23/02/2026
စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များ
ပြန်လည်စတင်ကြောင်း ကြေညာချက်
ဖေဖော်ဝါရီလ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်
ပြည်သူ့အသံ၊ စီဒီအမ်အဖွဲ့အစည်းများ၏ အသံကို နားထောင်ကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၁) ရက် တွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ပြည်သူလူထုသို့ အစီရင်ခံတင်ပြချက်များအနေဖြင့် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရှင်းလင်းချက်များ ထုတ်ပြန်ရှင်းလင်းပေးမှုအပေါ် ကျွန်ပ်တို့အနေဖြင့် ကြိုဆိုပါသည်။ စုံစမ်းစစ်ဆေးရေး ဖြစ်စဉ်များအတွက် ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်ကို သိရှိခဲ့ရပါသည်။
ယင်းကတိပြုချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဖြောင့်မတ်စွာဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်မှုရှိပါသည်။ ယင်းကတိပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်မှုများကိုလည်း ကျွန်ုပ်တို့ ဆက်လက် စောင့်ကြည့်လျှက်လည်း ရှိပါသည်။
ကျောင်းသားကျောင်းသူများ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းများ သည်လည်း နိုင်ငံအနာဂတ် လူသားအရင်းအမြစ်အတွက် အလွန်အရေးကြီးသည့်အတွက် မလွှဲသာ၍ ခေတ္တရပ်နား ထားခဲ့ရသော စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက် ညပိုင်းမှ စတင်၍ ပြန်လည် စတင်လုပ်ဆောင်မည် ဖြစ်ပါသည်။
ကျွန်ပ်တို့နှင့်ထပ်တူ ရပ်တည်ပေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ CDM ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့၏ ဖေဖော်ဝါရီ (၁၉)ရက်၊ (၂၀၂၆) ခုနှစ် ထုတ်ပြန်ကြေညာချက်ကြောင့် ကျောင်းသားကျောင်းသူများ အပေါ် နစ်နာမှု သက်ရောက်ခြင်းမရှိစေရန် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာပိတ်မည့်နေ့ကို မူလ ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် ည ၁၁ နာရီ ၅၉ မိနှစ် (မြန်မာအချိန်) အစား ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် ည ၁၁ နာရီ ၅၉ မိနှစ် (မြန်မာအချိန်) အထိ တိုးမြှင့်သတ်မှတ်လိုက်ပါကြောင်းကိုလည်း တပါတည်း အသိပေးကြေညာအပ်ပါသည်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
12/02/2026
ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးကဏ္ဍဆိုင်ရာ လုပ်ပိုင်ခွင့်တာဝန်များ ခွဲဝေခြင်း အတွက် တွေ့ဆုံဆွေးနွေး
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် (၉) နာရီတွင် ပညာရေးကဏ္ဍဆိုင်ရာ လုပ်ပိုင်ခွင့်တာဝန်များ ခွဲဝေခြင်း အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်း၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတင်အောင်မိုး၊ စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်ရတီအုန်း၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ကြခဲ့ပါသည်။
အစည်းအဝေးတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း မြေပြင်ကျောင်းများ၊ အွန်လိုင်းကျောင်းများ ဖွင့်လှစ်၍ ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ တိုင်းပညာရေးဘုတ်အဖွဲ့ အစရှိသည့် အခြေခံပညာဌာနဆိုင်ရာအကြောင်းအရာများ၊ ပညာရေးကဏ္ဍဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု (Division of Competency) ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် လွှဲပြောင်းပေးအပ်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
12/02/2026
(၇၉) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားတွင်
မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်မှပြောကြားသောအမှတ်တရစကား
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်
