22/08/2026
တို့ဒေသမှာ အပေါဆုံး က ရဲတိုက်နဲ့ ဝိုင် 🏰 🍷
Château de Brissac မှာ အလုပ်လုပ်တဲ့ သူငယ်ချင်း က လာလည် ဖိတ်လို့ အလကားရလို့
သွားလည်တာ
Private guided tour ဆိုပြီး ကိုယ်တွေ ၃ ယောက်ကို အေ လွှတ်တာ လွှတ်တာ
ရဲတိုက် အတွင်း အပြင် ပန်းခြံ တစ်ပတ်
နေ့လည် ၂:၃၀ က ရောက်တာ ညနေ ၆:၀၀ မှ ပြီးတယ်
နားတွေလည်း အူနေရော
အောက်က ပုံမှာ King Arthur လို ကျောက်တုံးထဲက ဓားကို နှုတ်နှုတ်ဆို နှုတ်ခိုင်းလို့ မရမှန်းသိရဲ့ နဲ့ ဖြစ်ညှစ် နှုတ်ပြခဲ့ရသေးတယ်
လည်လည်းပြီးရော ရေဆာတယ် on va boire un verre ဆိုပြီး သွားသောက်ကြတာ
လွှတ်ကြပြန်ရော ၂:၃၀ နာရီ ကြာတယ်
မနည်း စကားဖြတ် ပြန်ခဲ့ရတယ်
ငါလည်း boire un verre ဆို ကြောက်နေပြီ
မြန်မာမှာက သောက်မယ်ဆို သောက် အရင်သောက်ပြီး မူးလာမှ စကားတွေ ပြော ပေါကြတာ
မူး ပြီး မှောက်သွား တဲ့ အဆင့်ဆို စကားကို မပြောလိုက်ရ ဆိုတာ
ဒီမှာ က တစ်ခွက်သောက်ပြီး မူးနေပြီအေ
နားထောင်ရလို့
Boire un verre ဆို တစ်ခွက် သောက်ရတာနဲ့ ပြောရတာ နားထောင်ရတာ မကာမိဘူး ဟူးးးးး
😮💨
15/08/2026
ချစ်စရာ Rochelle မြို့လေး⛵️🪸🌊
Part -1
12/08/2026
နိုင်ငံခြား မှာ မပျော်တဲ့ အကြောင်း
အကြောင်းကတော့ စာတစ်တန် ပေတစ်တန် မရေး ပြချင်တော့ဘူး
ဒရာမာ ခင်းနေတယ် ထင်မှာစိုးလို့ပါ
ပုံနဲ့ဘဲ သက်သေပြလိုက်တယ်
မသိရင် မြန်မာပြည်မှာ ထမင်း ဘဲစားစရာရှိတယ်ထင်နေမှာ
ဒါမိုးကုတ် တစ်မြို့ထဲကစားစရာဘဲရှိသေးတယ်
မိုးကုတ်အထာ ဒေသစာလေးတွေ လွမ်းလိုက်တာ
10/08/2026
2017 က 🇫🇷🇨🇭🇮🇹တစ်ခွင်သွားခဲ့တဲ့ပုံလေးတွေ
ရုပ်ဆိုးဆိုးလေး
Master တက်တော့ ကျောင်းမှာ တိုရစ်ဇင် အထူးပြုမေဂျာဆိုတော့ tourist တွေရဲ့ သဘောသဘာဝ လုပ်တတ်ကြတဲ့ အလေ့အထတွေ ကို နှိုင်းယှဉ်လေ့လာရတော့
Projector တွေနဲ့ ပုံတွေပြတယ်
အရှေ့တိုင်းကခရီးသွားတွေ ( တရုတ် ကိုးရီးယား ဂျပန် ) ဥရောပ tour site တွေ မှာ သူတို့ ဓာတ်ပုံရိုက်ထားတဲ့ ပုံတွေနဲ့
အနောက်တိုင်းဘက်ကသူတွေကျ ရှူခင်းကိုဘဲရိုက်ကြတာ ဘာညာ သာရကာ
အဲ့လိုနဲ့ တရုတ်လူမျိုး ခရီးသွားတွေ သင်္ဘောပေါ်မှာ Titanic ထဲကဇာတ်ဝင်ခန်းထဲက Leonardo နဲ့ Kate Winselet လို သင်္ဘောဦးမှာ စုံတွဲ တွေ ဓာတ်ပုံရိုက်တာတွေ
ဂျပန်တွေ ကမ်းခြေမှာ နေလောင်အသားမဲမစိုးလို့ ရေကူး combinaison တွေ ဝတ်ပြီးရိုက်ထားတဲ့ ပုံတွေ ပြတော့ အတန်းထဲက ကျောင်းသားတွေ ရယ်ကြတယ်
