07/06/2026
ပြဌာန်းစာအုပ်အတိုင်း သင်တာပဲ၊ စစ်ကျွန်ပညာရေးနဲ့ ဘာဆိုင်လို့လဲ ဆိုသူတွေ ပြန်စဉ်းစားမိအောင်လို့ စစ်ကျွန်ပညာရေးအကြောင်းကို ကွက်ကွက်ကွင်းကွင်း ရေးပြထားတဲ့ မောင်သစ်ဆင်းရဲ့ ကလေးတို့မနက်ဖြန် ဆိုတဲ့ စာအုပ်ထဲက "ကြောက်စိတ်" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့ အက်ဆေး။
***********************************
ကြောက်စိတ် (မောင်သစ်ဆင်း)
===================
မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က
စံကျောင်း ဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။
တစ်နေ့မှာ
အင်းသားကြီးငကြူးက
ငါးခြောက်ပြားကြီး တစ်ပြား လာပြီး လှူတယ်။
ဆရာတော်က ငါးခြောက်ကိုသိပ်ကြိုက်ပါသတဲ့ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန် ဖြစ်တော့
ဆရာတော်က မောင်လွင်ကို
ကျက်သရေခန်းထဲမှာ
သေသေချာချာ
သိမ်းခိုင်းလိုက်ပါတယ်။
နောက်တစ်နေ့
ဆရာတော်
ဆွမ်းဘုဉ်းပေး တဲ့အခါ
မောင်လွင်ကို ငါးခြောက်
ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်ကတော့
လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။
မောင်လွင်မှာ
ဘယ်လိုမှ ရှာဖွေ မေးမြန်း
စုံစမ်းလို့မရဘဲ ဗျာများနေခိုက် ...
" ဟဲ့ ... ငလွင်မရသေးဘူးလား" လို့
မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး
ပျောက်ဆုံးသွားတဲ့အကြောင်း
တင်လျှောက် ရတော့တယ်။
" ငလွင် ... လာခဲ့" လို့
ထား၀ယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက
ကျောင်းသား အားလုံးရဲ့
နှလုံးသားကိုကန့်လန့်ဖြတ်၀င်သွားပါသတဲ့
"ဟဲ့ ... ငလွင် ...
နင်ဟာ ဘုရင့်သား
အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချူ ပ်မင်းလုပ်ရမယ့်သူ
ဒီလိုလူက
ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်လုပ်နိုင်တော့မှာလဲ" လို့ မိန့်ပြီးအချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့
ဒီဆောင်းပါးကို
သင်ပြီးတော့ ဆရာက
သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။
မေးခွန်း တစ်ခုက
စံကျောင်း ဆရာတော်၏ဆုံးမမှု ကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်လိုပေါက်တဲ့မေးခွန်းပါ။
နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့
ဆရာဟာ အတန်းထဲကို
ခြေသံပြင်းပြင်းနဲ့
၀င်လာပါတယ်
အဖြေလွှာ တွေကို စားပွဲပေါ်
ဘုန်းခနဲမြည်အောင် ပစ်ချ လိုက်ပါတယ်
ဆရာ့မျက်နှာက နီပြီးတင်းလို့။
တစ်တန်းလုံးကို ဝေ့ဝဲပြီးကြည့်တယ် တစ်တန်းလုံး ကလည်း ငြိမ်လို့
ဆရာ ...ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပါပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ...
ထိုကျောင်းသားရဲ့ အလှည့်ရောက်လာပါတယ်။
နာမည်ခေါ်သံကြားတာနဲ့
အဖြေရှင် ထိုကျောင်းသားဟာ ထရပ်လိုက်ပါတယ်
အသက် တစ်ချက် ပြင်းပြင်း ရှူသံကြားလိုက်တယ်။
ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။
" ဒါ........ မင်း အဖြေလား "
" ဟုတ်....... ဟုတ်ပါယ်ဆရာ "
" ဘယ်သူ့မှာ တာဝန်ရှိလဲ "
ဟုတ်ကဲ့..........
"ကျွန်တော်မှားပါတယ် ..."
"အေး ...
တစ်တန်းလုံး ကြားအောင် ဖတ်စမ်း"
နည်းနည်း အံ့သြနေပုံနှင့် ...
