Technological University Loikaw-စာပေအနုပညာယဥ်ကျေးမှုအသင်း

Technological University Loikaw-စာပေအနုပညာယဥ်ကျေးမှုအသင်း

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Technological University Loikaw-စာပေအနုပညာယဥ်ကျေးမှုအသင်း, Community College, .

05/08/2021

နည်းပညာတက္ကသိုလ်(လွိုင်ကော်)
Ep မေဂျာက CDMer ဆရာမတစ်ဦးပါ။
ကျောင်းသူ၊ကျောင်းသားများအနေနဲ့ ဆရာမအတွက်အလှူငွေထည့်ချင်ရင်တော့ page ကနေတဆင့်လှူဒါန်းနိုင်ပါတယ်ရှင်။

Kpay
09420143648(Nang Shwe Sin Soe)
Wave pay
09420143648

Org post

https://m.facebook.com/story.php?story_fbid=2861250544125155&id=100007207112153

09/12/2020

တက္ကသိုလ်ကျောင်းသီချင်းတွေထဲမှာ ရေပန်းအစားဆုံးဖြစ်တဲ့ "တို့...သတိရနေမှာပါ" သီချင်းဟာ တေးရေး လူမောင် (ဆေး- ၁) ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေထဲက တပုဒ်ပါ။

မူရင်းသီချင်းခေါင်းစဥ် "သတိရနေမှာပါ" ကို ရှေ့က "တို့" တပ်လိုက်တဲ့ "တို့...သတိရနေမှာပါ" သီချင်းဟာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတဲ့ ၁၉၉၅ ခုနှစ်ကနေ စတင်ကျော်ကြား
လာခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် တေးသံရှင်ပေါင်းများစွာရဲ့ ပြန်လည်သီဆိုခြင်းနဲ့အတူ ရေပန်းစားနေဆဲဖြစ်ပါတယ်။

"တို့...သတိရနေမှာပါ" သီချင်းကို နားထောင်ဖူးသူတိုင်းရဲ့ နှုတ်ဖျားမှာ

"Library လေးလည်း တို့နဲ့ဝေး၊
R.C လေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့ကျတဲ့မျက်ရည်
ဂျပ်ဆင်အိုလေး ဘယ်မမေ့ဘူး"

စတဲ့စာသားတွေဟာ စွဲကျန်ရစ်ခဲ့ဖူးမှာဖြစ်ပြီး သီချင်းစစချင်းထွက်လာတဲ့ လေးပင်လွမ်းမောစဖွယ် သံစဥ်လေးကနေစလို့ သီချင်းတပုဒ်လုံးဟာ သင့်ကို အတွေးထဲမှာ ရန်ကုန်တက္ကသိုလ်ရှိရာ အဓိပဓိလမ်းမဆီကို ဆွေးဆွေးမြေ့မြေ့ ခေါ်ဆောင်သွားမှာပါ။

ဒါပေမဲ့ "တို့...သတိရနေမှာပါ" သီချင်းဟာ အများထင်မှတ်ထားကြသလို ချစ်သူကောင်လေးနဲ့ ကောင်မလေး ကျောင်းတွေပိတ်လို့ဝေးရတဲ့ သာမန်တက္ကသိုလ်အချစ်သီချင်းတခုသက်သက်မဟုတ်ဘဲ နောက်ကွယ်မှာရင်နင့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိခဲ့တာကိုတော့ အနှစ်နှစ်အလလကြာသည့်တိုင် ရေးစပ်သူ တေးရေးဆရာ လူမောင် (ဆေး- ၁) က လွဲရင် ဘယ်သူ့မှသိရှိခြင်းခဲ့ပါဘူး။

တကယ်တမ်း "တို့...သတိရနေမှာပါ" သီချင်းရဲ့ ကျောရိုးနောက်ခံအဖြစ်အပျက်ကတော့ ၁၉၈၈ အရေးတော်ပုံကာလဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေရှိရုာ ရန်ကုန်တက္ကသိုလ်ကို စစ်တပ်က လုံထိန်းတွေနဲ့ အင်အားသုံးပြီး မိုက်ရူးရဲဆန်ဆန် ပစ်ခတ်ဖြိုခွင်း​နေတဲ့ အချိန်ပါ။

ရန်ကုန်တက္ကသိုလ်ရင်ပြင်တခုလုံးမှာ သေနတ်သံတွေ တဒိုင်းဒိုင်း တဖြောက်ဖြောက်မြည်နေခဲ့ပြီး လက်နက်မပါတဲ့ ဆန္ဒပြကျောင်းသား၊ကျောင်းသူလေးတွေဟာ အသက်ဘေးက လွတ်ရာကို ရုန်းရင်းဆန်ခတ် ပြေးလွှားနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စုံတွဲဖြစ်ဟန်ရှိတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ နှစ်ဦးဟာလည်း အများနည်းတူ ပြာပြာသလဲ ပြေးလွှားနေခဲ့ကြပြီး R.C ရှေ့အရောက်မှာတော့ သေနတ်သံနဲ့အတူ ကောင်လေးက ဘိုင်းခနဲ လဲကျသွားပါတော့တယ်။ လက်တွဲပြုတ်သွားတဲ့ ကောင်မလေးဟာ ကိုယ်လွတ်ရုန်းမပြေးဘဲ ဘေးလူတွေတားတဲ့ကြားက သေနတ်ထိသွားတဲ့ သူ့ချစ်သူကောင်လေးရှိရာဆီ ပြန်လှည့်လာပြီး သွေးအိုင်ထဲမှာ မျက်ရည်တွေနဲ့အတူ ပွေ့ဖက်ထားခဲ့ပါတယ်။

သီချင်းထဲက

"ရင်မှာသံမှိုစွဲ၊ နှလုံးအိမ်ထဲ
တို့တော့ သတိရနေမှာပါ..." ဆိုတဲ့ စာသားဟာ

ချစ်သူကောင်မလေးရဲ့လက်ထဲမှာ မသေမရှင်ဖြစ်နေတဲ့ ကောင်လေးရဲ့ ရင်ဝတည့်တည့်ကို လုံထိန်းတွေက ဘက်နက်နဲ့ ဆောင့်ခနဲထိုးချ အသေသတ်လိုက်တာကို ရေးဖွဲ့ထားတာဖြစ်ပြီး

"ခြေရာထင်ကျန်ဆဲအဓိပဓိလမ်း" ဆိုတဲ့ စာသားကတော့ အများစိတ်ကူးယဥ်ထားသလို အတူလျှောက်ခဲ့ဖူးတဲ့ ချစ်သူနှစ်ဦးရဲ့ ခြေရာတွေဆိုတာထက် ကောင်လေးရဲ့ သွေးကွက်ပေါ်ကို ဗိုင်းခနဲ နင်းလျှောက်သွားတဲ့ စစ်ဖိနပ်ကို ရည်ညွန်းထားတာပါ။ အလူးအလဲအော်ဟစ်ငိုယိုနေတဲ့ ကောင်မလေးကိုလည်း ဆန္ဒပြပွဲဖြိုခွင်းတဲ့ လုံထိန်းတွေဟာ နှမသားချင်းမစာမနာ ခေါ်ဆောင်သွားခဲ့ကြတယ်လို့လည်း R.C နဲ့ မလှမ်းမကမ်းမြောင်းထဲမှာ ဝင်ရောက်ရှောင်ပုန်းနေတဲ့ (နောင်တချိန်မှာ "တို့...သတိရနေမှာပါ" သီချင်းကိုရေးဖွဲ့မယ့်) ကျောင်းသားလေး လူမောင်က မျက်ဝါးထင်ထင် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သီချင်းထဲက

"စိန်ပန်းပွင့်လေးများပွင့်ချိန်
တို့မခွဲစဖူး ခွဲရတော့မယ်
ရင်မှာလွမ်းလို့ကျတဲ့ မျက်ရည်၊
ပင်လယ်ပြင်ကြီး ဝေနေတယ်"

ဆိုတဲ့ သီချင်းစာသားကလည်း တေးရေး လူမောင်ရဲ့ ပြောကြားချက်အရ အဆိုပါစုံတွဲ အပါအဝင် ၈၈ အရေးအခင်းကာလ၊ ရန်ကုန်တက္ကသိုလ်ဆန္ဒပြကျောင်းသားများ ဖြိုခွင်းမှုကြီးအောက်မှာ သွေးချင်းချင်းနီစွန်းပြီး ကြွေလွင့်ခဲ့ရတဲ့ ကျောင်းသားတွေရဲ့ အဖြစ်သနစ်ကို ရဲရဲနီတဲ့ စိန်ပန်းပွင့်တွေနဲ့ ခိုင်းနှိုင်းတင်စားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် "ပင်လယ်ပြင်ကြီးဝေနေတယ်" ဆိုတဲ့စာကြောင်းကလည်း အရေးခင်းကာလမှာ သေကွဲ၊ရှင်ကွဲ ခွဲခွာခဲ့ရတဲ့ ကျောင်းသားလူငယ်လေးတွေရဲ့ တကယ့်ဖြစ်ရပ်ကို "သောကပင်လယ်ဝေ" ဆိုတဲ့စာချိုးအတိုင်း အလွန်အကျူးဖွဲ့ဆိုထားတာကို တွေ့ရမှာပါ။

အချစ်ထက်ပိုတဲ့ လေးနက်မှုတွေပါတဲ့ အရေးခင်းနောက်ခံ "တို့..သတိရနေမှာပါ" သီချင်းဟာ အဲ့ဒီလို သံသယဖြစ်ဖွယ် နှစ်ဖက်လှ အချိုးအဖွဲ့တွေကြောင့် အာဏာရှင်လက်ကိုင်တုတ်ဖြစ်ခဲ့တဲ့ ယခင်စာပေစီစစ်ရေးအဖွဲ့ရဲ့ နိုင်ငံရေးကင်းစင်ကြောင်း ဝန်ခံလက်မှတ်ထိုးခဲ့ရတဲ့အပြင် သီချင်းစာသားအပိုဒ်နှစ်ပိုဒ်ကိုလည်း ပယ်ဖျက်ခဲ့ရပါတယ်။

မူရင်းသီဆိုသူ အိအိ၊ ဖြိုးသီတာသိန်းတန်အပါအဝင်၊ မီမီဝင်းဖေ၊ ဖြိုးပြည့်စုံ + ဂျူဝယ်တို့ရဲ့ဗားရှင်းဟာပယ်ဖျက်ခံထားရတဲ့ ဗားရှင်းဖြစ်ပြီး အယ်လ်လွန်းဝါနဲ့ သွန်းတို့ တဖန်ပြန်လည်သီဆိုတဲ့ "တို့..သတိရနေမှာပါ" သီချင်းမှာမှ မူရင်းအပိုဒ်နှစ်
ပိုဒ်ကို ပြန်လည်နားဆင်ရမှာပါ။

မူရင်းသီချင်းစာသားနဲ့ဗားရှင်းကို
အောက်မှာဖတ်ကြည့်ပါ။

Lလွန်းဝါ+သွန်း

တို့ . . . သတိရနေမှာပါ

ကန်ရေပြင်မြေနီလမ်း တို့နဲ့ဝေး
စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး
ယုံပါကွာ သူငယ်ချင်း
မင်းကို တို့တော့သတိရနေမှာပါ . . .

အိမ်ပြန်ချိန်တို့ခွဲ တလမ်းဆီမို့
ပြန်လည်ဆုံစည်းကြနိုင်ဖို့
ကံကိုမျှော်လင့်ရင်း အဝေးကတို့
သတိရနေမှာပါ . . .

Library လေးလည်းတို့နဲ့ဝေး
R.Cလေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်
ဂျက်ဆင်အိုလေး ဘယ်မမေ့ဘူး . . .

ကြင်နာသူတွေရဲ့ကံကော်တန်း
ခြေရာထင်ကျန်ဆဲ အဓိပဓိလမ်း
ရင်မှာသံမှိုစွဲ နှလုံးသားအိမ်ထဲ
သတိရနေမှာပါ . . .

