Merry Kid's Land Pre School

Merry Kid's Land Pre School Education

06/08/2022

လေးစားရသောမိဘများရှင့်

ကျောင်းစတင်ဖွင့်လှစ်ကတည်းက ကျောင်းမှာ ကလေးတွေ အတွက် ရေသန့်တိုက်ပါတယ်။

ကျောင်းမှာ ရေသန့်ဗူးကြီး
၅ရက်ကို ၂၄ဗူး ၃၆၀ဘတ် တစ်လအတွက် 1440ဘတ်ကျပါတယ်။

တစ်ချို့ ကလေးတွေမှာ အိမ်ကရေဗူးထည့်ပေးပေမယ့် အများနည်းတူ ကျောင်းမှာထားပေးတဲ့ ရေကို
အလွယ်ခံသောက်သလို ရေဗူးခလုပ်အဖွင့်အပိတ် ကိုယ်တိုင်လုပ်တတ်တာကို သဘောကျကြပါတယ်။
ကလေးတွေ လိုအပ်တာမှန်သမျှကို သင်ပေးနိုင်ဖို့ ကျမတို့ ကြိုးစားကြပါတယ်🪴🌳

အခန်းတိုင်းက ကလေးတွေကို ရေသောက်ဖို့ ဆရာမတွေနေ့စဉ် သတိပေးတဲ့အပြင် နံနက် ၉နာရီမှကျောင်းဆင်းချိန် ၃နာရီအထိ တစ်ရက်ကို အနည်းဆုံး သုံးကြိမ်ရေသောက်ချိန်ပေးပါတယ်ရှင့်။

ကျောင်းဆင်းချိန်မှာ ကလေးရေဗူး ရေလျော့မနေဘူးဆိုရင် တချို့မိဘများက မျက်လုံးအမူအရာနဲ့အပြစ်ဆိုချင်သလို တစ်ချို့မိဘများက ကလေးရေလေးတောင် မတိုက်ကြဘူးပြောသံတွေ ပြန်ကြားမိတဲ့အချိန် ကြိုးစားကြတဲ့ ဆရာမ‌တွေ အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ မိဘများလည်း စိတ်ရှင်းအောင် ရေဗူးပါလာသည့် ကလေးကို ကိုယ့်ရေဗူးကိုယ်သောက်စေမှာဖြစ်ပြီး ရေဗူးမပါသည့် ကလေးများကိုသာ ကျောင်းကရေတိုက်ပါတော့မည်။

TMK✍️👣

23/05/2022
22/05/2022

အလယ်လတ်တန်းစားမိဘများသို့ ကျောင်းရွေးချယ်ရေး အကြံပြုချက်…

အရမ်းချမ်းသာသူက ကျောင်းအနေထားနဲ့ လိုချင်တဲ့ အချက်အလက်ပဲကြည့်တယ်။ ဈေးနှုန်းကြည့်ဖို့မလိုဘူး။ ကျောင်းနဲ့ အိမ်ဝေးလို့ အဆင်ပြေမနေရင်တောင် အဆင်ပြေအောင် ကျောင်းနားအိမ်ကိုရွှေ့တာတို့ Driver သီးသန့်ထား ကျောင်းပို့တာတို့လုပ်ကြတယ်။

စားဖို့ထပ် သိပ်မပိုလျှံသူတွေကျပြန်တော့လဲ နီးစပ်ရာ အစိုးရကျောင်း ပြေးအပ်ကြရတာပဲ။ ရပ်ကွက်နဲ့နည်းနည်းလှမ်းတဲ့ နေရာမှာ နံမည်ကြီးအစိုးရကျောင်းရှိနေရင်တောင် ပို့ဖို့လူလိုတော့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အိမ်နဲ့နီးတဲ့နေရာပဲ ကျောင်းအပ်ဖို့ရွေးကြတာများတယ်။ စားဝတ်နေရေးက အဓိကမို့ ရုန်းကန်ရတော့ ကလေးနောက်လိုက်ပြီး အပိုတွေမလုပ်နိုင်ဘူး။ စာတတ်ရင်တော်ပြီဆိုတွေးကြတယ်။

