပါ 💚+💙 = 💜

Lichens ဆိုတာ မတူညီသော အပင်မျိုးစိတ် ၂ ခု အတူယှဥ်တွဲ နေထိုင်ကြရင်း ဘဝတခုကို ထူထောင်ထားတဲ့ အပင်တမျိုးဖြစ်တယ်။ တပင်က Algae (Cyanobacteria) လို့ခေါ်တဲ့ ရေမှော် မျိုးနွယ် ဖြစ်ပြီး ကျန်တပင်က Fungi လို့ခေါ်တဲ့ မှို တို့ဖြစ်ပါတယ်၊ ဒီ ၂ ပင် ဘယ်လိုနေထိုင်ကြသလည်း၊ Algae တွေမှာ အစိမ်းရာင်ခြယ်ဆေး Chlorophyll ကလိုရိုဖီးလ် ပါသည်၊ ဒါ့ကြောင့် နေရောင်ခြည် အောက်မှာ အပင်တွက်လိုအပ်သော ကစီဓာတ် Starch ကို Photosynthesis နည်းဖြင့် ချက်လုပ်နိုင်တယ်။ မှိုမှာ ရောခြယ်မပါတော့ အစာမချက်နိုင်ပါ၊ လိုအပ်သော အဟာရအတွက် Algae အပေါ်မှီခိုရတယ်။ ဒီနေရာမှာ မှိုက Algae ရေညှိပင်လေး နေအပူချိန်ကြောင့် ခြောက်သွေ့ပြီး သေဆုံးမသွားဖို့ လိုအပ်သော ရေနှင့် ဓာတ်ဆားပျော်ရည်ကို စုတ်ယူပေးတယ်၊ အကာအကွယ်လည်း ပေးပါတယ်။ ဒါ့ကြောင့် သဘာဝမတူသော အပင် ၂ ပင်ဟာ တပင်ကိုတပင်က အကျိုးပြုကြရင်း အစဥ်ပူးတွဲကာ နေထိုင်ကြပုံကဖြင့် ၂ လွှာပေါင်းမှာ တရွက်ပမာ တင်စားရတဲ့ စွယ်တော်ရွက်ပမာ လို့ များ တင်စားရရင် လွန်အံ့ မထင်ပါ။

အေးချမ်းသောနေရာမှာဘဲ ပေါက်တဲ့အပင်လေးတွေပါ
ပြင်ဦးလွင်ရောက်ရင် ထင်းရှူးပင်စည်ပေါ်က စိမ်းဖြူဖြူ
Lichens လေးတွေ ကို ကြည့်ခဲ့ပါဦး
တနေ့နေ့တော့ ကလောမြို့​လေးဆီကို
အလယ်သွားနိုင်မယ်လို့ ယုံကြည်ရင်း...

Kothet Naing Oo

Copy From Saya Gyi Dr.Thet Naing Oo

*Genes *Alleles and *TraitGenetics နဲ့ မထိတွေဖူးခဲ့သော ကလေးတွေကို ဒီစကားစုတွေရှင်းပြရရင် အတော် လက်ဝင်တယ်၊ ကိုယ်ကတော့ နား...
10/10/2024

*Genes *Alleles and *Trait

Genetics နဲ့ မထိတွေဖူးခဲ့သော ကလေးတွေကို ဒီစကားစုတွေရှင်းပြရရင် အတော် လက်ဝင်တယ်၊ ကိုယ်ကတော့ နားလည်နေတယ်၊ သူနားလည်အောင် ထပ်ခါ ထပ်ခါ ရှင်းရင်းနဲ့ ပိုရှုပ်ကုန်ရော၊ ဥပမာ ဒီစကားလုံး ၃ လုံးပေါ့ ၊ သိသလိုလို နဲ့ မသိတော့ဘူး ရောကုန်ရော 😁😁

Genes နဲ့ alleles တွေဟာ မျိုးဆက်ခံမှု အတွက် အဓိက ကျသော key player တွေဖြစ်တယ်။

ပထမဆုံးသိရမှာက Genes ပါ၊ ဂျင်းလို့ အသံထွက်တယ်၊ စားတဲ့ ဂျင်း တော့မဟုတ်ဘူး၊ မြန်မာလိုပြန်ဆိုရရင် ဗီဇ လို့ခေါ်တယ်၊ တခါတလေ ပြောကြပါတယ်၊ သူက ဗီဇကိုက မကောင်းတာ၊ မျိုးစေ့မမှန် ပင်မသန် ဆိုတဲ့ စကားပုံက ဗီဇနဲ့ အဓိက သက်ဆိုင်တယ်၊

ဗီဇဆိုတာ ဘာလည်း? တကယ်တော့ဗီဇဆိုတာ မျိုးဆက်ခံမှုရဲ့ အခြေခံ ယူနစ် တခုသာဖြစ်တယ်၊ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါ၊ အဖေ နဲ့ အမေရဲ့ ဗီဇ တွေပါနေတယ်ဆိုတာ သတိပြုမိကြမယ်၊ အဖေလို အရပ်ရှည်ပြီး အမေလို အသားဖြူတဲ့ မိန်းမချောလေး ဖြစ်ချင်ဖြစ်နိုင် သလို အသားမည်းပြီး အရပ်ပုတာလည်းဖြစ်လာနိုင်တယ်၊ သားသမီးတွေဟာ မိဘများ၏ ဗီဇများကို မျိုးရိုးဆက်ခံ ကြတယ်၊ အရာအားလုံးတော့မမှန်ဘူးပေါ့ ၊ ဗီဇနဲ့ ပတ်ဝန်းကျင် ဆိုတာလည်းရှိသေးတယ်၊ မွေးတုန်းကတော့ ဟုတ်ပါတယ် ၊ အပျိုပေါက်လူပျိုပေါက်လည်းရောက်ရော အဟာရပြည့်ပြည့် ဝဝ မစားရပြီး သေးကွေးကြုံလှီနေတာလည်းဖြစ်လာနိုင်တယ်၊ အချို့သော ကင်ဆာရောဂါ တွေဆိုတာ မိခင် ဖခင်တွေဆီက ရတဲ့ အမွေဆိုးတခုပေါ့၊

ဗီဇတွေက ဘယ်နေရာမှာရှိတာလည်း ?