အဲ့မှာစဉ်းစားမိတာ
ကိုယ့် photo gallery သာ ပြလိုက်ရင် ရူးခါသွားကြမလားဘဲ😄
ကိုယ်တွေ ဓာတ်ပုံရိုက်ရတာကြိုက်တယ်
ဘာနေနေ ရိုက်တာ ကိုယ့်ပုံမှမဟုတ်
ခရီးတစ်ခုထွက်တာ လေ့လာမယ် ခံစားမယ် စားမယ် ဓာတ်ပုံရိုက်မယ် အပမ်းဖြေမယ် မိတ်ဖွဲ့မယ် ဘာသာစကား ယဉ်ကျေးမှုဖလှယ်မယ်
ရှူခင်းတွေ ဘယ်လောက်ရိုက်ရိုက်
ရောက်တဲ့ နေရာကိုယ့်ပုံလေးပါမှ
လှသာ မလှတာနောက်ထား
အမှတ်တရ အနေနဲ့ ပြန်ကြည့်တဲ့ အခါ ဓာတ်ပုံတွေ က အတိအကျ သိမ်းဆည်းထားပေးတဲ့ အချိန် နေရာ အမှတ်တရ တွေ ကို ပြန်ခေါ်ဆောင်ပေးနိုင်တာမို့
ကိုယ်တွေ ခရီးသွားရင် ရှယ်ရိုက်ပါတယ်
အကုန်ရိုက်ပါတယ်
Professional photographer မဟုတ်သလို မလေ့ထားတာမို့ perfect တော့ဖြစ်မနေဘူး
ရိုက်တာများလာတော့ စားစရာပုံလေးရိုက်ရိုက်
ရှူခင်းပုံရိုက်ရိုက် ကြည့်ကောင်းအောင်ရိုက်တတ်တယ်
အဲ့မှာ ပြင်သစ်တွေ လိုဟာတွေ သူတို့က ရှူခင်းခံစားမယ် သောက်မယ်စားမယ် မြည်းမယ် လေပွါးမယ် ငြင်းမယ် ခုန်မယ်
သူတို့ပုံတွေ သိပ်မရိုက်
ဘယ်သူ့ပုံမှလည်း မရိုက်
မရိုက်ရင်းနဲ့ လက်ရည်ကမရတော့
ဘာရိုက်ရိုက် မလှ
ကိုယ်တွေက တို့ MUFL ထဲကပန်းခြံထဲက Eiffel tower ရှေ့ရိုက်တောင် လှနေအောင်ရိုက်တတ်ကြပြီး
သူတို့က Eiffel tower အစစ်တောင် သေးသိိမ်သွားအောင် ရိုက်တတ်ကြတာ ( အကုန်မပြောဘူးနော် သဘောပြောတာ🤓)
ကျောင်းမှာလည်း ကိုယ်ဘဲလျှောက်ရိုက်
အတန်းထဲလည်း အမှတ်တရတွေ ကိုယ်ဘဲရိုက်
စားသောက်ဆိုင်သွားလည်း ကိုယ်ဘဲရိုက်
သူငယ်ချင်းတွေ စုံလည်း ကိုယ်ရိုက်
အမယ် သူတို့ကသာမရိုက်တာ
ပြီးရင် ကျ ဓာတ်ပုံလိုချင်တာ သူတို့ထိပ်ဆုံးက
လာလာတောင်းကြတာ
ဟိုပုံလေး ပို့ပေးပါအုံး
ဒီပုံလေး ပို့ပေးပါအုံး နဲ့
သူတို့ကို အမှတ်တရ ပြန်ပို့ပေးရင်လည်း သိပ်သဘောကျ
အဲ့လိုနဲ့ အမှတ်တရ တွေ ရခဲ့တာ
အတန်းထဲမှာ ကိုယ်ဆရာဘဲ
ဓာတ်ပုံဆရာ 🤣
ဘယ်လိုဘဲဖြစ်ဖြစ် ရိုက်ထားတာတွေ က အမှတ်တရ အနေနဲ့ ကျန်နေတာ တော့ငြင်းမရ
09/08/2026
အပိုင်း (၄)
🥂🇫🇷ဝိုင် tourism နဲ့ ဒုတိယနှစ်အလုပ်သင်ကာလ
ရှေ့က အပိုင်း ၁/၂/၃ ရဲ့ အဆက်လေး ဆက်ရေးပါရစေ
✅Saumur မြို့
Master Tourism တက်ရင်းကနေ ဒုတိယ နှစ် အလုပ်သင်လက်ခံရရှိတော့ Saumur မြို့ကိုပြောင်းရတယ်
Saumur က Angers နဲ့ က ရထားနဲ့ မိနစ် ၂၀
ကားနဲ့ မိနစ် ၄၀ မို့ဘေးချင်းကပ်နေတာမို့ အိမ်ပြောင်း အိမ်ရွေ့မှာ ခံသာသွားတယ်