၁။ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၉) နှစ်မြောက်အခမ်းအနားမှာ ကြွရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါ လရှီးလ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ CRPH ဥက္ကဌကြီး ဦးအောင်ကြည်ညွန့်အပါအဝင် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တက်ရောက်လာကြသော တိုင်းရင်းသားခေါင်းဆောင်ကြီးများ ၊ယူနစ်အသီးသီးမှ ခေါင်းဆောင်ကြီးများ၊ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များ နဲ့ ဧည့်သည်တော်ကြီးများ၊ မိဘပြည်သူများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ် ခင်ဗျာ။
ကျနော်ကတော့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ ရဲထွန်းဇော်ပဲ ဖြစ်ပါတယ် ခင်ဗျာ
ဒီအခမ်းအနားမှာ တက်ရောက်ပြီး အမှတ်တရစကားပြောကြားခွင့်ရရှိတဲ့အတွက် ကျနော့်အနေနဲ့ အလွန်ပဲ ဝမ်းသာဂုဏ်ယူရပါကြောင်းလည်း ဦးစွာပထမပြောကြားလိုပါတယ် ခင်ဗျာ။
၂။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဗမာတိုင်းရင်းသားဘက် နှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များအကြား ချုပ်ဆိုခဲ့တဲ့ သမိုင်းဝင် သဘောတူစာချုပ်ကြီးဟာ ဒီနေ့မှာဆိုရင် (၇၉) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
ဒီသမိုင်းဝင်စာချုပ်ကြီးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးကို တောင်တန်းဒေသများနှင့် ပြည်မဒေသများ အတူတကွ ရယူသွားကြဖို့ နဲ့ လွတ်လပ်ရေးရရှိပြီးနောက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခြေခံထားတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားဖို့ ဆိုတဲ့ သဘောတရားများကို သဘောတူကတိကဝတ်ပြုထားခြင်း ဖြစ်ပါတယ်။
ဒါ့ကြောင့် သမိုင်းဝင်ပင်လုံစာချုပ်ကြီးဟာ ဆိုရင်ဖြင့် လွတ်လပ်ရေး၏ အခြေခံအုတ်မြစ်၊ တိုင်းရင်းသားများညီညွတ်ရေး၏ သင်္ကေတ၊ ဖက်ဒရယ်ပြည်ထောင်စု အယူအဆ၏ အစပြုချက် ဖြစ်တယ်လို့ သတ်မှတ်လို့ရအောင် သမိုင်းဆိုင်ရာ ဂုဏ်သိက္ခာကြီးမားခဲ့တဲ့ စာချုပ်ကြီးပဲ ဖြစ်ပါတယ်။
၃။ ယနေ့ကာလမှာ ကျွန်တော်တို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများဟာ ပင်လုံစာချုပ်တွင် ဖော်ပြထားတဲ့ တန်းတူညီမျှမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် စုပေါင်းညှိနှိုင်းဆောင်ရွက်မှု တို့ရဲ့အရေးပါမှုကို ထပ်မံ သက်သေပြနေတာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကနေ ကျွန်တော်တို့ မှတ်ယူရမယ့် အရေးကြီးဆုံး သင်ခန်းစာကတော့ ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ဆွေးနွေးညှိနှိုင်းခြင်း၊ အပြန်အလှန်လေးစားခြင်းနှင့် အားလုံးပါဝင်နိုင်သော လုပ်ငန်းစဉ်များမှသာ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်နိုင်မည် ဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယနေ့အချိန်မှာ ပင်လုံစိတ်ဓာတ်ကို သမိုင်းမှတ်တမ်းအဖြစ်သာ မထားဘဲ၊ လက်တွေ့ဘဝ ဆောင်ရွက်မှုများအတွင်း အသက်ဝင်အောင် ပြန်လည်ဖော်ဆောင်ရမှာ ဖြစ်ပါသည်။
၄။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးရဲ့ အဓိက ကြွေးကြော်သံတစ်ခုက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးဆိုတဲ့အချက်ဖြစ်ပါတယ်။ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် အားလုံးပါဝင်နိုင်သည့် ဖက်ဒရယ်လုပ်ငန်းစဉ်များကို အခြေခံ၍ ငြိမ်းချမ်းပြီး တည်ငြိမ်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ် ။ ဒီလိုတည်ဆောက်ကြတဲ့နေရာမှာ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး လက်တွေ့လုပ်ဆောင်မှုများနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
၅။ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ကြတဲ့လမ်းကြောင်းမှာ လူငယ်များရဲ့ ပါဝင်မှုအခန်းကဏ္ဍကိုလည်း မေ့ပျောက်ထားခဲ့လို့မရပါဘူး။ နွေဦးတော်လှန်ရေး အပါအဝင် တော်လှန်ရေးတိုင်းမှာ လူငယ်များရဲ့ စွန့်လွှတ်စွန့်စားမှု၊ ရဲရင့်မှု၊ ဦးဆောင်မှုစွမ်းရည်များ ကြောင့်သာ ခရီးတွင်ခဲ့တာ၊ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ချီတက်ကြတဲ့လမ်းကြောင်းမှာ လူငယ်များရဲ့ အသံကို လေးလေးစားစား နားထောင်ခြင်းနဲ့ ပြည်သူအားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များဖွင့်လှစ်ခြင်း တို့ မဖြစ်မနေ လိုအပ်ပါတယ်။ လူငယ်များ နှင့် ပြည်သူများ တက်ကြွသော ပါဝင်ဆောင်ရွက်မှုမှသာ ပင်လုံစိတ်ဓာတ်ကို လက်တွေ့ဘဝအတွင်း အသက်ဝင်အောင် ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