ကန်ရေပြင်မြေနီလမ်း တို့နဲ့ဝေး
စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး
ယုံပါကွာ သူငယ်ချင်း
မင်းကို တို့တော့သတိရနေမှာပါ . . .

အိမ်ပြန်ချိန်တို့ခွဲ တလမ်းဆီမို့
ပြန်လည်ဆုံစည်းကြနိုင်ဖို့
ကံကိုမျှော်လင့်ရင်း အဝေးကတို့
သတိရနေမှာပါ . . .

**** စိန်ပန်းပွင့်လေးများလွင့်ကြွေ
တို့မခွဲစဖူး ခွဲရတော့မယ် . . .
ရင်မှာလွမ်းလို့ကျတဲ့မျက်ရည်
ဒါပေမယ့်လည်း တစ်ကယ်မမေ့ဘူး ****

ကြင်နာသူတွေရဲ့ကံကော်တန်း
ခြေရာထင်ကျန်ဆဲ အဓိပဓိလမ်း
ရင်မှာသံမှိုစွဲ နှလုံးသားအိမ်ထဲ
သတိရနေမှာပါ . . .

**** စိန်ပန်းပွင့်လေးများလွင့်ကြွေ
တို့မခွဲစဖူး ခွဲရတော့မယ် . . .
ရင်မှာလွမ်းလို့ကျတဲ့မျက်ရည်
ပင်လယ်ပြင်ကြီး ဝေနေတယ် ****

**** နောက်ဆုံးအထိ မင်းမျက်ဝန်းတွေ
နှုတ်ဖျားကစွံ့အစကားတွေ
ရင်ထဲကနှုတ်ဆက်အနမ်းတွေ
ဒါပေမယ့်လည်း တကယ်မမေ့ဘူး ****

ကြင်နာသူတွေရဲ့ကံကော်တန်း
ခြေရာထင်ကျန်ဆဲ အဓိပဓိလမ်း
ရင်မှာသံမှိုစွဲ နှလုံးသားအိမ်ထဲ
သတိရနေမှာပါ . . .

သင်သိပါသလား ပေ့ခ်ျမှ ကူးယူဖော်ပြသည်။

09/12/2020

သက္ကရာဇ် ၁၃၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့
၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၉ရက်နေ့တွင် ကျရောက်သော နှစ်၁၀၀ပြည့် အမျိုးသားနေ့အား ကျွန်မတို့နည်းပညာတက္ကသိုလ်(လွိုင်ကော်)စာ၊နု၊ယဉ်အသင်းမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#နည်းပညာတက္ကသိုလ်(လွိုင်ကော်)
စာ၊နု၊ယဉ်အသင်း

10/11/2020

" စိတ်ကူး "

ချစ်သူက​​
ဂေါက်သီးတစ်လုံးဆိုလျှင်.....
ကျွန်​တော်က
ဂေါက်တံ မဖြစ်ချင်ပါ
နာကျင်သွားမှာ စိုးလို့ပါ။
ဘန်ကာလည်း မဖြစ်ချင်ပါ
မွန်းကျပ်သွားမှာ စိုးလို့ပါ။
ကန်​ရေလည်း မဖြစ်ချင်ပါ
နစ်မွန်းသွားမှာစိုးလို့ပါ။
ဖြစ်ချင်းဖြစ်
ချစ်ခြင်းအသစ်နဲ့
သူသွားရာ လမ်းတခင်းမှာ
တက်နင်းခံ ညင်သာ​စေဖို့
မြက်ခင်း​လေးသာဖြစ်ပါရ​​စေ....။

နွယ်ဦးလှိုင်

25/10/2020

"လပြည့်ဝန်း၏အချစ်ဦး"

လပြည့်ဝန်း၏
အချစ်ဦးသည်
ကန်​ရေပြင်။

​နေမင်းကြီး၏
အချစ်ဦးသည်
အ​ရှေ့မိုး​ကောင်းကင်။

ပန်းက​လေး၏
အချစ်ဦးသည်
​ရွှေလိပ်ပြာ။

မိုးစက်များ၏
အချစ်ဦးသည်
​မြေသင်းနံ့။

နှင်းပွင့်များ၏
အချစ်ဦးသည်
မြမြက်ခင်း။

​နွေသစ်ရွက်၏
ချစ်ဦးသည်
ဥသြငှက်က​​လေး။

အကယ်၍
ဖြစ်ခဲ့လျှင်...
အချစ်၏အချစ်ဦးသည်
ငါ၏မျက်လုံးများဖြစ်လိုပါ၏။

မင်းလူ

Photos from Technological University Loikaw-စာပေအနုပညာယဥ်ကျေးမှုအသင်း's post 22/10/2020

#မင်
တပေါင်းအကူး မတ်လဦးတော့
ဆွဲဆွဲငင်ငင်သီကျူးသံ ကြားမိလေရဲ့
" ဥဩ......" တဲ့
ခပ်ကြမ်းကြမ်း လေပွေ နှောက်လိုက်တော့ တန်ခူးလေ အထင်နဲ့
ယော်ရင်း ရမ်းရင်း တမ်းရင်း တရင်း ပိတောက်ခင်းတဲ့ လမ်းကို လျှောက်ခဲ့....
ခြေမျက်စိအောက် အကြည့်ရောက်တော့
စက္ကူပန်းတွေဟာ ဝေလို့....ကြွေလို့.....
ခေါင်းငိုက်စိုက်နဲ့
သိုင်းလွယ်ထားတဲ့ လွယ်အိတ်ကြိုးကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်...
လေးလံနေတဲ့ ခြေနှစ်ချောင်းကို
ရေညှိစိမ်း ညစ်ထေးထေးတွယ်ကပ်နေတဲ့
လှေကားထစ်လေးတွေပေါ်
မတင် လျှောက်စေခြင်းဖြင့်
ဒဏ်ခတ်လိုက်တယ်
ရှိစေတော့လေ အထစ်၇၀တဲ့.....
တိုင်လုံးဖြူဖြူကို ဖက်တွယ်ရင်း
ဟိုးအောက်ဘက်ဆီကို
အဆုံးအစမရှိ ငေးကြည့်နေလိုက်တယ်
စိမ်းညို့ညို့ တောင်ပြာတန်းတွေ အုံ့မှိုင်း.....
" ဒွေးမယ်နော် " အဆောင်လေး.....
ဆိတ်ငြိမ်ခြင်းကို တွန်းလှန်နေချင်သယောင်ယောင်
ဟိုးအရင်တွေဆီက
ခက်ရင်းနဲ့ဇွန်းချင်း ထိရိုက်သံတွေဟာ
ထမင်းစားဆောင်နံရံမှာ
ပဲ့တင်မထပ်နိုင်တော့.....
ယောက်ချိူဇွန်းကိုယ်ထည်တလျှောက်
သံဂျေးတွေ နေရာယူသွားပြီ
ကြွေပန်းကန်လုံးလေးတွေ ငိုနေလောက်ပြီ
သူ့မျက်ရည်တော့ မြင်နိုင်မယ်မထင်
ဖုန်မှုန့်တွေတက်ရောပေါ့......
ရေဆိုးမြောင်းလည်း ဆပ်ပြာရည်ညစ်တွေ
တောင့်တရောပေါ့....
ခုတော့ မြောင်းကြားမြေလွှာတောင်
ပက်ကြားအက်ရော့မယ်...
အသောမသတ်တဲ့ တခါက ရယ်မောသံတွေ
ခုတော့ အပ်ကျသံတောင် မသဲမကွဲ....
သော့ခလောက်တွေ ခမျာလည်း
ချိတ်ပိတ်ပေးရတာ ပင်ပန်းလောက်ပြီ.....
အတွေးနဲ့ လမ်းဆက်လျှောက်တော့
ကော်ဖီတခွက်၊လဖက် ထမင်း ကြက်ဥ ဟာ့လ်ပရိုက်
မှာလျက်သားကျလို့......
ကျောင်းကန်တင်းမှာ ခုံလေးတွေဟာ
သူတို့ရဲ့ ယာယီပိုင်ရှင်လေးတွေကို
မျှော်ရောပေါ့.......
စာသင်ဆောင်တွေ စာသင်ခန်းတွေ
ချမ်းတဲ့အခါပူတဲ့အခါ
ဂရုစိုက်ပေးမဲ့သူ ရှိမှရှိလေစ..
ပန်းပွင့်ဖတ််ငယ်အသွယ်သွယ်
အရင်လို လှပနေပါရဲ့လား.....
တောင်ကွဲစေတီတော်.....
စိတ်မှန်းဖြင့် ဦးခိုက်ပါ၏
ဘီလူးချောင်းရေသည်လည်း
နေကောင်းပါရဲ့လား....
ကန္ဒရဝတီလမ်းမကြီးသည်လည်း
ရောဂါဘယ ကင်းရှင်းပါရဲ့လား.....
ငွေတောင်ပြည်တခုလုံး
အေးချမ်းနေပါရဲ့လား....
ချစ်ရခင်ရသူများလည်း
ကျန်းမာပါလေစ....
သည့်နောက်တော့
လွမ်းစေတီသည်လည်း
ခေါင်းလောင်းသံညံနေပါ့ရဲ့လား.....
နှာသီးဝနား လေပြည်နုတချက်
တိုးဝှေ့သွားတယ်
တဆက်တည်းမှာဘဲ
သက်ပြင်းရှည်တချက် ချရင်း ....
မထင်မှတ်တဲ့ ခွဲခြာခြင်းဟာ
(၇)လတောင် ကျော်ခဲ့ပါပကောလို့
မှတ်ချက်ချရင်းနဲ့
စိတ်ကူးထဲက လွိုင်ကော်ခရီးကို
အဆုံးသတ်ပြီး ပြန်လာခဲ့ရတယ်။ ။

18/10/2020

"အသိခက်သူ"

​နေသာသည့်ခိုက် ၊ ​နေနှင့်လိုက်​သော
​နေ၌​ပျော်တတ်​လေသူခင်
လသာသည့်ခိုက် ၊ လနှင့်လိုက်ကာ
ည၌​မွေ့တတ်​လေသူခင်
ညမှာလဲ​မွေ့ ၊ နေ့မှာလဲ​ပျော်
​​သြော်...အသိခက် ၊ မျက်နှာ​​ထွေပြား
များတတ်​လေသူ...
မိုး​ဆွေသည့်​နေ့ ၊ ​နေမ​တွေ့လျှင်
လကွယ်ညမှာ ၊ လမသာလျှင်...
ပြင်ပြင်စိမ်းကား ၊ မ​ထောက်ထားတတ်
အားလုံးမုန်း​မေ့နိုင်ပြန်သည်။

​မောင်စိန်ဝင်းပုတီးကုန်း

15/10/2020

"ကျောပိုးအိတ်က​လေး"

ကျွန်မ နံ​ဘေး မှာထိုင်​နေတဲ့သူငယ်ချင်းမ​လေးရဲ့ ​ကျောပိုးအိတ်​လေးကို ကျွန်မ မျက်​တောင်မခတ်ဘဲ ကြည့်​နေမိတယ်။
သူ့ ​ကျောပိုးအိတ်​လေးက ဒီ​​နေ့ မှလွယ်လာတဲ့ အသစ်စက်စက် မိုးပြာ​ရောင်​လေးပါ။ ကျွန်မ ​ကျောပိုးအိတ်က ​​ရှေ့တစ်ပတ် ပထမအစမ်း စာ​မေးပွဲ​တွေ​ဖြေ​တော့ အတန်းထဲမှာ ပထမရလို့ အ​ဖေ ကျွန်မကို ဆုချလိုက်တဲ့ ပန်းရင့်ရင့်​ကျောပိုးအိတ်​လေး​ပေါ့။ ဒီနှစ် အဌမတန်းကို ​အောင်ပြီးရင် အထက​ကျောင်း တစ်ခုခုကို ကျွန်မ​ပြောင်းတက်ရ​တော့မှာမို့လို့ ဒီနှစ်မှာ ​နောက်ဆုံးနှစ်အ​နေနဲ့ ​ကျောပိုးအိတ်လွယ်ခွင့်ရတာပါ။ ​နောက်နှစ်ဆို ကျွန်မက ၉ တန်းတက်ရ​တော့မှာဆို​တော့ ​ဘေးလွယ်အိတ်​လေးပဲ လွယ်ရ​တော့မယ်လို့ ​​ဖေ​ဖေတို့က​ ပြောတယ်။

