ZT MEDIA

ZT MEDIA Media

19/09/2026

ရန်ကုန်မြို့လယ်တွင် ကားတစ်စီးက အခြားယာဉ်များကို ဆက်တိုက်တိုက်မှုဖြစ်ပွား

စက်တင်ဘာ ၁၉၊ ၂၀၂၆ — ZT MEDIA

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက ကားတစ်စီးသည် လမ်းပေါ်ရှိ အခြားယာဉ်များကို ဆက်တိုက်ဝင်တိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်အရ အဆိုပါကားသည် ပန်းဆိုးတန်းလမ်းထောင့်ရှိ ဟိန္ဒူဘုရားရှိခိုးကျောင်း၏ အုတ်နံရံကို ဝင်တိုက်ပြီးနောက် ကားကို နောက်ပြန်မောင်းနှင်ကာ လမ်းပေါ်ရှိ ယာဉ်အချို့ကို ဆက်လက်တိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အတွင်း ကားအချို့နှင့် ဘုရားရှိခိုးကျောင်း၏ အုတ်နံရံ ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယာဉ်မောင်းသူ၏ အခြေအနေမှာ မူးယစ်ဆေးဝါးသုံးစွဲထားသူကဲ့သို့ ဖြစ်နေသည်ဟု မျက်မြင်တွေ့ရှိသူအချို့က ပြောဆိုထားသော်လည်း ၎င်းမှာ မည်သည့်အရာသုံးစွဲထားသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကားကို ဆက်လက်မောင်းနှင်နေမှုအား အနီးဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းတားဆီးဖမ်းဆီးပြီးနောက် ဖြစ်စဉ် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါယာဉ်မောင်းသူကို ရပ်ကွက်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောက်တံတားမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ရုပ်သံ — CJ

#ရန်ကုန် #ကျောက်တံတား #ယာဉ်တိုက်မှု

17/09/2026

ဗန်းမော်တိုက်ပွဲအတွင်း စစ်မှုထမ်းတစ်ဦး အရှင်ဖမ်းဆီးရမိဟုဆို

စက်တင်ဘာ ၁၇၊ ၂၀၂၆ — ZT MEDIA

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်မှုထမ်းတပ်သားတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် သတင်းဖော်ပြမှုများ ထွက်ပေါ်နေသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်သည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး ဖမ်းဆီးရမိသူကို ပူးပေါင်းတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားသည့် အခြေအနေကို တွေ့ရသည်ဟု ဖော်ပြထားသည်။

သို့သော် အဆိုပါရုပ်သံ၏ အချိန်၊ နေရာနှင့် ဖမ်းဆီးခံရသူ၏ အချက်အလက်များကို ZT MEDIA အနေဖြင့် သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရုပ်သံ — လူမှုကွန်ရက်

#ဗန်းမော် #စစ်မှုထမ်း

17/09/2026

စစ်သုံ့ပန်း ဗိုလ်ကြီးပြည့်စုံအောင် စစ်တပ်အတွက် လုပ်ခဲ့မိတာတွေ နောင်တရဟုဆို

စက်တင်ဘာ ၁၇၊ ၂၀၂၆ — ZT MEDIA

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံ ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်း ဗိုလ်ကြီးပြည့်စုံအောင်က စစ်တပ်အတွက် လုပ်ဆောင်ခဲ့မိသည့် အရာများအပေါ် နောင်တရမိကြောင်းနှင့် ဖမ်းဆီးခံရပြီးနောက် PDF ရဲဘော်များက နှိပ်စက်ခြင်းမရှိဘဲ အားပေးကူညီခဲ့ကြောင်း ပြောဆိုထားသည်။

PDF က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည့် ဗိုလ်ကြီးပြည့်စုံအောင်၏ ပြောဆိုချက်ရုပ်သံအရ ၎င်းသည် ဗိုလ်မှူးအောင်ဖြိုးဝေနှင့် တပ်ကြပ်ကြီးစာရေးမျိုးဦးတို့နှင့်အတူ ဇွန်လ ၁ ရက်က သရက်ခရိုင်အတွင်း ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