၆။ ဒါ့ကြောင့် ဒီနေ့လိုမျိုး ပင်လုံစာချုပ်ချုပ်ဆိုတဲ့ (၇၉) နှစ်မြောက်နေ့ အခမ်းအနားကို အမှတ်တရ ကျင်းပကြတဲ့အခါမှာ ပင်လုံစိတ်ဓာတ်ကို သမိုင်းစာမျက်နှာအတွင်းမှာပဲ မထားခဲ့ဘဲ၊ လက်တွေ့ဘဝ ဆောင်ရွက်မှုများအတွင်းမှာ အသက်ဝင်အောင် ဖော်ဆောင်သွားကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း ကျနော့်ရဲ့ အမှတ်တရစကားကို နိဂုံးချုပ်အပ်ပါတယ် ခင်ဗျာ။
“အရေးတော်ပုံ မုချအောင်ရမည်”
27/01/2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၃/၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၀) ရက်နေ့
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)
ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ဆိုင်ရာ ထုတ်ပြန်ကြေငြာချက်
၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့် အခြေခံပညာ ပြီးမြောက်ထားသည့် စီဒီအမ် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့အချိန်အထိ ရှေ့ဆက်ပညာသင်ယူခြင်းမပြုကြဘဲ တရားမဝင် စစ်ကောင်စီ ၏ ယန္တယားကို အကြမ်းမဖက် အာဏာဖီဆန်လျက်ရှိနေကြသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာ အစဉ်တစိုက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၃။ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ပထမအကြိမ် ညီလာခံက ပေါ်ထွက်လာခဲ့သည့် ရလဒ် အမှတ်စဉ် (၁၀) အရ အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးရည်မှန်းချက်များအလိုက် အဆင့်မြင့်ပညာ ဆက်လက်တက်ရောက် သင်ယူနိုင်ရန် ပြည်သူ့ဘက်တော်သား များအတွက် ရည်ရွယ်ဖွင့်လှစ်ထားရှိသော အဆင့်မြင့်တက္ကသိုလ်များက တက္ကသိုလ်ဝင်ခွင့်များ စုပေါင်းခေါ်ယူခဲ့ရာတွင် ပထမ အကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်၎င်း၊ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင်၎င်း၊ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလတွင်၎င်း အသီးသီးခေါ်ယူခဲ့ပြီးဖြစ်သည်။
၄။ စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် ပါဝင်ခေါ်ယူ ခဲ့ကြသော တက္ကသိုလ်များအနက် ဝင်ခွင့်ခေါ်ယူမည့်တက္ကသိုလ်များနှင့် ဝင်ခွင့်လက်ခံရေးမူ အပြောင်းအလဲ ရှိလာသော ကြောင့် “ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန် - စတုတ္ထအကြိမ်” ကို ထပ်မံထုတ်ပြန်ခြင်း ဖြစ်ပါသည်။
၅။ အောက်ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများသည် “ပြည်သူ့ဘက်တော်သားများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ကြားကာလတက္ကသိုလ်များ” ၏ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို ဝင်ရောက် လျှောက်ထား နိုင်ကြ ပါသည်။
(က) ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ခ) နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ (ဉပမာ- IGCSE, GED, SAT, …)
(ဂ) တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ဃ) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက် ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း “Basic Education Completion Assessment (BECA)” (G-11 old & G-12 new) လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ
(င) နယ်စပ်ဒေသအခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများ (ရိုဟင်ဂျာပညာရေး အဖွဲ့အစည်းများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယနှင့် မြန်မာ-ထိုင်းနယ်စပ် စခန်းများရှိ ပညာရေးအဖွဲ့အစည်းများ) မှ အခြေခံပညာ အထက်တန်း အဆင့် ပြီးမြောက်ကြောင်း အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူ များ (သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြ နိုင်ရမည်)