'​ကျောပိုးအိတ်​လေးက လှလိုက်တာဟယ်'
'နင်နဲ့အရမ်းလိုက်တာပဲ သဲသဲရယ်'

​ကျောပိုးအိတ်​လေးစလွယ်တဲ့​​နေ့မှာပဲကျွန်မကိုဝိုင်း​ပြောကြတယ်။ အားလုံးရဲ့မျက်ဝန်းအကြည့်​တွေကလည်း ကျွန်မကိုချီးမွမ်းအားကျ​နေတဲ့အကြည့်မျိုး။ ကျွန်မရဲ့နုပျိုတဲ့အလှကိုလည်းပိုပြီး​ပေါ်လွင်​နေ​အောင်ပြင်ထား​​သေးတယ်​လေ။ ကြည့်၊ခါးထိ​ရောက်​နေတဲ့ဆံပင်​တွေကိုနှစ်ဖက်ခွဲပြီးပန်း​ရောင်ဖဲကြိုး​လေးနဲ့ဖဲပြားပုံ​​လေးစည်းထားတယ်။ ​​​​ဟော...ဖိနပ်ကိုလည်းကြည့်ဦး။ ​ကျောပိုးအိတ်ပန်း​ရောင်နဲ့အ​ရောင်တူတဲ့ဖိနပ်​လေး။ဒါ​ကြောင့်မို့လို့ သူငယ်ချင်း​တွေအားလုံးက...

'အရမ်းလှတာပဲ'
'အ​ရောင်အ​သွေး​ရွေးတတ်လိုက်တာကွာ'

အဲ့ဒီလိုချီးမွမ်းသံ​တွေကိုတစ်ပတ်လုံးကြား​နေရလို့သိပ်ကို​ပျော်​နေခဲ့တာ။ဒါ​ပေမဲ့ဒီ​နေ့ကျွန်မစိတ်​တွေလှုပ်လှုပ်ရှားရှားနဲ့​ဝေ​ဝေဝါးဝါးဖြစ်​နေတယ်။ကျွန်မသူငယ်ချင်းရဲ့​ကျောပိုးအိတ်​လေးကိုမှနှစ်နှစ်ကာကာကြိုက်နေမိတယ်။အဲ့ဒီစိတ်​ကြောင့်ကျွန်မ မ​ပျော်နိုင်ပြန်ဘူး။
မိုးပြာ​ရောင်နဲ့​ကျောပိုးအိတ်​လေးရဲ့ပိုင်ရှင်က​တော့အချစ်ဆုံးသူငယ်ချင်း​နွေး​နွေး။
​နွေး​နွေးကကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းဆိုလည်းဟုတ်တယ်။အစ်မတစ်​ယောက်ဆိုလည်းဟုတ်တယ်။တစ်ဦးတည်း​သောသမီးဖြစ်တဲ့ကျွန်မရဲ့အနွံအတာကိုလည်းအမြဲခံသလိုကျွန်မကိုလည်းအရမ်းချစ်တဲ့သူငယ်ချင်းတစ်​ယောက်​ပေါ့။ကျွန်မအတွက်ဆိုအမြဲဦးစား​ပေးဆက်ဆံတတ်လွန်းလို့​​နွေး​နွေးကိုတခြားသူငယ်ချင်း​တွေထက်ပိုခင်မိတာထင်တာပဲ။ကျွန်မကနည်းနည်း​တော့အတ္တကြီးတယ်။အခုလည်း​နွေး​နွေးရဲ့​ကျောပိုးအိတ်​လေးကိုမှကျွန်မကကြိုက်​နေမိပြန်တယ်။

'​နွေး​နွေးနင့်​ကျောပိုးအိတ်​​လေးကလှလိုက်တာ။ဘယ်မှာဝယ်တာလဲဟင်'

​နွေး​နွေးကကျွန်မကိုအထူးတဆန်းလိုကြည့်ပြီး...

'ဟဲ့ နင့်​ကျောပိုးအိတ်ကမှတကယ်လှတာ။ငါ့ဟာကတရုတ်မိတ်ပါဟယ်။နင့်လိုယိုးဒယားမိတ်မဟုတ်ဘူး။​ စျေးလည်း​ပေါမယ့်ပုံပဲ။ငါ့အ​မေအသိတစ်​ယောက်လက်​ဆောင်ထည့်​ပေးလိုက်တာဟ'

လက်​ဆောင်ရထားတာတဲ့။ကျွန်မတစ်ခုခု​ပြောဖို့ချင့်ချိန်​နေမိတယ်။ကျွန်မသူ့​ကျောပိုးအိတ်​လေးကိုအရမ်းလိုချင်​နေပါတယ်။အဲ့ဒါနဲ့...

'ငါ့ကိုပြန်​ရောင်း​ပေးပါလားဟင်​နွေး​နွေး'

သူကကျွန်မကိုအံ့သြတကြီးကြည့်ပြီး...

'မလုပ်ပါနဲ့ဟယ်။ငါကလက်​ဆောင်ရထားတာမို့လို့ပါ။​နောက်ပြီး...'

ကျွန်မသူ့စကားကိုဆုံး​အောင်မ​စောင့်နိုင်ဘဲ...

'နင်ကြိုက်တဲ့​စျေးနဲ့​ရောင်း...ငါဝယ်ပါ့မယ်။နင့်အိမ်ကိုလိုက်​ပြောဆိုလည်း​ပြောပါ့မယ်​နော်။ငါတကယ်ကြိုက်လို့ပါဟာ​​နော်'
​နွေး​နွေးက​​ဝေခွဲမရစွာနဲ့မျက်​မှောင်ကြီးကြုတ်ပြီးသူ့​ခေါင်းကိုကုတ်​နေတယ်။ကျွန်မ မရလို့မဖြစ်ဘူး။မဟုတ်ရင်​နေ့​နေ့ညညဒီစိတ်နဲ့ကျွန်မစာလည်းကျက်နိုင်မှာမဟုတ်ဘူး။ကျွန်မမရရ​အောင်ယူမယ်လို့ဆုံးဖြတ်ထားတယ်။ကျွန်မစိတ်ကိုသိ​နေတဲ့​နွေး​နွေးက...

'​​အေးဟာ။ငါအိမ်ကိုပြန်​ပြောလိုက်ဦးမယ်။မနက်ဖြန်မှနင့်ကိုအ​ကြောင်းပြန်မယ်​နော်'တဲ့။
ကျွန်မသူ့ကိုရမှဖြစ်မှာ​နော်လို့ထပ်​ပြောမိတယ်။သူက​အေးပါဟယ်တဲ့။အဲ့ဒီ​နေ့ညကကျွန်မဘာစာမှမကျက်ဖြစ်ပါဘူး။​နွေး​နွေးမနက်ဖြန်အ​ကြောင်းပြန်မယ့်အ​ဖြေတစ်ခုကိုပဲကျွန်မစိတ်ကငံ့လင့်​နေမိတယ်။ကျွန်မ​ကျောပိုးအိတ်​လေးကိုကျွန်မပြန်ကြည့်မိတယ်။ကျွန်မ​ကျောပိုးအိတ်​လေးလည်း​တော်​​တော်​လေးလှပါတယ်။ဒါ​ပေမဲ့ကျွန်မ​နွေး​နွေး​ကျောပိုးအိတ်​လေးကိုပိုကြိုက်တယ်။ကျွန်မဒါပဲသိတယ်။အိပ်​ပျော်သွားတဲ့အချိန်အိပ်မက်ထဲမှာကျွန်မအဲ့ဒီ​ကျောပိုးအိတ်​လေးကိုလွယ်လို့...
​နောက်တစ်ရက်​ကျောင်း​ရောက်​တော့​နွေး​နွေးကသူအရင်လွယ်​နေကျကချင်လွယ်အိတ်​လေးကိုပြန်လွယ်လာပြီးကြွပ်ကြွပ်အိတ်နဲ့ထည့်လာတဲ့ကျွန်မသိပ်ကြိုက်ပါတယ်ဆိုတဲ့​သူ့ရဲ့ကျောပိုးအိတ်ကိုကမ်း​ပေးတယ်။ကျွန်မအိပ်မက်​လေးမှန်သွားတယ်​ပေါ့။

'​ရော့ ယူလိုက်​တော့။ငါ့ကို​တော့​ကျောပိုးအိတ်တစ်လုံးပြန်ဝယ်​ပေးရမယ်​နော်'တဲ့။

ကျွန်မ​ပျော်လွန်းလို့သူ့ပါးကိုတစ်ချက်နမ်းပစ်လိုက်တယ်။

'​အေး ဝယ်​ပေးမှာ​ပေါ့။အပိုလက်​ဆောင်ပါ​ပေးမယ်။နင်ကြိုက်တာယူသိလား'