၎င်းတို့ကို နယ်မြေရှင်းလင်းရေးနှင့် လမ်းပိုင်းစိုးမိုးရေးလုပ်ဆောင်နေသည့် PDF တပ်ရင်းက ပစ္စတိုသေနတ် ၁၉ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ကြီးပြည့်စုံအောင်၏ ပြောဆိုချက်အရ ဖမ်းဆီးခံရပြီးနောက် PDF ရဲဘော်များက မိသားစုနှင့် အချိန်တန်လျှင် ပြန်လည်တွေ့ဆုံနိုင်မည်ဟု အားပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်သုံ့ပန်းများအပေါ် ကိုယ်ထိလက်ရောက် နှိပ်စက်မှုမရှိဘဲ PDF ရဲဘော်များ စားသောက်သည့် အစားအစာများနှင့် တန်းတူစားသောက်ခွင့်ရကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

စစ်တပ်အတွက် လုပ်ဆောင်ခဲ့သည့်အပေါ်တွင်လည်း အမြင်မှန်မရခဲ့ဘဲ လုပ်ဆောင်ခဲ့မိသည်များကို နောင်တရကြောင်း ဗိုလ်ကြီးပြည့်စုံအောင်က ပြောဆိုထားသည်။

PDF ဘက်ကလည်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို ဂျီနီဗာကွန်ဗင်းရှင်းပါ စစ်သုံ့ပန်းဆိုင်ရာ အခွင့်အရေးများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထုတ်ပြန်ထားသည်။

ရုပ်သံ — PDF

#စစ်သုံ့ပန်း

13/09/2026

တော်လှန်ရေး ရန်ပုံ‌ငွေပွဲမှာ ဥက္ကာမင်းမောင် အနှောင့်အယှက်ပြုခဲ့တယ်ဆိုတဲ့ သတင်း ထွက်‌

စက်တင်ဘာ ၁၃/၂၀၂၆/ ZT MEDIA

တော်လှန်ရေး ရန်ပုံ‌ငွေပွဲအတွင်း ဥက္ကာမင်းမောင်က အနှောင့်အယှက်ပြုခဲ့ပြီး ပွဲစီစဉ်သူတွေက ပွဲနေရာကနေ မောင်းထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

ဖြစ်စဉ်အတွင်း ဘာတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

#တော်လှန်ရေးရန်ပုံငွေ

11/09/2026

ရန်ကုန်မြို့နယ်အများအပြားတွင် မစင်ထုပ်များ လမ်းမပေါ် စွန့်ပစ်ထားမှုဖြစ်ပွား

စက်တင်ဘာ ၁၁၊ ၂၀၂၆ — ZT MEDIA

ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၉ ရက် ညပိုင်းက မစင်များထည့်ထားသည့် အနက်ရောင်ပလတ်စတစ်အိတ်များကို လမ်းမပေါ်သို့ လာရောက်စွန့်ပစ်ထားသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပုဇွန်တောင်၊ ဒေါပုံ၊ သာကေတ၊ အင်းစိန်၊ ကျောက်တံတား၊ လမ်းမတော်၊ ပန်းပဲတန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် တောင်ဥက္ကလာပမြို့နယ်များအပါအဝင် ရန်ကုန်မြို့နယ်အများအပြားရှိ လမ်းမများပေါ်၌ အိတ်များ စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

အဆိုပါအိတ်များကို ယာဉ်များ ဖြတ်သန်းသွားလာရာတွင် တက်နင်းမိသဖြင့် အချို့နေရာများတွင် မစင်များ လမ်းပေါ်သို့ ပြန့်ကျဲခဲ့ပြီး အနံ့ဆိုးများ ထွက်ပေါ်ကာ လမ်းသွားလမ်းလာများနှင့် အနီးဝန်းကျင်နေထိုင်သူများအတွက် သန့်ရှင်းရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မစင်ထုပ်များကို မည်သူများက မည်သည့်ရည်ရွယ်ချက်ဖြင့် လာရောက်စွန့်ပစ်ခဲ့သည်ဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရုပ်သံ — လူမှုကွန်ရက်

#ရန်ကုန် #မစင်ထုပ်

10/09/2026

တံတားဦးလေတပ်စခန်းကို PDF က ဒရုန်းဖြင့် တိုက်ခိုက်၊ တိုက်လေယာဉ် ၄ စီး ထိခိုက်ပြီး ၂ စီး ပေါက်ကွဲပျက်စီးဟု စစ်ရေးသတင်းရင်းမြစ် ပြော