သူငယ်ချင်း အမေက ကူညီတာမို့ ကားနဲ့ ပစ္စည်းတွေတင် လိုက်ပို့ပေးတာမို့ လည်းကံကောင်းသွားတယ်
၁ နှစ်ခွဲကျော်နေခဲ့တာဆိုတော့ ပစ္စည်းတွေလည်းမနည်းဘူး ဖြစ်လာတယ်
✅Saumur မြို့က Angers မြို့ထက်သေးတယ်
Département ကတော့ Angers လို Maine et Loire département ထဲမှာဘဲ
✔️အမှန်ပြောရရင် ဒုတိယနှစ်အလုပ်သင်ကို
ကိုယ်လုပ်ချင်တဲ့အလုပ်ကိုရွေးလိုက်တယ်
✔️မြို့သေးလေးမို့ transport မှာ မြို့ကြီးတွေလို tramway,métro တွေမရှိဘူး
✔️Bus ကားတွေ ရှိတယ်
ဒါပေမဲ့ မြို့ကြီးတွေလို ၁၀/၂၀ မိနစ်တစ်ခါလာတာမဟုတ်ဘဲ မိနစ် ၃၀/ ၁ နာရီနေမှ တစ်ခါလာတာမို့ အဆင်မပြေဘူး
လူဆိုတာ ရောက်ရာအရပ် မှာ အဆင်ပြေသလိုစီမံတတ်တဲ့ skill ကရှိပြီးသားမို့သိပ်စိတ်ပူစရာမရှိဘူး
✔️အလုပ်ကမန်နေဂျာက ပြောလို့မြို့က ကျောင်းသားတွေ ကို စက်ဘီးအလကားဌားပေးတယ်ဆိုတာ သိရတယ်
✔️သူတို့ ရဲ့ Ogalop ဆိုတဲ့ transport service မှာ တောင်းတဲ့ စာရွက်တွေ ပေးရတယ်
ကျောင်းဖြစ်ကြောင်း ရယ်
ရေမီးမီတာဆောင်ထားကြောင်း/ အိမ်စာချုပ်
ပြီးရင် စက်ဘီး ဌားလို့ရ
၃ လတစ်ခါ စာချုပ်ချုပ်ရတယ်
တစ်ပြားမှ ပေးစရာမလိုဘူး
၃ လပြီးရင် ထပ်တိုးလို့ရတယ်
အလုပ်ကို စက်ဘီး နဲ့ မိနစ် ၂၀ စီးရတယ်
အဲ့မှာပြဿနာက စက်ဘီးတော့စီးတတ်တယ်
ပြင်သစ်မှာ လမ်းပေါ်စက်ဘီးစီးဖို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနားလည်အောင်လုပ်ရတယ်
လမ်းပေါ်မှာ စက်ဘီးလမ်းကြောင်းလေးတွေ ဆွဲထားပေမဲ့ အဝိုင်းပတ် ပတ်တဲ့ အခါ မှာ ဦးစားပေးစနစ်တွေ စတာတွေ ကနားလည်အောင် လုပ်ရသေးတယ်
ဒီမှာ ယာဉ်မောင်းကြတာကြောက်စရာ ကြီး
အားလုံးကစည်းကမ်းလိုက်နာပေမဲ့ ယာဉ်စည်းကမ်းကို ကိုယ်ကနားမလည်ရင်တော့ နားလည်မှုလွှဲပြီး အန္တရာယ်များတယ်
အဲ့လိုနဲ့ ကြောက်ကြောက်နဲ့ စီးရင်းအဆင်ပြေသွားပါတယ်
✅ဝိုင်နယ်ပယ်နဲ့ ထိတွေ့ခြင်း🥂
ဒုတိယနှစ် အလုပ်သင်က ၆ လဆင်းရတယ်
ပထမနှစ် Tour company မှာ အလုပ်သင်ဆင်းခဲ့တယ်
ခုနှစ်က wine tourism ထဲ မထင်မှတ်ဘဲ ရောက်လာတယ်
ကိုယ်အလုပ်သင်လက်ခံရရှိတဲ့ နေရာက Saumur မြို့ရဲ့ အကြီးဆုံးနဲ့ရှေးအကျဆုံး Pionnier လို့ဆိုလို့ရတဲ့ sparkling wine ထုတ်လုပ်တဲ့ဝိုင်အိမ် မှာ chargée d’œnotourisme အနေနဲ့ အလုပ်သင်အတွက်ရောက်လာတာပါ
✅Chargée d’œnotourisme ဆိုတာဘာလဲ?