a gene is a segment of DNA that contain the instruction for building a specific protein, which plays a role in the functions of body. ကျနော်တို့ ခန္ဓာကိုယ်ဆိုတာ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာ၊ အဲသည် cell တွေမှာ Nucleus ရှိတယ်၊ Nucleus ထဲမှာ chromosomes ရှိတယ်၊Chromosoms ထဲမှာတော့ ရှည်လျားသော မော်လီကျူးများနဲ့ ဖွဲ့စည်းထားတဲ့ DNA ရှိတယ်၊ ဗီဇဆိုတာ အပေါ်က စာပိုဒ်ထဲကလို DNA ရဲ့ အစိတ်အပိုင်း တခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ အတွက် ပရိုတင်းတည်ဆောက်ရာမှာ အသုံးပြုမည့် ညွှန်ကြားချက် instruction တွေပါဝင်တယ်။ တိတိကျကျ ဆိုရရင် Genes တွေဟာ တိကျသော ပရိုတင်း specific protein ဒါမှမဟုတ် RNA အတွက် code လုပ်ပေးသော DNA ရဲ့ အစိတ်အပိုင်းများသာဖြစ်တယ်။ Genes passed from parent to offspring ၊ ဗီဇတွေဟာ မိဘကနေ သားသမီးဆီ ပြောင်းရွှေ့နိုင်ပြီး အမွေဆက်ခံနိုင်တယ်။ ဗီဇတွေဟာ လူသားတွေရဲ့ အမျိုးမျိုးသော ဝိသေသ လက္ခဏာ တွေကို သတ်မှတ်ပေးနိုင်တယ်။ determine various characteristics or traits.

Alleles

Alleles ကို အယ်လီးလိ လို့ အသံထွက်တယ်၊ မြန်မာလို အနီးစပ် ဆုံးပြန်ဆိုရရင် ဂျင်းစုံတွဲ ဖြစ်မယ်၊ Allele အေလီလီး ဆိုတာ ဗီဇတစ်ခုရဲ့ မတူညီသော မူကွဲ များဖြစ်ပါတယ်။ Alleles are different version of a gene၊ ဥပမာ မျက်လုံးအရောင်ကိုကြည့်ရအောင်၊ မျက်လုံးရဲ့ အရောင်ကို ဆောင်ရွက်ပေးရမည့် ဂျင်းတခုမှာ မျက်လုံးအပြာရောင် allele လည်းရှိနိုင်သလို အညိုရောင် alleles လည်းရှိနေနိုင်တယ်။ လူတိုင်းလူတိုင်းမှာ ဂျင်းတခုစီအတွက် alleles အရေအတွက် ၂ ခုစီ ရှိတယ်။ *every individual have two alleles for each gene ၊one inherted from each parents* နောက်တမျိုးက ဆံပင်အရောင် ပါ၊ ဆံပင် အရောင် တွေ ဘယ်လောက်များများ ဆံပင်ရဲအရောင်ကိုသတ်မှတ်နိုင်တဲ့ alleles ၂ ခုသာရှိတယ်။

အထက်က ပြောခဲ့သလိုပါဘဲ Allele တွေ ဘယ်လောက်များများ လူတစ်ယောက်အတွက် ပိုင်ဆိုင်နိုင်တာက ၂ခု သာ ဖြစ်တယ်။ ဒီ ၂ ခုမှာ တခုက ဖခင်ဆီက ရတာဖြစ်ပြီး တခုက မိခင်ဆီက ရတာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် မိခင်ရဲ့ egg မျိုးဥ ၁ခု နဲ့ဖခင်ဆီကရတဲ့ s***m ၁ ခု တို့ ပေါင်းစပ် မှုကနေ ၂ခုရတာဖြစ်ပါတယ်။

Traits (လက္ခဏာရပ်များ)

Trait ဆိုတာ လူတယောက်၏ ပြင်ပ လက္ခဏာ တွေကို ဆိုလိုပါတယ်။ မျက်စေ့နဲ့ မြင်ရတဲ့ အရပ်အမောင်း အသားအရေ၊ မျက်စေ့အရောင်၊ ဆံပင်အရောင်၊ စတဲ့ အရာတွေဖြစ်ပါတယ်။ ဒါတွေကို ဖန်တီးပေးတာကတော့ Alleles များရဲ့ပေါင်းစပ်မှုကနေ ရလာတာဖြစ်တယ်၊ မျိုးရိုးဗီဇ လက္ခဏာ trait ဆိုတာ လူတဦးချင်းစီရဲ့ သီးခြား သီးခြားဝိသေသ လက္ခဏာ တခု လည်း ဖြစ်တယ်၊ Traits တွေကိုသတ်မှတ်ပေးတာက Genes နဲ့ သူ့ရဲ့ဝန်းကျင် ဖြစ်တယ် တခါတလေ ၂ မျိုးစလုံးလည်းဖြစ်နိုင်တယ်။

အနီးစပ်ဆုံးဥပမာ ပြရရင်

မဥ္ဇူပန်းအရောင်ဖြစ်တယ်၊ ပန်းအရောင်ကို ဆောင်ရွက်ပေးတဲ့ ဂျင်း တခုရှိမယ်၊ allele တခုက အနီရောင်ကို လုပ်ပေးမယ် (one allele code for red) နောက် allele တခုက အဖြူရောင် (another for white) လုပ်ပေးမယ်၊ ဒီ allele ၂ ခုပေါင်းလိုက်ရင် (combination) သားသမီးအရောင်က မိဘတွေနဲ့ မတူတဲ့ ပန်းရောင် (specific color) ဖြစ်လာတယ် ။
RR (red) X rr (white) = Rr (pink)

Summery
genes carry information
alleles.. are variations of that information
traits..are result of these combination

Gene ဆိုတာ အချက်အလက်တွေသယ်ဆောင်သောအရာ
alleles ဆိုတာ အဲသည်အချက်အလက်ရဲ့ မူကွဲတွေ
Trait ဆိုတာ ရလာဒ်တွေသာဖြစ်တယ်။

Ref.ကိုးကား..GED SCIENCE (telegram)

Copy From Saya Gyi Dr.Thet Naing Oo

အစာကွင်းဆက် Food chain, Food web , tropic level, Food pyramid Kothet Naing Oo ပိတ်ရက်ဆိုတော့ စာလေးနည်းနည်းရေးဖြစ်တယ် Gra...
06/10/2024