စက်တင်ဘာ ၁၀၊ ၂၀၂၆/ZT MEDIA

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းရှိ စစ်လေယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ် ၄ စီး ထိခိုက်ခဲ့ကာ ၂ စီးမှာ လုံးဝပေါက်ကွဲပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို စစ်ရေးသတင်းရင်းမြစ် ၂ ဦးက အတည်ပြုထားပြီး လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းလည်း ထွက်ပေါ်လာပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အဆိုပါစစ်ဆင်ရေးဟာ MDY-PDF ရဲ့ မစ်ရှင် ဖြစ်တယ်လို့ ပြောပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်သံမှာ လေယာဉ်တွေထားရှိတဲ့ လေယာဉ်ရုံအတွင်းရှိ တိုက်လေယာဉ်တစ်စီးဆီကို ဒရုန်းတစ်စီး ပျံသန်းဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ တိုက်ခိုက်မှုအတွက် ဒရုန်း ၆ စီး အသုံးပြုခဲ့တယ်လို့လည်း သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“လေးစီးထိသွားတာ ဟုတ်တယ်။ ၂ စီးက လုံးဝပေါက်ကွဲသွားတာ” လို့ အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ရေးသတင်းနဲ့ ရုပ်သံမှတ်တမ်းတွေကို စိစစ်လေ့လာနေတဲ့ Tactical Raptor ရဲ့ သုံးသပ်ချက်အရ ရုပ်သံထဲက လေယာဉ်ရုံတည်နေရာဟာ တံတားဦးလေဆိပ်နဲ့ ကိုက်ညီကြောင်း ဆိုပါတယ်။

ရုပ်သံအရ လေယာဉ်အမျိုးအစားကို ၁၀၀ ရာခိုင်နှုန်း အတည်ပြုဖို့ ခက်ခဲပေမယ့် တံတားဦးလေဆိပ်မှာ Yak-130 အပေါ့စားတိုက်လေယာဉ်နဲ့ အမောင်းသင်လေယာဉ်တွေ အခြေစိုက်ထားတာကြောင့် ရုပ်သံထဲက လေယာဉ်ဟာ Yak-130 ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံအတွင်း လေတပ်စခန်းမှာ ရပ်ထားတဲ့ fixed-wing စစ်လေယာဉ်ကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုအဖြစ် ထူးခြားနိုင်တယ်လို့လည်း Tactical Raptor က သုံးသပ်ထားပါတယ်။

တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ချက် မရှိသေးသလို၊ MDY-PDF ဘက်ကလည်း အဆိုပါစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

တစ်ချိန်တည်းမှာပဲ တံတားဦးလေတပ်စခန်းအနီး နွားထိုးကြီးမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တံတားဦးလေတပ်စခန်းဟာ မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသတွေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုနေတဲ့ အရေးပါတဲ့ လေတပ်စခန်းတစ်ခုဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

#တံတားဦးလေတပ်

09/09/2026

ရန်ကုန်မှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ လာဖမ်းရင် ခုခံဖို့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ပြော

စက်တင်ဘာ ၉၊ ၂၀၂၆/ZT Media

ရန်ကုန်မြို့ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ ရှိနေပြီး အဲဒီအဖွဲ့တွေ လာရောက်ဖမ်းဆီးပါက အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောဆိုထားပါတယ်။

အုပ်ချုပ်ရေးမှူး ဝင်းဇော်က စက်တင်ဘာ ၄ ရက်မှာ သူ့ရပ်ကွက်အတွင်း နေထိုင်တဲ့ လူငယ်တစ်ဦး အလုပ်ကနေ အပြန်မှာ ကားပေါ်ဆွဲတင်ဖမ်းဆီးခံခဲ့ရပြီး နေပြည်တော်ကို ခေါ်ဆောင်သွားတယ်လို့ မိသားစုထံက သိရကြောင်း ပြောပါတယ်။

“အလုပ်အပြန်မှာ လာပြီးတော့ ဆွဲတင်သွားတယ်” လို့ ၎င်းက ပြောဆိုထားပါတယ်။

လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေဟာ လူပြန်ပေးဆွဲဂိုဏ်းပုံစံ ဖြစ်လာနေပြီး အခြေအနေဟာ ပိုမိုဆိုးရွားလာတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ လာရောက်ဖမ်းဆီးခံရပါက အဖမ်းမခံဘဲ ခုခံကြဖို့ ၎င်းက ရုပ်သံမှတစ်ဆင့် နှစ်ကြိမ် ပြောဆိုထားပါတယ်။