ကျွန်မအဲ့ဒီ​နေ့ကသိပ်​ပျော်ခဲ့ဖူးတာကိုအခုထိအမှတ်ရ​နေမိ​သေးတယ်။

***

ချစ်ချစ်​တောက်ပူ​နေတဲ့​နွေ​နေ့လယ်ခင်းတစ်ရက်မှာ​ပေါ့။အဲ့ဒီ​နေ့မှာပဲသူနဲ့ကျွန်မစ​တွေ့ခဲ့တာ။သူ့မျက်နှာကိုမြင်မြင်ချင်းမှာပဲပူ​လောင်​နေတဲ့​နွေ​​နေ့ခင်းဟာရုတ်တရက်​အေးမြသွားသလိုပဲ။သူ့မျက်နှာဆီက​အေးချမ်းမှု​တွေကကျွန်မရင်ထဲကိုဖြတ်စီးဆင်းသွားတဲ့​ရေခဲမြစ်လိုပေါ့။အင်း... ...ဟုတ်တယ်။ကျွန်မသူ့ကိုမြင်မြင်ချင်းချစ်မိသွားခဲ့တယ်။သူဘယ်သူလဲ။ဘယ်ကလဲ။ဘာလုပ်သလဲဆိုတာ​တွေမသိခင်သူဆိုတာလူဆိုးလားလူ​ကောင်းလားဘာဆိုဘာမှမသိခင်ကတည်းကကျွန်မသူ့ကိုချစ်မိသွားခဲ့တာ။ကျွန်မတို့ကုမ္ပဏီကိုသူက​နောက်ကျပြီးမှအလုပ်ဝင်တဲ့သူမို့ကျွန်မဆီကအလုပ်အ​ကြောင်း​တွေပြန်​မေးရင်းသူနဲ့ရင်းနှီးခွင့်ရခဲ့တယ်။သူနဲ့​တွေ့တဲ့အချိန်မှာမာယာမပါတဲ့သူ့စကားသံ​တွေ၊နူးညံ့တဲ့သူ့အပြုံး​တွေ၊ဟန်ဆောင်မှုကင်းတဲ့သူ့ရယ်သံ​တွေ၊သူ့စိတ်​နေစိတ်ထား​တွေကိုကျွန်မ​လေး​လေးနက်နက်ခံစားမိတယ်။ဒါ​ပေမဲ့အခုကျွန်မ​ရှေ့မှထိုင်​နေတဲ့သူဟာနှလုံးသားတံဆိပ်ခတ်နှိပ်ထားပြီးသားလူတစ်​ယောက်​ပေါ့။
သူ့မှာသူ့ကိုသိပ်ချစ်တယ်လို့​ပြောတဲ့ သူကလည်းသိပ်ချစ်ပါတယ်ဆိုတဲ့ချစ်သူတစ်​ယောက်ရှိပါတယ်။သူ့မှာပိုင်ရှင်ရှိမှန်းသိ​ပေမယ့်လည်းအခုကျွန်မ​ကျောပိုးအိတ်​​လေးကိုလိုချင်ခဲ့ဖူးတဲ့စိတ်နဲ့ဆင်တူတဲ့စိတ်​လေးဖြစ်​နေမိတယ်။ကန့်သတ်ချက်တစ်ခု​အောက်မှာ​​ပေါက်ဖွားလာတဲ့ကျွန်မအချစ်ဟာကန့်သတ်ချက်တစ်ခု​အောက်မှာပဲ​သေဆုံးရ​တော့မယ်ထင်ပါရဲ့။သူဟာတရုတ်မိတ်​ကျောပိုးအိတ်​လေးတစ်လုံးလိုအများလူ​တွေအမြင်မှာသပ်သပ်ရပ်ရပ်မဟုတ်​ပေမယ့်ကျွန်မတန်ဖိုးထား​နေမိတယ်။တန်ဖိုးဆိုတာတန်ဖိုးထားတဲ့လူရဲ့လက်ထဲမှာပဲရှိတာမဟုတ်လား။အခုအချိန်မှာကျွန်မက၈တန်း​ကျောင်းသူ​လေးမဟုတ်​တော့တဲ့အတွက်ကျွန်မရင်ထဲကခံစားချက်​တွေကိုစိတ်ရဲ့ပြတင်း​ပေါက်ဖြစ်တဲ့မျက်လုံးမှာမ​ပေါ်​အောင်ကျွန်မဖုံးကွယ်နိုင်တဲ့အ​နေအထားမျိုးအသင့်ရှိ​နေခဲ့တယ်။လူတစ်​ယောက်ကိုချစ်မိဖို့အချိန်ဘယ်​လောက်လိုမှာလဲ။ကျွန်မအတွက်​တော့တစ်စက္ကန့်ပါပဲ။ကျွန်မသူ့ကိုအချိန်ခဏ​လေးအတွင်းမှာချစ်မိသွားခဲ့တယ်။
အစကတည်းကဆုံး​နေတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုကျွန်မဘယ်လိုဆက်ကရမှာလဲ။သူကသက်မဲ့ပစ္စည်း​(ကျောပိုးအိတ်​​လေးတစ်လုံး)လည်းမဟုတ်ခဲ့ဘူး။တကယ်လို့များသူသာ​ကျောပိုးအိတ်​လေးတစ်လုံးဖြစ်​နေခဲ့မယ်ဆိုရင်သူ့ကိုတန်ဖိုးထား၊မထားမ​သေချာတဲ့ပိုင်ရှင်လက်ထဲက​နေကျွန်မ​တောင်းဝယ်လိုက်မယ်။သူက​တော့ကျွန်မ​လေးစားရတဲ့​ယောက်ျား​ကောင်း​တစ်​ယောက်ရဲ့စိတ်မျိုးနဲ့သူ့ချစ်သူကိုဘယ်​သောအခါမှပစ်ပစ်ခါခါထားခဲ့မယ့်လူမျိုးမဟုတ်ပါဘူး။ကျွန်မကလည်းပိုင်ရှင်ပြန်လာရင်ပြန်​ပေးရမယ်ဆိုတဲ့အငှားအိပ်မက်မျိုး​တွေနဲ့သူ့အချစ်ကိုမလိုချင်ပါဘူး။
အပိုင်ရမယ်ဆိုရင်​တော့ကျွန်မတတ်နိုင်တဲ့တန်ဖိုးကို​​ကျော်လွန်​စေဦး​တော့...ကျွန်မလည်းယူလိုက်ချင်တယ်။ကျွန်မနံ​ဘေးမှာလှပတဲ့​ကျောပိုးအိတ်​လေး​တွေ​ရွေးချယ်ခွင့်ရှိလည်းကျွန်မလိုချင်တဲ့အိတ်​လေးကဒီအိတ်​လေးပဲမို့ကျန်တာ​တွေကိုကျွန်မလျစ်လျူရှုထားလိုက်တယ်။လွန်ခဲ့တဲ့၁၀နှစ်​ကျော်က​နွေး​နွေးနားကကျွန်မ​တောင်း​ဝယ်ခဲ့တဲ့​ကျောပိုးအိတ်​လေးကိုကျွန်မအခန်း​ထောင့်​လေးမှာဘယ်သူ့ကိုမှမ​ပေးရက်မပစ်ရက်ပဲအလှကြည့်ပြီးသိမ်းထားမိတုန်းပဲ။ကျွန်မသိပ်ကြိုက်တဲ့သက်မဲ့ပစ္စည်း​လေးကိုကျွန်မအမြတ်တနိုးတန်ဖိုးထားသလိုမျိုးကျွန်မချစ်တဲ့သူကကျွန်မကိုပြန်ချစ်မယ်ဆိုရင်​နောက်​နောင်ဘဝ​တွေထိကျွန်မစွဲစွဲလမ်းလမ်းချစ်​နေမိမယ်ထင်ပါရဲ့။ဒါ​ပေမဲ့.... .... ကျွန်မကံမ​ကောင်းပါဘူး။
သူဟာ​ကျောပိုးအိတ်​လေးတစ်လုံးဖြစ်မ​နေခဲ့ဘူး... ...။

မုဒိတာ(လွိုင်​ကော်)

အက္ခရာငါးစင်း(ဝတ္ထုတိုစုစည်းမှု)မှ​ကောက်နုတ်သည်။

13/10/2020

"ဘဝရဲ့ကြံ့ခိုင်အား"

သင်ဘယ်​လောက်အထိ သန်မာကြံ့ခိုင်နိုင်သလဲဆိုတာကို သင့်ကိုသင်သိပါသလား။
အ​မေရိကန် မန်ဆာချူးဆက်ပြည်နယ် Amherst ​ကောလိပ်မှာစိတ်ဝင်စားစရာ​ကောင်းတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။အဲ့ဒီစမ်းသပ်မှုမှာ စမ်းသပ်သူ​တွေဟာ သီးစဖရုံသီး​လေးတစ်လုံးကို သံကြိုး​တွေနဲ့ ရစ်ပတ်တုပ်​နှောင်လိုက်ကြတယ်။တဖြည်းဖြည်းကြီးလာမယ့် ဖရုံသီး​လေးဟာ သူ့ကို တုပ်​နှောင်ထားတဲ့ သံကြိုးရဲ့ဖိအားအ​ပေါ် ဘယ်​လောက် ရုန်းကန်နိုင်အားရှိမလဲ။ ဘယ်​လောက် ခံနိုင်ရည်ရှိမလဲလို့ ​လေ့လာအကဲခတ်ကြဖို့ဖြစ်တယ်။
စစချင်းမှာ စမ်းသပ်သူ​တွေက သံကြိုးရဲ့ဖိအားအ​ပေါ် ဖရုံသီးခံနိုင်မယ့်အားဟာ ၅၀၀ ​ပေါင်ပဲရှိမယ်လို့ ခန့်မှန်းခဲ့ကြတယ်။
စမ်းသပ်တဲ့ ပထမလမှာ ဖရုံသီးရဲ့ ခံနိုင်အားဟာ ၅၀၀ ​ပေါင် ရှိခဲ့တယ်။ ဒုတိယလမှာ ခံနိုင်အားဟာ ၁၅၀၀ ​ပေါင် ရှိခဲ့တယ်။ ဖရုံသီးရဲ့ခံနိုင်အား​ပေါင် ၂၀၀၀အ​ရောက်မှာ စမ်းသပ်သူ​တွေဟာ သံကြိုးကို အရင်ကထက် ပိုတင်းတင်းကျပ်ကျပ် တုပ်​နှောင်လိုက်ကြတယ်။ ဖရုံသီးရဲ့ရုန်းအား​ကြောင့် သံကြိုး​ပြေသွားမှာစိုးလို့ဖြစ်တယ်။
စမ်းသပ်မှု​နောက်ဆုံးမှာ ဖရုံသီးရဲ့ခံနိုင်အားဟာ ​ပေါင် ၅၀၀၀ ​ကျော်အထိ ရှိခဲ့တာကို​တွေ့ရပြီး ​ပေါင် ၅၀၀၀ ​ကျော်မှ ဖရုံသီးကွဲအက်သွားခဲ့တယ်။
ကွဲသွားတဲ့ဖရုံသီးဟာ စားလို့မရ​အောင်မာ​ကျော​နေခဲ့ပါတယ်။ အ​ကြောင်းက သံကြိုးကိုထိုး​ဖောက်ချင်တဲ့ ဖရုံသီးရဲ့အသား​တွေဟာ ကျစ်လစ်မာ​ကျောသွားလို့ဖြစ်တယ်။ ဖရုံသီးဟာသူ့ရှင်သန်ကြီးထွားမှုကို ဟန့်တားထားတဲ့ သံကြိုးကို ဖြိုပစ်နိုင်​အောင် အာဟာရဓါတ်​တွေကို ပိုစုပ်ယူခဲ့တယ်။ ဒါ​ကြောင့် သူ့ရဲ့အမြစ်​တွေဟာ အရပ်​လေးမျက်နှာလုံး ​ပေရှစ်​သောင်း​ကျော်အထိ ဖြန့်ကားသွားတာကို​​တွေ့ရတယ်။ ပန်းခြံတစ်ခုလုံး သူ့အမြစ်​တွေနဲ့ပြည့်​နေ​တော့တယ်။
ကျွန်​တော်တို့ဟာ ကိုယ့်ကိုယ်ကို ဘယ်​လောက်အထိ သန်မာကြံ့ခိုင်နိုင်မလဲဆိုတာကို မခန့်မှန်းတတ်ခဲ့ဘူး။ ကြီးမားတဲ့ပြင်ပရဲ့ဖိအားကို ဖရုံသီးခံနိုင်ခဲ့တယ်။ ဒီလိုဆိုရင်လူ​တွေက​ရော၊ တူညီတဲ့အ​ခြေအ​နေမှာ ဘယ်​လောက်ခံနိုင်အားရှိခဲ့မလဲ။
လူအများရဲ့ခံနိုင်အားဟာ ကျွန်​တော်ခန့်မှ​န်းထားတဲ့ဖိအားကို ​ကျော်လွန်နိုင်ပါတယ်။ တစ်ချိန်ကကျွန်​တော့်ကို Eleanor Roosevelt ​ပြောခဲ့တဲ့အတိုင်း " မိန်းက​လေး​တွေဟာ လက်ဖက်​ခြောက်ထုပ်နဲ့တူတယ်။ သူတို့ဘယ်​လောက်ထိ သန်မာကြံ့ခိုင်နိုင်သလဲဆိုတာကို ကျွန်​တော်တို့မသိနိုင်ကြဘူး။ လက်ဖက်​ခြောက်ထုပ်ကို ​ရေပူထဲထည့်စိမ်လိုက်မှ ခံနိုင်စွမ်း​တွေ တဖြည်းဖြည်း ထွက်လာသလိုမျိုး​ပေါ့။ ​ယောကျ်ား​လေး​တွေမှာလည်း အဲ့ဒီစွမ်းရည်ရှိကြတယ်။ "
တစ်ခါမှမကြုံဖူးတဲ့ အခက်အခဲပြဿနာကို သင်ရင်ဆိုင်​နေရသလား။ အဲ့ဒီအခက်အခဲပြဿနာဟာ ​ဖြေရှင်းလို့မလွယ်ကူ​လောက်​အောင် ဖြစ်​နေခဲ့လား။ အဲ့ဒီအခက်အခဲကို သင်ဖြိုလဲပစ်နိုင်မလား။
သင့်ကို ရစ်ပတ်ထားတဲ့ အခက်အခဲသံကြိုးထဲက​နေ ရုန်းထွက်နိုင်ဖို့ သင်သန်မာကြံ့ခိုင်နိုင်ဖို့ပဲ လိုပါတယ်။ တကယ်လို့ အဲ့ဒီအခက်အခဲကို သင်စိတ်ရှည်သည်းခံပြီး စိတ်ဓါတ်၊အသိဥာဏ်၊ ခန္ဓာ​တွေရဲ့အင်အားကို စုစည်းပြီးရင်ဆိုင်ခဲ့ရင် ဘယ်အခက်အခဲ၊ ဘယ်ပြဿနာကများ သင့်ကိုဟန့်တားနိုင်ဦးမလဲ။

