10/11/2023
❝ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို
ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင် ခိုလှုံကြ ❞
▬▬▬▬▬▬▬▬▬▬
တလှိုင်းပြီး တလှိုင်း၊ တဆင့်ပြီး တဆင့် မြင့်မား၊ တိုးတက်လာတဲ့ ပြည်သူ့တော်လှန်ရေး အောင်ပွဲတွေကို လူထုကြီးတရပ်လုံးက အောင်သပြေနဲ့ သောင်းသောင်းဖြဖြ ကြိုဆို၊ ဂုဏ်ပြုလိုက်ကြရအောင်ဗျိုး။
အရှိန်တင်လာတဲ့ စစ်ရေးတိုက်ပွဲများနဲ့အတူ ပြည်သူများကလည်း ဟန်ချက်ညီညီနဲ့ "အောင်သပြေ လူထုလှုပ်ရှားမှုကြီး" ကို လူထုတိုက်ပွဲနည်းဖြင့် ဖော်ဆောင်ကြဖို့ပါ။
သပြေပန်းဆိုတာကတော့ အားလုံး သိရှိပြီးသားပါ။ အောင်မြင်မှု၊ အောင်ပွဲ၊ အောင်အတိတ် အောင်နိမိတ်ကို ဆောင်တာ ဖြစ်ပါတယ်။ ပြည်သူ အများစု အတွက်လည်း လက်တကမ်းမှာ အလွယ်တကူ ရနိုင်ကြပါတယ်။ သပြေပန်း မရနိုင်တဲ့ ပြည်သူများကလည်း အခြားသင့်တော်ရာ ပန်းတမျိုးမျိုးနဲ့ပေါ့လေ။
လူထုကြီးက သပြေပန်းကို ပန်ဆင်တာ၊ ရင်မှာ ထိုးတာ၊ ကိုင်ဆောင်တာ၊ ဘုရားမှာ တင်တာ၊ လှူတာ၊ စားပွဲမှာ တင်တာ၊ အိမ်ရှေ့ ကပ်ဆွဲတာ၊ သပြေပန်းတွေ ကိုင်ဆောင်ပြီး လူထုသပိတ်များ ဆင်နွှဲတာ အစရှိတဲ့ မိမိတို့ အဆင်သင့်ရာ လှုပ်ရှားမှုများကို ကြိုက်နှစ်သက်သလို ဖော်ဆောင်ကြမယ်။ အခြေအနေပေးတဲ့ ပြည်သူများက ဒီလှုပ်ရှားမှု ပုံရိပ်များကို အွန်လိုင်း လူမှုကွန်ရက်တွေမှာ မျှဝေကြမယ်။ အဲ့ဒီနေ့မှာ အောင်သပြေတွေက တနိုင်ငံလုံးမှာ၊ မြေပြင်ရော အွန်လိုင်းမှာပါ ဝေဆာနေရမယ်ဗျာ။
အောင်သပြေ လူထုလှုပ်ရှားမှုကြီး ဖော်ဆောင်ကြမယ့် နေ့ရက်ကတော့ လာမယ့် နိုဝင်ဘာလ (၁၁) ရက်နေ့ ဖြစ်ပါတယ်။ ၁၁ လပိုင်း၊ ၁၁ ရက်နေ့ဆိုတော့ " (၁၁၁၁) "တစ်လေးလုံး လှုပ်ရှားမှု" လို့လည်း သမိုင်းမှာ မှတ်တမ်းဝင်အောင် ဝိုင်းဝန်း ဖော်ဆောင်လိုက်ကြရအောင်ဗျာ။
"ပြည်သူအားလုံး တော်လှန်ရေးသမား" ဆိုတဲ့ ခံယူချက်နဲ့အတူ ဒီတော်လှန်ရေးကြီးမှာ ပြည်သူအားလုံးဟာ ကျရာကဏ္ဍ၊ နိုင်ရာတာဝန်ကို မဖြစ်မနေ ထမ်းရွက်ရမှာ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးရဲ့ အဆုံးသတ်နဲ့ အဆုံးအဖြတ်ကိုလည်း ပြည်သူလူထု ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ ပါဝင်မှုနဲ့သာလျှင် ချဉ်းကပ် ပုံဖော်နိုင်ပါလိမ့်မယ်။
အခုချိန်မှာ အကြမ်းဖက် အာဏာသိမ်းအုပ်စုရဲ့ ခါးပိုက်ဆောင်တပ်လုံးလုံး ဖြစ်နေတဲ့ “တပ်မတော်” နဲ့ ရဲတပ်ဖွဲ့က တပ်မှူးတပ်သားများ၊ အရာရှိ အရာခံ အကြပ် စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူအပေါင်းက အထူးအလေးအနက် တိုက်တွန်း၊ မေတ္တာရပ်ခံလိုတာ ရှိပါတယ်။
ဒါကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို အခုလို အရပ်ထဲမှာ မျက်နှာမပြရဲလောက်အောင်ထိ ပြည်သူ့ချဉ်ဖတ်ဘဝ ရောက်စေပြီး တတိုင်းပြည်လုံးကို ဒုက္ခမျိုးစုံ သောက်သောက်လဲ ပေးနေတဲ့ အဘစုတ်၊ အဘပဲ့ စစ်ဗိုလ်ချုပ်ဆိုးတွေကို စွန့်ခွာကြဖို့၊ ဖက်ဆစ်တပ်ကို အမြန်ဆုံး စွန့်ခွာကြဖို့ ဖြစ်ပါတယ်။
အာဏာရူး စစ်ဗိုလ်ချုပ်ဆိုးတွေအောက်မှာ မြန်မာ့တပ်မတော်သားအဖို့ အနာဂတ် ပျောက်သွားခဲ့ပါပြီ။ ဒါ့ကြောင့် တပ်မတော်သားတွေဟာ လက်တဆုတ်စာ စစ်ဗိုလ်ချုပ်ဆိုးများ အကျိုးစီးပွားအတွက် ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်အသက်ကို အလဟဿ အဆုံးရှုံး မခံကြဖို့၊ အသေမခံကြဖို့ မေတ္တာရှေ့ထား၊ သတင်းစကားပါးလိုက်ရပါတယ်။
စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံး ခုန်ချနိုင်တဲ့သူဟာ အသက် ချမ်းသာရမှာ ဖြစ်ပါတယ်။ ပြည်သူများကလည်း အမှန်တရားဘက်ကို ရပ်တည်လာသူ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာသူအပေါင်းကို နွေးထွေး၊ လှိုက်လှဲပျူငှာစွာ စောင့်ကြိုလျက်ပါ။
ပြည်သူသာ အဓိက။
အရေးတော်ပုံ အောင်ရမည်။
#အောင်သပြေ_လူထုလှုပ်ရှားမှု
#ပြည်သူ့ရင်ခွင်ခိုလှုံကြ