အစာကွင်းဆက်

Food chain, Food web ,
tropic level, Food pyramid
Kothet Naing Oo

ပိတ်ရက်ဆိုတော့ စာလေးနည်းနည်းရေးဖြစ်တယ်
Grade 11 Biology နဲ့ GED သင်ခန်းစာထဲက သင်ကြားရာမှာ တော့ ဒီစကားလုံးတွေနဲ့ မဖြစ်မနေ တွေ့ကြရမှာဖြစ်ပါတယ်။ ဒီစာလုံးတွေ အကြောင်း မတင်ပြမီ Ecology ဆိုတာဘာလည်း? Ecology ကို မြန်မာလို "ဂေဟဗေဒ" လို့ ဖွင့်ဆိုပါတယ်၊ ဒီစကားလုံးကို ဂျာမန်ဇီဝဗေဒပညာရှင် Ernst Haeckel (1866) က တီထွင်ခဲ့တယ်။ (ဂရိဘာသာ oikos ဆိုတာ ဂေဟ ဖြစ်ပြီး logia ဆိုတာ လေ့လာခြင်း ဆိုတဲ့ စကားစု ၂ စု ပေါင်းစပ်ထားတာပါ။ အဓိပ္ပါယ်က ဂေဟကို လေ့လာခြင်းပေါ့။ Ecology ဆိုတာ "Study of the relationships between living organisms, including humans and their physical environment" လို့ ဖွင့်ဆိုပါတယ်။

အနီးစပ်ဆုံးပြန်ရရင် သက်ရှိများ (living organisms) နှင့် ၄င်းတို့၏ ပတ်ဝန်းကျင် ဆက်နွယ်မှုကို လေ့လာသော ပညာ လို့ သတ်မှတ်နိုင်ပါတယ်။ ဒီသက်ရှိ တွေနဲ့ ပတ်ဝန်းကျင် ဆက်နွယ်ရာမှာ သက်ရှိဝန်းကျင် နဲ့ သက်မဲ ရုပ်ဝန်းကျင် ဆိုတာ ရှိပါတယ်။

သက်ရှိဖြစ်တဲ့ သတ္တဝါ အများစုဟာ အသက်ရှင်သန်ရပ်တည်ဖို့ စွမ်းအင် (Energy) လိုအပ်ပါတယ်၊ ကျနော်တို့တတွေ နေ့စဥ် စားသောက်ခြင်း အမှုပြုနေရတာက ဗိုက်ဆာလွန်းလို့ စားနေရတာမဟုတ်ပါဘူး၊ အစား အစာ ထဲကနေ စွမ်းအင် ရယူချင်လို့ဖြစ်တယ်။ စွမ်းအင်ရမှသာ ဇီဝဖြစ်စဥ် လုပ်ငန်းတွေကို ပုံမှန် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒီစွမ်းအင်ကို ဘယ်လိုရနိုင်မှာလည်း၊ အဟာရ နဲ စွမ်းအင် အတွက် အပင်နဲ့ သတ္တဝါ တွေကို မှီဝဲကြရတယ်။ စားသုံးတဲ့ ပုံစံကို ကြည့်ပြီး စားသုံးသူ (Consumers) ကို လေးမျိုးခွဲထားပါတယ်။

Consumers *🐶🐱🐭🐷

Consumers တွေကို စားသုံးသူတွေလို့ ဆိုပါတယ်။ ယင်းတို့အတွက် မရှိမဖြစ် လိုအပ်သော အဟာရနဲ့ စွမ်းအင် အတွက် အခြားသော သက်ရှိတွေအပေါ် မှီခိုကြရတယ်၊ ကိုယ်ပိုင်အစာကို ဖန်တီးနိုင်စွမ်းလည်းမရှိကြဘူး၊ ဒါ့ကြောင့်သူတို့ကို Heterotroph ဟက်ထရိုထရော့ လို့ခေါ်ကြတယ်။
Consumers လေးမျိုးရှိတယ်။ ဒါတွေကတော့

(1) Herbivores (အရွက်စားသတ္တဝါများ) 🙈🐸🐴🦄

အချို့သတ္တဝါတွေက သူတို့အစားအစာအဖြစ် အပင်တွေကိုသာ စားကြတယ်၊ သူတို့ကို အရွက်စားသတ္တဝါများ (Herbivore ဟာဘီဗိုး) တွေလို့ခေါ်တယ်၊ ဥပမာ ကျွဲ၊နွား၊သိုး၊ယုန်၊ ဆိတ် လို သတ္တဝါတွေပေါ့၊

(2) Carnivores (အသားစားသတ္တဝါများ)🐅🌾🐯🦅

အချို့ကတော့ သတ္တဝါ တကောင်က သူအစာအတွက် အခြား သတ္တဝါ တွေကိုသတ်ဖြတ် စားသုံးကြတယ်၊ သူတို့ကို အသားစားသတ္တဝါများ (carnivore ကာနီဗိုး) လို့ခေါ်ပါတယ်၊ ကျား၊ မြေခွေး၊ လင်းယုန် လို သတ္တဝါတွေဖြစ်ပါတယ်။ တပါးသတ္တဝါကို အမဲလိုက်ပြီး စားသော သတ္တဝါ ကို Predators (ဥပမာ မြေခွေး) လို့ခေါ်ပြီး ၊ စားသုံးခံရမည့် သားကောင် ကို (preys) လို့ခေါ်ပါတယ် ၊ ဥပမာ ယုန် ဖြစ်တယ်။

(3) Omnivores အစုံစားသတ္တဝါ👸🤶🎅

လူဆိုတာက အသားရော အရွက်ပါ ၂ ခုစလုံး ကိုစားတာမို့ အစုံစား သတ္တဝါ (omnivore အွန်မနီဗိုး)လို့ သတ်မှတ်ပါတယ်၊ ဥပမာ.. လူ နှင့် ကြက်တွေဖြစ်တယ် ။

