02/06/2026
⚽ ဖယ်ထားလို့ မရတော့တဲ့ ကစားသမား - မြောက်ကိုရီးယား
ကမ္ဘာ့ပထဝီနိုင်ငံရေးဆိုတဲ့ ကစားကွင်းကြီးကို ကျွန်တော်တို့ ဘောလုံးပွဲတစ်ပွဲအနေနဲ့ မြင်ယောင်ကြည့်လိုက်ရအောင်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကထိ ဒီကစားကွင်းထဲမှာ အမြဲတမ်း ပြဿနာရှာတတ်လို့ ဒိုင်လူကြီးဆီက အဝါကတ်တွေ အကြိမ်ကြိမ်ပြခံထားရတဲ့ ကစားသမားတစ်ယောက် ရှိပါတယ်။ ကွင်းဘေးက ပရိသတ်တွေရော၊ တစ်သင်းတည်းက ကစားဖော်တွေကပါ သူ့ကို အချိန်မရွေး အနီကတ်နဲ့ အထုတ်ခံရတော့မယ့်သူ၊ အရံခုံမှာပဲ တစ်သက်လုံး အဆုံးသတ်သွားမယ့်သူလို့ ထင်မှတ်ခဲ့ကြတာပါ။
ဒါပေမဲ့ ဒီကနေ့ ကမ္ဘာ့နိုင်ငံရေး ကစားကွက်ထဲမှာတော့ အခြေအနေတွေက လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။ အထူးသဖြင့် ရုရှား-ယူကရိန်း ဆိုတဲ့ မိုးလေဝသ အလှည့်အပြောင်းကြားမှာ၊ အဲဒီကစားသမားဟာ အရံခုံကနေ ထလာပြီး ပွဲထွက်လူစာရင်း (Starting Eleven) မှာ ပါလာရုံတင်မကဘူး၊ အင်အားကြီးနိုင်ငံတွေဆိုတဲ့ တိုက်စစ်မှူးတွေကိုပါ အကွက်ချပြီး ဘောလုံးပေးပို့နေတဲ့ ကွင်းလယ်ဗိုလ် (Playmaker) တစ်ယောက်အဖြစ်ပါ နေရာယူလာတာကို အံ့သြဖွယ်ရာ တွေ့လာရပါတယ်။
အဲဒီကစားသမားကတော့ အခြားသူမဟုတ်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ ပိတ်ဆို့မှုတွေကြားထဲကနေ အခုအချိန်မှာတော့ ပွဲကနေ "ဖယ်ထားလို့ မရတော့တဲ့ ကစားသမား" တစ်ယောက်ဖြစ်လာတဲ့ မြောက်ကိုရီးယားပဲ ဖြစ်ပါတယ်။ သူက ဘယ်လို ကစားကွက်တွေ ထုတ်သုံးပြီး အမေရိကန်၊ တရုတ် နဲ့ ရုရှားတို့ကြားမှာ ချိန်ခွင်လျှာ ညှိကစားနေတာလဲ။
ဒီကစားကွက်ရဲ့ အထင်ရှားဆုံး သက်သေတစ်ခုကတော့ သိပ်မကြာခင်ကာလအတွင်းမှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယားကို သွားရောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းစကားတွေ ထောက်လှမ်းရေးအသိုင်းအဝိုင်းကြားမှာ ခပ်သဲ့သဲ့ ထွက်ပေါ်နေခြင်းပါပဲ။ ကမ္ဘာ့ခေါင်းဆောင် တော်တော်များများက ပေကျင်းကိုသွားပြီး တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် အပြိုင်အဆိုင်ကြိုးပမ်းနေကြတဲ့ ဒီလိုအချိန်မျိုးမှာ၊ သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ပြုံးယမ်းကို သွားမယ်ဆိုတဲ့ ခြေလှမ်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ အလည်အပတ်ခရီးစဉ်သက်သက်တော့ မဟုတ်နိုင်ပါဘူး။ ဒီနောက်ကွယ်မှာ ဘယ်လို နိုင်ငံရေးသဘောသဘာဝတွေ ကိန်းအောင်းနေမလဲဆိုတာ တွေးကြည့်စရာပါ။
တကယ်တော့ ရှီကျင့်ဖျင် အာဏာစတင်ရယူချိန်ကစလို့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို သူကိုယ်တိုင် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တာပါ။ အမေရိကန်သမ္မတ ၇ ဆက်တိုင်တိုင်လည်း ဒီအစီအစဉ်ကို အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်ကို သာမန်ပိုင်ဆိုင်ရုံအဆင့်မှာ ရပ်တန့်မနေတော့ဘဲ၊ လက်နက်တိုက်ကို ပိုမိုတိုးချဲ့တည်ဆောက်တဲ့ အဆင့်အထိ တက်လှမ်းလာခဲ့ပါပြီ။