(စ) သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ
၆။ ဤ စတုတ္ထအကြိမ် ကြားကာလတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ပထမနှစ်ဝင်ခွင့် လက်ခံဆောင်ရွက်မည့် တက္ကသိုလ် (၁၉) ခုတို့၏ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ပေးအပ်မည့် ဘွဲ့ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ် တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေး သတ်မှတ်ချက်များနှင့် ဝင်ခွင့်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ် ဖော်ပြထားပါသည်။
၇။ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စတုတ္ထအကြိမ်၊ ကြားကာလ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါရှိသော တက္ကသိုလ်များ၏ အကြောင်းအရာ၊ အချက်အလက် အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များအတိုင်း တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်း လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
https://moe.nugmyanmar.org/he/uni-ent-26/
20/01/2026
မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်နှင့် မကွေးဖက်ဒရယ်ယူနစ် ပညာရေးဌာန အသီးသီးမှ ပညာရေး အကျိုးသက်ဆိုင်သူများ တွေ့ဆုံ
ရက်စွဲ။ ၂၀၂၆ ခု ဇန်နဝါရီလ(၂၀)ရက်
ယနေ့ ၂၀၂၆ ခု ဇန်နဝါရီလ(၂၀)ရက်မွန်းလွဲ ၁နာရီ တွင် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်နှင့် မကွေးဖက်ဒရယ်ယူနစ် ပညာရေးဌာန အသီးသီးမှ အကျိုးသက်ဆိုင်သူများ ပါဝင်သည့် တွေ့ဆုံပွဲ တစ်ရပ်ကို virtual platform ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်နှင့် ဝန်ကြီးချုပ်ရုံးအဖွဲ့ဝင်များ၊ မကွေးဒေသ ကြားကာလအခြေခံပညာရေးကိုယ်စားပြု ဘုတ်အဖွဲ့ ဉီးဆောင် အဖွဲ့ဝင်များ (MIBERB-CEB)
မကွေးဒေသ ကြားကာလအခြေခံပညာရေးကိုယ်စားပြု ဘုတ်အဖွဲ့ ၊အဖွဲ့ဝင်အဖွဲ့အစည်းများမှ အခြေခံပညာအကျိုးသက်ဆိုင်သူများ၊ အဆင့်မြင့် ပညာ ၊သက်မွေး ပညာ ကဏ္ဍ အသီးသီးမှ ဆရာဆရာမများ ၊ ကျောင်းသားသမဂ္ဂများ
စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်
တွေ့ဆုံပွဲ တွင်
မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း နှင့် ပညာရေးဝန်ကြီးရွေးချယ်နိုင်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ သည်။
ထို့နောက်ပညာရေးဝန်ကြီးလောင်း အမည်စာရင်းတင်သွင်းထားသည့် ဆရာကြီးနှင့် ဆရာမကြီးတို့မှ မိတ်ဆက် စကားပြောကြားခဲ့ပြီး
ပညာရေးဝန်ကြီးရွေးချယ်နိုင်ရေးလုပ်ငန်းစဉ်အပေါ်
ပညာရေးကဏ္ဍ အသီးသီး(အခြေခံ၊အဆင့်မြင့်၊သက်မွေး၊ဆရာ့အတတ်သင်)တို့ မှ ဆရာ/ဆရာမများ၊ ကျောင်းသား သမဂ္ဂ များ
မှ အကြံပြု/ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံ ပွဲ ကို ညနေ ၄နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေး
မကွေးဒေသ ကြားကာလ အခြေခံပညာရေး ကိုယ်စားပြု ဘုတ်အဖွဲ့
#မကွေးဖက်ဒရယ်ယူနစ်
#ဝန်ကြီးချုပ်
#ပညာရေးဝန်ကြီး
05/01/2026
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၁/၂၀၂၆)
၁၃၈၇ ခုနှစ်၊ ပြာသိုလဆုတ် ၃ ရက်နေ့
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်)
"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍
အများပြည်သူသို့ အသိပေးတင်ပြခြင်း"
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
31/12/2025
ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် နှင့် မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စား ပြု ဘုတ်အဖွဲ့၊ အဖွဲ့ဝင်များ တွေ့ဆုံ
ဒီဇင်ဘာလ ၃၀ ရက်၊၂၀၂၅ခု။
ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် နှင့် မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စား ဘုတ်အဖွဲ့များ တွေ့ဆုံ ပွဲကို ၂၀၂၅ခု ၊ဒီဇင်ဘာလ(၃၀)ရက် အင်္ဂါနေ့ မနက် (၉)နာရီတွင် အွန်လိုင်းပလက်ဖောင်းဖြင့်တွေ့ဆုံခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်ဒေါက်တာရဲထွန်းဇော် နှင့် မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စား ပြု ဘုတ်အဖွဲ့- ဦးဆောင်အဖွဲ့တာဝန်ခံဆရာကြီး နွေဦးယူကေ ၊ တီချယ်အရိပ်ပန်း(မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ ဒု-တာဝန်ခံ-၁)မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေးကော်မရှင် (စီဒီအမ်ကိုယ်စားပြု) ၊ Tr NE မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ ဒု-တာဝန်ခံ-၂)၊ဆရာငြိမ်းသူရ(မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ စီမံရေးရာတာဝန်ခံ)မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေးကော်မရှင် (စီဒီအမ်ကိုယ်စားပြု) ၊ ဆရာပိုလာရစ်-မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ ပညာရေးရာတာဝန်ခံ၊ ဆရာဇင် (မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ မူဝါဒရေးရာတာဝန်ခံ၊ ဆရာသန့်(အောင်လံ ပညာရေးတာဝန်ခံ)မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေးကော်မရှင် (စီဒီအမ်ကိုယ်စားပြု) နှင့် မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စား ပြု ဘုတ်အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကိုယ်စားပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲ၏ အစီအစဉ်များတွင် မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်မှ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ရေး ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်း ၊မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ တာဝန်ခံဆရာကြီးနွေဦးယူကေ မှ အမှာစကားပြောကြားခြင်း၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေး (စီဒီအမ်ကိုယ်စားပြု) တီချယ်အရိပ်ပန်း(မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ ဒု-တာဝန်ခံ-၁)၊ ဆရာငြိမ်းသူရ(မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့ စီမံရေးရာတာဝန်ခံ)မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေး (စီဒီအမ်ကိုယ်စားပြု) ၊ ဆရာသန့်(အောင်လံ ပညာရေးတာဝန်ခံ)မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေး (စီဒီအမ်ကိုယ်စားပြု) တို့မှ မကွေးဖက်ဒရယ်ယူနစ် ပညာရေးဝန်ကြီး အမည်စာရင်းတင်သွင်းရေးနှင့်ရွေးချယ်ရေးလုပ်ငန်းစဉ်များ တင်ပြညှိနှိုင်းဆွေးနွေးခြင်း။ တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း များ ပါဝင်ခဲ့ပြီး တွေ့ဆုံပွဲကို နံနက်(၁၁)နာရီ (၅)မိနစ်တွင် ရုတ်သိမ်းခဲ့ပါသည်။။
သတင်းနှင့်ပြန်ကြားရေး
မကွေးဒေသကြားကာလအခြေခံပညာရေးကိုယ်စားပြု ဘုတ်အဖွဲ့
27/12/2025
"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်သစ် ဒွါဒသမတန်း) ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်" အသိပေးကြေညာခြင်း
🎯 အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အစီအစဉ်၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့အတွင်း ဘာသာရပ်အားလုံးကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများအားလုံးသည် Myanmar Education System
(MES Link - https://mes.moeedu.org) ၌
BECA Certificate နှင့် Transcript များကို (27.12.2025) ရက်နေ့ ၊ မနက် (၉) နာရီအချိန်တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ပါ၍ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်ကို အသိပေးကြေညာအပ်ပါသည်။
🎯 BECA ဖြေဆိုထားသော ကျောင်းသား/သူများသည် မိမိအဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက Complaint Form တင်နိုင်ပြီး ၎င်း Complaint Form ကို 🚨 (27.12.2025) မှ (27.1.2026) အထိ နောက်ဆုံးထားပြီး
Moodle (LMS -
https://lms.moeedu.org) တွင်
Technical Support Channel အောက်၏
(https://lms.moeedu.org/mod/quiz/view.php?id=295)
နေရာတွင် Complaint Form ဖောင်ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။