​ရေးသားသူ- Steve Goodier
"Your Life Support System"

၉၀-၁၀ နိယာမ နှင့်
အခြားစိတ်ခွန်အားတက်ဖွယ်ရာစာစုများ
နိုင်းနိုးင်းစ​နေ

12/10/2020

" သာလိကာ "
🍊🍊🍊🍊

#နေဝင်းမြင့်

ဟော ... ဦးလေးက သည်မှာလား။ ဟင်း … ဦးလေးကြီးတို့ အခန်းကလည်း ညစ်ပတ်လိုက်တာ ကြည့်ပါဦး။ စားပွဲ အစုတ်ကြီးရော၊ ဝါလုံးတွေရော၊ သည်ဗီရို အဟောင်းကြီးက ဦးလေးကြီးတို့ ဟာလား။ စက်ရုံက ပိုင်တာပေါ့နော်။ ဘာတွေ ထည့်တာလဲ စာအုပ်တွေလား၊ ဘာလုပ်တာလဲ ရောင်းစားပါလား။ အဟောင်းတွေဆို နှစ်ဆယ့်လေးကျပ်တောင် ရတယ် တစ်ပိဿာကို။ သမီး ကျောင်းစာအုပ် အဟောင်းတွေရောင်းတာ ငါးဆယ်သားကို ဆယ့်နှစ်ကျပ် ဆိုတော့ နှစ်ဆယ့်လေးကျပ် ဈေးပေါ့ ဦးလေးရဲ့ ရောင်းလိုက်ပါလား၊ ရောင်းလို့ ဘယ်ရမလဲနော်။ အစိုးရဟာတွေလား၊ ဦးလေးတို့က ဘာလုပ်တာလဲ၊ အုတ်ကားတွေ ထွက်လာရင် ဦးလေးတို့က စစ်ရတာ ဟုတ်လား။ အုတ်တွေက အများကြီးနော်။ ကားပေါ်မှာ တင်ထားတာကို ဘယ်လို ရေသလဲ၊ သမီးတို့ ဆိုရင် တော်တော် စိတ်ညစ်မှာပဲ။ အခု ကောက်ညှင်းထုပ် ရောင်းတာတောင် တစ်ခါ တစ်ခါလေ ဘယ်နှစ်ခု ထည့်မိမှန်း မသိဘူး။ အမေက မနက်က အထုပ် ၅၀ ဆိုတော့မှ ပြန်ရေ ရတယ်။ တစ်ခါ တစ်ခါလည်း မှားတာပဲ။ အမေက ဦးလေးကြီး သိသားပဲ၊ တစ်ခါ တစ်ခါ ရေတာ သူ့ဟာသူ မှားလည်း သမီး မှားတာပဲ လုပ်တာ။ ဦးလေးတို့ အမေ့ကို မှတ်မိလား မကြည်ညွန့် လေ။ ဦးလေးတို့ တန်းလျားမှာ နေတုန်းက မသန်းမြင့်တို့နဲ့ အခန်းချင်း ကပ်နေတာ မဟုတ်လား။

သူတို့အခန်း သည်ဘက်က ဦးကုလား၊ မလှမြိုင် ယောက်ျား ကိုကုလား လေ၊ ခဏ ခဏ စကားတွေ များတယ်လေ၊ နောက်တော့ မလှမြိုင်က လင်နောက် လိုက်သွားတယ်လေ၊ အဲသည်အခန်း ပြီးတော့ နောက်တစ်ခန်းက လူမရှိဘူးလေ မှတ်မိလား။ ပြီးတော့မှ သမီးတို့ အခန်း၊ အဖေက ဦးသန်းညွန့် လေ၊ မီးဖိုကလေ၊ အုတ်တွေ မီးဖုတ်တဲ့ ဌာနလေ၊ ဟိုအောက်စက်ကလေ ဦးလေးကြီးတို့ စက်က မဟုတ်ဘူး အောက်စက်က။ အဖေက ခြေထောက်တစ်ဖက် မကောင်းဘူး။ နှိပ်တော့လည်း နှိပ်တာပါပဲ ဦးလေးရယ် မပျောက်ပါဘူး။ မြန်မာဆရာ ကြူစန်းမှာ ကောင်းတယ် ဆိုလို့လည်း အမေက သွားတာပဲ။ ပိုက်ဆံ ကုန်တာပဲ။ လှော်ကားက ပျောက်တယ်ဆိုလည်း အမေက သွားတာပဲ ပိုက်ဆံ ကုန်တာပဲ၊ အခု ဆရာဝန်နဲ့ ဆေးထိုး နေတာလည်း ခြေထောက်က လေးတုန်းပဲတဲ့၊ လမ်းသွားလို့တော့ ရပါတယ် လေးတာ။ အဖေက လေးတာကြီးကို မကြိုက်ဘူးတဲ့။ လေးတာ ဘာဖြစ်လဲနော်။ လမ်းသွားရရင် ပြီးတာပဲ၊ မဟုတ်ဘူး တစ်နေ့ တစ်နေ့ စိတ်ညစ်လို့တဲ့ အမေ့ကိုလည်း ရန်လုပ်တယ်။ အမေက ရန်ဖြစ်တဲ့နေ့ဆို ဆေးခန်းကို မပို့တော့ဘူး။ အဖေကလည်း မသွားတော့ဘူး။ ရန်မဖြစ်တဲ့ နေ့ဆို အမေက ပို့ ပြန်ရော။ ဆေးတစ်လုံး ထိုးရင် အစိတ်တဲ့ ဆေးလုံးပါရင် လေးဆယ်လောက် ကုန်တယ်တဲ့၊ အဖေ ဦးသန်းညွန့်ကို သိတယ် မဟုတ်လား။ သူ့ မိန်းမလေ မကြည်ညွန့် လေ။ ဦးလေး မှတ်မိမှာပါ။ အခု ဦးလေးတို့ ဘယ်မှာ နေတာလဲ၊ ရွှေပြည်သာ မှာလား။ ရွှေပြည်သာ ဘယ်နားမှာလဲ၊ ခေါင်းသုံးလုံးလား၊ ကားကြီးဂိတ်လား၊ တံတားကြီးလား၊ သမီး ရောက်ဖူးသားပဲ၊ တံတားကြီးကတော့ ဝေးတယ်နော်။

ဒါလား တစ်ခု တစ်ကျပ်ပဲ ရောင်းတာပါ။ မပါးပါဘူး ဦးလေးရဲ့ ထူပါတယ်။ အမယ် တစ်ခုတစ်ကျပ် ရတာ ကံကောင်း၊ ကောက်ညှင်းတစ်ပြည် ဘယ်လောက် မှတ်လို့တုန်း၊ အဲဒါ မပြောနဲ့ ဖက်တောင် ဈေးကြီးတယ်။ အုန်းသီးကလည်း ဈေးကြီးတယ်။ ငှက်ပျောသီးနဲ့ လုပ်တဲ့ ကောက်ညှင်းထုပ်က လူသိပ်မကြိုက်ဘူး။ ရိုးရိုးပဲ လူတွေက စားတာ၊ အရင်ကလား၊ ဒီပေါ် တစ်ခါမှတောင် တက်မရောင်းဖူးပါဘူး။ သမီး ညီမလေးတွေ လာတယ်။ လင်ဂန်းလေ၊ ကုလားလေးလေ၊ သူတို့ လာရောင်းတယ်။ နောက်သည်ထဲက မိန်းမကြီးတွေကလည်း သူတို့အိမ်က မုန့်တွေ လုပ်လာပြီး ရောင်းတယ်။ ဦးလေး မတွေ့ဘူးလား။ မြေပဲလှော်တွေ၊ ငှက်ပျောသီးတွေ၊ ရွှေချည် ဆနွင်းမကင်းတွေ ရောင်းနေတာ။ ဦးလေး ဝယ်စားတယ် မဟုတ်လား။

သမီး ကောက်ညှင်းထုပ်လည်း ဝယ်စားဦး၊ ဒါပဲ၊ မရဘူး။ စိတ်တောင် ပျက်ပါတယ် ဦးလေးရယ်။ ရောင်းလည်း မရောင်းရဘူး။ လေး ငါးခုပဲ ရောင်းရတယ်။ သည်မှာ ကြည့်ပါလား၊ ဘာရှိသေးလို့လဲ၊ နေဦး ဆယ့်ငါးကျပ်တန်ရယ်၊ ဆယ်တန်ရယ်၊ အခုရောင်းတဲ့ ကျပ်တန်တွေရယ် နှစ်ဆယ့်ကိုးကျပ်ဖိုးပဲ ရောင်းရသေးတယ်။ အခု ဘယ်နှစ်နာရီလောက် ထိုးပြီလဲ၊ မကုန်ရင်တော့ မောကြောပဲ။ အမေကတော့ ခေါက်မှာပဲ။ ဘူတာရုံမှာ ခါတိုင်းရောင်းတာ ရောင်းရတယ် ဦးရဲ့၊ လင်ဂန်းက သည်မှာ တက်ရောင်းပါလား ဆိုလို့၊ အလကား ကုလားလေး၊ ဟုတ်တာလည်း မဟုတ်ဘူး။ သူက ကနေ့ ဒီကို မလာဘူးလေ။ သမီးကို ပတ်ပြီး သူက ဘူတာရုံကို သွားနေလားမှ မသိတာ။ လင်ဂန်းကလည်း သနားပါတယ်။ သူ့ အမေကို လုပ်ကျွေးနေတာ။

အောင်မယ် ဒီကောင်က အရုပ်လည်း ပိုက်ဆံကြေး ပစ်တယ်။ လူကြီးတွေနဲ့ ပစ်တာ။ နေ့တိုင်း ရှုံးတာပေါ့။ လက်မှ မတည့်တာ။ ရှုံးတာတောင် နည်းသေးတယ်။ သူ့ အမေကို သမီးတိုင်ရင်လည်း သူ့ အမေက ရိုက်တာပဲ။ ဒါလည်း မမှတ်ဘူး။ သမီးကတော့ အကုန် ပြန်ပေးတာပါ။ ကျောင်းနေတုန်းကတော့ နည်းနည်းပါးပါး ခိုးထားတယ်။ ခိုးတယ် ဆိုတာက သမီး စားလိုက်တာ ဆိုပြီးတော့ ပိုက်ဆံ ယူလိုက်တာပါ။ အခု ကျောင်းထွက်လိုက်တော့ မခိုးတော့ပါဘူး။ တစ်ခါတလေ ရေခဲထုပ်နဲ့ လဲစားရင်တော့ စားတယ် ဒါပဲ။ အခုကျောင်းက ထုတ်လိုက်တာ နှစ်နှစ်တောင် ရှိပြီ။ စာတော့ တော်ပါတယ်။ ဆက်နေရင် အခု လေးတန်း ရောက်ပြီလေ။ သမီးလည်း ကျောင်းဆက်နေရင် လေးတန်းပဲ။ ကျောင်းမနေချင်ပါဘူး ဦးလေးရယ်။

