Share & Care Early Childhood Language & Development Centre -Bago

Share & Care Early Childhood Language & Development Centre  -Bago

Share

The Goal of Early Childhood Education should be to activate the child's own natural desire to learn. Dr Maria Montessori

06/09/2025

ကလေးကိုချစ်ရင် မနှိမ်ပါနဲ့
—————————————-

ကလေးဆိုတာ အညွန့်ကလေးတွေ တလူလူတက်နေတဲ့ တက်သစ်စ အပင်နဲ့ တူပါတယ်။ တက်လာတဲ့ အညွန့်ကလေးကို လက်နဲ့ဖဲ့လိုက်၊ တုတ် နဲ့ ရိုက်ချိုးလိုက် လုပ်မယ်ဆိုရင် အပင်ကလေးဟာ ကောင်းကောင်း ရှင်သန်လာနိုင်မှာ မဟုတ်ပါဘူး။

လူတိုင်းဟာ မိမိသားသမီးတွေ အညွန့်တလူလူ တက်နေတာကိုသာ တွေ့ချင်ကြပါတယ်။ တက်လာတဲ့ အညွန့်လှလှလေးတွေ ကျိုးကြေသွားတာကို ဘယ်သူမှ မလိုလားကြပါဘူး။

သစ်ပင်မှာတက်လာတဲ့ အညွန့် နုနုလှလှလေးတွေကို လူက လက်နဲ့ ဖဲ့လိုက်၊ တုတ်နဲ့ ရိုက်လိုက်ရင် အညွန့်တုံးအောင် လုပ်ရာရောက်ပါတယ်။ အလားတူ အညွန့်တလူလူတက်နေတဲ့ ကလေးကို ချိုးနှိမ်တဲ့စကားတွေ ပြော တာဟာ ကလေးဘ၀မှာ အညွန့်တုံးအောင်လုပ်တာနဲ့ အတူတူပါပဲ။

“နင်လုပ်လိုက်ရင် ဒီလိုချည်းပဲ။ ဒါလေးတောင် မလုပ်တတ်ဘူးလား။ ညံ့လိုက်တာ လွန်ပါရော။ သုံးကိုမရဘူး” စတဲ့ ချိုးနှိမ်တဲ့ စကားမျိုးတွေကို မကြာခဏ ကြားရတတ်ပါတယ်။ မိမိသားသမီးရဲ့ အခြေအနေကို အားမရတဲ့ စိတ်၊ တိုးတက်တာ မြင်ချင်တဲ့စိတ်နဲ့ ပြောတဲ့စကားတွေ ဖြစ်ပါတယ်။ ကောင်း စေလိုတဲ့ စိတ်အရင်းခံနဲ့ အားမလိုအားမရပြောတဲ့ စကားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစကားတွေကို ကြားရဖန်များတဲ့ ကလေးရဲ့စိတ်ထဲမှာ သူ့ကိုယ်သူ အစွမ်းအစ မရှိတဲ့ လူတစ်ယောက်လို့ မြင်လာစေပါတယ်။ သုံးမရတဲ့လူ တစ်ယောက် ဆိုတဲ့ အမြင်ရစေပြီး စိတ်အားငယ်စေပါတယ်။

စိတ်အားငယ်တဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့ပါဘူး။ ငါ လုပ်ရင် ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့ စိတ်တွေ လည်း ပေါ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုဟာ ဘ၀တိုးတက်မှု အတွက် သိပ်ကြီးမားတဲ့ အဟန့်အတားဖြစ်ပါတယ်။
အထူးသဖြင့် ကလေး အားကိုးအားထားရဆုံး လူတွေက ကလေးကို ချိုးနှိမ်လိုက်တာဟာ ကလေးအပေါ် အဆိုးဆုံး၊ အကြီးမားဆုံး အကျိုးသက် ရောက်မှု ဖြစ်စေပါတယ်။ အထင်အကြီးဆုံး၊ အားအကိုးဆုံး၊ အနီးကပ်ဆုံး လူရဲ့ ချိုးနှိမ်တဲ့စကားဟာ ကလေးစိတ်မှာ အနက်ရှိုင်းဆုံး၊ အထိအနာဆုံး စူး၀င်စေပါတယ်။
ရိုက်တာက ကိုယ်မှာ အညိုအမည်း စွဲထင်စေတတ်သလို စကားနဲ့ ချိုးနှိမ်တာဟာ ကလေးရဲ့စိတ်မှာ စိတ်ဒဏ်ရာ ရစေပါတယ်။ စိတ်ဒဏ်ရာကို တော့ ကိုယ်မှာစွဲထင်တဲ့ အညိုအမည်းလို တိုက်ရိုက်မမြင်သာပါဘူး။ ဒါပေ မဲ့ ကလေးမှာ စိတ်ဒဏ်ရာ ဘယ်လိုဖြစ်နေတယ်ဆိုတာ အဲဒီကလေးရဲ့ လုပ်ပုံ ကိုင်ပုံ၊ ပြောဆိုဆက်ဆံပုံတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလို စိတ်ဒဏ်ရာ ခံစားနေရတဲ့ ကလေးတွေဟာ ပျော်ရွှင်တဲ့အမူအရာ နည်းသွားပါတယ်။ အထူးသဖြင့် ချိုးနှိမ်တဲ့စကား ပြောသူရဲ့ရှေ့မှာ ပိုသိသာပါတယ်။ ပြီးတော့ သူ့ကိုယ်သူ မယုံကြည်၊ အားမကိုးတဲ့ လက္ခဏာတွေ တွေ့လာရပါတယ်။ လုပ် စရာ တစ်ခုခု ရှိလာပြီဆိုရင် ပြင်ပအားကိုးကို လိုက်ရှာတတ်ပါတယ်။ “သမီးက လုပ်မှ မလုပ်တတ်တာ”ဆိုတဲ့ အကြောင်းပြချက်မျိုး မကြာခဏ ပြောလာ တတ်ပါတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် “ဟုတ်မှ ဟုတ်ပါ့မလား”ဆိုပြီး မိမိကိုယ်ကိုယ် မယုံမရဲ၊ ချီတုံချတုံ ဖြစ်နေတတ်ပါတယ်။ ဆုံးဖြတ်ချက်ဟာ မပြတ်သားပါဘူး။ “ဒီလိုဆိုရင် ဟုတ်လားမသိဘူး”လို့လည်း ပါးစပ်က ခဏခဏ ထုတ်ပြောလာတတ်တယ်။
“ငါ မစွမ်းဘူး။ ငါ အသုံးမကျဘူး”ဆိုတဲ့ စိတ်မှာစွဲနေတဲ့ အရိပ်မည်းကြီး ဟာ ကလေးရဲ့ တွေးခေါ်စဉ်းစားမှုတိုင်းမှာ လိုက်ပြီး လွှမ်းမိုးနေတတ်ပါတယ်။ အဲဒီလို အဖျက်သဘောဆောင်တဲ့ အရိပ်မည်းကြီးရဲ့ လွှမ်းမိုးမှုကြောင့် ရှိရင်းစွဲ အစွမ်းသတ္တိတွေတောင် တိမ်မြုပ်ငုပ်လျှိုးသွားရပါတယ်။ ဘာအစွမ်းအစကိုမှ မထုတ်ရဲတော့ပါဘူး။
တွေ့ကြုံဖူးတဲ့ မိခင်တစ်ယောက်ဟာ သူ့သမီးအပေါ်မှာ အမြဲ ချိုးနှိမ်တဲ့ အမြင်နဲ့သာ မြင်တတ်ပြီး ချိုးနှိမ်တဲ့စကားတွေသာ ပြောတတ်ပါတယ်။ အဲဒီ တော့ သူ့သမီးဟာ ဘာမှ အစွမ်းအစမရှိတော့တဲ့ လူတစ်ယောက်လို့ သူ့ ကိုယ်သူ မြင်ပြီး ကြီးပြင်းလာရပါတယ်။ သူ့သမီးကို ထမင်းချက်ခိုင်းတော့ သမီးက ထမင်းအိုးထဲ ရေဘယ်လောက်ထည့်ရမယ်ဆိုတာကို သူ့ဘာသာ မဆုံးဖြတ်ရဲဘူး။ အမေကို လှမ်းမေးပါတယ်။ အမေပြောတဲ့အတိုင်း ထည့်တယ်။ ပြီးတော့ အဲဒီလိုထည့်တာ ဟုတ်ပြီလားလို့ အမေ့ကို လာပြတယ်။ ဆုံးဖြတ်စရာ အဆင့်တိုင်းမှာ အမေရဲ့အကူအညီကို ယူနေပါတယ်။ ဘာကိုမှ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း မရှိတော့ပါဘူး။
အဲဒီလို အဆင့်တိုင်း အမေရဲ့ဆုံးဖြတ်ချက်ကို ရယူနေတော့ “ဟဲ့ ... နင် ဒီလောက်တောင် မဆုံးဖြတ်တတ်ရင် နင့်ဘ၀ကို ဘယ်လိုထူထောင်မှာလဲ”ဆိုပြီး အမေက ချိုးနှိမ်တဲ့စကားကို ပြောပြန်ပါတယ်။
တစ်ခါတစ်ရံ ကလေးဟာ စိတ်လက်ပေါ့ပါးပြီး မိခင်ရဲ့ ကွယ်ရာမှာ တစ်ခုခုလုပ်ကိုင်လို့ အဆင်ပြေတာတွေ့တဲ့အခါ မိခင်က အသိအမှတ်ပြုမယ့် အစား “အေး ... ကြက်ကန်း ဆန်အိုးတိုးတာပဲပေါ့။ ဘယ်လောက်ခံမလဲ ကြည့်ရဦးမယ်”ဆိုတဲ့ ချိုးနှိမ်တဲ့စကားကို ပြောပါတယ်။
အဲဒီတော့ အဲဒီကလေး ဘာတွေဖြစ်လာသလဲ။ ကိုယ့်အားကိုယ်ကိုး လုပ်တဲ့စိတ် မရှိတော့ဘူး။ ကိုယ်တိုင် မဆုံးဖြတ်တတ်တော့ဘူး။ ကိုယ်တိုင် ဘာစွမ်းတယ်၊ ဘာကို စိတ်၀င်စားတယ်ဆိုတာ မဆုံးဖြတ်တတ်တော့ဘူး။ သူငယ်ချင်းတွေ၊ အခြားလူတွေကို အားကိုးမှုလွန်ကဲလာတယ်။ ကိုယ့်အစွမ်းအစ နဲ့ မဆုံးဖြတ်နိုင်တော့ဘဲ သူငယ်ချင်းတွေလုပ်တာကို နောက်ယောင်ခံပြီး လိုက်လုပ်လာတယ်။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်တွေသာ များနေတော့ ဒုံးရင်းကနေ မတက်တော့ဘူး။ အဲဒီတော့ အမေက “ငါ ထင်တဲ့အတိုင်းပဲ။ နင်ဟာ ရှေ့ကိုမတက်တဲ့အပြင် ဘုတ်လို နောက်ပြန်ဆုတ်နေတာပဲ။ နင့်ဘ၀ နင် ဘယ်လိုထူထောင်မလဲဆိုတာ ငါတော့ စဉ်းတောင် မစဉ်းစားတတ်တော့ဘူး”လို့ ထပ်ပြီး ချိုးနှိမ်လိုက်ပြန်ပါတယ်။
ကလေး အခုလိုဖြစ်နေတာဟာ သူ့ကြောင့်ဖြစ်နေတယ်ဆိုတာ မိခင်က သိပုံမပေါ်ပါဘူး။ ဖြစ်ချင်တာ ဖြစ်မလာတိုင်း ချိုးချိုးနှိမ်နှိမ် ပြောလေ ဖြစ်စေ ချင်တာနဲ့ ဖြစ်လာတာတွေဟာ ဝေးကွာလာလေ ဖြစ်နေပါတယ်။ ဒီလိုတွေ ဖြစ်နေတာဟာ ကလေး ညံ့လို့ လို့ မိခင်က ယူဆပါတယ်။ တကယ်တော့ ကလေး လုပ်ပုံကိုင်ပုံ မှားတာပေါ် မူတည်ပြီး မိခင်ပြောတဲ့ ချိုးနှိမ်တဲ့စကား တွေကြောင့် ဖြစ်လာရတာပါ။ ကလေးမှားတာကို နားလည်မပေးနိုင်တဲ့ မိဘ၊ ကိုယ်တိုင် ငယ်စဉ်က မှားခဲ့တာတွေကို မေ့နေတဲ့ မိဘ၊ ကလေးအပေါ် အရှိထက် ပိုပြီး ဖြစ်စေချင်တဲ့ စိတ်ရှိတဲ့ မိဘတွေမှာ ဒီလို ချိုးနှိမ်တဲ့စကားတွေ ထွက်လာ တတ်ပါတယ်။
“ဓားသွားထက် ကလောင်သွားထက်တယ်”ဆိုတဲ့ စကားလိုပဲ စကားနဲ့ နှိမ်တာဟာ အသားနာအောင် တုတ်နဲ့ရိုက်တာထက် ပိုပြီး နာကျင်စေပါတယ်။ ဒီအကြောင်းကို ကလေးတွေနဲ့ များများအလုပ်လုပ်ဖူးတော့ သူတို့ခံစားရတာကို ပြောပြလို့ သိလာရတာဖြစ်ပါတယ်။
ချိုးနှိမ်တဲ့စကားနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် တန်ဖိုးထားတတ်မှုတို့ဟာ လုံး၀ ဆန့်ကျင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တန်ဖိုးထားမှုဟာ အသက် အရွယ် အပိုင်းအခြားမရွေး လေ့ကျင့်ပေးရင်ရပေမဲ့ အခြေခံတာကတော့ ငယ်ရွယ်တဲ့ဘ၀က စတာပါ။ ဒါကြောင့် ကလေးငယ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည် တန်ဖိုးထားတဲ့စိတ် အမြစ်တွယ်လာအောင် ချိုးနှိမ်တဲ့စကားတွေ မပြောဖို့ လိုပါတယ်။ ချိုးနှိမ်တဲ့စကားတွေ မပြောဘဲ ကလေး စွမ်းဆောင်နိုင် တာတွေကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။
ဒါကြောင့် ကလေးတွေကို တကယ်ချစ်ရင် မနှိမ်ကြပါနဲ့။

