14/12/2022
🔥ချီမထားနဲ့ ချိသွားမယ်🔥
မုန့်အရွယ်မှာ မုန့်
ဒုတ်အရွယ်မှာ ဒုတ်
အလုပ်အရွယ်မှာ အလုပ်-တဲ့။
အမှန်ပဲ
သားသမီးကို ချစ်ရင်ခိုင်းပါ။
နေရာတကာ လိုက်မလုပ်ပေးပါနဲ့။
သူ့အရွယ်နဲ့တန်တဲ့ အလုပ်တွေကို ခွဲတမ်းချပေးပါ။
ပန်းကန်ဆေးခိုင်းပါ။
တံမြက်စည်း လှဲခိုင်းပါ။
အိပ်ယာ သိမ်းခိုင်းပါ။
ရေခဲသေတ္တာထဲ ရေဘူးတွေဖြည့်ခိုင်းပါ။
အိမ်သာ ဆေးခိုင်းပါ။
အိမ်အကူရှိရင်လည်း တစ်ခြားသူလုပ်နိုင်တဲ့
အလုပ်တွေကို လုပ်ခိုင်းပါ။
ဒီလိုလုပ်ခိုင်းတာဟာ
ကလေးကို ခိုင်းတယ်လို့ မမြင်ပါနဲ့။
အလုပ်တစ်ခုကို သူ လုပ်နိုင်တယ်။
သူ လုပ်ပြီးသွားပြီ။
သူလုပ်တတ်တယ်ဆိုတဲ့ ယုံကြည်မှုကို
တဖြေးဖြေးချင်း
တည်ဆောက်ပေးတာပါ။
ကလေးကိုချစ်ရင်
နေရာတကာလိုက်လုပ်မပေးပါနဲ့...ခိုင်းပါ။
စလုပ်လုပ်ချင်းမှာတော့
အချိုးမပြေတာတွေ Concept မမိတာတွေ
ကျကွဲတာတွေ မသေသပ်တာတွေ ဖြစ်ပေမယ့်
ဒီအချက်တွေဟာ ဘာ့ကြောင့်ဖြစ်ရတယ်
မဖြစ်အောင်ဘယ်လိုလုပ်ရမယ်
နောက်တစ်ခါဖြစ်ရင်
ဘယ်လိုတာဝန်ယူရမယ်ဆိုတာမျိုး
အကျင့်လုပ်ပေးပါ။
ပန်းကန်ကွဲရင် မုန့်ဖိုးထဲကပြန်ဝယ်ရမယ်ဆိုတာမျိုး
ဒီအလုပ်ပြီးမှ အပြင်ထွက်ဆော့ရမယ်ဆိုတာမျိုး
ဒီဟာမပြီးရင် ဟိုဟာ လုပ်ခွင့်မပြုဘူးဆိုတာမျိုး
အကျင့်လုပ်ကြည့်ပါ။
ရိုက်နှက်တာထက်စာရင်
တာဝန်ယူမှုရှိအောင်လုပ်ပေးခြင်းက
ပိုထိရောက်ပါတယ်။
ဘာမှ မလုပ်တတ်တဲ့ ကလေးတွေဟာ
ဘာမှမသိပါဘူး။
အလုပ်သေးသေးလေးတွေ
မလုပ်ဖူးတဲ့ကလေးတစ်ယောက်ဟာ
ယုံကြည်မှုလည်း မရှိကြပါဘူး။
"ဒါလေးများ သားလုပ်တတ်တယ်"
"အဲဒါ သမီးလုပ်တတ်တယ်" ဆိုတဲ့စကားတွေ
သင့်ကလေးဆီက ကြားဖူးပါသလား။
မှားမှာ မစိုးရိမ်ပါနဲ့။
သင့်ကလေး မလုပ်ဖူးမှာကိုပဲ ကြောက်ပါ။
အသက်၁၆-နှစ်အရွယ်
လူငယ်တစ်ယောက်ဟာ
ဖုန်းမှ မပြောတတ်
ရပ်ကွက်ရုံးမှာ ထောက်ခံစာမဖြည့်တတ်
အိမ်ကလိုက်မပို့ရင်
ဘယ်မှ မသွားတတ် မလာတတ်
ဧည့်သည်လာရင် အိမ်ထဲဝင်ပြေး
ဘာ တစ်ခုမှ မသိဘဲ
ကျူရှင်တက်ဖို့နဲ့ စာကျက်ဖို့
ရတဲ့စာကို အလွတ်ချရေးပြီး
အဆင့်(၁)ရဖို့လောက်သာ
ကြိုးစားနေတယ်ဆိုရင်
ဒါဟာ တော်တော်လွဲမှားနေတဲ့
အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာတဲ့
ကလေးဖြစ်နေတာ သေချာပါပြီ။
အသက်၂၀ ကျော်တဲ့အထိ
ထမင်းခူးပေးနေရတုန်း-
မိဘမချက်ထားရင် ဘာမှမစားတတ်ဘူး။
ဘာလုပ်လုပ် မိဘပါမှ လုပ်တတ်တယ်။
မိဘပြောမှ စ-လုပ်တယ်ဆိုတာ
ဂုဏ်ယူရမယ့် အရာတွေ မဟုတ်ပါဘူး။
သင့်ကလေးက သင့်ကို
လိုအပ်တာထက်ပိုပြီး မှီခိုလွန်းနေတာဟာ
သင့်ကို ချစ်လို့ ဆိုတာထက်
သင်သူတို့ကို မသုံးမကျအောင်
ပုံသွင်းထားခဲ့လို့ဆိုတာ မမေ့ပါနဲ့။