(4) Decomposers (ဆွေးမြေ့စားသက်ရှိိများ)🍄🍄🍄

လူ အပင် သတ္တဝါတွေ သေဆုံးတဲ့အခါ ပုပ်သိုးဆွေးမြေ့သွားပါတယ်၊ အဲသည် ပုပ်သိုးရခြင်းက ဘက်တီးရီးယား Bacteria လို အကောင်လေးတွေကြောင့်ပါ၊ ဒီလိုပါဘဲ သစ်ရွက်တွေ သစ်သားတွေ ဆွေးမြေ့သွားရင် ပေါက်လာတတ်တဲ့ မှို တွေကို အဆွေးစားသတ္တဝါ (decomposers ဒီကွန်ဘိုစာ) တွေလို့ သတ်မှတ်ရမှာပါ။ ဆွေးမြေ့စား သတ္တဝါတွေဟာ Ecology မှာ အရေးပါတဲ့ သက်ရှိ တွေဖြစ်တယ်။ အားလုံးက chlorophyll မရှိတာမို့ ကိုယ်ပိုင်အစာကို မဖန်တီးနိုင်ပါဘူး။ သူကနေ စစ်ထုတ်တဲ့ အင်ဇိုင်းတွေက သေဆုံးသွားတဲ့ သက်ရှိိ၏ Protein နဲ့ carbohydrate တွေကို ပြိုကွဲသွားစေပြီး အပင်တွေအတွက် လိုအပ်သော အဟာရဓာတ်များ nutrients ကို ဖန်တီးပေးနိုင်တယ်။

Autotrophs (အော်တိုထရောစ်များ) ☘🍀🌲🌿

အစာကွန်ယက်မှာ အပင်တွေက အထူးခြားဆုံးပါ၊ အပင်တွေက အပေါ်က တင်ပြထားတဲ့ သက်ရှိတွေနဲ့ လုံးဝ ကွဲပြားလို့နေတယ်၊ အစာကွင်းဆက် တခုလုံးရဲ့ အစပိုင်း (အောက်ခြေမှာ) ရှိကြတယ်၊ မိမိရဲ့ အစာကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ တခုတည်းသော သက်ရှိလည်းဖြစ်တယ်၊ အစိမ်းရောင် သစ်ပင်တွေမှာ ကလိုရိုဖီးလ် Chlorophyll လို့ခေါ်တဲ့ အစိမ်းရောင် ရောင်ခြယ်ပါတယ်။ လူ အပါအဝင် fungi နဲ့ သတ္တဝါ တွေမှာ မပါဘူး၊ အပင်တပင်ဟာ အစာကို ဖန်တီးဖို့ လိုအပ်တဲ့အရာတွေကို ပတ်ဝန်းကျင်ကနေ အလွယ်ရနိုင်တယ်၊ လေထဲကကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ နဲ့ မြေကြီးထဲက စုတ်ယူလိုက်တဲ့ ရေ နဲ့ ဓာတ်ဆားများ ကို ကလိုရိုဖီးလ် အကူအညီနဲ့ နေရောင်ခြည်အောက်မှာ ပေါင်းစပ်ပေးလိုက်တဲ့အခါမှာတော့ အခြေခံ သကြား Glucose ကို ဖွဲ့စည်းနိုင်တယ်။ အပင်တွေအတွက်လိုသော စွမ်းအင်တွေကို နေရောင်ခြည်ကတဆင့် ရယူကြတယ်။ glucose က တဆင့် Sucrose နဲ့ နောက်ဆုံး ကစီဓာတ် Starch ကို ဖွဲ့စည်းကာ အပင်ရဲ့ အင်္ဂါ တွေထဲမှာ သိုလှောင်ထားနိုင်တယ်။ ဒီဖြစ်စဥ်ကို Photosynthesis ဖိုတိုဆင်းသစစ် (အလင်းမီစု အစာဖွဲ့ခြင်း) လို့ခေါ်ပါတယ်။ Photosynthsis ကို အများဆုံးလုပ်ဆောင်ပေးသော အပင်ရဲ့ အင်္ဂါ ကတော့ အစိမ်းရောင် အရွက်တွေဖြစ်တယ်။ အပင်တွေက အောက်ဆီဂျင် ဓာတ်ငွေ့ကို ဘေးထွက်ပစ္စည်းအဖြစ် လေထုထဲကို ထုတ်ပေးပါတယ်။

အစိမ်းရောင်အပင်တွေကို Autotroph (အော်တိုထရော မိမိ ၏ အစာကို မိမိကိုယ်တိုင် ဖန်တီးနိုင်သူများ) လို့ ခေါ်ပါတယ်။ အများစုကတော့ အစိမ်းရောင် အပင်တွေဖြစ်ပေမည့်၊ အစိမ်းရောင်အယ်လ်ဂျေး (Green algae) ရေညှိ တွေကလည်း Autotroph တွေဖြစ်ကြတယ်၊ Cyanobacteria (blue green algae) စိမ်းပြာရေညှိလို အဆင့်နိမ့် ရေညှိ တွေကလည်း မိမိ အစာကို မိမိ ဖန်တီးနိုင်လို့ Autotroph တွေ ဖြစ်ကြတယ်။ ကမ္ဘာပေါ်ရှိ သက်ရှိများစွာ အတွက် အခြေခံ အစာ ကို ထုတ်ပေးနိုင်တာမို့ အစိမ်းရောင် အပင်တွေကို Producers ထုတ်လုပ်သူများ လို့လည်း ခေါ်ကြပါတယ်။

Food chain ဆိုတာ..💚💙

အစာကွင်းဆက် ကိုကြည့်ရင် အပင် တွေကို အရွက်စားသတ္တဝါများ (herbivores) ကစားတယ်၊ အရွက်စားသက်ရှိ တွေကို အသားစားသတ္တဝါ(carnivore) တွေက စားပြန်တယ်၊ အပင် အရွက်စား နဲ့ အသားစားတွေ သေဆုံးတဲ့အခါ ဘက်တီးရီးယား (decomposers) တွေက တဖန် စားကြတယ်၊ သက်ရှိတခုကနေ နောက် သက်ရှိတခုဆီကို အစားအစာကနေ ရရှိလာတဲ့ စွမ်းအင်တွေ ရွှေ့ပြောင်းသွားရတဲ့ ဖြစ်စဥ်ကို အစာကွင်းဆက် Food chain လို့ ခေါ်ပါတယ်။

အစာကွင်းဆက်မှာ ပါဝင်တဲ့ အဓိက သက်ရှိအုပ်စုက ၃ ခု ပါတယ်လို့ သတ်မှတ်ကြည့်ရင်...