လာပါပြီ အဲ့ဒီနှစ်ခုကြားထဲက လူလတ်တန်းစားတွေ။ စားဖို့ဝတ်ဖို့နေဖို့ရှိပြီး နည်းနည်းအဆင်ပြေတဲ့သူတွေ။ အစိုးရကျောင်းထားဆိုလဲ မထားချင်ဘူး ဘာဖြစ်တယ်ညာဖြစ်တယ် အိမ်သာမသန့်ဘူး Aircon မရှိဘူး အခန်းတခန်းကိုလူဘယ်နှယောက်ထားတယ်တို့ ဂျီးထူပြီး ဟိုးအပေါ်ဆုံး စာသင်တာပဲကြည့်မယ် ငွေဘယ်လောက်လဲမကြည့်ဘူးဆိုတဲ့ ကျောင်းမျိုးကိုလဲ မထားနိုင်တဲ့ တွက်ချက်ပြီးထားရတဲ့ အလယ်လတ်တန်းစား မိသားစုတွေ။ ကျောင်းပြဿနာအများစုက အလယ်အလတ်တန်းစား မိသားစုတွေမှာပဲ ရှိတာပိုများတယ်။ အဲ့ဒီထဲတောင် နှစ်စားရှိတယ်။ ပိုအဆင်ပြေတဲ့ မိသားစုနဲ့ နည်းနည်းအဆင်ပြေတဲ့ မိသားစုဆို။

ကျမကိုယ်တိုင်လဲ အလယ်အလတ်တန်းစား မိသားစုမျိုးမို့ အရမ်းတွက်ချက် ချိန်ဆရတယ်။ နောက်တခုက ဘယ်အမျိုး ဘယ်နိုင်ငံမှာရှိတယ် စသဖြင်​့ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်သားသမီးကိစ္စ ကိုယ်အစအဆုံးတာဝန်ယူဖို့ ဆုံးဖြတ်ပြီးသားမို့ ပိုပင်ပန်းတယ်။ တကယ်တမ်းပြောရရင် ကလေးဘယ်နိုင်ငံလွှတ်မလဲဆို ဘယ်မှမရည်ရွယ်ထားပါဘူး။ ကလေးဆန္ဒရှိသလို မဟုတ်လဲ ကလေးတော်ရင်တော်သလိုပေါ့။
ဒါကြောင့် ကျမကျောင်းရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

ဒီစာက ဘယ်လိုလူတွေအတွက်လဲဆိုရင်…
လူလတ်တန်းစား မိဘတစ်ဦးဖြစ်ပြီး သားသမီးလဲ အများကြီးမရှိ။
ဘယ်နိုင်ငံသွားမယ်လဲ မရည်ရွယ်ထားဘဲ ဒီတိုင်းသားသမီးကို ကောင်းမွန်တဲ့ ပညာရေးနဲ့အတူတူ ပျော်စရာကောင်းတဲ့ ကလေးဘဝရစေချင်တဲ့ သာမန်မိဘတယောက်ရဲ့ ဆုံးဖြတ်တဲ့ ပုံစံပဲဖြစ်ပါတယ်။ ကျမလိုလူမျိုးတွေရှိရင်တော့ ဒီစာဖတ်ရတာ အကျိုးရှိမှာပါ။