၎င်းရဲ့ ပြောဆိုချက်တွေထဲမှာ “ခုခံချ”၊ “ဖမ်းဆီးလို့ရှိရင် အဖမ်းမခံနဲ့၊ တက်နိုင်ရင် ခုခံပြေး” ဆိုတဲ့ စကားတွေ ပါဝင်ပါတယ်။

တစ်ဖက်မှာလည်း အဲဒီလို လူငယ်ဖမ်းဆီးမှုတွေကို စစ်တပ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ မသိရှိကြောင်း ၎င်းက ငြင်းဆိုထားပါတယ်။

သို့သော် ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ အရံမီးသတ်အရာရှိတစ်ဦးရဲ့ နေအိမ်ကို အချုပ်ခန်းအဖြစ် အသုံးပြုပြီး လူငယ်တွေကို ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိထားပါတယ်။

အောက်ခြေမှာ လူငယ်ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကြား အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုတွေကနေ အချင်းချင်း ပြန်လည်တိုင်ကြားမှုတွေကြောင့် ဖြစ်စဉ်တချို့ ပေါ်ပေါက်လာတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

လက်ရှိမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၈) စတင်နေပြီဖြစ်ပေမယ့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်မှုနဲ့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေ ဆက်လက်ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

#အုပ်ချုပ်ရေးမူး

05/09/2026

KNDF ညီလာခံ ညပိုင်းတွေ့ဆုံပွဲမှာ ရဲဘော်တစ်ဦး ချစ်သူကို လက်ထပ်ခွင့်တောင်း၊ ချစ်သူက လက်ခံ ကြည်နူးစရာပုံရိပ်

စက်တင်ဘာ ၅၊ ၂၀၂၆ ZT MEDIA

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပထမအကြိမ်ညီလာခံအတွင်း ညပိုင်းရဲဘော်များတွေ့ဆုံပွဲ၌ ရဲဘော်တစ်ဦးက ၎င်း၏ချစ်သူကို လူသိရှင်ကြား လက်ထပ်ခွင့်တောင်းခဲ့ရာ ချစ်သူဖြစ်သူက လက်ခံခဲ့ကြောင်း သိရသည်။

KNDF ညီလာခံကို ဩဂုတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ရဲဘော်များ စုပေါင်းတွေ့ဆုံကာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲအတွင်း အဆိုပါရဲဘော်က ဖျော်ဖြေရင်း စင်ပေါ်သို့တက်လာပြီး ညီလာခံတက်ရောက်နေသည့် ဥက္ကဋ္ဌများနှင့် အကြီးအကဲများရှေ့တွင် ၎င်း၏ချစ်သူကို ချစ်ခွင့်ပန်ကာ လက်ထပ်ခွင့်တောင်းလိုကြောင်း ပြောဆိုခဲ့သည်။

“ကျွန်တော် KNDF ရဲဘော်တစ်ယောက်အနေနဲ့ ဥက္ကဋ္ဌတွေကော၊ အကြီးအကဲတွေရှိနေတဲ့အချိန်မှာ ကျွန်တော်က ပင်လယ်ထဲမသွားနိုင်ဘူး၊ နိုင်ငံခြားလည်း မသွားနိုင်ဘူး။ ဒါပေမယ့် ကျွန်တော့်ကောင်မလေးကို ချစ်ခွင့်ပန်ချင်တယ်၊ လက်ထပ်ခွင့်တောင်းချင်တယ်” ဟု ပြောဆိုကာ ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် အတူတက်ရောက်နေသည့် ရဲဘော်များက ပျော်ရွှင်စွာ အော်ဟစ်အားပေးခဲ့ကြပြီး ချစ်သူဖြစ်သူကလည်း အဆိုပါလက်ထပ်ခွင့်တောင်းမှုကို လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်ကို “Bu Boo” အကောင့်က Facebook ပေါ်တွင် မျှဝေခဲ့ပြီး KNDF ရဲဘော်များ၏ ညပိုင်းတွေ့ဆုံပွဲအတွင်း ဖြစ်ပွားခဲ့သည့် ကြည်နူးစရာအမှတ်တရဖြစ်ရပ်တစ်ခုအဖြစ် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။