ပါဝင်သော သက်ရှိ သုံးမျိုးက..

၁။ Producers (ထုတ်လုပ်သူများ) အစိမ်းရောင်သစ်ပင်အားလုံး..💚
၂။ Consumers (စားသုံးသူများ) eg. Herbivore. Carnivores, omnivore❤

၃။ Decomposers 💙(အဆွေးစားသက်ရှိများ) တွေဖြစ်ကြတယ်။

Food chains ပုံကိုကြည့်ပါ

အပင်တွေ မြက်ခင်းတွေ အပင်ကြီးတွေ အားလုံးက
Producers ဖြစ်ကြတယ်။
နေရောင်ခြည်ကိုသုံးပြီး
မြက်ပင်တွေ ကစီဓာတ် ကို ဖန်တီးတယ်
မြက်ပင် ကို နံကောင် herbivores က စားမယ်
နံကောင်ကို ဖား/ ကြွက် canivores က စားမယ်
ကြွက်ကို မြွေက စားမယ်
မြွေကို သိမ်းငှက် (apex predator) ကစားမယ်
အားလုံးကို Bacteria တွေကစားတယ်

Food chains နဲ့ Food webs ကွာခြားပုံ

Food chain ကို ကြည့်ရင် ရိုးရှင်း ပါတယ်၊ Food chain မှာ လားရာ က တဖက်တည်း (only one direction) သာ ရှိပါတယ် ဆက်တန်းအား​ဖြင့်
တခုသာ ရှိတယ် ၊ ဥပမာ မြက်ကနေ စပြီး သိမ်းငှက်မှာဘဲ ဆုံးပါတယ်။
အစီအစဥအြရ

မြက်...နံကောင်...ကြွက်...မြွေ...သိမ်းငှက်

Food web ဆိုတာ အလွယ်ပြောရရင် Food chain တွေ အားလုံး ပေါင်းစပ်ထားတာကို ဆိုလိုပါတယ်။ Food chain ထက် ရှုပ်ထွေးပြီး ပိုပြီး အသေးစိတ်ပါတယ်။ Food web ထဲက သိမ်းငှက် စားသုံးပုံကိုကြည့်ပါ၊ သူဟာ ကြွက် ကိုလည်းစားနိုင်သလို မြွေကိုလည်း စားပါတယ်၊ အစုံစား ကြက်ကိုလည်း အလွတ်မပေးပြန်ဘူး၊ အားလုံးကို စားတဲ့အတွက် မြှားတွေဆက်လိုက်ရင် ပင်ကူမျှင်ကြီးလို ဖြစ်လာမယ်။ Food webs ဆိုတာ Food chain တွေက တခုကို တခု ပင့်ကူ ကွန်ယက် web သဖွယ် အပြန်ပြန် အလှန်လှန် ချိတ်ဆက်နေတာကို ဆိုလိုတယ်။

Tropic levels

Tropic level ကို တရိဂံပုံစံနဲ့ ပြလေ့ရှိိတယ်၊ ကလေးလည်း ပိုနားလည်တယ်၊ Tropic levels ဆိုတာ Food chain မှာ ရှိသော သက်ရှိ တခုကို ဆိုလိုတယ်၊ Trophic levels ကို တင်ပြရာမှာ အဆင့် ၅ ဆင့်ထက် ပိုပြလေ့ မရှိပါဘူး ၊

ပါဝင်တာတွေက

ထုတ်လုပ်သူ Producers
မူလ စားသုံးသူ Primary Consumers
ဒုတိယစားသုံးသူ Secondary consumers
တတိယစားသုံးသူ Tertiary Consumers
ထိပ်ဆုံး အသားစားသက်ရှိ Apex Predator
တွေဖြစ်တယ်။

ဥပမာ ပြရရင်

level 1. မြက်က producers
level 2. နံကောင်က Primary Consumers (PC)
Level.3. ကြွက်က Secondary Consumers (SC)
Level. 4. မြွေက Tertiary Consumers (TC)
Level 5. သိမ်းငှက် က (Apex predators)

ဆိုပြီး ပုံနဲ့ ပြလေ့ရှိတယ်။

Food pyramid မှာ Energy စီးဆင်းရွှေ့ပြောင်းပုံကြည့်ရအောင်

1 st levels ❤

အောက်ဆုံးမှာ producers ရှိတယ်။ မြက်ပင်တွေပေါ့။
သူ့မှာ စုစုပေါင်း စွမ်းအင် တသိန်း ၁၀၀၀၀၀ ရှိတယ်ဆိုပါစို့

2nd levels💚

မြက်ကို မူလစားသုံးသူ Primary Consumers ကစားတယ်။ တသိန်းလုံးကို ယုန်က မရဘူး.၊ ၁၀% ဘဲရတယ် ။ ဒီတော Herbivore (PC) က တသိန်းရဲ့ 10% ဖြစ်တဲ့ တသောင်းဘဲရတယ်။

3rd levels 💙

ယုန်က မြွေက စားရင် ၁၀၀၀၀ ရဲ့ ၁၀% ဖြစ်တဲ့ ၁၀၀၀ ဘဲ့ရမယ် ။ carnivore မှာ ၁၀၀၀ ဘဲရတယ်

4th level 💜

မြွေကို သိမ်းငှက်ကစားရင် ၁၀၀၀ ရဲ့ ၁၀% ဖြစ်တဲ့ ၁၀၀ ဘဲရမယ်
သိမ်းငှက် က Apex predators ဖြစ်တယ်
(အချို့ pyramid တွေမှာ 5th levels အထိရှိတယ်)

ဒါကို 10% rule လို့ခေါ်ကြတယ်။ pyramid မှာ
Apex predators တွေက ကောင်ရေ အနည်းဆုံးဖြစ်ကြတယ်၊
သူတို့ကို စားမည့်သူမရှိဘူးလေ ၊ ကျား ကျားသစ် ခြင်သေ့ အပါအဝင် လူလည်း အတူတူဘဲ အားလုံးက Apex predators တွေသာဖြစ်တယ်။
သားပေါက်ကောင်ရေကလည်း အနည်းဆုံးပါဘဲ တကောင်ထဲပါ ၊ ဒါပေမည့် ခြင်္သေ့ ဆိုတာမျိုးပေါ့