(၁)ကျောင်းလခ…

ဒါက မိဘတိုင်း ကျောင်းထားရင် စစဉ်းစားရတဲ့အချက်ပါ။ ကျောင်းလခကို စပြီးလေ့လာတာနဲ့ အဲ့ဒီကျောင်းရဲ့ ရှေ့ ၅နှစ် ၁၀နှစ်လောက်ရဲ့ လခတွေကို ပြန်စပ်စုရပါတယ်။ ပြီးတော့ အငယ်ဆုံး အတန်းကနေ အကြီးဆုံးအတန်းထိ လခတွေကို မေးရပါတယ်။ ဒီတော့ ကိုယ့်ကလေး စတက်စဉ်ကလခနဲ့ ကြီးလာရင် ပေးရမယ့် လခ အဲ့ထဲကို အဲ့ဒီကျောင်းရဲ့ ဈေးတက်နိုင်တဲ့ %ကို ထည့်ပေါင်းတွက်ကြည့်ရပါတယ်။
ဆိုကြပါစို့ - စထားချိန်မှာ အငယ်တန်း ကျောင်းလခက ၂သိန်းနဲ့ စပြီး အကြီးတန်းက ၄သိန်းနဲ့ ဆုံးတဲ့ကျောင်းမျိုးမှာ ကျောင်းလခတက်တဲ့နှုန်းက ၂၀%ရှိတယ်ဆိုရင် အငယ်တန်းနှစ်တွေအတွက် စုစုပေါင်းတက်သွားရင် ကိုယ့်ကလေး အလယ်တန်းရောက်ချိန် ကျောင်းလခက အငယ်တန်းတောင် ၃သိန်းဖြစ်နေနိုင်ပါပြီ။ ဒါဆိုရင် အလယ်တန်းမှာ ၃သိန်းနဲ့ ၄သိန်းကြားကပြေးမလွတ်တော့ဘဲ ဒီတိုင်းသာဆို အကြီးတန်းက ၅သိန်း၆သိန်း သူတကယ်တက်ရင် ၇သိန်းနှုန်းထိတောင်ဖြစ်နေနိုင်ပါပြီ။
ဒါကြောင့် အကုန်တွက်ချက်ပြီးမှ အဆင်ပြေလောက်တယ် ရုန်းကန်နိုင်တယ်ဆိုမှ ကျောင်းစအပ်ဖို့ ဆုံးဖြတ်ရပါတယ်။ ခုသုံးဖို့ဆုံးဖြတ်တဲ့ ကျောင်းလခက ၂သိန်းသတ်မှတ်ထားရင် တကယ်တမ်းကုန်ကျငွေက ၄သိန်းရှိပါတယ်။ ကျောင်းကားခ လိုအပ်တာ ကျူရှင်ထားရဘာရနဲ့ အမြဲနှစ်ဆကုန်ပါတယ်။

(၂)ကျောင်းနေရာ အကွာအဝေး…

အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါ။ မိဘအများစု သတိမထားမိဘဲ ဆုံးဖြတ်ကြတာထဲက တခုပါ။ မိဘတွေက ကျောင်းကောင်းတာကိုပဲ လိုက်ရှာပြီး နေရာကိုမကြည့်ပါဘူး။ တကယ်တော့ ကျောင်းဆိုတာ တပတ်ကို (၅)ရက်နဲ့ တနှစ်ကို အနည်းဆုံး (၁၀)လလောက် နေ့တိုင်းသွားရတဲ့နေရာပါ။ ကျောင်းဘယ်လောက်ကောင်းကောင်း အိမ်နဲ့ကျောင်းဝေးတာဟာ ကလေးကိုအရမ်း ပင်ပန်း​စေပြီး အချိန်လဲကုန်စေပါတယ်။ ကျောင်းကားစီးရင်လဲ ဝေးတော့ ဈေးကြီးတဲ့အပြင် မနက်ကို သူများအိပ်နေချိန်ထရပြီး အိမ်ကိုနောက်ဆုံးမှပြန်ရပါတယ်။ အရမ်းပင်ပန်းပါတယ်။ ကားမူးတတ်တဲ့ ကလေးဆို ပိုဆိုးပါတယ်။ ဒီတော့ အိမ်နားကကျောင်းက လခနည်းနည်းပိုမယ်ဆိုရင်တောင် ကျောင်းကားခနဲ့ ကလေးပင်ပန်းတာ ထည့်တွက်ပြီး ကိုယ်နဲ့ အနီးဆုံးမြို့နယ်ကိုပဲရွေးချယ်စေချင်ပါတယ်။

(၃)ကျောင်းအနေအထား…

ဒီလိုကျောင်းအနေအထားရွေးတဲ့နေရာမှာ အကြီးတန်းကလေးနဲ့ အငယ်တန်းကလေးအတွက် မတူပါဘူး။ အကြီးတန်းကလေးတွေအတွက်က တိုက်ခန်းကျောင်းတွေ ဧရိယာကျဉ်းတာတွေအတွက်က မသိသာပေမယ့် အငယ်တန်းကလေးတွေအတွက်ကတော့ ကစားကွင်းဧရိယာပါတဲ့ ကျောင်းကျယ်မျိုးကိုပဲရွေးသင့်ပါတယ်။ ကလေးအများစုက တိုက်ခန်းနဲ့နေတာမို့ အိမ်လဲတိုက်ခန်း ကျောင်းလဲ တိုက်ခန်းဆိုရင် အရမ်းသနားစရာကောင်းပါတယ်။ ဒါကြောင့် ဧရိယာကျယ်ဝန်းပြီး ကျောင်းအင်္ဂါရပ်နဲ့ညီတဲ့ကျောင်းမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။ ဘယ်လိုအရွယ်ကလေးပဲဖြစ်ဖြစ် ကျောင်းသွားတယ်ဆိုတာ စာချည်းသင်ဖို့မဟုတ်ဘဲ အရာတိုင်းကိုသင်ယူဖို့လိုတာမို့ သင့်တင့်တဲ့ပတ်ဝန်းကျင်ပုံစံရှိဖို့လိုပါတယ်။