#ဒေါက်တာသိန်းလွင်
(ပညာရေးစိတ်ပညာပါရဂူ)

10/05/2025

ဥာဏ်ရည်အမျိုးမျိုးရှိတယ်။
ကျောင်းစာတစ်ခုတည်းနဲ့
တော်တယ်၊ မတော်ဘူး
ပြောလို့မရပါဘူး။

Multiple Intelligence (ဗဟုဉာဏ်ရည်)
အကြောင်းနည်းနည်းပြောပြပါရစေ။

Multiple Intelligence (ဗဟုဉာဏ်ရည်) ဆိုတာ
Harvard တက္ကသိုလ်က ပါမောက္ခ
Howard Gardner က တီထွင်ခဲ့တဲ့
သီအိုရီတစ်ခုဖြစ်ပါတယ်။
လူတွေမှာ မတူညီတဲ့ ဉာဏ်ရည်အမျိုးအစားတွေ
ရှိနိုင်တယ်ဆိုတာကို ဖော်ပြထားပါတယ်။

Gardner ရဲ့ သီအိုရီအရ
အဓိက ဉာဏ်ရည်အမျိုးအစား ၈ မျိုး ရှိပါတယ်:

၁။ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်
(Linguistic Intelligence)

စကားပြောဆိုခြင်း၊ စာရေးခြင်းမှာ ကျွမ်းကျင်တယ်
ဘာသာစကားတွေကို လွယ်ကူစွာ သင်ယူနိုင်တယ်

၂။ သင်္ချာနဲ့ယုတ္တိဆိုင်ရာ ဉာဏ်ရည်
(Logical-Mathematical Intelligence)

သင်္ချာပုစ္ဆာတွေ၊ ယုတ္တိရှိရှိ တွေးခေါ်မှုတွေမှာ တော်တယ်
စနစ်တကျ စဉ်းစားတတ်တယ်

၃။ အမြင်အာရုံဆိုင်ရာ ဉာဏ်ရည်
(Visual-Spatial Intelligence)

ပုံတွေ၊ ဒီဇိုင်းတွေနဲ့ပတ်သက်ပြီး အမြင်ကောင်းတယ်
မြေပုံတွေ၊ ဂရပ်တွေကို နားလည်လွယ်တယ်

၄။ ခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာ ဉာဏ်ရည်
(Bodily-Kinesthetic Intelligence)

ကိုယ်လက်လှုပ်ရှားမှုတွေမှာ ကျွမ်းကျင်တယ်
အားကစား၊ အကတွေမှာ တော်တယ်

၅။ ဂီတဆိုင်ရာ ဉာဏ်ရည် (Musical Intelligence)

တီးဝိုင်း၊ သီချင်းတွေနဲ့ပတ်သက်ပြီး ပါရမီရှိတယ်
အသံ၊ သံစဉ်တွေကို အလွယ်တကူ မှတ်မိတယ်

၆။ လူမှုဆက်ဆံရေးဆိုင်ရာ ဉာဏ်ရည်
(Interpersonal Intelligence)

တခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်တယ်
လူတွေနဲ့ ဆက်ဆံရတာ ကျွမ်းကျင်တယ်

၇။ မိမိကိုယ်ကို နားလည်မှုဆိုင်ရာ ဉာဏ်ရည်
(Intrapersonal Intelligence)

ကိုယ့်ရဲ့ခံစားချက်တွေကို သိနားလည်တယ်
ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သိတယ်

၈။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဉာဏ်ရည်
(Naturalistic Intelligence)

သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိတွေအကြောင်း နားလည်တယ်
အပင်၊ တိရစ္ဆာန်တွေကို စိတ်ဝင်စားတယ်

ဒီသီအိုရီက ပညာရေးနယ်ပယ်မှာ
အရေးပါတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ကျောင်းသားတွေရဲ့ မတူညီတဲ့
ဉာဏ်ရည်အမျိုးအစားတွေကို အသိအမှတ်ပြုပြီး
သင်ကြားရေးနည်းလမ်းတွေကို ဒီဇိုင်းဆွဲတဲ့အခါ
ထည့်သွင်းစဉ်းစားလာကြပါတယ်။

ဒါကြောင့် စာမရဘူးဆိုတိုင်း
ဥာဏ်မကောင်းတာ မဟုတ်ပါဘူး။
လူတိုင်းမှာ မတူညီတဲ့
စူပါပါဝါတွေရှိကြပါတယ်။
ဒါကို သိပြီးတူးဖော်အသုံးပြုနိုင်ဖို့လိုတယ်။​