'နေရာတကာ အမေပါရတယ်'ဆိုတာ
ဂုဏ်ယူစရာ စကားမဟုတ်ပါဘူး။
ကိစ္စသေးသေးလေးတွေကို
သူကိုယ်တိုင် အစအဆုံးလုပ်တတ်ဖို့
စဉ်းစားတတ်ဖို့ တာဝန်ယူတတ်ဖို့
တဖြေးဖြေးချင်းသင်ပေးပါ
ဒါမှသာ တဖြေးဖြေးချင်း
လောကရဲ့ပြဿနာတွေကို
သူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ
တွေးတဲ့အကျင့်ရသွားမှာဖြစ်ပါတယ်။
အပြိုင်အဆိုင် ဖွင့်လာကြတဲ့
အမှန်အကန် ကျောင်းတွေရော
အကြံအဖန် ကျောင်းတွေမှာပါ
သူများထက်သာဖို့ ငွေတွေအကုန်ခံပြီး
သင်တာလည်း သင်ပါ။
အရာတော်တော်များများကိုလည်း
ကိုယ်တိုင် သင်ပေးပါ။
ကိစ္စတော်တော်များများကို
သူတို့ ကိုယ်တိုင် ဆောင်ရွက်ခိုင်းပါ။
လူတော်တော်များများနဲ့ ထိတွေ့ခိုင်းပါ။
လောကမှာ စာတော်ဖို့ လိုအပ်သလို
အကင်းပါးဖို့ လူရည်လည်ဖို့
လူ့အထာနပ်ဖို့နဲ့ သူတို့ကိုယ်သူတို့
ဘယ်ကိစ္စမှာမဆို
ယုံကြည်မှုအပြည့်ရှိနေဖို့လည်း
လိုအပ်တယ်ဆိုတာ သတိပြုပါ။
ကျွန်တော်တို့ နိုင်ငံက ကျောင်းတွေမှာ
မစဉ်းစားခိုင်းပါဘူး။
၏-သည်မရွေး ကျက်ခိုင်းပါတယ်။
ဆရာမတွက်နည်းအတိုင်း မတွက်ရင်
အမှတ်မရပါဘူး။
ဒါသင် ဒါကျက် ဒါရ ဒါဖြေစနစ်နဲ့
စခန်းသွားခဲ့တာ မျိုးဆက်(၂)ဆက်
မကတော့ပါဘူး။
အိမ်တွေရဲ့ထိန်းကျောင်းမှုကလည်း
လုံးဝ ပစ်ထားတဲ့ မိဘရယ်
အကုန်လိုက်ကြည့်နေတဲ့ မိဘတွေနဲ့သာ
ကြီးပြင်းလာရတော့
လူငယ်တွေရဲ့ခေါင်းထဲမှာ
စဉ်းစားတဲ့ချိန်ဆိုတာ Game နှိပ်မှပဲ
ပေါ်လာတဲ့ အခြေအနေ ဖြစ်လာပါတယ်။
နည်းနည်းလေး မေးခွန်းလှည့်လိုက်တာနဲ့
မဖြေတတ်တော့ဘူး။
နည်းနည်းလေး မိဘမပါတာနဲ့
ယုံကြည်မှု မရှိကြတော့တဲ့အထိ
ဖြစ်နေပါတယ်။
ခေါင်းမပါတဲ့ လူငယ်တွေကြီးလာခဲ့လို့
တိုင်းပြည်လည်း အခွံပဲကျန်ပါတော့တယ်။
စဉ်းစားတတ်တဲ့ မျိုးဆက်တစ်ခု
ယုံကြည်မှုအပြည့်ရှိတဲ့ မျိုးဆက်တစ်ခု
ဖန်တီးနိုင်စွမ်း ထိုးဖောက်နိုင်စွမ်းရှိတဲ့
မျိုးဆက်တစ်ခု ဖန်တီးပေးဖို့
အချိန် တော်တော်တောင် နောက်ကျနေပါပြီ။
ဒါကြောင့်
မူကြိုပို့ဖို့ပဲ မစဉ်းစားကြပါနဲ့။
ကျောင်းကောင်းကောင်းထားဖို့ တစ်ခုပဲ
အာရုံမစိုက်ကြပါနဲ့။
သူများထက်အမှတ်ကောင်းဖို့တစ်ခုပဲ
တွန်းအားမပေးပါနဲ့။
သူတို့ဖာသာ သူတို့
စဉ်းစားတွေးခေါ်ဖို့
အလှည့်ပေးလိုက်ပါ။
သူတို့ တာဝန် သူတို့ယူတတ်ဖို့
သူတို့ ဘဝကို သူတို့
အမှန်တကယ် ကျေနပ်ကြဖို့
အခွင့်အရေး ပေးလိုက်ပါ။
'ဘာမဆို ငါလုပ်နိုင်တယ် '
'ငါ လုပ်တတ်တယ်ဆိုတဲ့'
ယုံကြည်မှုမျိုးကိုသာ ဖန်တီးပေးလိုက်ပါ။
ဒါဟာ
သူတို့အတွက် သင်ပေးနိုင်တဲ့
တစ်ဘဝလုံးစာ အကောင်းဆုံးလက်ဆောင်ပါ။ ။
ခရစ်ဒစ် _ မူရင်းရေးသားသူ။
Credit