(၄)ကျောင်းရဲ့နောက်ကြောင်းရာဇဝင်…

ဒီနေရာမှာ ကျောင်းထောင်တာ ဘယ်သူလဲဆိုတာ သိဖို့မလွယ်ပေမယ့် ဒီကျောင်းအဆောင်အအုံနေရာအတွက် ကျောင်းကငှားရမ်းဖွင့်တာလား အပိုင်လားစသဖြင်​့ ကြည့်သင့်ပါတယ်။ ငှားထားတဲ့ မြေနေရာဆို လိုအပ်တာထပ် ကျောင်းလခဈေးပိုတက်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ မြေငှားရမ်းခဈေးက (၃)နှစ်တခါလောက် အမြဲအပြောင်းလဲနဲ့ တက်နေတာပါ။ ပုံမှန်ဆို တနှစ်တခါတောင် တက်နိုင်ပေမယ့် အဲ့လိုကျောင်းမြေနေရာအကြီးတွေကျ နှစ်ရှည်စာချုပ်နဲ့မို့ (၃)နှစ်လို့ခန့်မှန်းတာပါ။ ပြီးတော့ ပြန်အပ်ရမယ် အဆင်မပြေတာတခုခုဆို နေရာပြောင်းသွားနိုင်ပါတယ်။ ကိုယ်က ဒီနေရာအဆင်ပြေလို့ အပ်ထားပြီးမှနေရာပြောင်းတာ ပြုတာဆို အဆင်မပြေဖြစ်တတ်ပါတယ်။

(၅) ကျောင်းသင်ရိုး…

ဒါကတော့ ကျမတို့လို ဘယ်မှမလွှတ်တဲ့ မိဘမို့ သင်ရိုးကို နောက်ဆုံးအချက်ဖြစ်တာပါ။ တကယ်ကတော့ နိုင်ငံတခုခုကို သွားဖို့ရည်ရွယ်ထားရင် သင်ရိုးက ပထမဦးစားပေး ကြည့်ရမယ့်အချက်ပါ။ ကျမတို့ကတော့ စာတတ်စေချင်လို့ ကျောင်းလွှတ်တာဖြစ်ပြီး ဘယ်ပို့မယ် ဘာလုပ်မယ်မဆုံးဖြတ်သေးဘဲ ကလေးကြီးမှ အခြေနေကြည့်ဖို့ ရည်ရွယ်ထားတာမို့ သင်ရိုးထပ် ကျောင်းရဲ့ စာသင်ပုံ ဂုဏ်သတင်း၊ ကျောင်းရေရှည်ရပ်တည်မှုသက်တမ်းတွေကို ကြည့်ဖြစ်ခဲ့တာပါ။ ခုမြန်မာမိဘအများစုလဲ ကျောင်းတွေသာထားတယ် အားလုံးက နိုင်ငံခြားလွှတ်မယ်လဲ မရည်ရွယ်ထားတာမို့ သင်ရိုးရွေးချယ်တာထပ် သူတို့သင်တဲ့သင်ရိုးကို သေချာစနစ်တကျသင်ရဲ့လားဆိုတာ သိရရင်ကို လုံလောက်ပါပြီ။