Phyo Paing @ Derek

09/05/2025

🧠 သားသမီးတွေကို ထူးချွန်စေချင်တဲ့ မိဘတိုင်း သိထားသင့်တဲ့
"The Power of Parent Talk" ( မိဘ စကားရဲ့ စွမ်းအား)
“The best things in life are free” ဘဝမှာ အကောင်းဆုံးအရာတွေက အခမဲ့ ရနေခြင်းပါပဲ။
🔹ကလေးငယ်တစ်ယောက် ဉာဏ်ရည်ထက်မြက်ဖို့ အကောင်းဆုံးအရာကတော့ ဈေးကြီးတဲ့ ကစားစရာတွေ၊ စားစရာတွေ မဟုတ်ပါဘူး။ “Parent Talk” မိဘနဲ့ အပြန်အလှန် စကားပြောခြင်းပါ။ မိဘနဲ့ အပြန်အလှန် စကားပြောခြင်းက Language acquisition ကို အားကောင်းစေပြီး နောက်ဆက်တွဲ Reading (စာဖတ်ခြင်း) တွေ၊ Learning (လေ့လာသင်ခြင်း) တွေ၊ ဉာဏ်ရည်ထက်မြက်ခြင်းတွေ ဖြစ်စေပါတယ်
🔹ကလေးငယ်တွေ ကြီးပျင်းလာတဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် ထူးချွန် ထက်မြက်တဲ့ နေရာခြင်း မတူကြပါဘူး။ တစ်ချို့က သင်္ချာမှာတော်ကြတယ်။ တစ်ချို့က အနုပညာမှာ တော်ကြတယ်။ တစ်ချို့က လူမှုဆက်ဆံရေးမှာ တော်ကြတယ်။
🧠အဲဒီ မတူညီတဲ့ ထူးချွန်မှုတွေက ဘယ်ကနေ ပေါက်ဖွားလာကြတာလဲ?
🔹အနုပညာရှင် ရဲ့ သားသမီးက အနုပညာပိုး ပါလာတယ်။ အင်ဂျင်နီယာ ရဲ့ သားသမီးက အင်ဂျင်နီယာ ကိစ္စတွေကို စိတ်ဝင်စားတယ်။ သင်္ချာပညာရှင် ရဲ့ သားသမီးက သင်္ချာ တော်ကြတယ်။
🔹ဒါကို ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ ဗီဇ သို့မဟုတ် မျိုးရိုးဗီဇ လို့ပဲ ပြောကြပါလိမ့်မယ်။
🔹ဒါပေမယ့် စိတ်ပညာရှင်တွေဖြစ်တဲ့ Todd R. Risley and Betty Hart တို့ရဲ့ လေ့လာတွေ့ရှိချက်အရ ပြောမယ်ဆိုရင် ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ ရှေ့မှာ ဘာစကားတွေပြောကြလဲဆိုတဲ့ Parent Talk နဲ့အများကြီး သက်ဆိုင်ပါတယ်။
🔹အနုပညာရှင် ရဲ့ သားသမီးကို မွေးကတည်းက သင်္ချာပညာရှင်အိမ်မှာ ကြီးပြင်းစေပြီး၊ သင်္ချာပညာရှင်ရဲ့ သားသမီးကို အနုပညာရှင်ရဲ့ အိမ်မှာ ကြီးပြင်းစေမယ်ဆိုရင် ဘယ်လိုတွေ ဖြစ်နိုင်မလဲ မြင်ယောင်ကြည့်ပါ။
🔹အနုပညာရှင်ရဲ့ သားသမီးက မွေးကတည်းက သင်္ချာပညာရှင် ရဲ့ သင်္ချာ နဲ့ပတ်သက်တဲ့ စကားလုံးတွေ ကြားနေရမယ်ဆိုရင် အဲဒီကလေးရဲ့ ဦးနှောက်က သင်္ချာနဲ့ပတ်သက်တဲ့ အရာတွေကိုပဲ များများ Process လုပ်နေရမှာ ဖြစ်တဲ့အတွက် သင်္ချာတော်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ ရာခိုင်နှုန်း ပိုများပါတယ်။
🔹ဒါကြောင့် ငယ်ရွယ်နုနယ်တဲ့ ကလေးရှေ့မှာ မိဘတွေဘာပြောလဲဆိုတဲ့ Parent Talk က အင်မတန် အရေးပါပါတယ်။ သူတို့ရှေ့မှာပြောတဲ့ စကားလုံးတိုင်းက သူတို့ဦးနှောက်ကို ပုံသွင်းယူနေတာပါ။
🔹ကိုယ့်သားသမီးကို ဘယ်လိုမျိုးဖြစ်စေချင်လဲ Parent Talk နဲ့ ပုံသွင်းယူလို့ ရပါတယ်။
Parent Talk က ဉာဏ်ကောင်းစေတယ်ဆိုလို့ ရောက်တတ်ရာရာ ပရမ်းပတာတွေ ပြောနေရင်တော့ ဉာဏ်ရည်ထက်မြက်မှုကို သိပ်ပြီး အထောက်အပံ့ ဖြစ်စေမှာ မဟုတ်ပါဘူး။
🔹ဒါဆို ဘာစကားတွေ ပြောမှာလဲ၊ ဘယ်လိုပုံသွင်းယူမလဲ ? စတဲ့ အကြောင်းအရာတွေကို အသေးစိတ် ဆက်လက် လေ့လာလိုတဲ့ မိဘတွေအတွက်...
🧠 ကမ္ဘာမှာ အအောင်မြင်ဆုံး မျိုးနွယ်စု လို့ ဆိုနိုင်တဲ့ ဂျူးလူမျိုးတွေ ရဲ့ ကလေးပြုစုပျိုးထောင် နည်းတွေ
🧠 အမေရိကန် ဦးနှောက်ပညာရှင်တွေ ၊ စိတ်ပညာရှင်တွေ ရဲ့ ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စမ်းသပ်တွေ့ရှိမှုတွေ
🧠 ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် Microsoft တည်ထောင်သူ ဘေလ်ဂိတ် ၊ Amazon တည်ထောင်သူ ဂျက်ဘီဇိုး တို့ ငယ်စဉ်က ပြစုပျိုးထောင်ခံခဲ့ရတဲ့ မွန်တက်စရီ နည်းလမ်းတွေ
🧠 ဦးနှောက်ခွန်အားဖြစ်စေတဲ့ အစားအသောက်တွေ ၊ လေ့ကျင့်ခန်းတွေ
🧠 Financial Intelligence (ငွေကြေးဉာဏ်ရည်) မြင့်မားအောင် ပြုစုပျိုးထောင်ခြင်းတွေ
စတဲ့ နိုင်ငံတကာက ဦးနှောက်ပညာရှင် ၊ စိတ်ပညာရှင်ပေါင်းများစွာ လက်တွေ့စမ်းသပ်ပြီး ရေးသားထားတဲ့ စာအုပ် ၁၀ အုပ်လောက်ရဲ့ အနှစ်တွေကို စုစည်းတင်ဆက်ထားတဲ့
ရှိပါတယ်။
Genius Kids Program မှာ
၁) မိဘတွေဖတ်ဖို့ Genius Kids for Parents စာအုပ် ၁ အုပ်
၂) Bonus အနေ နဲ့ Brain Exercise Mobile App (Android Only)
တွေပါဝင်ပါတယ်။
Price (ဈေးနှုန်း) : ၃၀,၀၀၀ ကျပ် နဲ့ Chat box မှာ Order မှာယူနိုင်ပါပြီ။
🧠 ဖတ်ပြီးသူတွေရဲ့ Feedback တွေကို Comment မှာ ကြည့်နိုင်ပါတယ်။
အသေးစိတ် ဗွီဒီယိုကို အောက်ပါလင့်ခ်မှ ကြည့်နိုင်ပါတယ်။
https://www.facebook.com/DigitalGeniusForKids/videos/1566880740457995
စာအုပ် Summary (စာမြည်း) ဖတ်ရန်လင့်ခ်
https://geniuskids.digitalgenius.asia/

04/05/2025

ပညာမလိုလားတဲ့ မိဘ

မိဘတိုင်းဟာ ပညာကိုလိုလားတယ်လို့ ချစ်တပည့်ထင်ရင် မှားလိမ့်မယ်ကွ။ နောက်ပြီးတစ်ချို့မိဘတွေ ကျတော့လည်း ပညာကိုလိုလားပေမယ့် တကယ်တမ်း ကျားကုတ်ကျားခဲ ကိုယ့်သားသမီးကို ပညာတတ်ဖြစ်အောင်လုပ်ပေးချင်တဲ့ ဆန္ဒသိပ်မရှိကြဘူး။

ဒီအကြောင်းတွေ ပြောနေရတာဟာ ရည်ရွယ်ချက်ရှိတယ် ချစ်တပည့်။ အဲဒီ မိဘတွေအပေါ် ပြစ်မှားဖို့ မဟုတ်ဘူး။ ဒါကိုသင်ခန်းစာယူဖို့ပဲ။ ကိုယ်တွေမိဘဖြစ်လာတဲ့အခါ ပညာကိုလိုလားတဲ့ မိဘဖြစ်စေချင်လို့ပဲ။

ဆရာတောမြို့လေးတစ်မြို့မှာ အထက်တန်းပြဆရာဘဝနဲ့ နှစ်အတော်ကြာနေခဲ့ဖူးတယ်။ တောမြို့လေးဆိုတော့ လယ်ကို အဓိက စိုက်ပျိုးကြတာပေါ့ကွာ။ မြို့အနီးတဝိုက်မှာ ရွာငယ်လေးတွေ ငါးရွာလောက်ရှိတယ်။ အဲဒီမှာ လယ်ကွင်းတွေရှိတယ်။ ယာခင်းတွေရှိတယ်။ အဲဒီရွာလေးတွေက ကျောင်းသူကျောင်းသားတွေက မြို့ကျောင်းလေးကိုလာပြီး ကျောင်းတက်ကြရတယ်။ ခရီးကဆယ်မိုင်လောက်ရှိတော့ တချို့လည်း စက်ဘီးနဲ့ တတ်နိုင်တဲ့ သူတွေကျတော့လည်း မိဘက ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ လမ်းလျှောက်ပြီးလာကြတဲ့ ကလေးတွေများတယ်။

မနက်ကျောင်းတက်ခါနီးဆို ကားပြေးတဲ့ လမ်းမကြီးဘေးမှာ ကျောင်းသူကျောင်းသားတွေ လွယ်အိတ်လေးတွေ ကိုယ်စီနဲ့။ စက်ဘီးလေးတွေ အစီအရီနဲ့။ ကျောင်းဆင်းချိန်ဆိုရင်လည်းအဲဒီလိုပဲ။ လမ်းမမှာဖြတ်သွားကြတဲ့ တချို့ကားတွေကျတော့ စေတနာကောင်းကြတယ်။ သူ့ကားမှာ ဆန့်နိုင်သလောက် ကလေးတွေကို တင်တင်ခေါပြီး ကျောင်းရှေ့မှာ ရပ်ပေးတတ်ကြတယ်။ ဒါကလည်း ကျောင်းချိန်နဲ့ တိုက်ဦးမှ။

နယ်က ကလေးတွေ ပညာသင်ဖို့က မြို့က ကလေးတွေထက် ပိုခက်တယ်ကွ။ ဒါကို ချစ်တပည့်တို့ သိစေချင်တယ်။ ပညာကို လွယ်လွယ်ကူကူသင်ရတဲ့ ဘဝမျိုးမှာ ပညာကိုကောင်းကောင်းသင်ယူဖို့ လိုတယ်။ နယ်က ကလေးတွေရဲ့ ဘဝဟာဘာမှ ပြည့်ပြည့်စုံစုံ မရှိဘူး။ ကျောင်းဝတ်စုံလေးတွေက အပေါက်အပြဲတွေနဲ့။ ပေကျံညစ်ထေးနေတာ။ ကျောင်းသုံးစာအုပ်တွေလည်း မပြည့်စုံကြဘူး။ ဆရာ အဲဒီမှာ ရှိနေခဲ့တဲ့ အချိန်ကိုပြောတာနော်။ အခုမဟုတ်ဘူး။

ပြီးတော့ ချစ်တပည့်တို့လို ကျောင်းကဆင်းတာနဲ့ အိမ်ပြန်၊ ကျူရှင်ဆို ကျူရှင်။ သူတို့ကျတော့ မိဘကိုကူညီရတယ်။ မိဘက လယ်ထဲမှာ အိမ်ရောက်တာနဲ့ လယ်ထဲကို လိုက်သွားရတာ။ လယ်ဆိုတာမျိုးက စိုက်ခင်းကို အချိန်မရွေး စောင့်ကြည့်ရသလိုမျိုး စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်တွေမှာဆို အင်တိုက်အား တိုက် အလုပ်လုပ်ကြရတာ။