အစားခံ prey တွေကတော့ ဆန့်ကျင်ဖက်။ ယုန်ဆိုရင် တနှစ် လေးသား ပေါက်တယ်၊ တခါပေါက်ရင် အနည်းဆုံး ၅ ကောင်ထား ယုန်မ တကောင်က တနှစ် အကောင် ၂၀ ဖြစ်နေပြီ၊ မြေခွေးက တနှစ်တခါဘဲ သားပေါက်တယ်၊ သူရဲ့ အစာက ယုန်ဘဲ၊ ယုန်တွေများများရှိနေမှ မြေခွေးတွေ အသက်ရှင်နိုင်မယ်၊ မြွေတွေ မရှိတော့ရင် ကြွက် တွေ သောင်းကျန်းပြီး စိုက်ခင်းတွေဖျက်စီးခံရမယ်။

ပင်လယ်ဖျံတွေ က ပင်ဂွင်းငှက်တွေကို🐧🐧 စားတယ်၊ ပင်ဂွင်းတွေက ငါးတွေ ပုစွန် တွေကို🐟🐡🦈 စားတယ်၊ ဖျံတွေကို Killer whale နဲ့🐋🐋🐹 Polar bear တွေကစားကြတယ်၊ ဒါက မထူးဆန်းသော အစာ ကွင်းဆက်ပါဘဲ၊ သမင်ကို ကျားက အမဲလိုက်ရတာက အစာကွင်းဆက်ပါဘဲ၊ ကျားက သမင်မစားရရင် ဘာကို စားမလည်း စားစရာ မရှိတော့ဘူး၊ ကျားစားနိုင်ဖို့ သမင်ရဲ့ ဦးရေများမှရမယ်

အစာကွင်းဆက် ရှိနေခြင်းက သဘာဝတရားကြီးကို တည်ငြိမ်စေတယ်၊ အစာကွင်းဆက် တွေ အစာ ကွန်ယက်တွေ ဖျက်ဆီးသူတွေထဲမှာ လူတွေက အဆိုးဆုံးပါဘဲ၊ သက်ရှိတွေနေထိုင်ရာဒေသတွေထဲ ကျူးကျော်ဝင်ရောက်တာတွေ၊ တောတောင်တွေ အပြောင်ရှင်းပြီး တောင်ယာတွေစိုက်တယ်၊ အိမ်ယာအသစ်တွေထူထောင် တာတွေ၊ သစ်တွေ မတရားထုတ်ယူတာတွေကနေ တောင်ကတုံးတွေဖြစ်ပြီး မိုးရွာရင် ရေစီးအားမထိန်းနိုင် မြေပြို ၊ ဂေဟ စံနစ်ပျက်စီးပြီး ရေကြီး ရေလျှံမှုတွေဖြစ်၊ လူပေါင်း ရာနဲ့ချီ သေကြေကြရတယ်၊ စာသင်ရင် သဘာဝ ပတ်ဝန်းကျင် ကြောင့်ဆိုတာ
ကလေးတွေ နားလည်အောင် ရှင်းပြပေးသင့်တယ်၊

ပင်လယ်မှာ ငါးတွေ မတရားဖမ်းဆီးလို့ အချို့မျိုးစိတ်တွေ မျိူးတုန်းလု နီးပါးဖြစ်ကြရတယ်၊ အစာကွင်းဆက်တွေ ပျက်စီးပြီး ပင်လယ်နေသတ္တဝါတွေ သေကြေကြရသလို သန္တာကျောက်တန်းတွေလည်း ပျက်စီးကြရတယ်။

ဒီလို မဖြစ်အောင် ဒီဘာသာရပ်ကို ကလေးတိုင်း သိအောင်သင်ကြားပေးသင့်တယ်၊ အခြားနိုင်ငံတွေမှာ ကလေးလေးတွေ သဘာဝ ကို ချစ်တတ်လာအောင် မူလတန်းအရွယ်ကတည်းက သင်ရိုးညွှန်းတမ်း ရေးဆွဲရာမှာ Ecology အခြေ ခံ လေးတွေကို ပြဌာန်း ပေးထားတယ်၊ population, community , biodiversity အတွက် quadrate ရိုက်ပြီးလေ့လာတာကို ကလေးငယ် တွေ ရဲ့ သိပ္ပံလက်တွေ့မှာ မြင်ရတော့ အံ့သြမိတယ် ၊ Dichotomous key ဆွဲတာကို G 12 မှ သင်ရပေမည့် သူတို့လေးတွေဆွဲတတ်နေပြီ။ Ecology ဘာသာရပ်က အခုခေတ်မှာ အလွန်အရေးပါပါတယ်၊ GED မှာ ဒီသင်ခန်းစာက အမေးအများဆုံး ထဲက တခုပါဘဲ။ ကလေးတွေ နားလည်အောင် ရေးရတာမို့ လိုအပ်ချက်ရှိရင် ဖြည်စွက်ပြင်ဆင်ပေးပါ

Ecology ကကြီး ခခွေးပေါ့

***Copy From Saya Gyi Dr.Thet Naing Oo

Symbiosis Crocodile birdအမျိုးအစားမတူသော သက်ရှိ ၂ ခု အတူပူးပေါင်းနေထိုင်ရင်း ဘဝတခုကို အတူတကွ ဖြတ်ကျော်ခြင်းက Symbiosis လ...
17/08/2024

Symbiosis Crocodile bird

အမျိုးအစားမတူသော သက်ရှိ ၂ ခု အတူပူးပေါင်းနေထိုင်ရင်း ဘဝတခုကို အတူတကွ ဖြတ်ကျော်ခြင်းက Symbiosis လို့ ဖွင့်ဆိုရမှာပါ၊ Symbiosis ၃ မျိုးရှိပါတယ်။ mutualism, commensalism, and parasitism ေတွဖြစ်ကြတယ်၊ တရက်တော့ Mutualism သင်ရင်းကလေးတယောက်ကမေးတယ်၊ ပုံထဲက မိချောင်းနဲ့ ဒီငှက်ကလေးရဲ့ ဆက်နွယ်မှုက Mutualitic relationship လားဆရာတဲ့၊ အမေးရှိရင်အဖြေရှိရတယ်၊