ဒါကတော​့ နိုင်ငံခြားဘယ်နိုင်ငံသွားမယ်ကိုလဲ မဆုံးဖြတ်နိုင်သေး အိမ်နားမှာလဲ အစိုးရသင်ရိုးကိုပဲ သေချာသင်တဲ့ကျောင်းအဆင်မပြေလို့ မဟုတ်လဲ International သင်ရိုးနဲ့ ကလေးကိုစာတတ်စေချင်လို့ သင်မယ့် မိဘတွေအတွက်ပါ။ အစထဲက သင်ရိုးနှစ်ခုပါတဲ့ ကျောင်းမျိုးကို ရွေးထားရင်လဲ အဆင်ပြေပေမယ့် ကလေးပင်ပန်းမှာစိုးလို့ International တခုပဲရွေးထားပြီး International ကျောင်းတော့ ထားထားပေမယ့် ကိုယ်တိုင်က ဘာမှမဆုံးဖြတ်ရသေးဘူးဆိုရင်တော့ ရွေးချယ်စရာတွေလဲရှိတာမို့ ကလေးက မြန်မာစာ ရေးတတ်ဖတ်တတ်ဖြစ်နေဖို့တော့ လိုပါတယ်။ စတက်ထဲက Englishကျောင်းတက်ခဲ့တဲ့ကလေးက မြန်မာစာသင်ရတော်တော်ခက်ပါတယ်။ ဒါကြောင့် မြန်မာစာကိုလဲ ဦးစားပေးသင်ထားစေချင်ပါတယ်။

မေမေတို့ရဲ့ ကျောင်းရွေးချယ်မှု အတွေ့အကြုံလေးတွေကိုလဲ ဖြစ်နိုင်ရင် မျှဝေပေးစေချင်ပါတယ်။

(မြန်မာစာသင်တာအဆင်ပြေပြီး တချိန်ကို ဈေးတွေအများကြီးတွက်ယူတဲ့ ဆရာမမျိုးမဟုတ်တဲ့ဆရာမတွေရှိရင် ကျမကို ကူညီတဲ့အနေနဲ့ recommended လုပ်ပေးစေချင်ပါတယ်။ ကျမကလေးလေးအတွက်ပါ။ မြန်မာစာ သေချာလေးရစေချင်လို့ပါ)

အဆုံးထိဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်…

'sTreasures

20/05/2022

အလယ်အလတ်တန်းစား International ကျောင်းများနဲ့ မိဘတွေရဲ့ မျှော်လင့်ချက်အလွဲများ...

International ကျောင်းလို့ ပြောတာနဲ့ မိဘတွေစိတ်ထဲ ကိုယ့်ခေတ်က တက်ခဲ့ရတဲ့ ကျောင်းတွေထပ်တော့ သာမှာပဲဆို တန်းတွေးကြတာပဲ။ ပြီးတော့ ပိုက်ဆံလဲ ပေးရတော့ မျှော်လင့်ချက်လေးတချို့နဲ့​ ရောက်လာကြတာပေါ့။ အဲ့ဒီထဲကမှ အများစုတွေ့ရတဲ့ မျှော်လင့်တာနဲ့ ထပ်တူမကျတဲ့ အချက်လေးတွေကို ပြောပြပါ့မယ်။ အောက်ကပြောမယ့်အချက်တွေက အလယ်အလတ်တန်းစား ကျောင်းတချို့ကိုပြောတာပါ။ အားလုံးကိုပြောတာမဟုတ်သလို အရမ်းဈေးကြီးတဲ့ကျောင်းတွေကိုလဲ မဆိုလိုပါဘူး။ အရမ်းဈေးကြီးတဲ့ကျောင်းတွေက ကိုယ်တိုင်လဲ အလှမ်းဝေးလွန်းလို့ ကိုယ်လဲမသိပါဘူး။ အလယ်အလတ်တန်းစား ကျောင်းတွေမှာတွေ့ရတတ်တာလေးတွေမို့ ဖတ်ကြည့်ပေးကြပါဦး။

(၁)ကျောင်းလခ။
ကိုယ်ကတော့ တွက်လိုက်တာ ကျောင်းလခကို ဒီလောက်သုံးမယ်ပေါ့။ ဆိုကြပါစို့ ၂သိန်းပေါ့။ ကျောင်းလခကတော့ ဟုတ်သလိုလိုနဲ့ ကျောင်းကားခတွေ ဟိုသင်တန်းကြေး သည်သင်တန်းကြေး ဟိုဘာသာဒီဘာသာမပါလို့ အပြင်မှာထပ်အပ်တာနဲ့ တကယ်မှန်းတာရဲ့ နှစ်ဆဖြစ်နေတတ်ပါတယ်။ ယုံချင်မှ ယုံပါ အများစုကြုံနေတဲ့ အဖြစ်မှန်ပါ။