Le chargé d’œnotourisme est davantage un guide,un ambassadeur du domaine et un organisateur. ( crd )
✔️မြန်မာလိုပြောပြရရင် wine tourism မှာ wine ခြံ wine cave wine အိမ် တွေမှာ လာလည်တဲ့ ခရီးသွားဧည့်သည်တွေကို ဝိုင်ခြံ ဝိုင်အိမ် တွေသမိုင်းတွေ ရှင်းပြမယ်
ဒေသထွက် ဝိုင်တွေ အကြောင်း စပျစ်ခင်း နဲ့ terroir တွေအကြောင်း ရှင်းပြ ပြောပြ ဆွေးနွေးရပြီး dégustation လို့ခေါ်တဲ့ ဝိုင်မြည်းစမ်းခြင်း တွေကို စီစဉ်ပေး ပြောပြဆွေးနွေး ဖလှယ်မယ် အကြံပေးမယ် ရောင်းမယ်
ဒေသရဲ့ အထင်ကရပွဲ ကိုယ့်ကုမ္မဏ္ဏီ က ပွဲတွေ မှာ ပါဝင်ရတယ်
Wine ဟာ သူတို့ culture ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းမို့ ဒေသထွက်ဝိုင်တွေ promote လုပ်ဖို့ နွေရာသီ မှာ ပွဲအမျိုးမျိုး အပြိုင်အဆိုင်စီစဉ်ကြတာမို့ event တောင်တော်များများလည်း ပါဝင်ရတယ်
ဒါတွေ အားလုံးက ဒီအလုပ်ရဲ့ကျောရိုး ပါဘဲ
✔️ပြင်သစ်ဘာသာစကားတတ်ထားဖို့လိုတယ်
✔️International ခရီးသွားတွေလည်းလာကြတာမို့ English လည်းရရမယ်
✔️ဝိုင်အကြောင်း ပြောနိုင်ရမယ်
✔️ဒေသရဲ့ သမိုင်းကြောင်း သိရမယ်
✔️အလုပ်လုပ်တဲ့ ကုမ္မဏ္ဏီရဲ့ သမိုင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြရတယ်
✔️ကိုယ့်ဆီကထုတ်တဲ့ဝိုင်ကို ဧည့်သည်တွေ ကသမိုင်းကို နားလည်ပြီးသကာလ ဝိုင်မြည်းတဲ့အခါ မှာ ဒီဝိုင်ကို သူတို့ကြိုက်ပြီး နောက်ဆုံး ဝယ်အောင် ထိ လုပ်ဆောင်ရတဲ့ အရောင်းပိုင်းလည်းပါတယ်
ရောင်းပြီး order ကောက် ငွေရှင်းထိ လုပ်ရတယ်
စိတ်ဝင်စားစရာကောင်းတယ်
ကိုယ်ကြိုက်တဲ့ မြေပြင်မှာ လူတွေနဲ့ ထိတွေ့ရတဲ့ အလုပ်
စကားပြောရတဲ့ အလုပ်
လူတွေကို ကိုယ်သိထားတာတွေ ပြန်လည်မျှဝေ ပြောပြရတဲ့အလုပ်
သမိုင်းကို နားလည်ပြီး တန်ဖိုးတက်အောင် ပြောပြရတဲ့အလုပ်မို့ ကိုယ်သိပ်နှစ်သက်တဲ့ ပုံစံမျိုးပါဘဲ
🥂✨Maison Ackerman
✔️ကိုယ် ရောက်လာတဲ့ ကုမ္မဏ္ဏီ က Saumur ရဲ့ မဖြစ်မနေလည်ကြတဲ့ tourist destination မှာ ပါတယ်
✔️Maison Ackerman ပါ
✔️သူက Cave နဲ့ boutique တွဲထားတာပါ