ဒီလို ရပ်တည်နိုင်ဖို့အတွက် ရုရှား-ယူကရိန်း စစ်ပွဲက မြောက်ကိုရီးယားအတွက် မထင်မှတ်ထားတဲ့ ထွက်ပေါက်တစ်ခု၊ သံတမန်ရေးနဲ့ စီးပွားရေးအရ အသက်ရှူပေါက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ စစ်မြေပြင်မှာ မြောက်ကိုရီးယားစစ်သားတွေရဲ့ အသက်တွေကို စတေးလိုက်ရပေမဲ့၊ အာဏာရှင်စနစ်အတွက်တော့ ဒါဟာ တန်ကြေးကြီးမားတဲ့ နိုင်ငံရေးအမြတ်အစွန်းတစ်ခုပါပဲ။ ပြည်တွင်းဖိအားဆိုတာလည်း သူတို့အတွက် ပူစရာမလိုတဲ့ ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ ရှေ့တန်းမှာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို လူတိုင်းနေခွင့်မရတဲ့ မြို့တော် ပြုံးယမ်းမှာ တိုက်ခန်းသစ်တွေ ချထားပေးလိုက်လို့ပါပဲ။ ဒီလို ဆုချီးမြှင့်လိုက်တဲ့အခါ၊ မိသားစုဘဝ တိုးတက်ဖို့အတွက် ကိုယ့်အသက်ကို စတေးလိုတဲ့ လူငယ်တွေဟာ စစ်မျက်နှာပြင်ကိုသွားဖို့ ဝန်မလေးကြတော့ပါဘူး။
ဒါပေမဲ့ ရုရှား-ယူကရိန်း စစ်ပွဲဆိုတာ တစ်နေ့ကျရင်တော့ ပွဲသိမ်းဝီစီ မှုတ်ရမယ့် ကစားပွဲတစ်ခု ဆိုတာကို မြောက်ကိုရီးယားက ကောင်းကောင်းသိပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း မြောက်ကိုရီးယားဟာ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပုံအောပြီး မှီခိုလေ့ရှိတဲ့ အကျင့်မရှိပါဘူး။ ရုရှား၊ တရုတ်တို့လို အင်အားကြီးနိုင်ငံတွေနဲ့ ချိန်ခွင်လျှာညှိပြီး ကစားနေသလို၊ တခြားတစ်ဖက်မှာလည်း အမေရိကန်ကို အကွက်ဆင် ကစားနေတာကို မြင်ရပါတယ်။
အရင်ကဆိုရင် အမေရိကန်ကို အဓိကရန်သူတော်ကြီးအဖြစ် အမြဲပုံဖော်လေ့ရှိပေမဲ့၊ အခုလက်ရှိ အမေရိကန်ဆင်နွှဲနေတဲ့ အီရန်စစ်ပွဲအကြောင်းကို မြောက်ကိုရီးယားမီဒီယာတွေမှာ လုံးဝဖော်ပြခြင်းမရှိတာက သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ စစ်ပွဲစတင်ခဲ့တာ ၃ လလောက် ရှိနေပြီဖြစ်ပေမဲ့၊ ပြုံးယမ်းရဲ့ သတင်းစာမျက်နှာတွေထက်မှာ ရေငုံနှုတ်ပိတ်နေဆဲပါ။ အစ္စရေးက လက်ဘနွန်ကို ဗုံးကြဲတဲ့ သတင်းတွေကို ဖော်ပြပေမဲ့၊ အမေရိကန်နဲ့ပတ်သက်ရင်တော့ ချန်လှပ်ထားခဲ့ပါတယ်။ ဒီလုပ်ရပ်က ဘာကို သက်သေပြနေသလဲဆိုတော့၊ ထရမ့်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်တိုက်ခိုက်တာမျိုးမလုပ်ဘဲ ပြဿနာကို ရှောင်လွှဲချင်တဲ့ သဘောပါ။ တစ်နည်းအားဖြင့်၊ အမေရိကန်ဆီကနေ နိုင်ငံရေးအရ အသိအမှတ်ပြုမှုကို လိုလားနေတဲ့ စိတ်ဆန္ဒက ပေါ်လွင်နေပါတယ်။
ဒီနေ့ခေတ် ကမ္ဘာ့ပထဝီနိုင်ငံရေး ကစားကွင်းကြီးထဲမှာ မြောက်ကိုရီးယားဟာ အရံခုံမှာ ထိုင်နေရတဲ့ အပယ်ခံဘဝကနေ နိုင်ငံတကာရဲ့ ဖိအားမျိုးစုံကြားကနေ ချန်လှပ်ထားခဲ့လို့မရတဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါ။ အခုဆိုရင် ဒီပြောင်းလဲလာတဲ့ အမှန်တရားကို လက်ခံပြီး၊ ကျွန်တော်တို့အနေနဲ့ သူတို့ဆီကနေ ဘာသင်ခန်းစာတွေ ယူမလဲ၊ ဒီလို နိုင်ငံမျိုးနဲ့ ဘယ်လို သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံကြမလဲဆိုတာက ပိုပြီး အရေးကြီးတဲ့ မေးခွန်းဖြစ်လာပါပြီ။
ဒီနေ့ တင်ဆက်ပေးမယ့် ဗီဒီယိုလေးထဲမှာတော့ မြောက်ကိုရီးယားတစ်ယောက် လက်ရှိအခြေအနေကို ရောက်လာအောင် သူတို့ကိုယ်သူတို့ ဘယ်လို တွန်းပို့ခဲ့သလဲဆိုတာကို ဆွေးနွေးတင်ပြထားပါတယ်။
ဗီဒီယိုကတော့ ပုံမှန်အတိုင်း မြန်မာအချိန် ညနေ ၆ နာရီမှာပါ (ဇွန်လ ၂ ရက်နေ့)။