🎯 Complaint Form ဖြည့်သွင်းရာတွင်ကျောင်းသား/သူများအနေဖြင့် အောက်ဖော်ပြပါအချက်များကို ပူးတွဲ၍ ထပ်မံလျှောက်ထားနိုင်မည် ဖြစ်ပါသည်-
၁။ ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင်
ရေးသားထားသော လျှောက်လွှာ
၂။ မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲအစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်
(မှတ်ချက် - ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို စီဒီအမ် ကျောင်းသားဖြစ်ကြောင်း ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များအားစစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)
🎯 BECA Certificate နှင့် Transcript ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာဖြစ်ပါက အောက်ဖော်ပြပါ Channels များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Channel 1
BECA Official Email >>
[email protected]
Channel 2
BECA Official Email >>
[email protected]
🎯 BECA အစီအစဉ်နှင့်စပ်လျဉ်း၍ မကြာခဏ
စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများနှင့် Update သတင်းအချက်အလက်များကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
BECA Public FAQ Telegram Link >>
https://t.me/BECApublicFAQ
21/12/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၉/၂၀၂၅)
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်)
"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်ရက်ကို ထုတ်ပြန်ကြေညာခြင်း"
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ကျင်းပခဲ့ပြီး အွန်လိုင်း (Online) ဖြေဆိုမှုများ ပြီးဆုံးသော်လည်း မြေပြင် အခက်အခဲများကြောင့် အော့ဖ်လိုင်း (Offline) ဖြေဆိုမှုများကို ဖြေဆိုကာလ ထပ်တိုးဆောင်ရွက်ခဲ့ရပါသည်။ ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်-
၁။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်ကိုက်ညီစွာ အွန်လိုင်း (Online) မှ ဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၉) နာရီမှ စတင်၍ အွန်လိုင်း (Online) မှ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
၂။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်ကိုက်ညီစွာ အော့ဖ်လိုင်း (Offline) မှ ဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများကို မိမိတို့သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် ဆက်သွယ်၍ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
၃။ ထုတ်ယူနိုင်မည့် အစီအစဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများ (Official Channels) တွင် ဆက်လက်ကြေညာပေးသွားမည် ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
18/12/2025
ဝမ်းနည်းကြောင်းသဝဏ်လွှာ
ရက်စွဲ။ ။ ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၈ ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာမကြီးဒေါ်အေသီအောင် နှင့် ခင်ပွန်း တို့အား ဥပဒေမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအား မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြု ဘုတ်အဖွဲ့ အနေဖြင့် ပြင်းထန်စွာ ရှုံ့ချပါသည်။
၂။ လွတ်လပ်၍တရားမျှတသော လူ့ဘောင်အသိုက်အဝန်းတစ်ခုရရှိရန် တော်လှန်တိုက်ပွဲဝင်နေစဉ် ဥပဒေမဲ့ သတ်ဖြတ်ခံရမှုအား အမှုမှန်ပေါ်ပေါက်သည်အထိ ကြိုးစားဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား အလေးနက် ပန်ကြားအပ်ပါသည်။
၃။ ကြားကာလတွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူနိုင်ရန် ကူညီဆောင်ရွက်နေသည့်အပြင် တော်လှန်ရေးအတွက် ပြည်သူ့စည်းရုံးရေး ကို တပ်ဦးမှနေပြီး ရွတ်ရွတ်ချွံချွံ တော်လှန်တိုက်ပွဲဝင်နေသည့် ပညာရေး CDM ဖြစ်သည့်အတွက် ကျွန်ုပ်တို့ မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြု ဘုတ်အဖွဲ့ က လွန်စွာဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြု ဘုတ်အဖွဲ့