✔️Cave ရဲ့ စဆုံး အကျယ်က ၇ ကီလိုမီတာ ရှိပါတယ်
✔️အလည်အပတ် အတွက် လုပ်ထားတဲ့ visit လုပ်းတာက မီတာ ၅၀၀ ဘဲ ရှိပါတယ်
✔️ဒီမြို့မှာ အကြီးဆုံး ရှေးအကျဆုံးဖြစ်တာရယ်
Cave ထဲမှာ အနုပညာ ပြခန်း ရှိတာရယ်
တစ်နှစ်တစ်ခါ အနုပညာရှင်အသစ်က အနုပညာသစ်တစ်ခုကို ဖန်တီးတာမို့ လာလည်ပြီးသူတိုင်း ထပ်ထပ်လာရအောင် လုပ်ထားတာက သူတို့ရဲ့ strong point ပါဘဲ
✔️အဲ့တော့ ဝိုင်အကြောင်း အပြင် အနုပညာ အကြောင်း ပါသိဖို့ ပြောနိုင်ဖို့လိုပါတယ်
အထဲမှာရှိတဲ့ အနုပညာ လက်ရာတွေ ဟာ ဝိုင်နဲ့ဆက်စပ် တာ ဝိုင်သမိုင်းနဲ့ စပ်ဆက်တာကို ပြောပြရှင်းပြရတာပါ
✔️အဲ့ဒီအနုပညာ ပြခန်းရှိတာက လည်း ထူးခြားမှု ဖြစ်ပြီး အနုပညာသိပ်သဘောကျတဲ့ ပြင်သစ်တို့ အကြိုက်လည်းဖြစ်ပါတယ်
✔️ဝိုင် ကို describe လုပ်ရတဲ့ အခါမှာ language ကအနုပညာဆန်တယ် ကဗျာဆန်တယ်
အဲ့တော့ ဝိုင်နဲ့ အနုပညာပေါင်းစပ်မှု ကို ဖန်တီးထားတဲ့ နေရာကို ပြင်သစ်တွေ အပြင် နိုင်ငံတကာ ခရီးသွားတွေ လာလည်ကြတာ ကြိုက်ကြတာလည်း မဆန်းပါဘူး
✅အလုပ်သင်ကာလ အတွေ့အကြုံ
ကိုယ်နဲ့ အတူ နောက်အလုပ်သင်တစ်ယောက်ကပြင်သစ်မလေး
သူကဝိုင်နဲ့ Licence ပြီးထားတယ်
ဝိုင်အကြောင်းသိပြီးသားပေါ့
ထူးခြားဖြစ်စဉ် က ကိုယ်တက်ထားတဲ့ Master က ဝိုင်အထူးပြုမဟုတ်ဘူး
ကိုယ်ဟာ ၈ နာရီသာ ကျောင်းမှာ major တစ်ခု အနေနဲ့ သင်ခဲ့ရတာ
နက်နက်နဲနဲ မသိနေပါဘူး
ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းက guide ပိုင်း
Tour leading ပိုင်း နဲ့ အပြောအဟောအပိုင်း
ကျန်တာက နေရာမှာတင်သင်ယူရတယ်
✅ဒီမှာ လာလည်ရင်ဘယ်လိုပုံစံမျိုးလဲ
✔️ဧည့်သည်တွေ လာလည်တယ်
သူတို့ကလက်မှတ် ကြိုဝယ်ထားတာ သို့မဟုတ် နေရာမှာတင် ဝယ်လို့လည်းရတယ်
✔️သီးခြားလည်လို့ရတယ်
✔️Guided tour လည်လို့ရတယ်
✔️Guided tour ဆိုတစ်အုပ်စု အနည်းဆုံး ၂ ယောက်ကနေ အများဆုံး အယောက် ၄၀ သတ်မှတ်ထားတယ်
✔️လည်ပတ်ချိန် ၁ နာရီ ဝိုင်မြည်းချိန် မိနစ် ၃၀ ( တစ်နာရီခွဲ) ကြာပါတယ်
✔️ကိုယ်ကအဲ့ အုပ်စုနဲ့ ဂူထဲ သွားပြီး ရှင်းပြရတယ်( မီတာ ၅၀၀) ရှိပါတယ်