(၂) Englishစာ အရမ်းတော်ကြတယ်။
မှားပါတယ်။ International ကျောင်းကလေးအများစုက Speaking နဲ့ Listening အရမ်းကောင်းပေမယ့် Writingတို့ Spellingတို့မှာ ညံ့တတ်ပါတယ်။ ဘာလို့လဲဆိုတော့ Englishဆို ရပြီးသားဆို ပေါ့တတ်ကြလို့ပါ။ တချို့ကျောင်းတွေမှာ တသက်လုံး International ကျောင်းတက်လာပြီး Englishစာကျတတ်လို့ သီးသန့်ပြန်လုပ်ရတာတွေရှိပါတယ်။ ဒါလဲ ယုံချင်မှယုံပါနော် အဖြစ်မှန်ကတော့ လုံးဝအဟုတ်ပါ။

(၃) ကျူရှင်ထားဖို့ မလိုဘူး။
ဒါလဲ မဟုတ်ပါဘူး။ မိဘကိုယ်တိုင်က ပညာတတ်လို့ ပြန်ကြည့်ပေးနိုင်မယ် ကလေးကလဲ ကိုယ့်စာကိုယ် အသိစိတ်ဓာတ်နဲ့လုပ်တတ်တဲ့ ကလေးမျိုးဖြစ်မယ်ဆိုရင်တော့ အငယ်တန်းတွေမှာ မလိုတာမှန်ပေမယ့် မိဘကလဲမကြည့်နိုင် ကလေးကလဲ စာပုံမှန်မလုပ်ရင်တော့ ကျူရှင် သို့ အနီးကပ်ကြည့်ပေးမယ့် Guide ဆရာမလိုပါတယ်။ ဒါလဲ ယုံချင်မှယုံပါ International ကျောင်းထားလက်စမိဘတွေသိတဲ့ အဖြစ်မှန်တွေပဲဖြစ်ပါတယ်။

(၄) စာမကျက်ရဘူး။
လုံးဝမှားပါတယ်။ ကျက်ရတာမှ အငယ်တန်း spelling ကနေ Universityတွေအထိကို ကျက်ရ မှတ်ရ ဖတ်ရတာတွေ အရမ်းကိုများပါတယ်။ တကယ့်ကို စာများတာမို့ မှတ်သင့်တာမှတ် ကျက်သင့်တာကျက်ရပါတယ်။ ကိုယ်တိုင်အငယ်တန်းကနေ Universityတက်နေတဲ့ ကလေးထိလေ့လာပြီးမှ ပြောတာပါ။ ဒါလဲ ယုံချင်မှ ယုံပါနော်။

(၅) Internationalကျောင်းမို့ International ဆန်တယ်။
ဒီဟာလဲ မဟုတ်ပါဘူး။ အလယ်လတ်တန်းစား ကျောင်းအများစုမှာ Local ဆရာမတွေပဲ ခန့်ထားတာပါ။ ကျောင်းလခလဲ အသင့်တင့်ပဲကောက်ထားတာမို့ ဆရာမလစာလဲ အသင့်တင့်ပဲရှိပါတယ်။ ဒီဆရာမတွေကိုယ်တိုင်ကိုက အရင်ခေတ်က ကျောင်းတွေကထွက်ခဲ့တာမို့ အဲ့ဒီပုံစံမပျောက်ကြသေးပါဘူး။ အထူးသဖြင့် ကျောင်းကကလေးကို ကျောင်းကဆရာမကျူရှင်ပြန်သင့်ခွင့်ရထားတဲ့ ကျောင်းတွေဆို ပိုဆိုးပါသေးတယ်။ အစိုးရကျောင်းကို ဝတ်စုံနဲ့ ဘာသာစကားပဲ ပြောင်းထားတဲ့ အုပ်ချုပ်ပုံမျိုးနဲ့ ကြုံရနိုင်ပါတယ်။ မြင်ရကြားရ ကြုံရဖူးတာမို့ ပြောရတာပါ။ ဒါကိုလဲ ယုံချင်မှယုံပါ။ ကြုံတဲ့အခါတော့ ယုံကြပါလိမ့်မယ်။