မိချောင်းဆိုတာမျိုးက ရက်စက်ကြမ်းကြုတ်သော တွားသွားသတ္တဝါကြီးမျိုးပါ၊ အကောင်ကြီးသလောက် လျင်မြန် ဖြတ်လတ်တယ်၊ ရေအောက်မှာတော့ သူက ဘုရင်တပါး၊ အသားစား သတ္တဝါတကောင်လည်း ဖြစ်တယ်၊ ကုန်းပေါ်က သက်ရှိသတ္တဝါ တွေ အားလုံးကို စားပေမည့် ဒီငှက်ကိုတော့ "လုံးဝ" မစားပါဘူး၊ ဒီငှက်လေး အမည်က Egyptian plover ဖြစ်တယ်။ ကမ်းစပ်မှာ ပါးစပ်ဖြဲလျက်ငြိမ်နေတဲ့ မိချောင်း ပါးစပ်ထဲကို မကြောက် မရွံ့ ဝင်ပြီး သွားတွေကြားမှာ ကပ်နေတဲ့ စားကြွင်း စားကျန် တွေကို ဖယ်ရှား ပေးတယ်၊ သူ့အတွက်လည်း အစားအစာ ရတာပေါ့၊ ဒီလိုလုပ်ပေးတဲ့အတွက် မိချောင်း ခံတွင်းက သန့်ရှင်းသွားသလို အတွင်းထဲကို ကျရောက်မည့် ကပ်ပါးပိုး တွေလည်းကင်းစင်သွားတယ်၊ မိချောင်းတွေက အသားအစုံ စားပေမည့် သူ့ရဲ့ သွားခံတွင်း သန့်ရှင်းဖို့ ကိုယ်တိုင်မလုပ်နိုင်ကြဘူး၊ ဒီလိုလုပ်ပေးလို့ မိချောင်းလည်း အကျိုးရှိ သလို ငှက်လည်းအကျိုးရှိ ဖြစ်လို့ Mutualitic relationship လို့ သတ်မှတ်ရင်လည်း မမှားဘူးပေါ့၊

ဒါပေမည့် တကယ့် Mutualism အစစ် ကတော့ ယှဥ် တွဲနေထိုင်ကြတဲ့ အမျိုးမတူသော သက်ရှိ ၂ ခုမှာ တခုမရှိရင်ကို ကျန်တခုက ဆက်လက် ရပ်တည်ဖို့ ခက်လှပါတယ်၊ ၂ လွှာပေါင်းမှ တရွက်ဖြစ်တဲ့ စွယ်တော်ရွက် လိုပေါ့၊ Algae နဲ့ Fungi ပေါင်းစပ်နေတဲ့ Lichen ကတော့ အကောင်းဆုံးဥပမာပါ၊ အခုမေးခွန်းကိုဖြေရရင်တော့ Mutualism လို့ ပြောတာထက် protocooperation လို့ပြောရင်ပိုမှန်လိမ့မယ်၊ ဘာ့ကြောင့်လည်းဆိုတော့ ဒီလို Relationship မရှိခဲ့ရင်လည်း ၂ ကောင်စလုံးက ကိုယ့်ဘဝနဲ့ ကိုယ် ဆက်လက် အသက်ရှင်ရပ်တည်နိုင်ကြတယ်လေ

All photos from Google

Copy from Saya Gyi Dr.Thet Naing Oo

Protein Synthesis ကနေရလာတဲ့ Proteinတွေကိုဘယ်လိုအသုံးချလဲ?Translation အဆင့်ပြီးသွားတဲ့အခါ Proteinတွေက အတန်းလိုက် (linear ...
13/08/2024

Protein Synthesis ကနေရလာတဲ့ Proteinတွေကိုဘယ်လိုအသုံးချလဲ?

Translation အဆင့်ပြီးသွားတဲ့အခါ Proteinတွေက အတန်းလိုက် (linear sequence chain) အနေနဲ့ရှိပါတယ်။ Protein sequence တွေကို ခန္ဓာကိုယ်က အသုံးချနိုင်စေဖို့အတွက်ဆိုရင် တည်ငြိမ်ခိုင်မြဲတဲ့ပုံစံ ( Stable form) ကို ပြောင်းလိုက်ရပါတယ်။ ဒီဖြစ်စဥ်ကို "Native conformation" လို့ခေါ်ပါတယ်။ ပုံစံကတော့ သုံးဖက်မြင် 3D ပုံစံပါ။ 3D ပုံစံရအောင်လုပ်တဲ့ process ကို "Protein folding" လို့ခေါ်ပါတယ်။ ရလာတဲ့ 3D ပုံစံတွေပေါ်မူတည်ပြီး protein ရဲ့လုပ်ဆောင်ချက်တွေ ကွဲပြားသွားတာပါ။

အဲ့တာအပြင် မှန်ကန်တဲ့ 3D-ပုံစံ Protein ရမှသာ ခန္ဓာကိုယ်အတွက် အသုံးချနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ Protein ရဲ့ 3D ပုံစံက ပျက်ယွင်းသွားတယ်ဆိုရင် သူ့ရဲ့ ဇီဝ လုပ်ငန်းစဉ်တွေပါ ပျက်သုဉ်းသွားမှာပါ။ Protein ပျက်ပြယ် (denature) သွားတယ်လို့လည်း ဆိုလိုကြပါတယ်။ Protein denaturation က များသောအားဖြင့် အပူ (heat) နဲ့ pH အပြောင်းအလဲကြောင့် ဖြစ်တတ်ကြပါတယ်။

***Protein အများစုက အလိုအလျောက် folding လုပ်ကြပေမယ့် တချို့တွေကတော့ ရှုပ်ထွေးလွန်းတဲ့ အဆင့်တွေကြောင့် "chaperones" လို့ခေါ်တဲ့ အကူ molecules လေးတွေ လိုအပ်လေ့ရှိပါတယ်။

Protein folding

ဆိုတော့ Protein folding အကြောင်းကို အကြမ်းဖျဉ်း တင်ပြပါ့မယ်။ Protein တွေကို stable 3-D ပုံစံပြောင်းတဲ့အခါ သူတို့ရဲ့ ဖြစ်စဉ်ရှုပ်ထွေးနိုင်မှု အဆင့်အပေါ်မူတည်ပြီး ပုံစံသတ်မှတ်ချက် လေးမျိုးရှိပါတယ်။