ကျောင်းသားက သူ့အဖြေကို
ဖတ်ပါတယ်။
" မှတ်မိသလောက်ဆိုရင်
စံကျောင်းဆရာတော်ရဲ့ဆုံးမပုံကို မကြိုက်ကြောင်း
ဆရာတော်ရဲ့
အဲဒီအချိန်က စိတ်ခံစားမှုဟာ
တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း၊
ပြီးတော့
ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာ မလိုကြောင်း၊
နား၀င်အောင်ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း၊
ဘုရားသားတော်တို့ မည်သည်
ရသတဏှာအဖြစ်
ဆွမ်းဘုဉ်း မပေးသင့်သည်ကို
သတိရသင့်ကြောင်း၊
ဆရာကိုယ်တိုင်က
ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ
စဉ်းစားဖွယ်ဖြစ်ကြောင်း၊
အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့်
မင်းတုန်းမင်း လက်ထက်မှာ
အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်လက်သို့ ထိုးပေးလိုက်ရတဲ့အတွက်
ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း"
အဲဒီလိုတွေ ဖြေထားတာကို
ဖတ်ပြပါတယ်။
တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊
သူတစ်ကြောင်းဖတ်လိုက်၊
ခိခိနဲ့ ကျိတ်ရယ်လိုက်ကြနဲ့။
ဆရာကတော့
ကျောင်းသားတွေရယ်လေ
ဒေါသထွက်နေလေပါပဲ။
ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။
"မင်း ငါ့ကို နောက်တာလား"
"ဟာ ..... မဟုတ်ပါဘူး ဆရာ၊
ကျွန်တော် မေးခွန်းကို ဖြေတာပါ"
"ကဲ .... အားလုံး ...
သူဖြေတာကို လက်ခံကြသလား တစ်ယောက်စီ မေးမယ် ကဲ ... မင်းကစ၊
သူဖြေတာ မှန်သလား မှားသလား
ပထမဆုံး အမေးခံလိုက်ရတဲ့
ရှေ့ဆုံးခုံက ကျောင်းသားဟာ
ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။
အဖြေရှင်ကျောင်းသားကို
ကြည့်လိုက်၊
ဆရာ့ကို ကြည့်လိုက်၊
ဘေးဘီကို ကြည့်လိုက်နဲ့။
ကျွန်တော့် စိတ်ထဲမှာတော့ ...
အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။
ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။
ဒါပေမယ့် ... သူ့လို ... မဖြေတတ်ဘူး။
သူ့လို ထောင့်စေ့အောင်
မမြင်တတ်ဘူး။
ပြီးတော့ သူ့လို ... မဖြေရဲဘူး။
တစ်တန်းလုံး လိုလိုလည်း
ကျွန်တော့်လိုဘဲ ... ထင်တယ်။
သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
"ဟေ့ကောင် ... ဖြေလေကွာ"
ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။
အဖြေရှင်ကျောင်းသားကို
တစ်ချက်ခိုးကြည့်ပြီး
ခေါင်းငုံ့ချ လိုက်တယ်။
တကယ်တော့ ...
ဆရာက ... မှန်သလား၊
မြား သလားဆိုတဲ့
မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့်
အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင်
အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊
မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။
ဆရာက ကျောင်းသားတွေကို
လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် ... သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။
ဒါကို အဲဒီကျောင်းသားလည်း
သဘောပေါက်ဟန် ... တူ ..ပါရဲ့ "သူဖြေတာ ... မှားပါတယ်"
"ဟုတ်ပြီ၊ နောက်တစ်ယောက်"
"မှား .... အဲ ...မှားပါတယ်"
"နောက်တစ်ယောက်"
"မှားပါတယ် ..."
တစ်ယောက်ပြီးတစ်ယောက်
မေးလာလိုက်တာ ...