✔️cave သမိုင်းကြောင်း ဒီထဲမှာ စပါကလင်ဝိုင်ဘယ်လို ထုတ်လုပ်ခဲ့ပုံအကြောင်း
✔️ဒီဒေသမှာ စိုက်တဲ့ စပျစ်သီးအမျိုးအစား အစရှိသဖြင့်
✔️နောက် သူက အထဲ မှာ အနုပညာ ပြခန်းလိုလုပ်ထားတယ်
✔️အပေါ်ကပြောခဲ့သလို အနုပညာရှင် တွေက ဝိုင်နဲ့ ဆက်စပ်တဲ့ contemporain art တွေ ဖန်တီးထားတယ်ဒါတွေကိုရှင်းပြရတယ်
ဘယ်နှစ်ခုနှစ်မှာ ဘယ်artist က ဘာရည်ရွယ်ချက်နဲ့ ဒီ art ကို ဖန်တီးခဲ့ကြောင်း
ဝိုင်နဲ့ cave သမိုင်းနဲ့ ဘယ်လို ဆက်စပ်တယ် စသဖြင့် ရှင်းပြရတယ်
✔️ တစ်နာရီ အကြာမှာ ဂူထဲ ကပြန်ထွက်လာတယ်
✔️ဆိုင်ထဲက bar မှာ ဝိုင်မြည်းခိုင်းတယ် ဝိုင်တွေရှင်းပြတယ်
✔️သူတို့ စီမှာ အဓိကက sparkling wine ရောင်းတယ်
အနည်းဆုံး ၁၅ မျိုးလောက်ရှိတယ်
အဲ့တာတွေ အကြောင်း ကျက်ရမှတ်ရလေ့လာရတယ်
✔️Sparkling wine ဘယ်လိုထုတ်သလဲ ဆိုတဲ့ traditional method အကြောင်းလေ့လာရတယ်
✔️ကုမ္မဏ္ဏီ က တခြား domaine ၇ ခုလောက်နဲ့ partnership မို့ တခြား domaine က ဝိုင်တွေလည်းရောင်းတာမို့ ဝိုင်အမျိုးပေါင်း ၄၀ လောက်ရှိပါတယ်
✔️အဲ့ဒီ ဝိုင်တွေ အကြောင်းကို ပြောပြ ရှင်းပြ ရောင်းရပါတယ်
✅ သုံးသပ်ချက်
လောကမှာ ဘယ်အရာမှ မလွယ်ကူပါဘူး
ဒီအလုပ်စလုပ်တော့ အခက်အခဲတွေ အများကြီးရှိပါတယ်
ဗဟုသုတ ပိုင်း ဝိုင်ထုတ်တဲ့technique ပိုင်း
ဝိုင်ဝေါဟာရတွေ စကားလုံးတွေ ဟာနေ့စဉ်သုံးနေကြမဟုတ်သလို အကုန်သိနေတာမဟုတ်ပါဘူး
ဝိုင်အကြောင်းကို ရှေ့က ဝိုင်နယ်ပယ်မှာ ကျောင်းပြီးထားတဲ့ မြန်မာညီမလေးက ရှင်းပြတယ် သူသိတာတွေပြောပြတယ်
အလုပ်က အလုပ်သင်သူငယ်ချင်းက သူ့အတန်းကစာတွေပေးတယ်
မနက်တိုင်း ၂ နာရီ အိပ်ယာစောထတယ်
မနက်တိုင်းစာထလုပ် တယ်လေ့လာရတယ်
နေ့လည်ထမင်းစားချိန် ၁:၃၀ နားရတဲ့နေ့ရှိတယ်
၂ နာရီ နားရတဲ့နေ့ရှိတယ်
ထမင်းကို အိမ်ပြန်စားလို့ရပေမဲ့အလုပ်နားကပန်းခြံမှာစားပြီး စာကျက်တယ် လေ့လာတယ်
လေ့ကျင့်တယ်
လေ့လာတယ် မှတ်တယ် ဖတ်တယ် လေ့ကျင့်တယ်
လေ့လာတယ် ဖတ်တယ်ရှာဖွေတယ် လေ့ကျင့်တယ်
ဒီနေရာမှာ practice ဆိုတဲ့ စကားကိုဘဲ အခါခါသုံးပါရစေ