ပြီးတော့ အိမ်မှာဆိုလည်း လျှပ်စစ်မီးမရှိဘူး။ ညဖက်စာကြည့်တဲ့အခါ ဖယောင်းတိုင်မီး။ တတ်နိုင်တဲ့သူတွေက တရုတ်နီ‌ မီးစက်လေးတွေ ဝယ်ထားတယ်။ ညဖက်ဆို တီဗွီလည်းကြည့် ကလေးတွေစာလုပ်ဖို့လည်း မီးထွန်း နိုင်တာပေါ့။ ဒါပေမယ့် စက်သံက တဖုန်းဖုန်းနဲ့။ မီးစက်ကို အိမ်အပြင် အတော်ခပ်လှမ်းလှမ်းမှာ သွားထားရတယ်။ နောက်မို့ဆို အိမ်ထဲမှာ စကားပြောရင် ဘာမှမကြားရဘူး။

အဲဒီတော့ တောသူတောင်သားအများစုဟာ ပညာကိုလိုလားပေမယ့် သူတို့ အသိအရ ပညာထက် အရေးကြီးတဲ့ ဝမ်းရေးကို အဓိကလုပ်ရတဲ့ အတွက် ကလေးတွေပညာရေးကို ဂရုမစိုက်နိုင်ဘူး။

လိုအပ်ရင် လယ်အတွက် သားသမီးရဲ့ လုပ်အားခကို တောင်ရယူဖို့ ကြိုးစားနေရတယ်။ စာညံ့တဲ့ ကလေးဆိုရင် သုံးလေးတန်းနဲ့ ကျောင်းထုတ်ပြီး အလုပ်လုပ်ခိုင်းတော့တာပဲ။ ဆရာတို့ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင်တွေအများကြီးပဲ။ အဲဒီမှာ စားပွဲထိုးကလေးတွေ အများကြီး ချစ်တပည့်လည်း သွားရင်းလာရင်း တွေ့ဖူးမှာပေါ့။

သူတို့ ဟာ တောသူတောင်သားမိဘတွေကနေ မွေးဖွားလာတဲ့ ကလေးတွေပေါ့။ တချို့လည်းမိစုံ ဖစုံ မရှိကြတော့ဘူး။ များသောအားဖြင့်က သူတို့ဟာ မောင်နှမသားချင်းတွေများတယ်။ အနည်းဆုံးသုံးလေးယောက် လောက်ရှိကြတယ်။ မိဘတွေက လယ်လုပ်ကြတယ်။ ဒါပေမယ့်ကိုယ်ပိုင်မဟုတ်ကြဘူး။ သူများဆီမှာ လုပ်ကြရတာ။ တချို့လည်း ကျပန်း ကြုံရာအလုပ်တွေ လုပ်ကြရတယ်။

အဲဒီတော့ ကလေးတွေကို ပညာသင်စေဖို့ထက် ကျွေးဖို့က အဓိကပြဿနာဖြစ်လာလို့ စာမတော်တဲ့ ကလေးကျောင်းထုတ်။ ဒါပဲ။ နောက်တစ်ချက်က ပညာတတ်တာ မတတ်တာထက် လောလောဆယ်ဝမ်းရေးက အရေးကြီးတယ်ဆိုတဲ့ အမြင်ပဲ။ အဲဒီလို မိဘတွေက ကိုယ်တိုင်လည်း စာကောင်းကောင်း မသင်ခဲ့ရလို မတတ်တော့ ကလေးတွေ ပညာတတ်ဖြစ်ဖို့လည်း သိပ်စိတ်မပါကြဘူး။

အဲဒီတော့ တောသူတောင်သား ကလေးတွေရဲ့ ဘဝဟာ ပညာသင်ယူဖို့ အခွင့်အရေး ချစ်တပည့်တို့ထက် နည်းတယ်ဆိုတာ ချစ်တပည့်တို့ သဘောပေါက်ဖို့လိုတယ်။ စကားစပ်မိလို့ ချစ်တပည့်ကို ဆရာ့ကိုယ်တွေ့ ပညာမလိုလားတဲ့ မိဘတစ်ယောက်အကြောင်း ပြောပြချင်တယ်။

သင်ခန်းစာယူဖို့ပါ။ အဲဒီလူက ဆရာတာဝန်ကျတဲ့ မြို့ကျောင်းလေးက ၁၀မိုင်လောက်ဝေးတဲ့ ကျေးရွာလေးမှာ နေတယ်။ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။ သားကဆယ်တန်း၊ သမီးကရှစ်တန်း။ ကလေးနှစ်ယောက်မှာ သားအကြီးကစာသိပ်မတော်ပေမယ့် အငယ်ရှစ်တန်းကလေးကစာတော်တယ်။

အဲဒီမှာ ဖခင်လုပ်တဲ့သူက သားအကြီးကို‌ကျောင်းဆက်မတက်စေချင်ဘူး။ အရွယ်ကလည်း ရောက်နေပြီဆိုတော့ သူ့သားကို သူနဲ့ အတူ လယ်ယာအလုပ်တွေဝင်လုပ်စေချင်တယ်။

အဲဒီ ပညာမလိုလားတဲ့ ဖခင်အမည်ကို ကိုရေချမ်းလို့ပဲ အမည်တစ်ခုထားကြပါစို့။ ဒါမှပြောလို့ဆိုလို့ ပိုကောင်းမယ်။ အဲဒီ ကိုရေချမ်းက ပညာတတ်တွေကို မုန်းတယ်ကွ။ သူကိုယ်တိုင်ကလည်း ဆယ်တန်း မအောင် ဘူး။ ဒါပေမယ့် သူက စာဖတ်တယ်။ လယ်ယာကိစ္စကို ကျွမ်းကျင်တယ်။ အလုပ်လုပ်ရာမှ ဝိရိယလည်းရှိတယ်။ အဲဒီတော့ သူ့လယ်ယာတွေကအောင်မြင်တယ်။

တောရွာမှာနေပေမယ့် သူ့အိမ်က နှစ်ထပ်တိုက် ခြေတံရှည်အမျိုးအစား၊ အိမ်အောက်မှာလည်း ဧည့်ခန်းလုပ်ထားတယ်။ အပေါ်ထပ်မှာတော့ မိသားစုတွေနေကြတာပေါ့။ အိမ်မှာမီးစက်ရှိတယ်။ ပြီးတော့ အဝီစိရေတွင်းတူးထားပြီး ရေစုပ်စက်တွေ ဘာတွေလည်းရှိတယ်။

သူကစာဖတ်တာ ဝါသနာပါတော့ ဗဟုသုတလည်းများတယ်။ ဆိုလာဆဲလ်တွေ အကြောင်းလည်းသိ တော့ သူ့အိမ်ဘေးနဲ့ ခေါင်မိုးပေါ်တွေမှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဆဲလ်တွေ တပ်ထားပြီး လျှပ်စစ်ဓါတ်အား ရအောင် လုပ်ထားတယ်။

သူကကျေးရွာမှာ လူချစ်လူခင်ပေါတယ်။ အပေါ်ယံကြည့်ရင် အတော်သဘောကျစရာ ကောင်းတဲ့သူပဲ။ ဒါပေမယ့် သူက ပညာတတ်ဆိုတာကို မုန်းတီးနေတာက အရမ်းဆိုးတယ်ကွ။

Credit to Sayar Min Htet Zaw

04/05/2025

ကလေးစိတ်ခံစားချက်ကို မထိခိုက်စေမယ့် စည်းကမ်းသတ်မှတ်နည်း ၅ ချက်

၁) အခြေအနေတစ်ခုမှာ ကလေးကို ရွေးချယ်ခွင့်ပေးပါ
ကလေးကို "မလုပ်ရဘူး" ဆိုပြီး တားမြစ်တဲ့ ပုံစံအစား ✅ "ဒါကိုမလုပ်ဘဲ ဒါလေးအရင်လုပ်ကြည့်ပါလား။ ပြီးမှ သား/သမီး ကြိုက်တာလုပ်နော်" ဒီလိုရွေးချယ်မှုပုံစံလေးနဲ့ မေးတာဟာ ကလေးအတွက် အပြုသဘောဆောင်တဲ့ စိတ်ကိုဖြစ်စေပါတယ်။

၂) စိတ်ခံစားချက်တွေကို နားလည်ပေးပါ
ကလေးရဲ့စိတ်ကို နားလည်ကြောင်းပြောပြပေးပါ။ (ဥပမာ - သား/သမီး ဒါမလုပ်ရလို့ စိတ်တိုနေတာကို သိပါတယ် ဒါပေမယ့် စိတ်တိုတာနဲ့ပဲ ဒီလိုတော့ မလုပ်ရဘူးနော် ဒါကတော့ မကောင်းတဲ့ အကျင့်မို့လို့ မလုပ်သင့်ဘူးနော်) ဒီလို နားလည်အောင် ရှင်းပြတာဟာ ကလေးရဲ့စိတ်ကိုလည်း တည်ငြိမ်နိုင်စေသလို ကိုယ်ပြောချင်တာကိုလည်း နားလည်လွယ်စေပါတယ်။

၃) ဖြစ်လာမယ့် အကျိုးဆက်တွေကို ရှင်းပြပေးပါ
ကလေးက အမှားတစ်ခုခုလုပ်လိုက်လို့ အပြစ်ပေးတာထက် ဒီလိုလုပ်လိုက်ရင် ဒီလိုဖြစ်နိုင်တယ်ဆိုတာကို ရှင်းပြပေးပါ။ တစ်ခါတလေမှာ ကလေးအတွက် ကြီးကြီးမားမား အန္တရာယ်မရှိတာတွေဆိုရင် လက်တွေ့လုပ်ပြသင့်တာတွေက လုပ်ပြပေးပါ။

၄) ပြဿနာကို ကစားနည်းအဖြစ်ပြောင်းလဲပါ
ကလေးက အိပ်ချိန်မှာ မအိပ်တာမျိုးတွေ ဖြစ်နေပြီဆို ဒီအခြေအနေ ဂိမ်းပုံစံလေး ပြောင်းလဲကြည့်ပါ။ ဥပမာ (အိမ်မှာရှိတဲ့လူတွေအကုန်လုံး အိမ်တိုင်းကစားကြမယ် ဘယ်သူအရင်အိပ်မလဲ ကြည့်ကြမယ်) ဒါမျိုးပုံစံလေးတွေက ကလေးကိုယ်တိုင် ပါဝင်ချင်စိတ်ဖြစ်စေပြီး အခြေအတင်လည်း မဖြစ်တော့ပါဘူး။

၅) ကောင်းတဲ့အပြုအမူတွေကို အသိအမှတ်ပြုပေးပါ
ကလေးကို ဆူတာ ပြောတာမျိုးတွေထက် သူနားလည်အောင် ပြောပြပေးတာ ပိုကောင်းပါတယ်။ ကလေးက ကောင်းတာတစ်ခုခု လုပ်လိုက်ရင်လည်း သေသေချာချာလေး ချီးကျူးပေးပါ။ (သား/သမီး ဒါလေးလုပ်လိုက်တာ အရမ်းကောင်းတယ် တော်လိုက်တာ) ကလေးတွေကို ချီးကျူးစကားပြောပေးတာဟာ သူတို့အတွက် စိတ်ခွန်အား ပိုတက်စေပါတယ်။

စည်းကမ်းဆိုတာ ချစ်ခြင်းမေတ္တာရဲ့ အစိတ်အပိုင်းတစ်ခုပဲမို့ သားသားမီးမီးလေးတွေအတွက် စိတ်ထိခိုက်မှုမဖြစ်စေတဲ့ ဒီလို အိမ်တွင်းစည်းကမ်းလေးတွေ သတ်မှတ်ပေးဖို့ လိုပါတယ်နော်..

#ထးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

03/05/2025

အညွန့်တုံးအောင်မပြောပါနဲ့

သားသမီးကိုချစ်ရင် အညွန့်တုံးအောင်မပြောပါနဲ့။

“ဟဲ့ကောင် ငတုံး ၊ နင်ဘာမှ အသုံးမကျပါလား၊ သူများချီး ကိုစားရမယ့်ကောင်”
ဆိုတာမျိုး မိဘ အများစု ပြောတတ်ကြပါတယ်။

ပြောရင်လည်း ခုနစ်အိမ်ကြား ရှစ်အိမ်ကြားကိုအော်ပြောကြတာပါ။

သားသမီးတွေ ခမျာ ရှက်လဲရှက်

ပြန်ပြောရအောင်

မကျေမနပ်ဖြစ်ရအောင်လည်း

မိဘဖြစ်နေတာ့ ပြောရခက်။

အောင့်သက်သက်ကြီးနဲ့ ခံနေရတာပါပဲ။

“ဒါလေးပြောတာ ဘာဖြစ်သွားမှာမို့လဲ”လို့လို့တချို့က ရန်တွေ့ပါသေးတယ်။

ဟုတ်ပါတယ်။

သူတို့ပြောသလို အကြီးအကျယ် အရေးပါတဲ့ ကိစ္စ တခုတော့မဟုတ်ပါဘူး။

ဒါပေမယ့် တခါတလေမှာ အဲ့ဒီ မကြီးကျယ်တဲ့ကိစ္စလေးတွေကပဲ
ကိစ္စအကြီးကြီး၊ ပြဿနာအကြီးကြီးတွေကိုဖြစ်စေတာပါ။

ကမ်းနားမှာ ရပ်ထားတဲ့လှေမှာ
အပေါက်သေးသေးပေါက်နေလို့ကိစ္စ မရှိပါ။

မြစ်ထဲ ချောင်းထဲ သွားမယ်ဆိုရင်
အဲ့ဒီအပေါက်သေးသေးလေးက
လှေနစ်တဲ့အထိ ဖြစ်စေမယ့်ပြဿနာပါပဲ။

ကိုယ့်သားသမီးဆိုပြီး
သင်တို့တသက်လုံးတင်ကျွေးထားမှာလည်းမဟုတ်ပါဘူး။

အချိန်တန်တဲ့အခါ
ဒီခလေးတွေဟာ
လောက ထဲမှာ ရုန်းကန်လှုပ်ရှား ကြိုးစားကြရမှာ ဓမ္မတာပါ။

လောကကြီးရဲ့စိန်ခေါ်မှု၊အခက်ခဲတွေကိုရင်ဆိုင်ရမယ့် ခလေးတွေကို
အားပေးရမယ့် အစား “ဘာမှအသုံးမကျ ဘူး ၊သူများ မစင် စားရမယ့်ကောင်”
လို့ပြောပြီး အညွန့်ချိုးသင့်ပါသလား။

မိဘတွေ ပြန်စဉ်းစားသင့်ပါတယ်။

ဒါက ဘာနဲ့တူသလဲဆိုရင်
တိုက်ပွဲဝင်ခါနီးသူရဲကောင်းကို
“နင်ကတော့ မပြန်လမ်းသွားနေတာပဲ “လို့ပြောလိုက်သလိုပါပဲ။

ပြောတဲ့သူအတွက်မသိသာပေမယ့်
အပြောခံရသူရဲ့ စိတ်ထဲမှာ
ဒီစကားက လွယ်လွယ်နဲ့မပျောက်သွားပါဘူး။

နာကြည်းလို့မဟုတ်ပဲကို မသိစိတ်ထဲမှာမှတ်မိနေတာပါ။

အကြိမ်ဖန်များစွာ အခုလို အပြောခံရတဲ့ ခလေးတွေခမျာ
စိတ်နှလုံးတွေ ညှိုးငယ်၊ယုံကြည်မှုတွေပျောက်၊ရဲရင့်မှုတွေ ကုန်ဆုံးပြီး
လောကအလယ်
သေးသိမ်စွာနဲ့ ပဲ အသက်ရှင်သွားရပါတော့တယ်။

ဟိုဟာဆိုလဲ မလုပ်ရဲ၊
ဒီဟာဆိုလဲ မပြောရဲ၊
ရစရာရှိတာတောင် မတောင်းရဲ တဲ့သူရဲဘောနည်းတဲ့ ခလေးတွေ ရှိနေတာ
မိဘတွေ ပျိုးထောင်မှုမတတ်လို့၊
အပြောအဆို မတတ်လို့ပါပဲ။

ဒါ့ကြောင့်

သားသမီးကိုချစ်ပါ။

မနှစ်ပါနဲ့။

ပြုပြင်ပေးပါ။

မနှိမ့်ချပါနဲ့။

ဆုံးမပါ အညွန့်မချိုးပါနဲ့လို့ မိဘတွေကို အသိပေးလိုက်ရပါတယ်။

05/04/2025

Grammer Class
Level - 4

04/04/2025

Summer English Programs
Section (1)

Ph-09250111633

22/03/2025

*သင့်ကလေးငယ်လေးတွေကို ပိုက်ဆံအကြောင်း နားလည်အောင် ဘယ်လိုစပြီးသင်ကြားမလဲ။*

*၁။ အခြေခံများကိုမိတ်ဆက်ပါ (အသက် ၃-၆)*

• ပိုက်ဆံကိုမိတ်ဆက်ပါ – ငွေသားပုံစံများကိုပြသပြီး တန်ဖိုးများကိုရှင်းပြပါ။
• အရောင်းအဝယ်လုပ်တမ်းကစားပါ – ပိုက်ဆံအသုံးပြု၍ ကစားရသော ကစားနည်းလမ်းများဖြင့် ဆော့ကစားပါစေ။ (Play pretend shopping)
• စုဗူးစုသောအကျင့်လေးမွေးမြူပေးပါ – စုဗူးထဲငွေစုသောအကျင့်ကို လေ့ကျင့်ပေးပြီး စုတဲ့ကာလကြာလာသည်နှင့်အမျှ ငွေများတိုးပွားလာကြောင်းရှင်းပြပေးပါ။

*၂။ သုံးခြင်းနှင့်စုခြင်းကိုသင်ကြားပါ (အသက် ၆-၁၀)*

• မုန့်ဖိုးပေးပါ – ရက်သတ္တပတ်တိုင်း ငွေကြေးကို စီမံခန့်ခွဲဖို့ရန်အတွက် မုန့်ဖိုးပေးပါ။
• ပိုက်ဆံခွဲဝေသုံးစွဲမှု – သုံးမယ်၊ စုမယ်၊ လှူမယ် (charity) ဆိုပြီး စုဗူး (၃)ဗူးထား၍ ခွဲဝေထားပါ။
• ငွေစုရာတွင်ပန်းတိုင်ချမှတ်ပါ – မိမိလိုချင်သောအရာများအတွက် Small goals ချမှတ်၍ စုပါစေ။

*၃။ ဝင်ငွေနှင့် အသုံးစရိတ်ကိုနားလည်ပါစေ (အသက် ၁၀-၁၄)*

• ငွေဝင်ရန် အခွင့်အရေးပေးပါ – ပုံမှန်လုပ်နေကျအိမ်အလုပ်များအပြင် ဒီထက်ပိုလုပ်နိုင်သော အိမ်မှုကိစ္စများအတွက် မုန့်ဖိုးပေးပါ။
• အသုံးစရိတ်မှတ်တမ်းထားခြင်း – အသုံးစရိတ်များကို မှတ်တမ်းတင်နိုင်ရန် စာအုပ် (သို့) app အသုံးပြု၍ နေ့စဉ်မှတ်သားခိုင်းပါ။
• ဈေးနှုန်းနှိုင်းယှဉ်ခြင်းသင်ကြားပေးပါ – မတူညီသောပစ္စည်းများ၏ တန်ဖိုးနှင့် အရည်အသွေးကို သုံးသပ်ရန် သင်ကြားပါ။

*၄။ တကယ့်ဘဝတွင် အသုံးပြုရမည့် ငွေကြေးများအကြောင်းကိုသင်ကြားခြင်း (အသက် ၁၅-၁၈)*

• ဘဏ်စာရင်းဖွင့်ရန်လမ်းညွှန်ပါ –Saving Account၊ ATM card စသဖြင့် Bank Card များ၏ သုံးနည်းများနှင့် အသုံးဝင်ပုံများကို သင်ကြားပေးပါ။
• အကြွေးနှင့် ချေးငွေစနစ်ကိုရှင်းပြပါ – ချေးငွေ၊ အကြွေးနှင့် ဆိုင်ရာကိစ္စများကို နားလည်စေရန် ရှင်းပြပါ။
• Small Job တစ်ခုကို ဖန်တီးခိုင်းပါ – အချိန်ပိုင်းအလုပ်လုပ်စေခြင်းဖြင့် Small Job တစ်ခုကို လုပ်ခွင့်ပေးပါ။

Photo crd

11/02/2025

သူစိမ်းကြောက်တဲ့ ကလေးတွေ
************************
Stranger anxiety လို့ခေါ်တဲ့ သူစိမ်းကြောက်တတ်ခြင်းဟာ ကလေးငယ်တွေအဖို့ ပုံမှန်ဖွံ့ဖြိုးမှုတခုပါ။ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ မိသားစုကို ပိုခင်တွယ်လာမယ်။ သူနဲ့မသိသူတယောက်ဟာ သူ့ကို ရန်မူနိုင်တယ်လို့ တွေးတတ်လာမယ်။ ဒါကြောင့် သူစိမ်းကြောက်တတ်လာခြင်းဟာ ကလေးရဲ့ ဥာဏ်ရည် ပိုမိုဖွံ့ဖြိုးလာခြင်းလို့ ဆိုရမှာပါ။