ကျောင်းတက်တာ ပိုက်ဆံ မရပါဘူး။ ဈေးရောင်းတာက ပိုက်ဆံရတာ၊ အမေက ညည်းသဘော ဆိုတော့ သမီး ထွက်လိုက်တာပဲ။ အဖေနဲ့ အစ်ကိုက ရိုက်သေးတယ်။ အမေက တားလို့၊ အခုတော့ အဖေက ခြေထောက်လည်း လေဖြတ်ရော တော်သေးတယ် ငါ့သမီး ဈေးရောင်းလို့ တဲ့။ အစ်ကိုကြီးကတော့ စစ်ထဲ ဝင်သွားပြီ၊ သူလည်း ကျောင်းကောင်းကောင်း မနေရဘဲနဲ့ လှည်းတွန်းလိုက်၊ ဟိုသွားလိုက်၊ သည်သွားလိုက်နဲ့ အခုတော့ စစ်တပ်ထဲ ရောက်သွားပြီ။ အရင်လက စာလာတယ်။ သင်တန်းဆင်းပြီး သွားပြီတဲ့ ဓာတ်ပုံလည်း ပါတယ်။ အသားတွေလည်း မည်းလို့ ရှေ့တန်း သွားရတော့မှာလား မသိဘူး။ အစ်ကိုကြီးတော့ သနားပါတယ်။ အမေက အစ်ကိုကြီး ဓာတ်ပုံကို ထရံမှာ ညှပ်ထားတယ်။ တစ်ခါ တစ်ခါ ငိုတယ်။ အလတ်ကောင် အစ်ကိုကြီး အောင်ကျော်ညွန့်ကို သိလား။ ဦးလေးတို့ တန်းလျားမှာ နေတုန်းက သူများအိမ်အောက်က ပိုက်ဆံတွေ၊ ဇွန်းတွေကျရင် လိုက်လိုက် ကောက်တဲ့ ကောင်လေ သိလား။ သွားနည်းနည်း ပဲ့နေတဲ့ ဟာလေ။ သူက အခု ဝပ်ရှော့မှာ ထမင်းစား တစ်နေ့ သုံးဆယ်တောင် ရတယ်။ တစ်လကိုးရာ။ အဲဒါကိုတောင် ကောင်းကောင်း မလုပ်ချင်ဘူး။ ပြန်လာချင်တယ်။ မလုပ်ချင်ဘူး ဆိုတော့ အမေက ဆဲတော့မှ ဆက်လုပ်တယ်။

ကိုင်းလေ ကိုးရာ နည်းသလား၊ အခု ရည်းစား ထားတယ်တဲ့၊ ပိုက်ဆံတွေ ခဏခဏ တောင်းတယ်တဲ့။ ဝပ်ရှော့က ဦးလေးက အမေ့ကို တိုင်တယ်။ သမီးအစ်မကော မှတ်မိလား။ ဦးလေးတို့ အိမ်ကို ငယ်ငယ်က လာလာ ကစားတာလေ။ သူက ကုန်စိမ်း ရောင်းတယ်။ ခေါင်းလျှော်ရည် ရောင်းတယ်။ သူ့ဟာသူ ခေါင်းလျှော်ရည် လုပ်တတ်သွားပြီ။ အောင်မယ် မြတ်တယ်။ ကန်စွန်း တစ်စည်းကို ပြားရှစ်ဆယ်နဲ့ ယူပြီး တစ်ကျပ်ခွဲနဲ့ ရောင်းတာ မမြတ်ဘဲ နေပါ့မလား။ ဒါပေမယ့် သူ့ ပိုက်ဆံက အိမ် မပါဘူး။ တော်ကြာရင်း အင်္ကျီစ မှာလို့၊ တော်ကြာရင်း မိတ်ကပ်ဘူး မှာလို့၊ တော်ကြာရင်း စနိုး မှာလို့နဲ့ ပြီးနေတာ။ အမေက သူ့ သမီးကျ ဘာမှ မပြောဘူး။ သူရှာတာ သူဝတ်ပါစေအေ တဲ့။ လူကဖြင့် ဆယ့်နှစ်နှစ်တောင် မရှိသေးဘူး။ ရည်းစားထားလို့တဲ့ အမေသတ်တာ ဘာပြောကောင်းမလဲ။ ထားဦးဟ ထားဦးဟ နန့်ဦးဟ ဆိုပြီး သတ်တာ။ အခုတော့ မထားတော့ဘူး။ ထားတာကလည်း ကြည့်ဦး ဆိုက်ကားသမားကို ထားတာ။

အဲဒီ ကောင်လေးက လူက ငယ်ငယ်လေး အရက် သောက်တယ်တဲ့။ ပိုက်ဆံတော့ တော်တော်ရတယ်။ ဒါပေမယ့် ဘယ်သဘောတူမှာလဲ။ အစ်မက ငယ်ငယ်လေး ရှိသေးတာ။ လုပ်ပါဦး ဦးလေးရဲ့ ဝယ်စားစမ်းပါဦး။ နှစ်ဆယ့်ကိုးခုပဲ ရောင်းရသေးတယ်။ အများကြီးကို ကျန်သေးတယ်။ လင်ဂန်းလေ သေနာကောင် ချောက်တွန်းတာ။ ရောင်းလဲ မရောင်းရဘဲနဲ့။ အိမ်မှာတော့ အဖေကလည်း လုပ်တယ်။ အစ်ကိုလတ်လည်း လုပ်တယ်။ အစ်မလည်း ဈေးရောင်းတယ်။ အစ်ကိုကြီးကတော့ ထားလိုက်တော့ အဝေးမှာ ဆိုတော့၊ အဲဒါ မလောက်ဘူး။ တစ်ခါလာလည်း ချဉ်ပေါင်ရွက် တစ်ခါလာလည်း ချဉ်ပေါင်ရွက်ပဲ၊ ငါးပိရေကတော့ နေ့တိုင်း။ အမေက မစားနိုင်တဲ့လူ အိမ်ပေါ်က ဆင်းကြ၊ လင်ယူကြ၊ မယားယူကြတဲ့၊ သမီးက ဘယ်နှယ့်လုပ် လင်ယူမလဲနော်။

အမေက စိတ်ညစ်လို့ ပြောတာ နေမှာပေါ့။ သူ့ ညီမတွေက တန်းလျားခန်းကို ဘေးက အဖီတွေနဲ့ နေတဲ့လူက နေတယ်။ ဒေါ်လေးနဲ့ သမီးတို့ အဘွားက နောက်ဖေးမှာ အခန်းလေးနဲ့ နေတယ်။ သူတို့ မရှိဘူး ဆိုရင်လည်း အမေပဲ။ သူတို့ ဟင်းမရှိဘူး ဆိုရင်လည်း အမေပဲ။ နေမကောင်းလို့ ဆေးထိုးမယ် ဆိုလည်း အမေပဲ။ အမေက သူ့ အမေကိုတောင် ပြန်ဆဲတယ်၊ ပြန်အော်တယ်။ အဘွားက ဆဲပါအေ၊ ညည်းက ဆဲရမယ့် နေရာမှာကိုတဲ့၊ ဘုန်းကြီးပါစေ။ သက်ရှည်ပါစေတဲ့၊ ဆုတောင် တောင်းလိုက်သေးတယ်။ မျက်ရည်တော့ ကျတယ်။ တစ်ခါတော့ ဒေါ်လေးနဲ့ အမေနဲ့ သတ်ကြရော။ ပြီးလည်းပြီးရော အမေက အားလုံးကို နှင်ထုတ်တော့တာပဲ။ သွားကြ တစ်ယောက်မှ မနေနဲ့ ဆိုတော့မှ ငြိမ်သွားတော့တယ်။ အခုတော့ အတူတူပါပဲ။ ဒေါ်ကြီးမြအေး ကလည်း ကောက်ညှင်းထုပ် ထုပ်ရောင်းရတာပဲ။ သူက သည်မှာ မရောင်းဘူး။ ဖော့ကန်ဈေး သွားရောင်းတယ်။

မနက်ပိုင်း ရောင်းတယ်။ ပြန်လာမှ ဆန်ဝယ်လာပြီး ချက်တယ်။ သူ့ ယောက်ျားက သေပြီလေ။ ကြာလှနေပြီ။ ဦးလေးကလည်း တောမှာ နေကြတာ ဦးလေး ဘယ်သိမှာလဲ။ သမီးတောင် မတွေ့ဖူးဘူး။ သဘောကောင်းတယ်တဲ့။ စပါးရိတ်ရင်း မြွေကိုက်တာတဲ့။ ဆေးရုံတောင် မရောက်ဘူး သေရော။ ဒေါ်ကြီးက တောမှာ လုပ်ကိုင်စားသေးတယ်။ လေးငါးနှစ် တောမှာပဲ နေတာ။ သားနှစ်ယောက် ရှိတယ်။ ဇော်လင်း တဲ့၊ အောင်လင်း တဲ့၊ နှစ်ယောက်။ အဲဒီ ကလေးတွေကတော့ တောမှာ သူတို့ ဘိုးအေတွေက မွေးစားလိုက်တော့ ဒေါ်ကြီးပဲ ကျန်တာ။ နောက်တော့ အမေက သည်လာခဲ့ပါလား ဆိုတော့ ခဏရယ်လို့ လာတာ။ မပြန်ဖြစ်တော့ဘူး။ တစ်လောက ပြဿနာ တက်တာ ဦးလေး ကြားလား၊ မကောင်းတာ လုပ်စားတယ် ဆိုပြီး ရပ်ကွက်လူကြီးတွေက နှင်မယ် လုပ်တော့ ကောက်ညှင်း ပြန်ထုပ်တာ၊ အမေက ဟဲ့ ... ငါတို့ အမျိုးထဲမှာ ဒါမျိုး မရှိဘူးဟဲ့ ...မရဲ့၊ ...မရဲ့ နဲ့ အော်တာ၊ လူတွေ ဆိုတာမှ ထွက်ကြည့်ကြတာ အများကြီးပဲ။

အမှန်က ကောင်လေးတွေနဲ့ ရုပ်ရှင် သွားကြည့်တာတဲ့။ ကောင်လေးက သုံးယောက် ဒေါ်ကြီးက တစ်ယောက်တဲ့။ ရုပ်ရှင်က ပြန်လာတော့ ရထားလမ်းက ပြန်လာတယ်တဲ့၊ ရထားလမ်းက မှောင်ပိန်းနေတာ၊ အဲသည်က ပြန်လာသတဲ့။ အဲဒါကို ဘယ်သူမှ မသိဘူး။ နောက်မှ သိတာ။ အမေက ဘာမှ မပြောဘူး။ ဒေါ်ကြီးကိုပဲ ဆူတယ်။ ဒေါ်ကြီးကလည်း ပြန်ရန်တွေ့တာပဲ။ ငါ့ဟာငါ သွားတာ ဘာဖြစ်လဲ၊ ငါ့ကို ဘယ်ကောင်မက လာ ကတုံးကတိုက် လုပ်တာလဲ၊ ပါးဆွဲချမယ်လို့ အော်တော့ အမေက သူ့ ညီမကို ပါးရိုက်ရော။ အဘွားကလည်း ငိုရော။ ဆူညံ သွားတာပဲ။ နောက်လည်း ဟိုလူနဲ့သွား၊ ဒီလူနဲ့သွား သွားတာကို လူတွေက ပြောတာပေါ့။ အဲဒါကို ဦးလေးရယ် မကောင်းတာ လုပ်စားတယ်တဲ့။ လူတွေက သွားပုပ်လေလွင့် ပြောတာပါ ဦးလေးရယ်။

တစ်နေ့တော့ အမေက ညဘက် ဒေါ်ကြီးကို ခေါ်မေးတယ်။ ညည်းတဲ့ လင်ယူရင်လည်း သင့်တော်တဲ့လူကို ယူပါလား တဲ့။ ညည်း ကောက်ညှင်း မထုပ်ဘဲ ဘာနဲ့ စားနေတာလဲ တဲ့။ မဟုတ်တာ မလုပ်နဲ့နော် တဲ့။ ကောင်းကောင်း ပြောတာကို ငါ့ဟာငါ ဘာဖြစ်လဲ၊ ညည်းအပူ တစ်ပြားသားမှ မပါဘူး ဆိုတော့မှ အမေနဲ့ ရန်ဖြစ်ရော၊ ရပ်ကွက်လူကြီးတွေက လာပြီး နှင်ထုတ်ရော၊ အဲဒီတော့မှ ဒေါ်ကြီးကလည်း ကောက်ညှင်း ပြန်ထုပ်တာ။ အခုလည်း အိမ်မပြန်တာ လေးငါးရက် ရှိပြီ။ မလာပြန်ဘူး။ ခါတိုင်းတော့ တစ်ရက်တလေပဲ မလာတာ။ ကောက်ညှင်းထုပ်တော့ ပြန်ထုပ်သေးတယ်။ အခုတော့ ကောက်ညှင်း ဘယ်မှာ သွားထုပ်လဲ သမီးလည်း မသိဘူး။ အဝတ်အစားလည်း လာမလဲဘူး။ ရေလည်း လာမချိုးဘူး။ နေတတ်တယ် တကယ်ပဲ။