#လက်ထပ်ခွင့်တောင်း

04/09/2026

“မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ကျေးဇူးကို သတိရကြဖို့လိုတယ်” ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူး ပြော

ZT၊စက်တင်ဘာ ၅၊ ၂၀၂၆

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့၏ ကျေးဇူးကို သတိရကြရန် လိုအပ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားခဲ့သည်။

ခွန်းဘီထူးက KNDF ၏ ပထမအကြိမ်ညီလာခံ၌ တပ်ဖွဲ့ဝင်များအား မိန့်ခွန်းပြောကြားရာတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ပံ့ပိုးကူညီမှုများနှင့် အခန်းကဏ္ဍကို သတိရကြရန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ပြောကြားရာတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့အဖြစ် MNDAA၊ TNLA နှင့် AA တို့ကို ရည်ညွှန်းခဲ့ပြီး အဆိုပါအဖွဲ့များ၏ တော်လှန်ရေးကာလအတွင်း ပါဝင်မှုနှင့် ကူညီပံ့ပိုးမှုများကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

KNDF သည် ကရင်နီပြည်နယ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ပထမအကြိမ်ညီလာခံကို တပ်ဖွဲ့၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ဆွေးနွေးရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမိန့်ခွန်းနှင့် ပတ်သက်သည့် ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ထားသည်။

#မြောက်ပိုင်းညီနောင်သုံးဖော်

04/09/2026

နေပြည်တော်တွင် တပ်မိသားစုဝင်၏သား လူငယ်တစ်ဦးကို ပေါ်တာဆွဲဖမ်းဆီး၊ သေနတ်ဖြင့်ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မိခင်ဖြစ်သူပြော

ZT ၊ စက်တင်ဘာ ၄

နေပြည်တော်ရှိ အမှတ် ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးအောင်မင်းက တပ်မိသားစုဝင်တစ်ဦး၏သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင်များကိုပါ သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်ဌေးမြင့်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။

ဒေါ်ခင်ဌေးမြင့်သည် နေပြည်တော်၊ နယ်မြေ ၁၀၊ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သား ၃ ဦးရှိကြောင်း၊ သား ၂ ဦးမှာ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေကြပြီး ကျန်သားဖြစ်သူ မောင်ငြိမ်းချမ်းဝင်းမှာ မိခင်ကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

သို့သော် မောင်ငြိမ်းချမ်းဝင်းကို အမှတ် ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးအောင်မင်းကိုယ်တိုင် ခေါ်ဆောင်သွားပြီး ပြည်သူ့စစ်အဖြစ် ထည့်သွင်းခဲ့ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

ထို့အပြင် မောင်ငြိမ်းချမ်းဝင်း၏ ဇနီးမှာ ကိုယ်ဝန်ရင့်မာနေပြီး မီးဖွားရန် နီးကပ်နေသည့်အခြေအနေရှိသော်လည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေါ်ခင်ဌေးမြင့်က ပြောဆိုထားသည်။

သားဖြစ်သူ ပြန်လွတ်မြောက်ရေးအတွက် တောင်းဆိုရာတွင် မိသားစုဝင်များကို သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိတွင် မောင်ငြိမ်းချမ်းဝင်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်၊ မည်သည့် စစ်သင်တန်း သို့မဟုတ် တပ်ဖွဲ့ထံ ပို့ဆောင်ထားသည်ဆိုသည့် အခြေအနေများကို မိသားစုဘက်က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဒေါ်ခင်ဌေးမြင့်ကလည်း လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည်ဟု ယူဆရသည့် အခြေအနေများကြောင့် သားရှိသည့် မိခင်များအနေဖြင့် သားများကို သတိထားကာ ကာကွယ်ထားကြရန် လူမှုကွန်ရက်ဗီဒီယိုမှတစ်ဆင့် တိုက်တွန်းပြောဆိုထားသည်။

အထက်ပါအချက်အလက်များသည် ဒေါ်ခင်ဌေးမြင့်၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုချက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

#စကစ #ပေါ်တာဆွဲ

Address

Delhi
Delhi

Website

Alerts

Be the first to know and let us send you an email when ZT MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ZT MEDIA:

Shortcuts

Share

Category