အိမ်သားနည်းတဲ့ မိသားစုက ကလေးတွေမှာ သူစိမ်းကြောက်စိတ် ပိုပြင်းထန်တတ်ပါတယ်။ နေ့တိုင်း လူကြီး ၂-၃ ယောက်လောက်နဲ့ပဲ အမြဲတွေ့နေရတဲ့ ကလေးတွေမှာ ကြောက်စိတ်ပိုတတ်ပါတယ်။

သူစိမ်းကြောက်တဲ့စိတ်က တဖြည်းဖြည်းမှ ဖြစ်ပေါ်လာတာမျိုးပါ။
-----------------------------------------------
ကလေးအသက် လေးလလောက်မှာ စပြီး ရင်းနှီးတဲ့သူနဲ့ သူစိမ်းနဲ့ကို ခွဲခြားသိလာတယ်။ ဆက်ဆံပုံ တဖြည်းဖြည်း ကွာခြားလာတယ်။

၇-၈ လလောက်မှာ ပိုသိသာလာတယ်။ သူ့ပတ်ဝန်းကျင်နဲ့ တွေ့နေကျလူတွေကို မှတ်မိလာပြီး သူစိမ်းကို သိလာတယ်။

အသက် ၁နှစ်လောက်မှာတော့ ဦးနှောက်ပိုဖွံဖြိုးလာပြီး သူစိမ်းကြောက်စိတ် ပိုပြင်းထန်လာတယ်။ သူစိမ်းတွေ့တာနဲ့ အမေဆီပြေးပြီး ခြေထောက်ဖက် ကုတ်ကတ်တက်ပြီး သူတို့ကို ကောက်ချီခိုင်းတတ်လာတယ်။

အသက် ၂နှစ်လောက်မှာတော့ သက်တူကလေးတွေနဲ့ ပိုဆက်ဆံတတ်လာပြီ။ သူစိမ်းကြောက်စိတ်က အသွင်တမျိုး ပြောင်းလာတယ်။ မရင်းနှီးသေးတဲ့ ရွယ်တူကလေးတွေနဲ့တွေ့ရင် ကစားဖို့ ရွံ့နေတတ်ကြတယ်။

အသက် ၂နှစ်ကျော်လာရင် သူစိမ်းကြောက်စိတ် တဖြည်းဖြည်း ပျောက်လာရပါမယ်။ ကလေးအသက် ၂နှစ်ခွဲ ကျော်ထိ သူစိမ်းကြောက်တတ်နေသေးရင်တော့ မိဘက ကိုယ့်ကိုယ်ကို ပြန်စစ်မေးကြည့်ပါ။ Over protected မိဘဖြစ်နေသလား။ ကလေးကို အကာအကွယ်ပေးလွန်းပြီး ကလေးကိုယ်တိုင် ပတ်ဝန်းကျင်ကို စပ်စုလေ့လာခွင့် မပေးထားလို့လား ပြန်စမ်းစစ်ကြည့်ရမှာပါ။

ဘယ်လိုအမူအရာတွေ ပြမလဲ။
------------------------------------
တယောက်နဲ့တယောက် ကြောက်တဲ့ပုံစံ မတူကွဲပြားတတ်ပါတယ်။

သူစိမ်းကိုတွေ့တာနဲ့
- ရွံ့တဲ့အကြည့်နဲ့ ကြည့်နေမယ်။
- ရုတ်တရက် ငြိမ်ကျသွားမယ်။
- အကျယ်ကြီး အော်ငိုမယ်။
- ကဂျီဂဂျောင်ကျမယ်။
- အမေ/အဖေ/သူ့ကို အမြဲထိန်းသူကို သူစိမ်းနဲ့သူ့ကြား ဇွတ်ဆွဲခေါ်မယ်။ သူတို့ လက်မောင်းကြား အတင်းဝင်တွယ်ပြီး ခေါင်းဖွက်ထားတာမျိုး လုပ်မယ်။ အတင်းချီခိုင်းမယ်။

Stranger anxiety ကို ဘယ်လိုဖြေရှင်းမလဲ။ ----------------------------------------------
သဘာဝအလျောက် ဖွံ့ဖြိုးမှုတခုဖြစ်လို့ ပြဿနာတခုလို့ မယူဆပါနဲ့။ ကိုယ့်ကလေးရဲ့ သူစိမ်းကြောက်စိတ်အတွက်လည်း အလွန်အမင်း စိုးရိမ်စရာ မလိုပါဘူး။ သူစိမ်းကြောက်စိတ် လျော့ကျအောင် အောက်က နည်းလမ်းတွေ ကြိုးစားကြည့်လို့ရပါတယ်။

- သူစိမ်းလာမယ့်အကြောင်း ကလေးကို ကြိုပြောပြပါ။ ဖေဖေ မေမေတို့နဲ့ ခင်မင်ရင်းနှီးတဲ့သူဖြစ်ကြောင်း သား/သမီးကိုလည်း သူက ခင်မင်ချင်တဲ့အကြောင်း ကြိုပြောပြထားရင် ကလေးက သူ့ကို အန္တရာယ်ပြုမယ့်သူ မဟုတ်မှန်း ကြိုသိနေတဲ့အတွက် ကြောက်စိတ်လျော့စေမယ်။

- သူစိမ်းနဲ့တွေ့တဲ့အခါ ကလေးကို မကြောက်ဖို့ နှုတ်ဆက်ဖို့ အားပေးရင်း ကိုယ်ကလည်း ရင်းရင်းနှီးနှီးနေပြရင်း ကလေးရဲ့ကြောက်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

- ကလေးက ကြောက်စိတ်နဲ့ အနားမကပ်ချင်ပုံ ပြနေခဲ့ရင် နှုတ်ဆက်ဖို့ ဇွတ်ရှေ့ထွက်ခိုင်းတာမျိုး တွန်းထိုးလွှတ်တာမျိုး မလုပ်ပါနဲ့။ ကလေးကို အသာပွေ့ဖက်ရင်း မကြောက်ဖို့ အားပေးပါ။ ကလေး စိတ်သက်သာအောင် အားပေးပါ။

- ကလေးကြောက်နေတာကို စိတ်ဆိုး စိတ်ပျက်တဲ့အမူအရာ လုံးဝမပြသင့်ပါဘူး။ ကိုယ်စိတ်မဆိုးကြောင်းလည်း ကလေးသိပါစေ။

- သူစိမ်းနဲ့ ကိုယ့်ကလေး ပေးတွေ့တဲ့အခါ ချက်ချင်း ကလေးနားကပ်ပြီး ကောက်ပွေ့တာမျိုး မလုပ်ပါစေနဲ့။

- သူစိမ်းကို ခပ်ဝေးဝေးကနေစေပြီး ကိုယ်တိုင်က ကလေးကို ပွေ့ကိုင်ထားပြီးမှ မိတ်ဆက်ပေးပါ။ စကားဖြည်းဖြည်းပြောရင်း မကြောက်အောင် အချိန်ယူစေပါ။

- ကလေးရဲ့ တုန့်ပြန်မှုတွေအပေါ် စိတ်ရှည်ပါ။ သူစိမ်းတွေနဲ့ ဆက်ဆံတတ်လာစေဖို့ အချိန်ယူရပါမယ်။ ဘေးက ဇွတ်အတင်း ပြုပြင်ဖို့ကြိုးစားတာက အခြေအနေကို ပိုဆိုးစေနိုင်ပြီး ကလေးက လူပိုကြောက်လာနိုင်ပါတယ်။

- ကလေးရဲ့သူစိမ်းကြောက်စိတ်ကို အရေးတယူရှိရပါမယ်။ မသိချင်ယောင်ဆောင်တာ, သတိမထားမိတာတွေက ကလေးရဲ့ သူစိမ်းကြောက်စိတ်ကို ပိုဆိုးစေနိုင်ပါတယ်။

- ကလေးရှေ့မှာ ''သား/သမီးက လူသိပ်ကြောက်တတ်တာ'' ''အရမ်းရှက်တတ်တာ'' စတဲ့ တံဆိပ်ကပ်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။

- ကလေးရဲ့ သူစိမ်းကြောက်စိတ်ကို မပြောင်သင့်, မစနောက်သင့်ပါဘူး။

- မိသားစုဝင်တွေနဲ့ အိမ်ကို အဝင်အထွက်လုပ်လေ့ရှိတဲ့ အပေါင်းအသင်းတွေကို ကလေးက သူစိမ်းကြောက်တတ်တဲ့ အရွယ် ဖြစ်နေကြောင်း အသိပေးထားပါ။ ဒါဆို သူတို့ကိုယ်တိုင် ကလေး နေရခက်အောင် ပြုမူတာမျိုး ရှောင်ကြပါလိမ့်မယ်။

- ကလေးထိန်း အသစ်ခေါ်တာမျိုးဆိုရင်လည်း ကလေးနဲ့ ရင်းနှီးမှုရအောင် ဖြည်းဖြည်းချင်း ကျင့်ယူပါ။

- မိသားစုနဲ့ ရင်းနှီးတဲ့သူတွေကို ကလေးနဲ့ မကြာခဏ ပေးတွေ့ပါ။

- လူများတဲ့နေရာတွေ ကလေးကို မကြာခဏ ခေါ်သွားပေးပါ။ နေ့စဉ် အနီးအနားထွက်ပေးပြီး တပတ်တခါလောက် လူစည်ကားတဲ့ ပန်းခြံ, တိရစ္ဆာန်ရုံ, ကုန်တိုက် လိုနေရာမျိုးတွေ ခေါ်သွားပေးပါ။

Stranger terror
----------------------
Stranger terror က Stranger anxiety ထက် ပိုပြင်းထန်ပါတယ်။

- ကလေးနဲ့မရင်းနှီးတဲ့သူ အိမ်ထဲဝင်လာတာနဲ့ ကလေးက ပြေးပုန်းမယ်။
- သူစိမ်းက ကလေးကို ဘာမှမလုပ်ဘဲ စကားတောင် မပြောဘဲနေတာတောင် ကလေးက ကြောက်ဟန်ပြနေမယ်။
- သူစိမ်းက ထိလိုက်ကိုင်လိုက်တာနဲ့ အာခေါင်ခြစ်ငိုပြီး ကော့ထိုးမယ်။
- အချိန်အတော်ကြာ သူစိမ်းနဲ့ ပေးတွေ့ထားပြီးတာကိုပဲ ကလေးမျက်နှာက ကြောက်ရွံ့နေတာ လျော့မသွားဘူး။

အဲဒီလို ပြင်းထန်တဲ့ Stranger terror ကို ကလေးငယ်စဉ်ကတည်းက ဂရုတစိုက်စောင့်ရှောက်တာ မခံခဲ့ရတဲ့ ကလေးတွေမှာ တွေ့နိုင်ပါတယ်။ ဒီလိုကလေးတွေမှာ ဖွံ့ဖြိုးမှုကလည်း ပုံမှန်ထက် နောက်ကျနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်မလဲ။
-------------------------------------------
နေ့စဉ် လုပ်နေကျအလုပ်တွေ ပျက်ရလောက်အောင် သူစိမ်းကြောက်တတ်နေရင်, ဘယ်သူစိမ်းကိုမှ လက်မခံဘဲ ရှောင်ဖယ်နေရင်, သူစိမ်းကြောက်စိတ် ပျောက်သင့်ချိန်တန်ရက်နဲ့ မပျောက်သေးရင် … ကလေးအဖို့ ပတ်ဝန်းကျင်အသစ်ကို လေ့လာခွင့်, သင်ယူခွင့် မရဘဲနေမှာ ဖြစ်တဲ့အတွက် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။

ရင်သွေးတို့ ကြောက်ရွံ့ခြင်း ကင်းကြပါစေ။ ။

ရေးသားသူ - ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်)

11/02/2025

နွေရာသီ ကလေးတွေကို ဘယ်ပို့ရမလဲ စဉ်းစားနေလား !!!