ဟော … စားပါဦး ဦးလေးရဲ့ ရွံလို့လား၊ တန်းလျားတုန်းက ဦးလေး စားပါတယ်။ အခု ရွှေပြည်သာ ပြောင်းသွားတော့မှ ရွံသွားတာလား။ သန့် ပါတယ်နော်။ အမေက သန့်ရှင်းမှ ကြိုက်တာ။ ကောက်ညှင်းဆိုလည်း ကောင်းတာမှ လုပ်တာပါ။ ဒေါ်လေးက အုန်းသီး ခြစ်ပေးတယ်။ ဒေါ်လေးကိုတော့ ဦးလေး သိပါတယ်။ ဦးအေးသောင်း မိန်းမလေ၊ ဦးအေးသောင်းလည်း ဦးလေးသိတယ် မဟုတ်လား။ ပန်းချီပုံတွေ ဆွဲတာလေ သိလား။ သူနဲ့ ကွဲသွားပြီ။ ဦးအေးသောင်း မိဘတွေ လာခေါ်လို့ တောပြန်သွားတာ ခုထိ ပြန်မလာတော့ဘူး။ ဒေါ်လေးက သားတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တယ်။ တော်တော်ကြီးပဲ ကြီးလှပေါ့။ နေဦး နှစ်နှစ်လား မသိဘူး ရှိပြီ။ မောင်ရေအေး တဲ့၊ ပန်းချီပုံဆွဲတဲ့ ဦးအေးသောင်းကြီးက ပေးသွားတဲ့ နာမည်လေ။ ဒေါ်လေးရယ်။ အဘွားရယ်၊ ရေအေးရယ် အတူတူ နေတယ်။ နောက်ဖေးခန်းလေးမှာ နေတာ။

ဒေါ်လေးက စံပယ် သီတယ်။ တစ်ထောင်ကို ငါးမူးလား၊ တစ်ကျပ်လား မသိဘူး။ တစ်ခါ တစ်ခါတော့ သမဝါယမမှာ ဆန် လိုက်ရွက်တယ်။ ဒေါ်လေးက လှတော့ ဦးလေးကြီးတွေ လာလာ လည်တာကို အဖေက မကြိုက်ဘူး။ ဒေါ်လေးကလည်း ဦးလေးကြီးတွေ လာရင် စကား သိပ်မပြောပါဘူး။ သူက ကိုတောက်ကို ကြိုက်တာ။ ကိုတောက်ဆိုတာ ဆံပင်ညှပ်တဲ့ လူကြီး၊ မိန်းမ မရှိဘူး၊ သူဆံပင် ညှပ်တာကလည်း ဆိုင်ရှိတာ မဟုတ်ဘူး။ သားရေအိတ်လေးနဲ့ လိုက်ညှပ်တာ၊ ညှပ်ရင်လည်း စစ်သားပုံ ညှပ်တာ၊ သိပ်မညှပ်ရဘူး။ ဆိုင်ဖွင့်ရင်တော့ ညှပ်ရတယ်တဲ့။ ဆိုင်ဖွင့်ဖို့က လေးငါးထောင် ရှိမှတဲ့။ စက်ကပ်ကြေးကလည်း ဈေးကြီးတယ်တဲ့ ပြောနေတာပဲ။ အဘွားကတော့ ဒေါ်လေးကို ညည်း ယောက်ျားကို စိတ်မနာဘူးလားအေ တဲ့။ ညည်းသားလေးကိုပဲ လူဖြစ်အောင် မွေးပါတဲ့ ပြောတယ်။ ဒေါ်လေးက အားကိုးပေါ့ အမေရယ်။ အမေ့ကိုလည်း ပြုစုနိုင်တာပေါ့ တဲ့။ အဘွားက ကျုပ်ကြောင့်များတော့ လင်မယူပါနဲ့ အေ။ ညည်း မနေနိုင်ရင် မနေနိုင်ဘူး ပြောပါ။ အခုတော့ မယူသေးပါဘူး။ ဒါပေမယ့် ဦးရဲ့ကိုတောက်ကြီးနဲ့ မဖြစ်ခင် ဒေါ်လေး လူတစ်ယောက်နဲ့ ဖြစ်သေးတယ်။ စာ သွားသွား ပေးရတာ သမီးဆိုတော့ ဘယ်သူမှ မသိဘူး။ အမေတို့လည်း မသိဘူး။ သိရင် ဘယ်သက်သာ မှာတုန်း။ ကျောကွဲမှာ။

အဲသည်လူက ဦးစောတဲ့၊ လက်သမား လုပ်တာ၊ ဒေါ်လေးကို စာတွေ ပေးရင်းက ဒေါ်လေးက ဦးစောကြီးနဲ့ ကြိုက်တာ။ အဘွားလည်း မသိဘူး။ တစ်ခါ တစ်ခါ ချိန်းတွေ့တယ် ပြောတာပဲ။ နောက်တော့ ပျက်သွားတယ်။ ဒေါ်လေးလည်း တော်တော် နေမကောင်းဖြစ်တော့ သမီးလည်း စာမပို့ ရတော့ဘူး။ ဒေါ်လေးလည်း အခုတော့ ဦးတောက်ကိုပဲ ယူတော့မှာ တူပါတယ်။ အဘွားက လင်ယူရင် ငါ့အလောင်းသာ ကြည့်တော့ ဆိုတော့ မယူရဲတာလား မသိဘူး။ သနားပါတယ်။ ရေအေးလေးကတော့ လူလည်၊ သူ့ အိမ်ကို လာတဲ့ လူတွေကို မုန့်ဖိုး တောင်းတတ်နေပြီ။ လူကြီးတွေကလည်း မူးနေတာ မဟုတ်လား။ ပေးရင် တစ်ဆယ်တန်၊ ဆယ့်ငါးကျပ်တန်တွေ ပေးတာ။ ဒါပေမယ့် တော်တော်နဲ့ မပြန်ဘူး။ ရေနံဆီဖိုးကို တော်တော်ကုန်မှာ။ တစ်ခါ တစ်ခါ အဖေက ဝုန်းဒိုင်းဆို လုပ်မှ ပြန်ကြတယ်။

ဒေါ်လေး ဝင်ငွေကတော့ ပန်းသီတာချည်း မဟုတ်ဘူး။ ပန်းတုံးတော့ ဆီးထုပ် ယူထုပ်တာလည်း ပါတယ်။ တစ်ခါ တစ်ခါ ကြယ်သီးတံ တပ်တယ်။ ဈေးရောင်းမယ်လည်း ပြောတယ်။ လူကြီးတစ်ယောက်က ဈေးရောင်းရင် အရင်းအနှီးပေးမယ် ဆိုတော့ ဦးတောက်က မယူရဘူးတဲ့။ အခုနေ ဦးအေးသောင်းကြီး ပြန်လာရင်တော့ ကောင်းမှာပါ။ ရေအေးလေးက သူ့ အဖေနဲ့ မတွေ့ရတာ ကြာလှပြီ။ သမီးတို့က မောင်လေး ဆိုတော့လည်း ကျွေးပါတယ်။ မနက်ဆို ကောက်ညှင်းထုပ် တစ်ထုပ် ပေးတယ်။ အောင်မယ် မစားဘူး ဦးလေးရဲ့၊ မနည်းကျွေးမှ စားတာ။ အမေကတော့ အဘွားရော၊ ဒေါ်ကြီးရော၊ ဒေါ်လေးရောကို ကြည့်နေရတာပေါ့။ အမေမှ မထားရင် ဘယ်မှာ သွားနေမလဲ။ အမေ့အစ်ကို ဦးဘာဘာကြီး ကြည့်ပါလား။ နေစရာ မရှိတော့ အရက်ဆိုင်မှာပဲ အိပ်တယ်။ လမ်းဘေးမှာ မူးလဲပြီး လဲတဲ့နေရာ နေတာပဲ။ ထမင်း ဘယ်မှာ စားမှန်းလည်း မသိဘူး။ အလုပ်တော့ ဆင်းတယ်။ ဘားမားဒွေး ( Burma Rail-Way ) မှာတဲ့။ ဘာမားဒွေး ဆိုတာမှာလေ ဦးလေး သိလား။ ဦးဘာဘာကိုရော သိလား။ မူးမူးနေတဲ့ ဟာပေါ့။ ဦးလေးကလည်း သူက အင်္ကျီကို သုံးထပ် ဝတ်တယ်။ ပုဆိုးက တစ်ထည်တည်း ဝတ်တယ်။ အင်္ကျီသုံးထည်က သူ့မှာ ရှိတာ အကုန်ပဲ။ အဟောင်းတွေပါ။ ဘာမားဒွေး အင်္ကျီတွေပါ။ ကျောတွေ ကွဲနေပြီ။ အဲဒါကို သုံထပ်ပူး ဝတ်တာ။ အဲဒါ ငါ့ပစ္စည်း အကုန်ပဲတဲ့။ ငါ့ပစ္စည်းကို မထိနဲ့ တဲ့။ မူးရင် အော်ရော။

အဘွားက ဟုတ်ပါပြီတော်၊ မထိပါဘူး သူဌေးမင်းရယ်တဲ့ ပြောရော။ ဦးဘာဘာကြီးက အိမ်တော့ မလာပေမယ့် နေရာတိုင်းမှာ မူးလဲနေတာပဲ။ သမီးတို့လည်း အရင်ကတော့ သနားတယ်။ နောက်တော့ မသနားတော့ဘူး။ သောက်မြင်တောင် ကပ်တယ်။ သူ့ လခရော၊ သူ ရတဲ့ ဆန်ရော ဘယ်မှာမှန်း မသိဘူး။ အရက်နဲ့ လဲသောက်သလားမှ မသိတာ။ တစ်ခါတုန်းကလည်း သမီးတို့နဲ့ ခင်တဲ့ ဦးခင်ဖေက ဦးဘာဘာကြီးကို သူ့ ခြံထဲ လာနေလှည့်လို့ ခေါ်တယ်။ ဦးဘာဘာကြီးက ခြံစောင့်သဘော နေရတာပေါ့။ ခြံက ဘူးသီး၊ ခဝဲသီး၊ ပဲတောင့်ရှည်သီးတွေ စိုက်တဲ့ခြံပါ။ တဲလေးက သေးသေးလေး၊ အဲဒါကို ကောင်းကောင်း မနေဘူး။ ဘူးသီးတွေ ခိုးရောင်းတယ်။ ဘူးညွန့်တွေ ဖြတ်ရောင်းတယ်။ ဦးခင်ဖေကြီးက ဘာမှ မပြောဘူး။ ဦးခင်ဖေကြီး မိန်းမက နှင်ထုတ်တော့တာပဲ။ အဲဒီညက သေမလိုတောင် ဖြစ်တာ၊ မူးပြီး လဲနေတာ မထနိုင်ဘူး။ သေပြီဆိုပြီး အမေ့ကို လာပြောတော့ အမေရော၊ အဘွားရော ပြေးကြတာ လုံးနေတာပဲ။ ဒါပေမယ့် မသေဘူး၊ သူ့ ဘာမားဒွေး အင်္ကျီက သုံးထပ်မို့လို့ လေမဖြတ်တာတဲ့၊ အမေက ပြောတယ်။ အခုတော့ သောက်တုန်းပဲ၊ ရေမြောင်းထဲ လဲနေရင်လည်း ရေမြောင်းထဲမှာ တစ်ည အိပ်လိုက်တာပဲ။ လမ်းဘေးမှာ လဲနေရင်လည်း လမ်းဘေးမှာ အိပ်လိုက်တာပဲ၊ စောင်လည်း မခြုံ၊ ဘာလည်း မခြုံဘဲနဲ့ နေတာကိုပဲ မသေနိုင်ဘူး။ အရက်သောက်ရင် သမီးတော့ မုန်းတယ်။ တကယ်ပြောတာ၊ ဦးလေးရော အရက် သောက်သလား၊ တန်းလျားတုန်းကတော့ မသောက်ဘူး၊ သမီး မှတ်မိတယ်။