လေ့ကျင့်တယ်ဆိုတာ ဝိုင်အကြောင်းကို ပြင်သစ်တွေရှေ့ ပြင်သစ်စကားနဲ့
နိုင်ငံခြားသားတွေရှေ့ English စကားနဲ့ ပြောပြ ရှင်းပြရတာမို့ practice ဟာ အရေးပါပါတဲ
ဘာသာစကားရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ လိုပါဘဲ
ကြိုတင်ပြင်မှ အောင်ပွဲရတဲ့
ကြိုတင်ပြင်ခွင့်မရတဲ့ အခါမှာလည်း သူများတွေ ထက် ဝီရိယစိုက်ထုတ်ပြီး လုပ်တဲ့ အခါ မှာ ၄/၅ လလောက်အကြာမှာတော့ အလုပ်နဲ့ ကိုယ်နဲ့တသားထဲဖြစ်လာတယ်
အလုပ်ကသူငယ်ချင်းတွေ နဲ့ ထမင်းစားရင်တောင် သူတို့ ဖုန်းသုံးတဲ့ အချိန် ကိုယ်က စာဖတ်နေတာမို့ ကိုယ့်ကို အမြဲ စာကျက်နေတာတဲ့
သူတို့ကပြင်သစ်လေ
အိပ်နေလည်းရတယ်
တကယ်လည်း သူတို့နေလည်တရေးအိပ် မနက်မထသေးချိန်တိုင်း ကိုယ်က စောထ လေ့လာရင်း ဖတ်ရင်းရှာဖွေရင်း နဲ့ ဘဲ ဝိုင်အကြောင်းကိုလည်း ပိုစိတ်ဝင်စားလာတယ်
ပိုရင်းနှီးလာတယ် ထပ်ထပ်ပြီး သိချင်လာတယ်
ကိုယ်ဧည့်လမ်းညွှန် လုပ်ခဲ့တုန်းကလိုဘဲ လေ့လာ၍မကုန်သော ပညာရပ်မို့ ရယ်
အလုပ်ကလည်း ကိုယ်ကြိုက်တဲ့ အလုပ်မို့ အချိန်တွေ ဘယ်လိုကုန်မှန်းမသိ ဘဲ တစ်နေ့တာ အလုပ်ပြီးရင်ပင်ပမ်းတယ်ဆိုတာမေ့ပြီး တစ်နေ့ပြီးတိုင်းaccomplish ဖြစ်တဲ့ခံစားမှုရတယ်😊
ပွဲလမ်းတွေလည်း များတော့ ပျင်းရတယ်ဆိုတာမရှိ☺️
အဲ့လိုနဲ့ ၆ လတာ internship ဟာအောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ ပါတယ်💫
ဆက်ရန် ➡️
08/08/2026
La dégustation de la viande maturée 🙂
တစ်ခါတစ်လေမှာ မြန်မာစာကို ပြင်သစ်လို ဘာသာ ပြန်ရတာထက် ပြင်သစ်ကနေ မြန်မာလို ဘာသာပြန်ရတာ ပိုခက်နေတတ်တယ်
ခက်တယ်ဆိုတာထက် အပြောမှာ အဆီအလျော်တည့်ပြီး သဘာဝကျ အောင်ပြောရတာ အချိန်ယူစဉ်းစားရတယ်
ပြင်သစ်စာခက်တယ် ဆိုပေမဲ့ မြန်မာစာလည်းလွယ်မနေဘူး
အရေးရော အပြောရော ညက်ညောချောမွေ့အောင်ရေးရတာ ပညာတစ်ခုဘဲ
ဒါနဲ့ အပျင်းပြေ ပြင်သစ်လို ရေးထားတာ မြန်မာလိုဘာသာ ပြန်ကြည့်ပေးလို့ရတယ်နော်
ကိုယ်တော့ ထောက်နေပြီး သဘာဝမဆန်လို့ ဘာသာ မပြန်ပေးထား ဘူး
🤓
ကိုယ့်ထက် ဘာသာပြန်skill ကျွမ်းတယ်ဆို စာလေးတွေ ရေးတတ်ရင် ဖတ်ရသူ က ကဗျာဆန် နေမှာ ☺️