Let's study together!!🤩🤩

ဒီနှစ် နွေရာသီမှာတော့ Share and Care Early Childhood Language and Development မှ

Summer English Class မှာ

PHONICS CLASS ( 5 Yo ++)ကို
- Every Monday and Tuesday ( 3pm to 5pm)ထိ ဖြစ်ပြီး
Phonics
Consonants & Vowels
Long vowels & Short Vowels
Silent letters
Tricky words
Vocabulary to support government curriculum နှင့်

Basic Grammer and 4 skills class( 8 Yo ++) ကို
- Every Wednesday , Thursday and Friday
- ( 3pm to 5pm)ထိ

Eight parts of speech
Tenses
Essay reading & writing
Basic Speaking စတာတွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

Tr.Grace
Certified in ECCD ( Department of Social Welfare)
Certified in Early Childhood Language and Development ( British Council)
A Member of Young Southeast Asian Leaders Initiative မှ ဦးစီးသင်ကြားပြီး သင့်တင့်လျှောက်ပတ်တဲ့သင်တန်းကြေးနဲ့အတူ 🤗🤗
Fees- 100000/- MMK ( March + April + May )

သင်တန်းတည်နေရာ- ဟင်္သာကုန်း (၁၉)ရပ်ကွက်
ကျန်စစ်သားလမ်း ၊ ပွန်ထော်မွန်ဘုန်းကြီးကျောင်းအနီး ၊ ပဲခူးမြို့ မှာ

- 09250111633 ကိုဆက်ပြီး

ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီနော် 😊

11/12/2023

က​လေး "ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ်" ဖြစ်လာ​အောင်

(*စာရှည်နိုင်သည်*)

လိပ်ပြာလေးအကြောင်း သင်ချင်တဲ့ ဆရာတစ်ယောက် က ကလေးငယ်တွေကို သစ်ပင်တစ်ပင်အောက် ခေါ်သွားတယ်။အဲဒီသစ်ပင်ရဲ့ သစ်ကိုင်းလေး တစ်ကိုင်းမှာ အဖြူရောင် ခြည်လုံးလေးတစ်လုံးနဲ့တူတဲ့ အလုံးကလေး တွယ်ကပ် နေတာကို ဆရာကပြတယ်။ ကလေးတွေက စိတ်ဝင်တစား အနီးကပ်ပြီး ကြည့်ကြတယ်။ ကလေးတွေက သိပ်စိတ်ဝင်စားကြတယ်။အဲဒီအဖြူလုံးလေးထဲက အကောင်လေးဟာ ဥအိမ်ကလေးထဲကအတင်းတိုးထွက်နေတာကို ကလေးတို့တွေ့ရတယ်။ ဒီတော့ ကလေးတွေပိုစိတ်ဝင်စားတာပေါ့။ဆရာက `ကလေးတို့ဥအိမ်လေးကို သေသေချာချာ ကြည့်ရှု လေ့လာကြပါ`လို့မှာပြီး စာသင်ခန်းထဲမှာကျန်နေတဲ့ စာအုပ်တစ်အုပ် သွားယူတယ်။​ေလ့လာကြည့်ရှုနေတဲ့ ကလေးတွေထဒကကလေးတစ်ယောက်ဟာ ကြည့်နေရင်းအတင်းဆိုးထွက်ဖို့ ကြိုးစားနေတဲ့ အကောင်ကလေးကို သနားလာတယ်။ ဒီတော့ အကောင်လေးအပြင်ကို လွယ်လွယ် ကူကူထွက်လာနိုင်အောင် ဘယ်လိုကူညီရမလဲစဥ်းစားတယ်။ ပြီးတော့ သူ့မှာပါလာတဲ့ ကတ်ကြေးငယ်ငယ်လေးနဲ့ ဥအိမ်အပေါက်ကလေးကို ပိုကျယ်လာအောင်ချဲ့ပေးလိုက်တယ်။အဲဒီတော့ အထဲက အကောင်လေးဟာ အတင်းထိုးထွက်ပြီး လေထဲကို ပျံတက်သွားတယ်။ အတောင်လေးတွေမှာ အရောင်တွေစုံနေတဲ့ လိပ်ပြာလေးတစ်ကောင် ဥအိမ်ထဲက ထွက်လာတာတွေ့တော့ ကလေးတွေ သိပ်သဘောကျတယ်။ လိပ်ပြာလေးကို လိုင်ကြည့်ကြတယ်။ လေထဲမှာ ခဏပျံဝဲပြီး လိပ်ပြာလေးဟာ မြေကြီးပေါ်ကျပြီး `မြေကြီးပေါ်မှာ ယက်ကန်ယက်ကန် ဖြစ်နေတာ တွေ့ရတယ်။ခဏကြာတော့ မြေမှုန့်တွေထဲမှာ ရုန်းကန်ရင်း လိပ်ပြာလေး သေသွားတာ တွေ့ရတယ်။

အခြေအနေကိုသိသွားတဲ့ ဆရာက ကလေးတွေကို `လိပ်ပြာကလေး ဘာကြောင့်သေ သွားတာလဲ `လို့မေးပါတယ်။ ကလေးတွေက `ပြုတ်ကျလို့ သေတာ `လို့ ဖြေကြပါတယ်။

လိပ်ပြာကလေး ဥအိမ်ထဲက ထွက်နိုင်အောင်ဘာလုပ်နေတာတွေ့သလဲ လို့ ဆရာကမေးပါတယ်။` တိုးထွက်နေပါတယ်`လို့ ကလေးတွေက ဖြေကြပါတယ်။

`ဘာဆက်ဖြစ်သလဲ`လို့ ဆရာက မေးပါတယ်။ ဒီတော့ လိပ်ပြာကလေးထွက်နိုင်အောင် အပေါက်ကို ချဲ့ပေးလိုက်တဲ့ကလေးက `သား လိပ်ပြာလေးကို သနားလို့ သူ သက်သက်သာသာနဲ့ထွက်နိုင်အောင် အပေါက်ကို ချဲ့ပေးလိုက်တာပါ`လို့ ပြောတယ်။

ဒီတော့ ဆရာက ` သားက လိပ်ပြာကလေးကို သက်သက် သာသာနဲ့ ထွက်လာစေချင်တယ်ဆိုတဲ့ ကူညီချင်တဲ့စိတ်ထားက သိပ်ကောင်းတဲ့စိတ်ကူး ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ကူညီလိုက်တဲ့အတွက် လိပ်ပြာလေးသေ သွားတာ`လို့ ပြောလိုက်တော့ ကလေးတွေ နားမလည်နိုင် ဖြစ်သွားကြတယ်။

ဒီတော့ ထွက်ပေါက်ကျယ်အောင် စေတနာနဲ့ချဲ့ပေးလိုက်တဲ့ကလေးက `ဆရာ သားကသူ့ကိုကူညီတာကြောင့် သူက ဘာလို့​သေ သွားရတာလဲလို့ မေးပါတယ်။

ဆရာက ရှင်းပြပါတယ်။ သားက စေတနာနဲ့ကူညီတာကောင်းပါတယ်။ ဒါပေမဲ့ လိပ်ပြာလေးဟာ ဥအိမ်ထဲကနေ အဆင်သင့်မဖြစ်မီ အပြင်လောကထဲ ရောက်သွားတော့ လောကဓံကို ကြံ့ကြံ့မခံနိုင်သေးဘူး။ ဒါကြောင့် ခဏပျံဝဲပြီး ပြုတ်ကျ သေ သွားတာပေါ့။ လိပ်ပြာကလေးဟာ သူ့အားသူကိုးပြီး ဥအိမ်လေးထဲကနေ အတင်းတိုးထွက်ဖို့ ကြိုးစားရုန်းကန်တဲ့အခါ သူ့ရဲ့ ကိုယ်ခန္ဓာဟာ ပိုသန်မာလာတယ်။ နောက်ဆုံး အသန်မာ အရင့်ကျက်ဆုံးအဆင့်ရောက်တော့ သူ့မှာရှိတဲ့ အင်အားကို အစွမ်းကုန်သုံးပြီး တိုးလိုက်တဲ့အခါ ဥအိမ်ကလေး ပွင့်သွားတယ်။ အဲဒီအချိန်မှာ qထွက်လာတဲ့ လိပ်ပြာကလေးရဲ့ အရောင်အသွေးတွေက ပိုတောက်ပတယ်။ ပျံနိုင်စွမ်းအားလည်း ပိုကောင်းတယ်။ ကောင်းကောင်း သန်မာရင့်ကျက်ပြီးမှ ထွင်လာတဲ့အတွက် အပြင်လောကမှာလည်း ကြံ့ကြ့ံခံနိုင်တယ် လို့ ဆရာက ရှင်းပြပါတယ်။

"လိပ်ပြာကလေးလို ကြ့ံကြ့ံခံနိုင်ဖို့ ဘာလုပ်ဖို့ လိုသလဲ " လို့ ဆရာက ကလေးတွေကို မေးပါတယ်။ ကိုယ့်အားကိုယ်ကိုး ကြိုးစားအားထုတ်ရမယ်လို့ ကလေးတွေက ပြန်​ဖြေနိုင်ကြပါတယ်။