(1) Primary structure
(2) Secondary structure
(3) Tertiary structure
(4) Quaternary structure

(1) Primary Structure

Primary structure ကတော့ Translation အပြီးရလာတဲ့ Linear amino acid sequence ကိုခေါ်ပါတယ်။ နောက်ဆုံး အသုံးဝင်တဲ့ သုံးဖက်မြင် 3D ပုံစံ ရရှိဖို့အတွက် အရေးအကြီးဆုံး အခြေခံပုံစံဆိုလည်း မမှားပါဘူး။

ဒါပေမယ့်လည်း ဇီဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေကြောင့် ပြည့်စုံတဲ့ 3D ပုံစံရရှိဖို့အတွက် အခက်အခဲဖြစ်စေတာမျိုးတွေလည်းရှိတတ်ပါတယ်။

(2) Secondary Structure

Secondary structure ကတော့ Protein အတန်းလိုက်ကြီး မရှိနေတော့ပါဘူး။ Protein မှာပါရှိတဲ့ CO group (carboxyl group) နဲ့ -NH group (amine group) တွေကြားမှာ ဖြစ်လာတဲ့ H bonds တွေကြောင့် ဖြစ်ပေါ်လာတာပါ။ အဓိကအားဖြင့် α‐helices နဲ့ β‐ pleated sheet ဆိုပြီး နှစ်မျိုးရှိပါတယ်။

α‐helices ကတော့ Helix ဆိုတဲ့အတိုင်း ကြောင်လိမ် သဏ္ဍန်ကိုမှ ညာဖက်ကို ရစ်ခွေလိမ်ကောက်သွားပါတယ်။ β‐ pleated sheet ကတော့ Sheet ဆိုတဲ့အတိုင်း လိမ်ခေါက်မနေပဲ အချပ်လိုက် အလျားလိုက်သွားပါတယ်။ မော်လီကျူး တစ်ခုနဲ့ တစ်ခုကြညးထဲမှာတော့ H bond တွေရှိပါတယ်။ ပိုပြီး ရှင်းလင်းစေဖို့အတွက် အောက်မှာ ပုံနှင့် တကွဖော်ပြထားပါတယ်။

(3) Tertiary structure

ဒီ structure ကတော့ Secondary structure ကို ထပ်မံ folding လုပ်ပြီးနောက်ရလာမယ့် structure ပါ။ H- bonds အပြင် အခြား factors တွေဖြစ်တဲ့ electrostatic forces, disulphide linkages, နဲ့ Vander Waals forces တွေက ဒီ ပုံစံကို တည်မြဲနေအောင် ထိန်းထားပေးပါတယ်။

ဒီအဆင့်မှာ 3D ပုံစံမြင်နေရပြီဖြစ်လို့ Tertiary structure ကို Protein sequence ရှည် (Polypeptide chain) ကို ကိုယ်စားပြုတဲ့ ပုံစံလို့လည်း သတ်မှတ်ကြပါတယ်။ Fibrous နဲ့ Globular လို့ခေါ်တဲ့ shape နှစ်မျိုးရှိပါတယ်။

(4) Quaternary structure

Tertiary structure ကို နေရာအကွာအဝေးအားဖြင့် ပြောင်းလဲလိုက်တဲ့အခါ ရလာတဲ့ ပုံစံဟာ Quaternary structure ပဲဖြစ်ပါတယ်။ တစ်ခုထပ်ပိုတဲ့ Polypeptide chain တွေမှာ ဒီပုံစံကိုတွေ့မြင်ရနိုင်ပါတယ်။

Protein chain ရဲ့ အစိတ်အပိုင်းတစ်ခုလေးသာဖြစ်ပေမယ့် ကိုယ်ပိုင် 3D folding ရှိပြီး လုပ်ဆောင်ချက် (function) လည်းရှိတဲ့ နေရာတွေကိုတော့ "Domain" လို့ခေါ်ကြပါတယ်။

Protein ရဲ့ ပုံစံကို အနှစ်ချုပ်ရမယ်ဆို-

၁။ Protein ရဲ့ Primary structure က ဖြစ်ပေါ်လာမယ့်ပုံစံ ကို သတ်မှတ်ပါတယ်။

၂။ Protein seq မှာ ပါရှိတဲ့ amino acid တွေဟာ DNA ထဲမှာ ရှိတဲ့ Nucleotide တွေကို encode လုပ်ထားတာ ဖြစ်ပါတယ်။

Protein folding တွေ မှားတာမျိုးရှိလား? ရှိရင်ဘာဆက်ဖြစ်လဲ?

Protein folding မှာ မှားတာတွေ မအောင်မြင်တာတွေရှိပါတယ်။ အဲ့တာကို "Misfolding" လို့ခေါ်ပါတယ်။ ဘာတွေကြောင့် ဖြစ်တတ်သလဲဆိုရင် Proteinကို ပုံစံပျက်သွားစေတဲ့ thermal or oxidative stress တွေအပြင်၊ transcription နှင့် Translation အဆင့်မှ errorsများ နှင့် amino acid sequence မှာ mutation (မျိုးထွန်းခြင်း) တို့ကြောင့် ဖြစ်တတ်ပါတယ်။

Amino acid တစ်လုံးလေးပြောင်းသွားတာနဲ့တင် Protein ရဲ့ ပုံစံကို ထိခိုက်ပြီး လုပ်ငန်း တွေပါ လုံးဝ ပြောင်းလဲသွားတတ်ပါတယ်။ မျိုးရိုးလိုက်ရောဂါအများစုဟာ မှန်ကန်တဲ့ Protein တည်ဆောက်ပုံ ရမရရှိနိုင်တာနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ထင်ရှားတဲ့ ဥပမာ ဆို ရင် တော့ အယ်ဇိုင်းမား နဲ့ Sickle-cell disease တို့ဖြစ်ကြပါတယ်။

Copy from Viro Vibes

Address

Q. No . 2
Mahlaing

Telephone

+959444014481

Website

Alerts

Be the first to know and let us send you an email when Grade 11 Biology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Grade 11 Biology:

Shortcuts

Share

Category