ဘယ်နှစ်နာရီ ထိုးပလဲ။ နေတောင် မြင့်ပြီလား မသိဘူး။ မုန့်ကလည်း မကုန်ဘူး။ စိတ်ညစ်တယ်။ လင်ဂန်း မသာကောင်ကို နင်းပြောဦးမယ် တကယ်။ အောင်မယ် ဒီကုန်းကြီးပေါ်ကို တက်ရတာကလည်း မလွယ်ဘူး။ လုံခြုံရေး ဦးလေးကြီးကို ကြောက်ရသေးတယ်။ ဂိတ်က ဝင်တာ မဟုတ်ဘူး။ ဒီဘက် ခြံစည်းရိုးက ခိုးတက်လာတာ၊ တွေ့ရင် ဖမ်းတယ်ဆို။ အလကားပါ ဦးလေးရာ၊ သမီးတို့ ဈေးရောင်းတာကျ ဖမ်းတယ်။ သမီးတို့က ဘာလုပ်မှာ မို့လို့တုန်း။ ပစ္စည်း မခိုးရင် ပြီးတာပဲ မဟုတ်ဘူးလား။ ပစ္စည်း ခိုးတာဆိုလို့ အမေ သူများ ပစ္စည်းကို မခိုးရဘူးလို့ မှာထားတယ်။ ကျောင်းတက်တုန်းက ပိုက်ဆံခိုးတယ် ဆိုတာလည်း ဦးလေးကို ပြောသားပဲ၊ သူများ ပစ္စည်းမှ မဟုတ်တာ။ အမေ့ပိုက်ဆံကို ခိုးတာပဲ။ ဘာဖြစ်လဲနော်။ သွားတော့မယ် ဦးလေးရယ်၊ ဝယ်လည်း မစားဘူး။ အုန်းသီးမျှင်လေးတွေနဲ့ မွှေးနေတာပဲ။ သမီးတို့ ကတော့ ကောက်ညှင်းဆို အသံတောင် မကြားချင်ဘူး။ ကောက်ညှင်းထုပ်ဆို ပိုဆိုးသေးတယ်။ အပြင်က မြေကြီးသယ်တဲ့ အစ်မကြီးကို တွန်းရောင်းမယ်၊ မကုန်ရင် ဘူတာကို သွားထိုင်မယ်။

ဪ … ဦးလေး ဒီထဲက အစ်မကြီး တစ်ယောက်နဲ့ အစ်ကိုကြီး တစ်ယောက်လေ၊ ဘူတာကို လာလာပြီး စကားပြောတယ် သိလား။ သမီးက ဘယ်ကလဲလို့၊ ကနေ့ မနက်မှ တွေ့တော့ ဒီက အစ်မကြီး ဖြစ်နေတယ်။ အတွဲတွေလည်း လာတယ်။ သမီးတို့ အိမ်ကိုတောင် အဖေ့သူငယ်ချင်းရဲ့ အတွဲ လာသေးတယ်။ ဦးလေးကြီးက အဖေ့လောက် ရှိနေပြီ။ အစ်မကြီးက ငယ်ငယ်လေး၊ လက်ကောက်တွေနဲ့ ချမ်းသာတယ်။ ဦးလေးကြီးက မည်းချိတ် နေတာပဲ။ အသက်ကလည်း ကြီးတာကို ဘာကြိုက်မှန်းလည်း မသိဘူး။ စကားတွေ ပြောပြီးရင် ညနေဘက်ဆို ပြန်တာပဲ။

ပြီးရင် အမေ့ကို ရေစင်ဖိုး ပေးတယ်။ နတ်မကြိုက်မှာ စိုးလို့။ အမေက ရေစင်ဖိုးယူပြီး ဘာလုပ်တယ် မသိဘူး။ တစ်ခါပေးရင် အဲဒီအစ်မကြီးက ငါးဆယ်ပေးတာ။ သမီးကိုလည်း သူတို့နဲ့ နေမလားတဲ့။ မနေချင်ပါဘူး။ ကိုယ့်မိဘနဲ့ပဲ ကိုယ် နေမှာပေါ့နော်။ ဘာလုပ်မှာလဲ အလကား။ ကိုယ့်သားသမီးမှ မဟုတ်တာ ဘယ်ကောင်းမှာလဲ။ အခုတော့ မလာတော့ပါဘူး။

အမေက အဖေ့ကို ပြောနေတာ တော့်သူငယ်ချင်း ကိုချစ်မောင်ကလည်း လူရှုပ်ပဲတဲ့။ ဒါ ဘယ်ကမိန်းမလဲ ဆိုတော့ အဖေက သူဌေးမိန်းမ တဲ့။ ကိုချစ်မောင်က ကားမောင်းတာ တဲ့။ ဘာတွေမှန်းလည်း မသိဘူး။ ကားမောင်းတဲ့ လူကို သူဌေးမိန်းမက ကြိုက်တာတဲ့။ ရယ်ရတယ်နော် ဦးလေး။ သွားတော့မယ်။ စကားလည်း တစ်ခွန်းမှ မပြောဘူး။ ရွှေပြည်သာကို လာလည်ဦးမယ်။ သမီး တစ်ခေါက်တော့ ရောက်ဖူးတယ်။ ခေါင်းသုံးလုံးကို သွားတာ။ တံတားကြီးကား စီးရတာနော်။ အဝေးကြီးပါလား။ ဦးလေးပြန်တော့ ကားရလား။ ကားက ကျပ်တယ်နော်။ ကောက်ညှင်းထုပ် ရောင်းတဲ့လူတွေ ရှိလား။ အဲဒီမှာလည်း ရောင်းကြမှာပေါ့နော်။ ကောက်ညှင်းထုပ်သည် ကတော့ ဘယ်နေရာမဆို ရှိမှာပဲ။ သမီး နည်းနည်း ကြီးလာရင်တော့ ဒီရှေ့က အစ်မကြီးတွေလို မြေကြီး ရွက်မယ်၊ အုတ်စိမ်း တိုက်မယ်။ အုတ်စိမ်း တိုက်တာက တစ်ထောင်ကို လေးဆယ်တဲ့ သမီး မေးပြီးပြီ။ အခုတော့ မနိုင်သေးဘူး။ အုတ်စိမ်းက လေးတယ်နော်။ ဦးလေးကော ကားသမားတွေက ပိုက်ဆံပေးလား၊ လက်ဖက်ရည်တော့ သောက်ရမှာပေါ့။ တိုက်ရင် သောက်ပေါ့ ဦးလေးရ၊ ပိုက်ဆံ ပေးရင်လည်း ယူပေါ့။ အောက်ဆိုက် ရတာပေါ့။ အခုက အောက်ဆိုက် ရမှ၊ အောက်ဆိုက် မရစင် ဘယ်လို စားမလဲ၊ အဖေ့အလုပ်က မီးဖိုဆိုတော့ ဘာအောက်ဆိုက်မှ မရှိဘူးတဲ့။ အမေက တစ်ခါ တစ်ခါလည်း အောက်ဆိုက် မရလို့ အဖေ့ကို ဆူတယ်။ အခုတော့ အဖေ့ခြေထောက်က ဆိုးဆိုးလာတော့ မပြောတော့ပါဘူး။ ဆေးပဲ ကုနေရတာပဲ။

တစ်ခါက ဆေးဆရာနောက် အမေ လိုက်သွားရော။ အမေ ပြန်လာတာ နောက်ကျလို့ အမေ့ကို အဖေ ဆူတယ်။ ဆေးဆရာက အဝေးကြီးမှာ နေတာ၊ လိမ်းဆေး လိုက်ယူတာပါ။ အဲဒါကို အမေက သူ့ ကို ဆေးဆရာနဲ့ ပေးစားတယ် ထင်လို့လား မသိဘူး။ ငိုတယ်။ ညောင်ရေအိုးက ရေတွေလည်း သောက်တယ်။ အဖေက အဲ့ဒီဆေးလည်း မလိမ်းဘူး။ သေချင် သေပစေတဲ့။ အမေက ညောင်ရေအိုးရေ သောက်တော့မှ အလိမ်းခံတယ်။ အဖေက တစ်ခါ တစ်ခါ ဂဂျီဂဂျောင်နဲ့ ဦးလေးရယ်။ အမေက အဲဒီနေ့က ငိုရင်းပြောတယ်။ ကျုပ်အမေရော၊ ကျုပ်ညီမတွေရော၊ ကျုပ်အစ်ကိုရော ကျုပ်ကို မှီခိုနေကြတာ တဲ့။ ကျုပ်က ဆင်းရဲပေမယ့် လေးစားအောင် နေပြနေတာတဲ့။ ကျုပ် မဟုတ်တာ ဘယ်တော့မှ မလုပ်ဘူး တဲ့။ တော်ပြီ ဒီစကား ဒီတစ်ခါပဲ ပြောတဲ့။ ပြောနေတာ သမီးတော့ သနားတောင် သနားတယ်။ နောက်တော့ အဖေလည်း မပြောတော့ပါဘူး။ သမီးတို့ ကတော့ တန်းလျားမှာ နေရတုန်းပါ။ အိပ်ခန်း ကျဉ်းကျဉ်းလေးထဲမှာ လူတွေ အများကြီးပဲ၊ အဖေ ပင်စင်ယူရင် ဘယ်သွားနေရမှန်း မသိဘူး။ သမီးတို့ ပြောင်းရင် အဘွားရော၊ ဒေါ်ကြီးရော၊ ဒေါ်လေးရော၊ ရေအေးလေးတို့ရော ဘယ်ကို သွားနေမလဲ။ သမီးကသာ ပူနေတာပါ။ အမေတို့က မပူဘူး။ ဒေါ်ကြီးတို့ရော၊ ဒေါ်လေးတို့ရော မပူဘူး၊ ရောက်ရာပဲ တဲ့။

သွားတော့မယ်နော်။ မယူချင်ပါဘူး။ ဦးလေးက မုန့်ဖြင့် မဝယ်စားဘဲနဲ့ ပေးတာချည်းကို မယူချင်ပါဘူး။ နေပါစေ၊ ဟာ ဦးလေးကလည်း ဒါဖြင့်လည်း သမီး ဘတ်ထားရမှာပဲ။ ဒါ ခိုးတာ မဟုတ်ဘူးနော်။ သမီး သုံးချင်လို့ အမေ မသိအောင် ယူထားတာ၊ သမီး နာမည်က ဝိုင်းဝိုင်းပု တဲ့။ တန်းလျားမှာ နေတုန်းပဲ။ လာလည်ပါလား ဦးရဲ့။

နေဝင်းမြင့်
ရတနာသစ် မဂ္ဂဇင်း၊ အတွဲ (၁) အမှတ်(၁)
၊ နိုဝင်ဘာ၊ ၁၉၉၃။(မနုဿီဟ ဝတ္ထုတိုများ)
Crd.

Want your school to be the top-listed School/college?

Videos (show all)

တက္ကသိုလ်ကျောင်းသီချင်းတွေထဲမှာ ရေပန်းအစားဆုံးဖြစ်တဲ့ "တို့...သတိရနေမှာပါ" သီချင်းဟာ တေးရေး လူမောင် (ဆေး- ၁) ရဲ့ ပြောင်မ...

Telephone

Website