ဒီ ဖြစ်ရပ်ကလေးဟာ သားသမီးတွေ ကို သိပ်ချစ်တဲ့ မိဘ၊ သိပ်ချစ်လို့ သားသမီးတွေ ကို လိုလေသေးမရှိအောင် လိုက်ကူညီပေးတတ်တဲ့ မိဘတွေ အတွက် အထူးသတိပေးနေတဲ့ ဖြစ်ရပ်ကလေးဖြစ်ပါတယ်။ ကလေးကိုချစ်တော့ ကလေးမပင်ပန်းအောင် ၊ ကလေးသက်သာအောင် ဆိုတဲ့စေတနာကောင်းနဲ့ တတ်နိုင်သမျှ ကူညီပေးကြပါတယ်။ ကလေးတွေသူတို့ဘာသာ လုပ်နိုင်တာတွေကိုတောင် လူကြီးမိဘတွေက ကူညီလုပ်ပေးတတ်ကြပါတယ်။ ဥပမာ ကလေးရဲ့လွယ်အိတ်ကအစ မိဘက လိုက်ကူသယ်ပေးတာတို့၊ ကလေးရေးရမယ့်စာကို မိဘက ကူညီရေးပေးတာတို့ စတာတွေလုပ်ပေးကြပါတယ်။ ကိုယ်တိုင်လုပ်နိုင်တာကို လူကြီးမိဘ တွေက ဝိုင်းကူလုပ်ပေးနေတော့ လးကြီးရဲ့အကူအညီကို နေရာတိုင်းမှာ ရချင်တဲ့စိတ်က ကလေးတွေမှာ ဖြစ်လာပါတယ်။ အဲဒီကနေ ပိုဆိုးတဲ့အကျင့် တွေရလာပါတယ်။ ကိုယ်နိုင်တာကိုတောင် ကိုယ်မလုပ်ချင်တော့တဲ့စိတ် ဖြစ်လာပါတယ်။ အရာရာလူကြီးမိဘက လုပ်ပေးစေချင်တဲ့စိတ်တွေဖြစ်လာပါတယ်။ တစ်နည်းပြောရရင် ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ် မရှိတော့ပါဘူး။ဒီအလေ့အကျင့်ကြောင်​​့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချတဲ့စိတ်လည်း ဖြစ်မလာတော့ပါဘူး။ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ကလေး၊ နေရာတိုင်းမှာ သူတစ်ပါးကိုသာအားကိုးတဲ့စိတ်ဖြစ်နေတဲ့ ကလေးဟာ နဖူးတွေ့ ဒူးတွေ့ ပတ်ဝန်းကျင် လောကထဲဝင်တဲ့အခါ အခက်အခဲတွေ အများကြီး ကြုံလာရပါတော့တယ်။ လူတော မတိုးရဲတော့ပါဘူး။

တကယ့်ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြချင်ပါတယ် ။ နာမည်ကြီးကျောင်းမှာထားပြီး ကလေးရဲ့လွယ်အိတ်၊ ထမင်းချိုင့် စတာတွေကို လူကြီးကလွယ်ပြီး ကျောင်းကြိုပ့ု့လုက်နေတဲ့မိခင်တစ်ဦးရဲ့အဖြစ်ပါ။ အမေက ကျောင်းအဝင်ဂိတ်ဝနားအထိ လွယ်အိတ်၊ ထမင်းချိူင့်တွေကိုလွယ်ပြီး လိုက်ပို့ပါတယ်။ ကလေးကကျောင်းဂိတ်ဝကနေ စာသင်ခန်းအထိ သူ့ပစ္စည်းသူ သယ်ရပါတယ်။ အဲဒီတော့ ကလေးက `မေမေ ဒီနားက ရပ်ကြည့်နေနော်။ ဘယ်မှမသွားနဲ့`လို့ ပြောရင်း အမေရှိနေသေးသလားဆိုတာ နောက်ပြန်တကြည့်ကြည့်နဲ့ အတန်းထဲ ဝင်သွားတဲ့ကလေးမျိုးတွေ ရှိနေပါတယ်။ ဒီလိုကလေးတွေဟာ လောကကို ရင်ဆိုင်နိုင်တဲ့ အစွမ်းသတ္တိတွေ၊ ကြံ့ခိုင်မှုတွေ ဘယ်ကရနိုင်မှာလဲ။ လိပ်ပြာကလေး ခဏပျံဝဲပြီး ​မြေပေါ်ပြုတ်ကျတာမျိုး မဖြစ်နိုင်ဘူး လား။ လောကနဲ့ထိတွေ့ရင်ဆိုင်တဲ့နေရာမှာ လူကြီးမိဘတွေက အစစအရာရာ လိုက်လုပ်မပေးနိုင်ပါဘူးး။ ကလေးတွေဟာ အချိန်တန်ရင် သူတို့ဘဝ သူတို့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မလွဲမသွေ ကြုံတွေ့ရမယ့် လောကသဘာဝ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်တဲ့ စွမ်းရည် သတ္တိ တွေ ရှိဖို့လိုပါတယ်။ အဲဒီ အစွမ်းသတ္တိတွေကို ငယ်ငယ်ကတည်းက တဖြည်းဖြည်း လေ့ကျင့်မွေးပေးဖို့၊ ပြုစုပျိုးထောင်ပေးဖို့် လိုပါတယ် ။

မိဘတွေက သားသမီး တွေကို ရင်အုပ်မခွာနေချင်၊ ထားချင်ကြပေမဲ့ ရင်အုပ်က ခွာထွက်သွားတဲ့အခါ ကြံ့ကြံ့ခံနိုင်တဲ့ ကလေးတွေ၊ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုယ်ထိန်းနိုင်သိမ်းနိူင်တဲ့ ကလေးတွေ ဖြစ်အောင် လေ့ကျင့်ပေးဖို့ဟာ သိပ်အရေးကြီးပါတယ်။ ပိုအရေးကြီးပါတယ် ။ လက်တွေ့ဘဝ အခြေအနေနဲ့လည်း ပိုကိုက်ညီပါတယ်။ ကလေးတို့အတွက် လိုအက်ချက်ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေကို တကယ်ချစ်ရင် သူ့အရွယ်နဲ့ လုပ်တတ်ရမယ့်၊ သူတို့လုပ်နိုင်တဲ့ အလုပ်တွေကို လုပ်တတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်။ စတင်လုပ်ချိန်မှာ သေသပ်မှုကောင်းချင်မှကောင်းမှာပါ။ စိတ်ရှည်ရှည်ထားပြီး လေ့ကျင့်ပေးရင် ကလေးဟာ လုပ်နိုင်စွမ်းရည် တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကလေးကိုယ်တိုင် လုပ်နိုင်စွမ်းတိုးတက်လာပြီး လုပ်နိုင်လာတာလေးတွေကိုလည်း အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒီလို အသိပမှတ်ပြုတော့ ကလေးဟာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ကလေးတွေဟာ လုပ်ရဲကိုင်ရဲ ရှိပါတယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိတယ်။ ကိုယ်တိုင်လည်း ကြိုးစားလုပ်ကိုင်တတ်တဲ့အတွက် လုပ်တတ်ကိုင်တတ်တဲ့စွမ်းရည်ဟာ တိုးတက်လာပါတယ်။

ဒီလိုလေ့ကျင့်ပေးတဲ့နေရာမှာ လူကြီးတွေဘက်က စိတ်ရှည်ဖို့လိုပါတယ်။ ဥပမာ ထမင်းကိုဇွန်းနဲ့စပြီး စားတဲ့အလေ့အကျင့်လုပ်စမှာ ထမင်းတွေဖိတ်ကျံတာ၊ ပေကျံတာတွေများမှာပါ။ လူကြီးကျွေးတာလောက်လည်း မြန်မှာမဟုတ်ပါဘူး။ အဲဒီလို မသေမသပ်ဖြစ်နေတာကို စိတ်ရှည်ရှည် လေ့ကျင့်ပေးရင်၊ လေ့ကျင့်ပေးတဲ့အတွက်အချိန်တော​့ယူပါတယ်။ ဒါပေမဲ့နောက်ပိုင်း ကလေးဟာ သူ့ဘာသာစားတတ်သွားရင် လူကြီးကနေပြီးအချိန်ယူကျွေးစရာမလိုတော့ပါဘူး။ လေ့ကျင့်ပေးစဥ်က ကုန်ခဲ့တဲ့အချိန်နဲ့နောက်ပိုင်း သက်သာတဲ့အချိန်ကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လေ့ကျင့်စဥ်က ပေးရတဲ့အချိန်ဟာကုန်သင့်ကုန်ထိုက်တဲ့အချိန်ဆိုတာ သိလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေကို တကယ်ချစ်ရင် သးတို့နိုင်တဲ့ အလုပ်ကလေးတွေကို ကိုယ်တိုင်လုပ်တတ်အောင် လေ့ကျင့်ပေးဖို့် အထူးလိုအပ်ပါတယ်။ချစ်တဲ့အတွက် ကလေးတို့လုပ်ရမယ့် အလုပ်တွေကို လူကြီးမိဘ ၊ အဘိုးအဘွား တွေက လုပ်ပေးနေတာဟာ `ပေါ့စေလိုလို့ကြောင်ရုပ်ထိုး၊
ဆေးအတွက် လေး `ဆိုတဲ့စကားလိုဖြစ်တတ်ပါတယ်။ သနားလို့၊ ချစ်လို့ လုပ်ပေး၊ လုပ်ပေးနေတဲ့ အတွက်မလုပ်တတ်၊ မလုပ်တတ်တော့ သူတစ်ပါးကို အားကိုးရင်း နောက်ဆုံး တော့ သူများအပေါ်မှီခိုအားထားပြီး အသက်ရှင်ရတဲ့ ဘဝမျိုး ရောက်နိုင်ပါတယ်။ ပတ်ဝန်းကျင်က ငြိုငြင်လာတဲ့ လူတစ်ယောက် ​ဖြစ်လာနိုင်ပါတယ်။

သူ့အရွယ်နဲ့သူ လုပ်နိုင်တာတွေ လုပ်တတ်တဲ့ ကလေးတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ကလေးတွေ ၊ ဘဝကိုရင်ဆိုင်ဖို့ ကြံ့ကြံ့ခံနိုင်တဲ့ ကလေးတွေ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါ​စေလို့ ဆန္ဒပြုပါတယ်။

စာရေးသူ
ဒေါက်တာသိန်းလွင်( ပညာရေးစိတ်ပညာပါရဂူ )

( ကလေးကို ချစ်ရင် မခြောက်ပါနဲ့ ) စာအုပ်မှ ထုတ်နှုတ်တင်ပြ သည် ။

English စကား​ပြောကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပုံပြင်လေးတွေနဲ့ လေ့လာချင်တယ်ဆိုရင်တော့...🙆🏻‍♂️ ☎၀၉၇၆၀၁၆၈၀၂၀ ☎

Want your school to be the top-listed School/college in Bago?

Click here to claim your Sponsored Listing.

Location

Telephone

Address

KYAN SIT THAR Street, NEAR BY PONTHAW MON MONASTERY, HIN THAR GONE BAGO
Bago

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00