ကျွန်တော့်အလှည့်ရောက်လာပါတယ်။
ကျွန်တော် ထရပ်လိုက်ပါတယ်။
အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။
"မှားပါတယ် ..." ခင်ဗျ
အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ ပြီး ခုံပေါ်က ... စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။
ထူးခြားတာက
ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ
လူကုန်သွားတော့
ဆရာက အဲဒီကျောင်းသားကို
နောက်ပြောင်မှု နဲ့ အတန်းထဲမှာ ရိုက်ပါတယ်။
ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပါပဲ။
တစ်တန်းလုံးလည်း
ကျွန်တော့လိုဘဲ ခံစားနေရမှာပါ။
အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို
ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။
ဆရာ့ မှာ ဒီလိုတပည့်မျိုးဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ...ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။
ဘာဖြစ်လို့
ကျွန်တော်ဟာ ခံစားမှု ခြင်း
တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။
ဖြေရဲသူ ရှိလာတာတောင်
ကျွန်တော်က ဘာဖြစ်လို့ သူမှန်ပါတယ်လို့ မပြောရဲခဲ့တာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံ ကြိုက် ဆုံစည်းခဲ့ရတဲ့
ကြိမ်လုံးတွေ ...
ကြိမ်လုံးတွေ ....
ကြိမ်လုံးတွေ .........
ခက်ထန်တဲ့ အမူအရာတွေ။
အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး
အရွယ်ရလာတာနဲ့အမျှ
ကြောက်သီးတွေ တတွဲတွဲ
ကြောက်ပွင့်တွေ တဝေဝေနဲ့ ...။
လုပ်ငန်းခွင်ထဲမှာ ပြုပြင်ပြောင်းလဲဘို့ လိုအပ်တဲ့ပြဿနာတွေ အခက်အခဲတွေရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး
အပြု ဘက်က မြင်ပြီး
ပြောင်းလဲပစ်လိုက်ရင်
အကျိုး ရှိမယ်ဆိုတာ
သေသေချာချာကြီး သိမြင်နေပါလျက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့
ကျွန်တော်ဘာမှ အကြံမပြု ရဲဘူး။
ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ ... မတောင်းကြဘူးလေ။
သင်ခဲ့ရတဲ့ ပညာတွေ
စာအုပ်ထဲ ပြန်သွားလည်း
သွားပေရော့ပေါ့။
ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ
မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ
ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊
တဖြည်းဖြည်းနဲ့ ... အဲဒါ ...
ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။
ဒီလို ယဉ်ကျေးမှုမျိုးပေါ်ထွန်းဖို့ထက်အထက် အဆင့်ဆင့်၊
အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒီလို ဖြစ်စဉ်မျိုး ကြုံလာရင်
ဒါကို မှန်တယ် ထင်လာကြရင်ဖြင့် ......ဌာန မနာဘူးလား
တိုင်းပြည် မနာဘူးလား
ပညာရပ်အမြင်နဲ့ ကြည့်ရင်
တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး နာပါတယ်။
ဒါပေမယ့် .......
ကျွန်တော် အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့။
"ဘယ်လိုဖြစ်နေကြတာလဲကွာ"
"ဘယ်လိုဖြစ်ရမလဲ၊
တော့် သားက ...
အိမ်စာပြီးအောင် မလုပ်ဘဲ
ကမြင်းတာလေ ပန်းကန်တစ်လုံး ကွဲပြီ "
"ဘာဖြစ်လဲကွ၊
ကလေးဆိုတာ ... ဒီအရွယ်မှာ ..."
"တော် ... စာအုပ်ထဲက
ဟာတွေ လာပြောမနေနဲ့၊
ပန်းကန်တစ်လုံး ...
ဘယ်လောက် အောက်မေ့လို့လဲ ရှင့် ၀င်ငွေကဘယ်လောက် ....."
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးများနဲ့
ကျွန်တော့်ကို ...
အားကိုးတကြီး ကြည့်နေရှာပါတယ်။
ဒါပေမယ့် ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ...
ဖြစ်နေတာ ကြာပါပြီကောလား ... သားရယ်။
မောင်သစ်ဆင်း
=============================
တကယ်တော့ စစ်ကျွန်ပညာရေးကို မလိုချင်တာဟာ ကိုယ့်အယူအဆ အတွေးအခေါ်တွေကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဖော်ထုတ်တင်ပြခွင့်မရအောင် ရိုက်သွင်းခံထားခဲ့ကြရလို့ပဲ။