(၆) ဘက်စုံသင်ကြားပေးတယ်။
ကျောင်းကြော်ငြာတွေဟာ ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေလိုပါပဲ။ အာဏာမရခင်တော့ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆို မဲဆွယ်ကြသလိုပေါ့။ တကယ်တမ်း အာဏာရပြီး အစိုးရလဲဖြစ်လာရော လုပ်ချင်တာလုပ်ကြတော့သလိုပဲ ကျောင်းကြော်ငြာတုန်းကနဲ့မတူဘဲ ကျောင်းအပ်ပြီးချိန်မှာ သူတို့ပေါ်လာတာဆိုလို့ လခသွင်းဖို့ပဲ တချိန်ပဲရှိပြီး ကိုယ့်ဘက်က ဆက်သွယ်ရင်လည်း ဟိုလိုလို သည်လိုလိုနဲ့ တာဝန်ရှိသူက ဘယ်သူမှန်းမသိယောင်ဝါးဝါး။ ဒီတော့ သိပ်မမျှော်လင့်ထားဘဲ လိုအပ်မယ်ထင်တာတွေ ကိုယ့်ဘာကိုယ်ပဲ ပြန်လုပ်ရတာများပါတယ်။ ဒါလဲ ကြုံတဲ့အခါ ယုံလာကြပါလိမ့်မယ်။

(၇) Englishကျောင်းထားရင် Critical Thinking ကောင်းတယ်။
ဒါက မဟုတ်ဘူးလဲ ပြောလို့မရသလို ဟုတ်တယ်လဲ ပြောမရပါဘူး။ သင်ရတဲ့ စာတွေ အကြောင်းအရာတွေက အဆင့်တန်းမြင့်တာ မှန်ပေမယ့် သင်ယူတဲ့ ကလေးနဲ့လဲဆိုင်တာမို့ပါ။ တကယ်တမ်း ကလေးတွေ Critical Thinking အားကောင်းစေချင်ရင် ဟိုကျောင်းထားတာ ဒီကျောင်းထားတာနဲ့ မဆိုင်ဘဲ မိဘတွေရဲ့ အုပ်ထိန်းလမ်းပြပုံရယ် ပြီးတော့ စာများများဖတ်ခိုင်းရင်ကို အဲ့ဒီကလေးက thinking စွမ်းရည်မြင့်လာမှာပါ။ ဒီတော့ Englishကျောင်းထားမှ Critical Thinking မြင့်လာမယ်ဆိုတာ ယုံချင်လဲ ယုံကြပါ မယုံချင်လဲရပါတယ်။

ဒီလောက်ဆိုရင်တော့ မိဘတွေ လွဲမှားမျှော်လင့်မိတတ်တာလေးတွေဟာ ဟုတ်တယ်၊ မဟုတ်ဘူး ဝေဖန်သုံးသပ်နိုင်မယ်ထင်ပါတယ်။ ဒါကိုရေးလို့ ကျောင်းတိုင်းဒီလိုဖြစ်နေတယ် ဆိုလိုတာမဟုတ်ပါဘူး။ အရာတိုင်းကိုလဲ မသိနိုင်ပါဘူး။ ကိုယ်တိုင်ကြုံရတာရော မိတ်ဆွေတွေကြုံရတာတွေကနေ ဒါတွေကိုသိလာပြီး ဝေမျှပေးရုံပါ။ အနည်းအကျဉ်းကြိုသိထားတဲ့အခါ မျှော်လင့်သလိုဖြစ်မလာလဲ စိတ်သက်သာရာရနိုင်အောင်ပါ။
(Privateကျောင်းတွေကတော့ ကျမကိုယ်တိုင်မထားဖူးတာမို့ ကျမသိတာပဲ ဝေမျှတာပါ။ အကုန်အမြဲအမှန်ဟုတ်မဟုတ် မဆိုနိုင်ပေမယ့် တကယ်လက်တွေ့ကြုံရတာ ကိုယ်တိုင်လွဲမှားမျှော်လင့်မိတာလေးတွေကိုရေးထားတာမို့ အမှားပါရင် နားလည်ပေးစေချင်ပါတယ်။ ပြိုင်ငြင်းလိုစိတ်လဲမရှိပါ။)

မေမေတို့ကြုံခဲ့ရတဲ့အခက်ခဲတွေကိုလဲ ဝေမျှပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဘဝတူမိဘတွေရဲ့ Commentsလေးတွေ မျှော်လင့်လျှက်…

မေတ္တာဖြင့်…

'sTreasure

11/11/2021
07/10/2021

Address

Banmaw
1131

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959257167842

Website

Alerts

Be the first to know and let us send you an email when Merry Kid's Land Pre School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Merry Kid's Land Pre School:

Shortcuts

Share

Category